လင်းကွမ်ခန်းမ၊ ရှန့်ကျွင်း၏ ဓားမ
Vol. 129 Ch. 1671
ရှန့်ကျွင်းမှာ တကယ် တုံးနေသည်။ သူ၏ဓားသာ တုံးနေခြင်းမဟုတ်၊ သူ၏ တာအိုနှလုံးသားကပါ တုံးနေခြင်းဖြစ်၏။
သို့သော် ယခင်စကြဝဠာမှ တာအိုသိုင်းပညာရှင်ကို သတ်ဖြတ်ရမည်ဟူသော ချင်မူ့စကားကို ကြားလျှင်တော့ သူ၏တာအိုနှလုံးသားက နောက်တစ်ကြိမ် အသက်ဝင်လာကာာ ဓားသဖွယ် ထက်ရှလာတော့သည်။
ချင်မူသည် အလွန်တရာ ချွန်ထက်သော ဓားရောင်နှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့ကို သူ၏အရိပ်ထဲတွင် ခံစားနေရသဖြင့် အနည်းငယ် ပြုံးလိုက်မိ၏။
ရှန့်ကျွင်းမှာ တာအိုဖွဲ့တည်ခဲ့ပြီး အန္တိမဟင်းလင်းပြင်ကို ပြိုလဲစေခဲ့ခြင်းကြောင့် မလုံမလဲစိတ်ဖြင့် သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။ အပြစ်တင်သည့်စိတ်က ပိုကဲလာသည့်အခါ မုန်းတီးခြင်းအဖြစ်သို့ပင် ရောက်ရတော့သည်။
သို့သော် အတိတ်စကြ၀ဠာတွင် တာအိုရရှိခဲ့သူများကို ပို၍ မုန်းတီးလေသည်။
ရန်သူ မရှိလျှင် သူ၏ ဓားသွားသည် သူ့ခန္ဓာကိုယ်အား ဒဏ်ရာရအောင် လုပ်ပြီး တာအိုနှလုံးသားထဲ ဓားဖြင့် တစ်ချက်ပြီးတချက် ထိုးစိုက်တတ်၏။
ရန်သူများ ရောက်လာလျှင်တော့ သူ၏ဓားသွားက အပြင်လောကကို မဲ,သည်။ သူ့ကိုယ်သူ မည်မျှထိခိုက်အောင်လုပ်ပါစေ ရန်သူများကိုတော့ ပို၍ ရက်စက်စွာဖြင့် တိုက်ခိုက်တတ်သေးသည်။
အန္တိဟင်းလင်းပြင်တွင်
လင်းကွမ်ခန်းမအရှင်သခင်က အန္တိမဟင်းလင်းပြင်ကို သူ၏ ကိုယ်ပိုင်မဟာတာအိုဖြင့် အတင်းအကြပ် တံဆိပ်ခတ်နှိပ်နေသည်။ သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကား ဖွဲ့တည်နေဆဲ ခုလတ်၌ ရှိနေသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံ ဆိုသည်မှာ ကိုယ်ပိုင်မဟာတာအိုဖြင့် ကောင်းကင်နှင့် မြေကြီးအား သိမြင်နားလည်ပြီး ကောင်းကင်နှင့် မြေကြီးကို ပုံဖော်၍ ပေါ်လွင်လာသော ကောင်းကင်ဘုံတစ်ခုပင် ဖြစ်လေသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံသည် တာအိုအသွင်သဏ္ဌာန် တည်ရှိ၏။
မည်သည့်မဟာတာအိုအမျိုးအစားမဆို စကြ၀ဠာ၏ အဖြေတစ်ခု ဖြစ်လေသည်။ စကြဝဠာကြီးက သင်္ချာပုစ္ဆာဆိုလျှင် တာအိုသည် အဖြေတစ်ခု ဖြစ်လိမ့်မည်။ တာအိုကို ပိုပို၍ နက်ရှိုင်းစွာ သိမြင်နားလည်လာလေလေ တာအိုဖြင့် ဖွဲ့တည်ထားသည့် ကောင်းကင်နှင့် မြေကြီးက ပို၍ ပြီးပြည့်စုံကာ စစ်မှန်လာလေလေဖြစ်၏။
ဥပမာအနေဖြင့် ဓားတာအိုပင်။ ခိုင်ဧကရာဇ်သည် ဓားတာအို၏ ၃၆ ဘုံမြောက် ကောင်းကင်ဘုံအထိ ကျင့်ကြံနိုင်ခဲ့သည့်အချိန်တွင် ဓားတာအိုကို အသုံးပြုကာ ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖွဲ့တည်ခဲ့သည်။ ၎င်းထဲတွင် တောင်တန်းများ၊ မြစ်ချောင်းများ၊ သစ်ပင်များ၊ ငှက်များ၊ တိရစ္ဆာန်များ၊ ငါးများ၊ နေ၊ လနှင့် ကြယ်တာရာများ တည်ရှိကာ အစစ်အမှန်ကမ္ဘာလောကတစ်ခုအလား ထင်မှတ်မှားစေသည်။
သို့သော် ခိုင်ဧကရာဇ် ဓားလမ်းစဉ်ကို အသုံးပြုသည့်အခါတွင်တော့ အပြင်ကမ္ဘာလောကထဲတွင် မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ကောင်းကင်နတ်သိုင်းတစ်ခုသာ ဖြစ်သည်။ အသုံးပြုပြီးလျှင် ပျောက်ကွယ်သွားသည်။
သို့ထိတိုင် အန္တိမဟင်းလင်းပြင်၏ သဘောသဘာဝကတော့ မတူညီပေ။ တစ်စုံတစ်ယောက်သည် သူ၏ ကိုယ်ပိုင်မဟာတာအိုကို ဤနေရာတွင် တံဆိပ်ခတ်နှိပ်လျက် အန္တိမဟင်းလင်းပြင်အား တာအိုအဖြစ် ပုံသွင်းဖွဲ့တည်နိုင်သည်။ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ချေ။
ဤသို့ တံဆိပ်ခတ်နှိပ်မှုမျိုးသည် မဟာတာအိုအား အတင်းအကြပ် အသက်သွင်း၍ အန္တိမဟင်းလင်းပြင်၏ တည်ဆောက်ပုံကို ပြောင်းလဲစရာ မလိုအပ်ပေ။ ကိုယ်ပိုင်မဟာတာအိုကို တံဆိပ်ခတ်နှိပ်လိုက်ရုံဖြင့် အန္တိမဟင်းလင်းပြင်သည် အလိုအလျောက် ပြောင်းလဲသွားပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်လာပေမည်။
လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုလမ်းစဉ်၌ လမ်းစဉ်နှစ်ခု ရှိ၏။ တစ်ခုက တာအိုကျင့်စဉ်စနစ်ဖြစ်သည်။ မီလော့နန်းတော်၏ ပြိုင်ဘက်ကင်းလမ်းစဉ်လည်း ဖြစ်၏။ မဟာခြုံလွှမ်းကောင်းကင်ဘုံက တာအိုကျင့်စဉ်စနစ်ကို သိမြင်နားလည်ပြီးလျှင် တာအိုရရှိရန် ပြီးပြည့်စုံဆုံး လမ်းစဉ်တစ်ခုဖြစ်သည်။
သူသည် တာအိုကျင့်စဉ်စနစ်ကို အားကိုး၍ တာအိုရရှိကာ ခန်းမအရှင်သခင် ၇၂ယောက်ထဲမှ တစ်ယောက် ဖြစ်လာခဲ့၏။ တာအိုကျင့်စဉ်စနစ်ကိုလည်း လေးကြိမ်တိတိ အောင်မြင်ပြီးဖြစ်သည်။ တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်ကို ကျင့်ကြံနိုင်ခဲ့သည့်အလျောက် သူ၏ကျင့်ကြံခြင်းအခြေခံက အလွန်တရာ နက်နဲကျယ်ပြန့်သည်။
လင်းကွမ်ခန်းမအရှင်သခင်ကား စကြ၀ဠာခေတ်တစ်ခေတ်စီတိုင်းတွင် မဟာတာအိုတစ်ခုချင်း ချန်ခဲ့ပြီး မဟာတာအိုလေးခုနှင့် မဟာခြုံလွှမ်းကောင်းကင်ဘုံလေးခုအထိ ကျင့်ကြံခဲ့ပြီးဖြစ်သည်။ သို့သော် လေးခုမြောက်စကြ၀ဠာ ဖြစ်သည့် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာမှာ တိုတောင်းလွန်းသည့်အတွက် ဖျက်ဆီးမခံရခင် တာအိုသစ်သီး မကျင့်ကြံနိုင်ခဲ့ပေ။
နောက်ထပ်လမ်းစဉ်က ခွန်အား အသုံးပြု၍ တာအိုကျင့်ကြံခြင်းပင် ဖြစ်သည်။
ခွန်အားအသုံးပြု၍ တာအိုကျင့်ကြံခြင်းမှာ ကျောက်စိမ်းမြို့တော်ကျင့်စဉ်စနစ် ဖြစ်သည်။ ကျောက်စိမ်းမြို့တော်၏ ပလ္လင်ခန်းမ ၇၂ ခုကို ဖွဲ့တည်ပြီး သခင်လေးခုနစ်ယောက်နှင့် မီလော့နန်းတော်အရှင်သခင်၏ ကျင့်စဉ်များကို သိမြင်နားလည်ကာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်နှင့် မီလော့နန်းတော်တို့၏ ခွန်အားကို ငှားယူခြင်းဖြင့် ကိုယ်ပိုင်ခွန်အားနှင့် ကျင့်ကြံခြင်းအခြေခံကိုတိုးတက်စေ၍ အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ခြင်းပင်။
ခွန်အားကို အသုံးပြု၍ တာအိုကို အလျင်အမြန် ဖွဲ့တည်လိုက်ခြင်းကား တာအိုကျင့်စဉ်စနစ်ကို ကျင့်ကြံ၍ တာအိုဖွဲ့တည်ခြင်းထက် များစွာ လွယ်ကူသည်။ သို့သော် စစ်မှန်သည့်လမ်းစဉ် မဟုတ်သဖြင့် အန္တရာယ်များစွာ ကွယ်၀ှက်နေနိုင်၏။ မီလော့နန်းတော်သခင်လေးခုနစ်ယောက်၏ ဖိနှိပ်ထိန်းချုပ်ခြင်းခံရရန်လည်း ပို၍လွယ်ကူလေသည်။
သို့သော် မီလော့နန်းတော်၏ ခန်းမအရှင်သခင်များအတွက်တော့ အန္တရာယ် မရှိပေ။ ပြောရလျှင် သူတို့အားလုံးသည် သခင်လေးခုနစ်ယောက်၏ လက်အောက်ငယ်သားများ မဟုတ်ပါလော။ မီလော့နန်းတော်အရှင်သခင် ထွက်ပေါ်မလာသည့်အခါတွင် သခင်လေးခုနစ်ယောက်၏ အမိန့်ကို နာခံရလေသည်။
မှန်ပါသည်။ သခင်လေးခုနစ် ချင်မူသည် မီလော့နန်းတော်၌ အာဏာသိပ်မရှိပေ။ သူ၏လမ်းစဉ်ကို ကျင့်ကြံသည့် ဖရိုဖရဲခန်းမအရှင်သခင်ဟူ၍လည်း တစ်ယောက်မှ မရှိချေ။
လင်းကွမ်ခန်းမအရှင်သခင်က ကျင့်ကြံခြင်းလမ်းစဉ်နှစ်ခုလုံး ကျင့်ကြံထားသောကြောင့် သူ၏အောင်မြင်မှုများက အလွန်တရာ မြင့်မားလေသည်။
သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံက အလွန် လျင်မြန်သောအမြန်နှုန်းဖြင့် ဖွဲ့တည်လာ၏။ မဟာတာအိုအသစ်ကို တစ်ဆင့်ချင်း ကျင့်ကြံနေသည်နှင့်ယှဉ်လျှင် သူ၏ မဟာတာအိုကို အသုံးပြု၍ အန္တိမဟင်းလင်းပြင်ကို တံဆိပ်ခတ်နှိပ်ရသည်က ပို၍လွယ်ကူသည်။ သို့သော် လင်းကွမ်ခန်းမအရှင်သခင်က လောဘကြီးစွာဖြင့် မဟာတာအိုလေးခုလုံးကို အတူတကွ တံဆိပ်ခတ်နှိပ်ရန် ကြိုးစားနေသည်။
မဟာတာအိုလေးခုဖြင့် ဖွဲ့တည်ထားသော မဟာခြုံလွှမ်းကောင်းကင်ဘုံသည် ထူးကဲပြီး ဖျက်ဆီး၍ မရနိုင်ချေ။ တံဆိပ်ခတ်နှိပ်မှု အောင်မြင်ပြီး တာအိုသစ်ပင်ကို စိုက်နိုင်သရွေ့ ဤစကြ၀ဠာတွင် မြဲမြဲမြံမြံ ခြေကုပ်ယူနိုင်လိမ့်မည်။
တံဆိပ်ခတ်နှိပ်မှု အောင်မြင်ပြီး တာအိုသစ်ပင်ကို စိုက်နိုင်ပါက သူ အသတ်ခံရလျှင်တောင်မှ သူ၏ တာအိုက ပျက်စီးလိမ့်မည်မဟုတ်ချေ။ သူ့အား တာအိုသစ်သီးမှ ပြန်လည်အသက်သွင်း၍ ရနိုင်သေးသည်။ ရုပ်ခန္ဓာ ယခင်ကထက် အားနည်းသွားရုံသာ ရှိမည်။
အခက်အခဲဟူ၍ သူ၏တာအိုသစ်ပင်သည် ယခင်စကြ၀ဠာမှာ တာအိုသစ်ပင်ဖြစ်နေခြင်းသာရှိ၏။ ဤစကြ၀ဠာ၏ အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် ခက်ခဲပေလိမ့်မည်။ အန္တိမဟင်းလင်းပြင်ထံမှ တန်ပြန်ခုခံမှု အနည်းငယ် ရှိနိုင်သော်လည်း သူ့အတွက် ပြဿနာမဟုတ်ပေ။
နောက်ဆုံးတွင်တော့ သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ပြီးပြည့်စုံသွားလေပြီ။
မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ အနီရောင်၊ ရွှေရောင်၊ အပြာရောင်နှင့် အနက်ရောင်တို့ဖြင့် ရောယှက်နေ၏။ ၎င်းက မီးတောက်များကဲ့သို့ ရဲရဲနီကာ ရွှေရောင်လွှမ်းနေသလို ကောင်းကင်ကဲ့သို့ ပြာလဲ့နေပြီး မင်ရည်များကဲ့သို့လည်း နက်မှောင်နေသည်။
ထိုအရောင်လေးမျိုးသည် သူ၏ မီးတောက်၊ ရွှေ၊ ကောင်းကင်နှင့် အမှောင်ထု မဟာတာအိုလေးမျိုးတွင် အောင်မြင်မှုများကို ကိုယ်စားပြု၏။
လင်းကွမ်ခန်းမအရှင်သခင်၏ အတွေးတစ်ချက်ဖြင့် လင်းကွမ်ခန်းမ ထွက်ပေါ်လာသည်။ ဤခန်းမသည် သူ မီလော့နန်းတော်အရှင်သခင်၏ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများမှ သိမြင်နားလည်ထားသော ခန်းမဖြစ်၏။ ၎င်းက သခင်လေးခုနစ်ယောက်၏ ခန်းမများလောက် မကောင်းမွန်သော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။
“ငါ့ရဲ့ ခန်းမကို သုံးပြီး တာအိုသစ်ပင် စိုက်လို့ အန္တိမဟင်းလင်းပြင်ရဲ့ ခုခံအားကို ဖိနှိပ်ထားလိုက်ရင် လုံလောက်သင့်ပြီ”
သူက ခန်းမကို မြှောက်ကာ မဟာခြုံလွှမ်းကောင်းကင်ဘုံအထက်တွင် နေရာချလိုက်သည်။ ထို့နောက် တာအိုသစ်ပင် ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် အမြစ်များက ဟင်းလင်းပြင်ထဲတွင် ကခုန်၍ မဟာခြုံလွှမ်းကောင်းကင်ဘုံဆီသို့ ကျဆင်းလာကြသည်။
ဤအခိုက်အတန့်တွင် အန္တိမဟင်းလင်းပြင်သည် ၀ရုန်းသုန်းကား လှိုင်းထလာ၏။ တာအိုအလင်းရောင်တစ်မျိုးက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး သူ၏တာအိုသစ်ပင်နှင့် မဟာခြုံလွှမ်းကောင်းကင်ဘုံကို တိုက်ခိုက်လိုက်သည်။
လင်းကွမ်ခန်းမအရှင်သခင်က ခန်းမကို အသက်သွင်း၍ ဟင်းလင်းပြင်ထဲမှ မဟာတာအို ကျူးကျော်လာမှုကို ခုခံကာကွယ်လိုက်၏။ သူက တစ်ခုပြီးတစ်ခု လိုက်ကြည့်၍ ပြုံးကာ ပြောသည်။ “ဆိုတော့ အသိစိတ်အလျဉ် တာအိုပေါ့လေ… အသိစိတ်အလျဉ်တာအိုက ထိုက်ချူတာအိုကနေ ခွဲထွက်လိုက်တာပဲ… တစ်ယောက်ယောက်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ကျင့်ကြံပြီး အန္တိမဟင်းလင်းပြင်ထဲမှာ တံဆိပ်ခတ်နှိပ်ထားတာပဲ ဖြစ်ရမယ်…. ငါ တာအိုသစ်ပင်ကို အတင်းအကြပ်စိုက်လိုက်တော့ အန္တိမဟင်းလင်းပြင်ထဲမှာ ဝရုန်းသုန်းကား ဖြစ်သွားပြီး အသိစိတ်အလျဉ် မဟာတာအိုတိုက်ခိုက်လာအောင် ဆွဲဆောင်မိလိုက်တာပဲ….”
ရုတ်တရက် နောက်ထပ် မဟာတာအိုအလင်းတန်းတစ်တန်းက အန္တိမဟင်းလင်းပြင်ကို ဖြတ်သန်း၍ သူ၏ ခန်းမကို တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် လင်းကွမ်ရတနာခန်းမက ခုခံကာကွယ်လိုက်သည်။
လင်းကွမ်ခန်းမရှင်သခင် လှမ်းကြည့်လိုက်သည်။ သူက ပြုံးလျက် ရေရွတ်နေသည်။ “မူလချီရဲ့ မဟာတာအိုက ထိုက်ချူတာအိုရဲ့ မူလချီပဲ… အစစ်အမှန် ထိုက်ချူတာအိုလို့ သတ်မှတ်လို့ မရဘူး… ငါ့အပေါ်လည်း ခြိမ်းခြောက်မှု မပေးနိုင်ဘူး… မွေးရာပါမူလချီနှစ်မျိုး ရှိနေတာက ဒီစကြ၀ဠာမှာ မွေးရာမူလချီကျင့်ကြံပြီး တာအိုရရှိတဲ့ပုဂ္ဂိုလ်နှစ်ယောက် ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ… ဒါပေမဲ့ သူတို့ရဲ့ တာအိုစည်းချက်က မလေးနက်ဘူး.. ဆိုတော့ ခွန်အား သုံးပြီး တာအိုရခဲ့တာပဲ ဖြစ်မယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ဒီစကြ၀ဠာရဲ့ ထိုက်ချူဖြစ်ဖို့များတယ်”
ခွမ်း…
ဓားရောင်တစ်ရောင်က ကောင်းကင်ကို ဖြတ်သန်း၍ သူ့တာအိုသစ်ပင်အား ခုတ်ပိုင်းလိုက်သည်။ လင်းကွမ်ခန်းမအရှင်သခင်က တစ်ချက်မျှ တွေးလိုက်ရာ ခန်းမထဲရှိ တာအိုအလင်းရောင်သည် တောက်ပလင်းလက်လာပြီး ဤတိုက်ကွက်ကို ခုခံကာကွယ်လိုက်၏။ သူက ပြုံးနေဆဲပင်။ “ဒါက ကျင့်ကြံပြီးမှရတဲ့ တာအိုရဲ့ ဓားတာအိုပဲ…ကျွတ်… ကျွတ်…ဒီလောက်ရှေးကျတဲ့ စကြ၀ဠာမှာ ကိုယ်ပိုင်မဟာတာအိုကို ဖန်တီးပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံကို ကျင့်ကြံနိုင်တဲ့သူတွေ ရှိနေလိမ့်မယ် ထင်မထားဘူး.. ဒါမျိုးက ရှားတယ်.. တကယ်ကို ရှားပါးတယ်..
သူ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည့်အချိန်မှာပင် မဟာတာအိုအခိုးအငွေ့လှိုင်းဂယက်တစ်ခုက လာရောက်တိုက်ခတ်လေသည်။ လင်းကွမ်ခန်းမအရှင်သခင် အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူက လေထဲသို့ ကပျာကယာ ပျံတက်လိုက်ကာ လင်းကွမ်ခန်းမထဲ ဆင်းသက်လိုက်၏။
သူက ဒေါသအမျက်တချောင်းချောင်းဖြင့် မာန်သွင်းဟိန်းဟောက်ကာ ခန်းမအား အသက်သွင်းလိုက်သည်။ သို့သော် တရိပ်ရိပ် ဖြာဆင်းလာသော အလင်းရောင်သည် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်အားကောင်းပြီး ကြောက်စရာအတိပင်။ တုန်ခါလှိုင်းတစ်လှိုင်းက ဝေါခနဲ ပြေးဝင်လာသဖြင့် လင်းကွမ်ခန်းမ၏ မျက်နှာပြင်မှ တဝုန်းဝုန်း အက်ကွဲပြိုကျသံများ ထွက်လာတော့သည်။ ၎င်းမှာ ဝုန်းခနဲ တစ်ချက် မြည်ကာ မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အထက်ကောင်းကင်မှ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဘုန်း
မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ခန်းမဖြင့် ဝင်တိုက်ခံလိုက်ရသောကြောင့် ငလျင်လှုပ်ခတ်သွားပြီး တောင်တန်းများလည်း တုန်ခါသွားသည်။ ပထဝီမြေကြီးသည် ဗြန်းဗြန်းကွဲ၍ တောင်များ အလဲလဲအပြိုပြို ဣန္ဒြေပျက်ကုန်တော့၏။ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးက ပြင်းထန်လှသော လေပြင်းမုန်တိုင်းတို့ ထွက်ပေါ်တိုက်ခတ်သွားစေလိုက်သောကြောင့် ယခုလေးတင် အမြစ်ချရုံရှိသေးသော တာအိုသစ်ပင်ကြီးမှာ အမြစ်မှပင် ကျွတ်ထွက်သွားလေတော့သည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ နေလုံးကြီးသည်လည်း ရေဖြင့်လောင်းချခံလိုက်ရသကဲ့သို့ ရှဲခနဲ ငြိမ်းသေသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းလာတော့သည်။ တစ်ဆက်တည်းမှာပင် မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဘုံလုံး ကျုံ့ဝင်ပြီး စောင်းသွား၏။ လမင်းကြီးသည်လည်း မဟာတာအို၏ ရိုက်ခတ်မှုကြောင့် ပဲ့ကြွေကျကာ ပျက်စီးသွားသည်။
ပလ္လင်ခန်းမမှပင် အက်ကွဲသံများ ထုတ်လွှတ်လာသည်။ တာအိုကျောက်တုံးများမှာ တရစပ် အက်ကွဲကုန်ပြီး ပြင်းထန်လှသော ဖိအားကြီးကို မခုခံနိုင်တော့ပေ။ ခန်းမအရှေ့ရှိ လင်းကွမ်ခန်းမအရှင်သခင်မှာလည်း တစ်ကိုယ်လုံး ကျုံ့ဝင်သွားသည့်တိုင်အောင် ဖိချခံနေရခြင်း ခြေခိုင်ခိုင်ပင် ရပ်နိုင်ခြင်း မရှိ။
“ထိုက်ယီရဲ့ တာအို... ငါ အဲဒီကောင်ကို မေ့သွားတယ်”
လင်းကွမ်ခန်းမအရှင်သခင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထိုအခါ အရိုးများ၊ အတွင်းကလီစာများ၊ အူများ၊ ကြွက်သားများ၊ ဆံပင်များနှင့် အရေပြားသည်ပင် ရှေးဟောင်းနတ်ဘုရားများအဖြစ် ပြောင်းလဲကုန်ကြသည်။ လင်းကွမ်ခန်းမအရှင်သခင်သည် သက်တမ်းကြာမြင့်စွာ ရှင်သန်နေခဲ့သည့်အလျောက် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက နတ်ဘုရား ဖြစ်လာခဲ့၏။ ဤအခိုက်အတန့်တွင် သူ၏အစွမ်းအစအားလုံး ထွက်ပေါ်လာသောကြောင့် သူကား အတိုင်းထက်အလွန် အစွမ်းထက်ကြောင်း ထင်ရှားလာသည်။
“ဒါက အဲဒီလူရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံပဲ.... ဆရာနဲ့ တိုက်ခိုက်ခဲ့တဲ့ အမည်မဲ့သိုင်းသမား”
လင်းကွမ်ခန်းမအရှင်သခင်၏ ခန္ဓာကိုယ်က ကြောက်ခမန်းလိလိ ပြန့်ကားလာနေသည်။ သူက ထိုက်ယီတာအို၏ ဖိနှိပ်မှုကို အတင်းအဓမ္မ တောင့်ခံထားသည်။ ထိုက်ယီတာအိုထဲတွင် မွေးရာပါမူလတာအို၊ အသိစိတ်အလျဉ်တာအို၊ ဓားတာအိုတို့ ကိန်းဝပ်ပါဝင်နေသောကြောင့် သူ့ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်လာစေသည်။
လင်းကွမ်ခန်းမအရှင်သခင်မှာ ဤအခြင်းအရာကို သတိမထားမိသည့်အလားပင်။ သူ့ခန္ဓာကိုယ်က ပြိုကွဲလိုက်၊ ပြန်စုလိုက် ဖြစ်နေသည်။ ဤဒဏ်ရာများသည် သူ့ကို မည်သို့မှ မလုပ်နိုင်။ အသိစိတ်အလျဉ်တာအိုသည်သာ သူ့စိတ်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် အနှောက်အယှက် ဖြစ်နေသည်။
သို့သော် သူသည် သူ၏တာအိုအား စကြဝဠာခေတ်လေးခေတ်အတွင်း တည်ဆောက်ခဲ့ခြင်း မဟုတ်ပါလော။ ထို့ကြောင့် သူ၏ တာအိုနှလုံးသားက အလွန်ခိုင်မာသည့်အတွက် အသိစိတ်အလျဉ်ဖြင့် မဟာခြုံလွှမ်းကောင်းကင်ဘုံ ဆောက်တည်ထားသော ပုဂ္ဂိုလ်တစ်ယောက်ပင် သူ့အား ရန်မပြုနိုင်ပေ။
“ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို ဖြတ်ပြီး မီလော့နန်းတော်မှာ ဆရာ့ကို လာတွေ့တဲ့ သူရဲကောင်း... သူ့ကို ဆရာက စတုတ္ထစကြဝဠာဆီ ပို့ခဲ့တာ... အကြီးဆုံးသခင်လေးလည်း သူ့ကို တစ်ချိန်လုံး လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး... ဆယ့်ခြောက်စင်းမြောက် စကြဝဠာကို ရောက်မှပဲ သူ့ကို ရှာတွေ့ပြီး ဖိနှိပ်ထားနိုင်ခဲ့တယ်”
လင်းကွမ်ခန်းမအရှင်သခင်၏ ရုပ်ခန္ဓာကြီးက ပြန့်ကားနေဆဲ ဖြစ်သည့်အလျောက် ခွန်အားသည်လည်း ပိုပို၍ တိုးပွားလာနေသည်။ မဟာတာအိုတို့က သူ၏ ဦးခေါင်းအနောက်၌ လှည့်ပတ် ကခုန်နေပြီး သူ့ခန္ဓာကိုယ်ကား ပလ္လင်ခန်းမအရှေ့မှ တစတစ မြောက်တက်လာတော့သည်။ ပလ္လင်ခန်းမမှာလည်း သူ၏ မဟာတာအိုများဖြင့် ဝန်းရံရစ်သိုင်းခံထားရပြီး စွမ်းအားအဆုံးစွန်အထိ တိုးမြှင့်ခံထားရသည်။ အဝါရောင်ခေါင်းလောင်း၏ မြည်ဟည်းသံကလည်း အတောမသပ်နိုင်အောင် ပဲ့တင်ထပ်လျက် ရှိ၏။
“သူ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ တာအိုရသွားတာ ငါ မေ့သွားတယ်... အဲဒီတုန်းက သူ အကြီးအကျယ် ဆုံးရှုံးတော့မလို့”
တာအိုသစ်ပင်ထက်ရှိ တာအိုသစ်သီးများ ပျံတက်လာကာ တာအိုပန်းပွင့်များ ပွင့်အာကျလာသည်။ ဤသည်က လင်းကွမ်ခန်းမအရှင်သခင်၏ အရှိန်အဝါအား ပို၍ပင် မြင့်တက်သွားစေသည်။
သူက ထိုက်ယီတာအိုအား ခုခံထားရင်း သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနေသည်။ သူ့တစ်ကိုယ်လုံးက တာအိုသစ်ပင်၏ အရှေ့၌ ပျံဝဲနေသည်။ သူသည် ခပ်တိုးတိုး ရယ်လိုက်ရင်း ဆက်ပြော၏။ “ထိုက်ယီသာ ဒီစကြဝဠာမှာ ရှိနေသေးရင် ငါ နောက်ဆုတ်ခဲ့မှာ... အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်မှာ မဟုတ်ဘူး.. တာအိုသစ်ပင်လည်း စိုက်မှာ မဟုတ်ဘူး.. ဒါပေမဲ့ သူ့ကို အကြီးဆုံးသခင်လေးက ဖိနှိပ်ထားပြီးပြီလေ... မဟာခြုံလွှမ်းကောင်းကင်ဘုံနဲ့ တံဆိပ်ခတ်နှိပ်ထားတဲ့ ထိုက်ယီတာအိုက ငါ့ကို ဘာမှမလုပ်နိုင်ဘူးကွ”
သူသည် မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ မဟာတာအိုငါးပါးဆီမှ ရိုက်ခတ်မှုအား အားကုန်ခုခံနေရ၏။ သူ၏ တာအိုသစ်ပင်က နောက်တစ်ဖန် အမြစ်ကုပ်တွယ်နိုင်သွားသည်။ သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံလည်း ပြိုလဲနေခြင်း ရပ်တန့်သွားပြီး ပြုတ်ကျသွားခဲ့သော နေလုံးကြီးက ပြန်လည်တောက်လောင်လာရင်း တစတစ မြောက်တက်လာသည်။
နေလုံးကြီးသည် တဟုန်းဟုန်း ထတောက်လာသဖြင့် မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရကာ ရွှေရောင်လင်းလာတော့သည်။
ထိုအခိုက်အတန့်၌ လူရိပ်တစ်ခုက ရွှေရောင်မြေပြင်ဆီမှ လမ်းလျှောက်လာရင်း နေလုံးကြီး၏ လောင်ကျွမ်းနေသော မီးလျှံများအတွင်း ဝင်သွားသည်။
“သခင်လေးခုနစ်”
လင်းကွမ်ခန်းမအရှင်သခင် မျက်နှာအကြီးအကျယ် ပျက်သွားပြီး တာအိုနှလုံးသားသည်ပင် ယမ်းခါသွား၏။ သူ့တာအိုနှလုံးသား ယမ်းခါသွားသည့် အခိုက်အတန့်၌ ချင်မူ့အနောက်ရှိ ရှည်မျောမျောအရိပ်ထဲမှ အသတ်အဖြတ်စိတ်ဆန္ဒက ဆူပွက်လာကာ လင်းကွမ်ခန်းမအရှင်သခင်၏ စိတ်ထဲ ချက်ချင်း ဝင်ရောက်လာတော့သည်။
နောက်တခဏတွင် လူရိပ်တစ်ခု သူ့ဘေး ဖြတ်ခနဲ ရောက်လာသည်ကို သတိထားမိလိုက်သည်။ အရိပ်၏ အသတ်ဖြတ်စိတ်ဆန္ဒက သူ့စိတ်ထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒဆီသို့ လာရောက်ဆက်သွယ်ကာ ထိုသူ့လက်ထဲ၌ ဓားမတစ်လက်အဖြစ် ဖွဲ့တည်သွားသည်။
ထိုအရိပ်က ဓားမကို ကျောနောက်ပို့ကာ ချာခနဲ လှည့်သည်။ ထိုဓားမရောင်သည် လင်းကွမ်ခန်းမအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားမှတစ်ဆင့် ဦးနှောက်အတွင်းသို့ ဝင်ရောက်ချိတ်ဆက်၍ အပေါ်သို့ ပင့်ကော်လိုက်လေသည်။
လင်းကွမ်ခန်းမအရှင်သခင်၏ မျက်ခုံးနှစ်ဖက်ကြားမှာ ပွင့်ထွက်သွားတော့သည်။ “သခင်ကြီးရှန့်”
ထိုလူငယ်၏ အသတ်အဖြတ်စိတ်ဆန္ဒက အလွန်အားကောင်းပြင်းထန်လှသည်။ သူ၏ခြေလှမ်းများသည် လင်းကွမ်ခန်းမအရှင်သခင်၏ ပတ်ဝန်းကျင်၌ ယိမ်းထိုးလှုပ်ရှားနေ၏။ အမြန်နှုန်းက အလွန်မြန်နေသည့်အပြင် ခြေလှမ်းတစ်လှမ်းတိုင်းဖြင့် ဓားချက်များအား ထိုးသွင်းနေသည်။
ဓားမရောင်ကား လှုပ်ရှားမှုများအတိုင်း လင်းကွမ်ခန်းမအရှင်သခင်၏ လှည့်ပတ်ရစ်သိုင်းနေတော့သည်။
ရုတ်တရက် ပိုးခြည်မျှင်ကဲ့သို့သော ဓားမရောင်သည် ရွှစ်ခနဲ ဖြတ်သန်းသွားကာ အပေါ်မှ ပိုင်းချလိုက်၏။ လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်မှာ ဗြန်းခနဲ ကွဲ၍ ဘေးနှစ်ဖက်သို့ လဲကျသွားတော့သည်။
လင်းကွမ်ခန်းမအရှင်သခင်မှာလည်း အပိုင်းပိုင်းအစစ ကြေမွသွားပြီး ဟင်းလင်းပြင်မှ ကျဆင်းလာသည့် မဟာတာအိုငါးပါးဖြင့် ဖိနှိပ်ခံလိုက်ရတော့သည်။ ပလ္လင်ခန်းမသည် ဘုန်းခနဲ ကွဲကျသွားသည့် တာအိုသစ်ပင်အပေါ် ပြုတ်ကျသွား၏။
ရှန့်ကျွင်းက သူ၏ အသတ်အဖြတ်စိတ်ဆန္ဒကို ဖယ်ရှားလိုက်ရင်း နောက်တစ်လှမ်းဆုတ်ကာ ပြုတ်ကျလာသည့် လင်းကွမ်ခန်းမအား ရှောင်တိမ်းလိုက်သည်။ ထို့နောက် ချင်မူ့အရိပ်ထဲ၌ ဝင်ပုန်းလိုက်လေသည်။