← Chapters

ဓားတစ်ချက်နှင့် ကိစ္စဖြတ်

Vol. 129 Ch. 1673

ဓားတစ်ချက်နှင့် ကိစ္စဖြတ်

Vol. 129 Ch. 1673

မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနားကို ‌ပြင်ဆင်ရန်မှာ‌ ကောင်းကင်နတ်ဘုံ၏ အင်အားဖြင့် အလွန်တရာ လွယ်ကူ၏။ အမျိုးမျိုးသော ကောင်းကင်ဘုံများ၏ စစ်တပ်များက ကောင်းကင်နတ်ဘုံမှ ဖမ်းဆီးထားသော ကျွန်များကို ပေးပို့စေလွှတ်ခဲ့သည်။ တစ်လခန့်ကြာပြီးနောက် လင်းကွမ်ခန်းမအရှင်သခင်လိုအပ်သည့် ကျွန်ပမာဏမှာ ပြည့်မီခဲ့၏။

မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနားနေ့တွင် လင်းကွမ်ခန်းမအရှင်သခင်သည် မရေမတွက်နိုင်သော ကျွန်များ၏ အရိုးတို့ဖြင့် ယဇ်ပလ္လင်အား ဖွဲ့တည်ကာ တက်ရောက်ခဲ့သည်။ သူသည် ကျွန်များ၏ အသွေးအသားတို့ကို မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် တာအိုရရှိခဲ့သည့် ယခင်မျိုးဆက် တာအိုသိုင်းပညာရှင်များအား ယဇ်ပူဇော်၏။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တွင် တာအိုသိုင်းပညာရှင်အယောက် ၁၂၀၀ ရှိသည့်အတွက် သူက သက်ရှိအားလုံး၏ သွေးကို အသုံးပြုကာ သူတို့၏ ခွန်အားကို ငှားယူလျက် သူ့ကို ကာကွယ်ပေးရန် တောင်းဆိုသည်။

မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနား၏ အရေးအကြီးဆုံး အခိုက်အတန့်တွင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ပုံရိပ်ယောင်က ယဇ်ပလ္လင်အထက်တွင် ထွက်ပေါ်လာသည်။ ပုံရိပ်ယောင်က ကောင်းကင်နှင့် မြေကြီးအပေါ် ဖိနှိပ်ထား၏။

နတ်ဘုရားမြို့က ခမ်းနားကျယ်ပြန့်ပြီး တင့်တယ်နေချေသည်။ ၎င်းထဲတွင် ဖရိုဖရဲမြစ် ၁၆ စင်း တည်ရှိပြီး ကွင်းဆက်များသဏ္ဌာန် ဖွဲ့တည်ထား၏။ မြစ်တစ်စင်းနှင့် တစ်စင်းအကြားတွင်တော့ ကျောက်စိမ်းမြို့တော်၏ အပျက်အစီးများစွာ တည်ရှိသည်။

လင်းကွမ်ခန်းမအရှင်သခင်က ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်မှုတစ်ခု ဆောင်ရွက်နေပြီး သက်ရှိအားလုံးကို ယဇ်ပူဇော်နေ၏။ မရေမတွက်နိုင်သော အလောင်းများထဲရှိ ဝိညာဉ်များစွာက အနက်ရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းမြို့တော်ထဲသို့ ဦးတည်၀င်ရောက်သွားတော့သည်။

အနက်ရောင်မီးခိုးငွေ့များက ကျောက်စိမ်းမြို့တော်ထဲသို့ ၀င်ရောက်၍ ဖရိုဖရဲမြစ်များတွင် စုစည်းသွား၏။ တဖြည်းဖြည်း တာအိုသိုင်းပညာရှင်တို့၏ ပုံရိပ်များ ပေါ်လွင်လာသည်။

ထိုပုံရိပ်များမှာ စုစုပေါင်း ၁၂၀၀ တည်ရှိပြီး မထင်ရှားပေ။ အဖြူနှင့် အမည်း ပုံရိပ်များအလားပင်။

သို့သော် ထိုပုံရိပ်များက ဖရိုဖရဲမြစ်ထဲတွင် ရပ်နေကြသည်။ သူတို့သည် မဟာပျက်စီးခြင်းကပ်ဘေးကြီးကို တွေ့ကြုံခဲ့ရသော်လည်း ဖျက်စီးခြင်း မခံခဲ့ရပေ။

မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနားသည် ထူးခြားဆန်းကြယ်သော်လည်း စွမ်းအင်နှင့် ဒြပ်ထု ဖလှယ်ခြင်းသဘောတရား အသုံးပြု၍ သက်ရှိတို့အား ယဇ်ပူဇော်ဖြင်းမှတစ်ဆင့် ထိုတာအိုရရှိပြီးသော ပုဂ္ဂိုလ်များ၏ စွမ်းအားကို ငှားယူနေခြင်းဖြစ်သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ နန်းစွန့်ဧကရာဇ်ထိုက်ချူတို့က ကောင်းကင်နတ်ဘုံ၏ အရာရှိများ၊ စစ်တပ်အရာရှိများကို ဦးဆောင်ကာ အခမ်းအနားကို အကဲခတ်နေကြသည်။ ထိုမြင်ကွင်းကို မြင်လျှင် သူတို့အားလုံး အံ့သြနေသလို ကြောက်လည်း ကြောက်ရွံ့နေကြ၏။

“အရှင်မင်းကြီး၊ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ စွမ်းအားက ကြီးမားလွန်းတယ်… ကျုပ်တို့ ခုခံထားမှဖြစ်မယ်”

နန်းစွန့်ဧကရာဇ်ထိုက်ချူက သတိပေးသည်။ “ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က တာအိုသိုင်းပညာရှင်တွေအားလုံး ဆင်းသက်လာမယ်ဆိုရင် ဒီစကြ၀ဠာဟာ အချိန်အတော်ကြာတဲ့အထိ ကပ်ဘေးကြီး ခံစားနေရလိမ့်မယ်ထင်တယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ခေါင်းညိတ်၏။ “နန်းစွန့်ဧကရာဇ်ပြောတာ မှန်ပါတယ်… ဒါပေမဲ့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ တာအိုကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကျုပ် သိပ်အားကျမိတယ်… အတိတ်တာအိုသိုင်းပညာရှင်တွေရဲ့ စွမ်းအားကို ယဇ်ပူဇော်ပြီး ငှားယူတဲ့ ဒီလို မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနားမျိုးက သိပ်ကို စွမ်းအားကြီးတယ်… ခန်းမ ၇၂ ခုထဲက ခန်းမအရှင်သခင်တစ်ယောက်ဖြစ်တဲ့ လင်းကွမ်ခန်းမအရှင်သခင်ရဲ့ စွမ်းဆောင်ရည်တွေက တကယ်ကို ကျယ်ပြန့်တာပဲ…”

ထိုက်ချူဆီမှ မည်သည့်စကားမှ ထွက်မလာတော့ပေ။

လင်းကွမ်ခန်းမအရှင်သခင်သည် အမှန်တကယ်ပင် ကောင်းကင်နတ်သိုင်းမျိုးစုံတွင် ကျွမ်းကျင်ပေသည်။ ထို့ကြောင့် ဤသို့ မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနားမျိုးက အမြင်ပွင့်စရာ ဖြစ်လေသည်။ နှိုင်းယှဉ်ရပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ယနေ့ခေတ်ရလဒ်များပင်လျှင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ နှစ်များစွာအတွင်း အောင်မြင်မှုရလဒ်များနှင့် မယှဉ်နိုင်ပေ။

ယဇ်ပလ္လင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားလှိုင်းဂယက်များ ပျံ့ထွက်လာပြီး လင်းကွမ်ခန်းမအရှင်သခင်ကို ထောက်ပံ့ချီးမြှောက်ပေးလိုက်သည်။ ဤစွမ်းအားက ဟင်းလင်းပြင်ကို တုန်လှုပ်သွားစေပြီး တာအိုသိုင်းပညာရှင်နှစ်ဦး ဖြစ်သည့် ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ပင်လျှင် ရင်တဒိန်းဒိန်း ခုန်လာ၏။ တခြားအရာရှိများ၏ တာအိုနှလုံးသားများမှာတော့ ဤစွမ်းအားကြောင့် တုန်လှုပ်နေကြရသည်မှာ ကြာပြီဖြစ်ပြီး မြေပေါ်တွင် ဒူးထောက်လျက် ခေါင်းပင် မမော့ရဲကြချေ။

လင်းကွမ်ခန်းမအရှင်သခင်သည် ခေါင်းပြတ်နေသောကြောင့် ယဇ်ပလ္လင်အပေါ်တွင် မန္တန်ရွတ်ဆိုပြီးသည်နှင့် တာအိုသစ်သီးကို အသက်သွင်းပြီး မဟာတာအိုနှင့် ချိတ်ဆက်လိုက်သည်။

တာအိုသစ်သီးက သူ၏ဦးခေါင်းနှင့် ဆက်နွယ်သွား၏။ တာအိုသစ်သီးထဲတွင် ပုန်းကွယ်နေသော ဓားလမ်းစဉ်ကောင်းကင်နတ်သိုင်းကို ဖယ်ရှားနိုင်ပါက တာအိုသစ်သီး၏ စွမ်းအားကို အသုံးပြု၍ ဦးခေါင်းတစ်လုံး ပေါက်လာစေနိုင်လိမ့်မည်။

ဓားလမ်းစဉ်ကိုသာ မဖယ်ရှားနိုင်ပါက ချင်မူ့ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်းဖြင့် ကျူးကျော်ခံရပြီး အခြားတာအိုသစ်သီးများနှင့် တာအိုပန်းပွင့်များအပေါ်ပင် သက်ရောက်မှု ရှိနိုင်သည်။

ထိုအခိုက်အတန့်တွင် သူသည် ရည်မှန်းချက်အပြည့် ဖြစ်နေ၏။ သူ၏ မဟာတာအိုက တာအိုသစ်သီးနှင့် ဆက်သွယ်နေပြီး သူက တာအိုသစ်သီးထဲတွင် ပုန်းကွယ်နေသော ဓားလမ်းစဉ်ကောင်းကင်နတ်သိုင်းကို ထိတွေ့လိုက်သည််။

ရုတ်တရက် ယဇ်ပလ္လင်ပေါ်ရှိ ဓားရောင်များက အလင်းနှင့် လျှပ်စီးအလား လျင်မြန်စွာ လှုပ်ရှားသွားကြ၏။ ချက်ချင်းဆိုသလို ကောင်းကင်တွင် ပြည့်နှက်သွားပြီး တစ်လွှာပြီးတစ်လွှာ ပျံ့ကားထွက်လာကြသည်။

လင်းကွမ်ခန်းမအရှင်သခင်သည် ပခုံးတွင် ကျွဲဦးချို ပေါက်နေပြီး နဂါးတစ်ကောင်ကို အူများအဖြစ် ပိုင်ဆိုင်ထား၏။ ကျောရိုးကတော့ မြွေတစ်ကောင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် အရွယ်အစားမျိုးစုံ ရှိသည့် ရှေးဟောင်းနတ်ဘုရား ၁၂၀၀ တည်ပြီး အားလုံးက ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ တာအိုသိုင်းပညာရှင် ၁၂၀၀ နှင့် ဆက်နွှယ်နေကြသည်။ သူ့ခန္ဓာကိုယ်၏ စွမ်းအားက အကန့်အသတ်မဲ့လာ၏။

သူ၏ အရှိန်အဝါက အခိုက်အတန့်တစ်ခု ကြာသည့်အထိ ပြိုင်ဘက်ကင်းလာပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနား၏ အရှိန်အဟုန်ကို အသုံးချကာ ချင်မူ့ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်းကို ခုခံကာကွယ်နေသည်။ သူက ချင်မူ့ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်းကို ဖယ်ရှားပယ်ဖျောက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

ခွမ်း…. ခွမ်း…. ခွမ်း..

ဓားသံ ဆယ့်သုံးချက်က ယဇ်ပလ္လင်ထဲမှ ပြိုင်တူထွက်ပေါ်လာသည်။ တခဏအကြာတွင် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဓားကောင်းကင်ဘုံများနှင့် ဓားရောင်တို့က မှိန်ကျသွား၏။ လင်းကွမ်ခန်းမအရှင်သခင်က အနောက်၌ မျောလွင့်နေသော တာအိုသစ်သီးများနှင့် တာအိုပန်းပွင့်တစ်ပွင့်နှင့်အတူ ပျံဝဲရပ်နေသည်။

ထို့နောက် သူ၏ ပခုံးပေါ်ရှိ အသားစက ယွစိယွစိ လှုပ်လာကာ ဦးခေါင်းတစ်လုံး လျင်မြန်စွာ ပေါက်လာသည်။

“ကူညီပေးတဲ့အတွက် တာအိုသိုင်းပညာရှင်တွေကို ကျေးဇူးအများကြီးတင်ပါတယ်”

လင်းကွမ်ခန်းမအရှင်သခင်က ကျောက်စိမ်းမြို့တော် ပုံရိပ်ယောင်ထဲရှိ တာအိုသိုင်းပညာရှင် ၁၂၀၀ ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ ကျောက်စိမ်းမြို့တော်ပုံရိပ်ယောင်ထဲရှိ တာအိုသိုင်းပညာရှင် ၁၂၀၀ က ပြန်လည်ဦးညွှတ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြ၏။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ပုံရိပ်ယောင်မှာလည်း မကြာမီ ပျောက်ကွယ်သွားသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံ အခမ်းအနားကား ပြီးဆုံးသွားလေပြီ။

လင်းကွမ်ခန်းမအရှင်သခင်မှာ စိတ်အေးသက်သာရာရသွားသည်။ သူက ပလ္လင်ပေါ်မှ ဆင်းလာရာ ဧရာမအရိုးဖြူယဇ်ပလ္လင်ကြီးမှာ ချက်ချင်း ပြာကျသွားတော့၏။ မရေမတွက်နိုင်သော အရိုးများနှင့် ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအင်များက လွင့်ပြယ်ပျောက်ကွယ်သွားကြသည်။ ယင်းတို့မှာ လင်းကွမ်ခန်းမအရှင်သခင်မှ အားဖြည့်ပေးထားခြင်းကြောင့် လင်းကွမ်ခန်းမအရှင်သခင် ထွက်ခွာသွားသည့်အချိန်၌ အလိုအလျောက် လွင့်ပြယ်သွားကြခြင်းပင်။

“ကောင်းကင်နတ်ဧကရာဇ်‌၊ ငါ သခင်လေးခုနစ်နဲ့ ရန်သူဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး…. ဒါပေမဲ့ သခင်လေးခုနစ်က ငါ့ကို အရင်ရန်လာစပြီး ရှန့်ကျွင်းလို ရက်စက်ကောက်ကျစ်တဲ့သူကို ခေါ်ထားလိမ့်မယ် ဘယ်သူထင်ထားမှာလဲ”

လင်းကွမ်ခန်းမအရှင်သခင်က ဒေါသထွက်နေသော မျက်နှာအမူအရာဖြင့် ခပ်ကြဲကြဲ လျှောက်လာကာ ကောင်းကင်နတ်ဧကရာဇ်‌ရှေ့သို့ ရောက်လာသည်။ သူ၏အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေ၏။ “သခင်လေးခုနစ်က မျက်နှာလည်း မထောက်ထားတတ်ဘူး…. ငါ့တာအိုလမ်းစဉ်ကို ဖျက်ဆီးခဲ့တဲ့အပြင် တာအိုသစ်ပင်ကိုပါ ဖျက်ဆီးခဲ့တဲ့အတွက် ငါ့ကို ဖျက်ဆီးလိုက်တာနဲ့ တူတူပဲ…. မင်းက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးချင်တာဆိုတော့ ကမ္ဘာဦးဘုံတစ်ခုလုံး သွေးချောင်းစီး ပျက်စီးသွားအောင် ငါ မင်းကို ကူညီပေးမယ်….”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျယ်လောင်စွာ ရယ်မောလျက် သူ၏ ပလ္လင်ပေါ်မှ ထရပ်လိုက်သည်။ “ခန်းမအရှင်သခင်ရဲ့ အကူအညီနဲ့ သာဆိုရင် ကျွန်တော် ဘာကိုများ စိတ်ပူနေစရာ လိုသေးလို့လဲဗျာ… စားသောက်ပွဲ ပြင်ဆင်လိုက်ကြစမ်း… ဒီနေ့ ငါ သိပ်ကို ချစ်ခင်လေးစားရတဲ့ လင်းကွမ်ခန်းမအရှင်သခင်နဲ့ သောက်စားပျော်ပါးမယ်…”

ထို့ကြောင့် အရံနန်းဆောင်တွင် စားသောက်ပွဲ ကျင်းပခဲ့သည်။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုနေကြသောကြောင့် ရယ်သံများဖြင့် ပြည့်နှက်နေကြ၏။ လင်းကွမ်ခန်းမအရှင်သခင်ကိုလည်း ချီးကျူးဂုဏ်ပြုနေကြသည်။

လင်းကွမ်ခန်းမအရှင်သခင်က မည်သူ့ကိုမှ မငြင်းဆိုဘဲ စိတ်တိုင်းကျ သောက်စားနေ၏။ အရက်မူးနေသည်ကို အခွင့်ကောင်းယူ၍ သူ၏ တာအိုကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို မေးမြန်းနေကြသည့် သိုင်းပညာရှင်များလည်း ရှိသည်။ လင်းကွမ်ခန်းအရှင်သခင်သည် မေးသမျှကို တည့်တိုးဖြေနေသည်။

အခိုက်အတန့်တစ်ခုအထိ ဧည့်သည်တော်များအားလုံး ပျော်ရွှငိနေကြပြီး ရယ်သံများ ဝေဆာနေကြသည်။

လင်းကွန်ခန်းမအရှင်သခင် ဝိုင်သောက်နေသည့်အချိန်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ဘက် လှည့်လာ၍ ပြုံးကာ မေးသည်။ “ခန်းမအရှင်၊ အရှင်က ကျုပ်ထက် အသက်ကြီးတာဆိုတော့ အစ်ကိုတော်လို့ ခေါ်လို့ရမယ်နော်…. ဒီလောကမှာ တာအိုကျင့်စဉ် ဘယ်နှခုရှိလဲ မသိဘူး…”

လင်းကွမ်အရှင်သခင်သည် အားရပါးရ မော့သောက်လိုက်ပြီးနောက် ပြန်ဖြေ၏။ “ညီတော်၊ တာအိုကျင့်စဉ် လေးခု ရှိတယ်…. ပထမဆုံးက ရိုးရာတာအိုကျင့်စဉ်စနစ် တာအိုလမ်းစဉ်ပဲ… ဆရာသခင် ဖန်‌တီးခဲ့တာ… ဒုတိယလမ်းစဉ်က ကျောက်စိမ်းမြို့တော် တာအိုလမ်းစဉ်ပဲ… တာအို ရဖို့ ခွန်အားကို အသုံးချတာလို့လည်း သိကြတယ်…. သမာရိုးကျမဟုတ်တဲ့ လမ်းစဉ်လို့ သတ်မှတ်ထားကြတယ်…. တတိယတစ်ခုက သခင်လေးနှစ် ဖန်တီးထားတဲ့ လမ်းစဉ်… အဆုံးသတ်မြို့ပျက် တာအိုလမ်းစဉ်လို့ ခေါ်တယ်…”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အံ့အားသင့်သွားသော်လည်း စိတ်ကို တည်ငြိမ်အေးဆေးစေ၍ ပြောသည်။ “အဆုံးသတ်မြို့ပျက်တာအိုလမ်းစဉ်က ဘယ်လို ဖွဲ့တည်လာတာလဲဗျ…”

လင်းကွမ်ခန်းမအရှင်သခင်မှာ ဖြေရန် ပါးစပ်ဟလိုက်စဉ် သူ့ဦးခေါင်းနောက်တွင် မြောလွင့်နေသည့် တာအိုသစ်သီးသုံးလုံးထဲမှ အလယ်တစ်လုံးက ရုတ်တရက် အက်ကွဲလာသည်။

လင်းကွမ်ခန်းမအရှင်သခင်က ဧရာမဝိုင်ခွက်ကြီးတစ်ခွက် ကိုင်ထား၏။ သူ၏ ဦးခေါင်းမှာ ဝိုင်ခွက်ထဲသို့ ပလုံခနဲ ပြုတ်ကျသွားသည်။ သွေးများနှင့် ရောနေသော တာအိုသွေးတို့က အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားကြ၏။

ဓားရောင်က အလွန်တရာ စူးရှထက်မြတ်ပြီး ကောင်းကင်အား ဖြိုခွင်းနိုင်သည့် ဓားတလက်အလားပင်။ ဓားရောင်က အရပ်လေးမျက်နှာသို့ လွှမ်းခြုံသွားပြီး ကောင်းကင်နတ်ဧကရာဇ်၏ အရံနန်းဆောင်ကို နှစ်ပိုင်းခြမ်းပစ်လိုက်သည်။

ဤဓားကွက်၏ တိုက်ခိုက်မှုပြီးနောက် နန်းဆောင်ထဲရှိ သိုင်းပညာရှင်များစွာမှာ ခေါင်းများ ငုံ့လျက် ဓားရောင်အား ရှောင်တိမ်းရန် မြေပြင်ပေါ်တွင် ပြားပြား၀ပ်နေကြ၏။ အချိန်မီ မရှောင်လိုက်နိုင်သောကြောင့် ခေါင်းပြတ်သွားကြသူများလည်း ရှိသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဒေါသတကြီး ဟိန်းဟောက်၍ ထရပ်လိုက်ပြီး ဓားရောင်အား ခုခံကာကွယ်လိုက်သည်။ သူ ဓားရောင်ကို ကာကွယ်လိုက်စဉ်မှာပင် လင်းကွမ်ခန်းမအရှင်သခင်၏ ဦးခေါင်း ပြုတ်ကျသွားခဲ့သော ဝိုင်ခွက်ကြီးက ဝုန်းခနဲ ပေါက်ကွဲ၍ ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲသွား၏။

ဖရိုဖရဲချီတို့ ဧရာမဝိုင်ခွက်ကြီးထဲမှ မြောက်တတ်သွားသည့်အခါ လူရိပ်တစ်ခုသည် ထင်ရှားလာကာ ဖရိုဖရဲချီများကို စုပ်ယူလိုက်သည်။ ထိုပုဂ္ဂိုလ်သည် ဖရိုဖရဲချီမှ ဖွဲ့တည်ထားသည့်အလားပင်။ သူ၏နားထင်က ဆံပင်ဖြူနေပြီး ရုပ်ရည်သွင်ပြင်ကတော့ ချင်မူနှင့် တစ်ထေရာတည်း တူနေသည်။

လင်းကွမ်ခန်းမအရှင်သခင်အနောက်တွင် ဓားရောင်နောက်တစ်ချက်က ဓားရောင်ကြောင့် အက်ကွဲသွားသော တာအိုသစ်သီးဆီမှ ပျံထွက်လာသည်။ ဖရိုဖရဲချီတို့မှ အသွင်ပြောင်းထားသည့် ချင်မူက လှမ်းဆွဲယူလိုက်၏။

လင်းကွမ်ခန်းမအရှင်သခင်မှာ အငိုက်မိသွားသဖြင့် တာအိုသစ်သီးနှင့် တာအိုပန်းပွင့်ကို အသက်သွင်းရင်း ပခုံးရှိ ဒဏ်ရာမှ ဓားရောင် ရုပ်ခန္ဓာထဲသို့ ကူးစက်လာမည်ကို တားဆီးလိုက်သည်။

“ငါ့မှာ ဆန်းကြယ်မှုတွေ အများကြီး ရှိတယ်”

ချင်မူက ဓားကို လှုပ်ရှားစေလိုက်ရာ ဓားရောင်က အရပ်လေးမျက်နှာသို့ ရေတံခွန်တစ်ခုအလား ဖုံးလွှမ်းစီဆင်းသွားသည်။ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ငါးယောက်မှာ ဓားဖြင့် ထိုးနှက်ခံလိုက်ရသောကြောင့် သွေးများ ပန်းထွက်သွားကြ၏။ သူတို့အားလုံး သွေးရူးသွေးတန်း ထွက်ပြေးကုန်ကြသည်။

ချင်မူသည် သူ၏ ဓားကို ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ရွယ်လိုက်ရာ ထိုက်ချူက ချက်ချင်း နောက်ဆုတ်သွား၏။ ထိုက်ချူက လက်တစ်ချောင်း မြှောက်၍ မျက်ခုံးနှစ်ဖက်ကြား၌ ခံကာ ဓားရောင်ကို ကာထားသည်။

“နောက်မနေနဲ့တော့.”

ဖရိုဖရဲချီမှ အသွင်ပြောင်းလာခဲ့သော ချင်မူက သံရှည်ဆွဲလျက် အော်ဟစ်လိုက်သည်။ ဓားရောင်များသည် ကြက်ခြေခက်လှုပ်ရှားသွား၍ အခမ်းအနားတစ်ခုလုံးအား ဗြောင်းဆန်သွားစေ၏။ အခိုက်အတန့်တစ်ခု ကြာသည်အထိ ကောင်းကင်နတ်ဘုံ၏ အရာရှိအားလုံးမှာ ဓားဖြင့် မွှမ်းခံနေရသည်။ သူတို့ထဲမှ တချို့၏ ရုပ်ခန္ဓာများက ဓားရောင်ဖြင့် ထိုးစိုက်ခံထားကြရ၍ မြေပြင်တွင် ကပ်နေကြသည်။ သူတို့၏ မူလဝိညာဉ်တချို့က ခန္ဓာကိုယ်များမှ ထွက်ခွာပြီး ကောင်းကင်နတ်သိုင်းများအား အသက်သွင်းကြတော့မည်အချိန်တွင် ဓားဖြင့် ထိုးခံလိုက်ရသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်သည်။ သူ၏အင်္ကျီလက်စရှည်များက လေထဲတွင် မြောလွင့်နေပြီး ဖရိုဖရဲချီမှ အသွင်ပြောင်းလာသော ချင်မူ့ကို တိုက်ခိုက်နေသည်။

သူ လှုပ်ရှားလိုက်သည်နှင့် တခြားအရာရှိများလည်း ချင်မူ့ကို မတိုက်ခိုက်ရဲကြတော့ပေ။ သူတို့သည် သူတို့၏ပုံရိပ်များ ခုန်ပျံကျော်လွှား ပျံသန်းနေကြသည်ကိုသာ တွေ့မြင်ရပြီး မကြာမီ နန်းဆောင်များစွာ ပြိုလဲလာသည်။ အရာရှိအားလုံး ရှောင်တိမ်းရန် ကြိုးစားကြသော်လည်း အချို့ကတော့ မရှောင်နိုင်ခဲ့ချေ။ သူတို့မှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် လွင့်ထွက်သွားကြပြီး လေထဲတွင် လေရဟတ်များသဖွယ် တဝှီးဝှီး လှည့်ပတ်နေကြသည်။ အချို့ကတော့ ဓားရောင်ဖြင့် ထိုးစိုက်ခံရ၍ သွေးများ ပန်းထွက်ကာ မြေပြင်ပေါ်တွင် လဲကျနေကြ၏။

‘ဓားတစ်လက်က ငါ့ကို မိုင်တစ်သောင်းကနေ ကာကွယ်ပေးနိုင်တယ်… ငါ ရွေးချယ်တဲ့ ဘယ်နေရာဖြစ်ဖြစ် တောင်ပင်လယ်ဖြစ်ဖြစ်‌ မြောက်ဝင်းရိုးစွန်းဖြစ်ဖြစ်ပေ့ါ’

ဖရိုဖရဲချီမှ အသွင်ပြောင်းလာခဲ့သော ချင်မူသည် အရံနန်းဆောင်ထဲတွင် အလင်းနှင့် လျှပ်စီးအလား လျင်မြန်စွာ လှုပ်ရှားနေသည်။ သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို တိုက်ရိုက်မတိုက်ခိုက်ဘဲ အရာရှိများနှင့် စစ်တပ်အရာရှိများကိုသာ တိုက်ခိုက်နေ၏။

ထိုက်ချူက သူ့ဘေးနားသို့ ရောက်လာပြီး ချင်မူ့အရိပ်ကို ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ပူးပေါင်းတိုက်ခိုက်သည်။ သို့သော် ချင်မူ့အရိပ်သည် သူတို့အား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်း မရှိပေ။ တစ်ချက်တစ်ချက် ဖြတ်ခနဲ ရှောင်တိမ်းသွားပြီး တစ်ခါတစ်ရံတွင် ဖရိုဖရဲချီများအဖြစ် ပြောင်းလဲသွားပြီးနောက် ပြန်လည်ဖွဲ့တည်လာကာ ရန်သူအား ဓားဖြင့် ထိုးစိုက်တတ်၏။

“အရက်အပေါ် ငါ့ရဲ့ တမ်မက်မှု.... ကဗျာတွေအပေါ် စွဲလမ်းမှုတွေက လျော့နည်းသွားလို့ … အနောက်လေကို မျက်နှာမူ၊ အမြင့်ကို တက်ပြီး အဝေးဆီ ငေးကြည့်ခဲ့တယ်…. သိပ်ကောင်းတဲ့ လေးတစ်လက်နဲ့ မြင်းတစ်ကောင် ရှိရင် ကောင်းမယ်… ဒါမှ လူကြီးမင်းတို့နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်လေလား”

ချင်မူသည် အားရပါးရ သီချင်းဆိုပြီး ဖရိုဖရဲချီများကို အခွင့်ကောင်းယူကာ အရပ်လေးမျက်နှာသို့ လိုက်လံသတ်ဖြတ်နေ၏။ တခဏအတွင်း အရံနန်းဆောင်ထဲတွင် ရှိနေကြသူအားလုံးမှာ ၀ရုန်းသုန်းကား ကြောက်လန့်နေကြပြီး ကောင်းကင်နတ်ဘုံ၏ အရာရှိအမျိုးမျိုးမှာ အရပ်လေးမျက်နှာသို့ အသီးသီး ထွက်ပြေးနေကြသည်။

ရုတ်တရက် လင်းကွမ်ခန်းမအရှင်သခင်က သူ၏ ဒဏ်ရာများကို ချုပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ချင်မူ၏ အရိပ်ရှေ့သို့ ဖြတ်ခနဲ ရောက်သွား၏။ သူက လက်ဖဝါးဖြင့် တွန်းထုတ်လိုက်ရာ ချင်မူ့အရိပ်မှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး ဖရိုဖရချီလုံးအဖြစ် ပြောင်းလဲသွားသည်။

ဖရိုဖရဲချီ ပြန်လည်စုစည်းတော့မည်အချိန်တွင် လင်းကွမ်ခန်းမအရှင်သခင်က အင်္ကျီလက်စကိုလွှဲရမ်း၍ ဖရိုဖရဲချီများအားလုံးကို သူ၏အင်္ကျီလက်ထဲသို့ စုစည်းလိုက်၏။

လင်းကွမ်ခန်းမသခင်က လက်ချောင်းငါးချောင်းကို ဆန့်တန်းလိုက်ရာ ဖရိုဖရဲချီတို့က သူ၏အင်္ကျီလက်စထဲမှ စီးထွက်၍ သူ၏လက်ဖဝါးထဲသို့ ရောက်ရှိလာသည်။

လင်းကွမ်ခန်းမအရှင်သခင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ဖရိုဖရဲချီတို့က ဝုန်းခနဲ ပေါက်ကွဲသွား၏။ အထဲတွင် ပုန်းခိုနေသော ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်းမှာ သူကြောင့် ချေမှုန်းခံလိုက်ရသည်။

“သခင်လေးခုနစ်” သူ၏ဝမ်းဗိုက်ရှိ နဂါးဦးခေါင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ “သခင်လေးခုနစ်”

“ငါ့ကို ဒီလို လာကစားတယ်ပေါ့လေ… အသက်ချမ်းသာပေးဖို့ တောင်းဆိုရတာ ဘယ်လိုလဲသိအောင် လုပ်ပေးမယ်”

အန္တိမဟင်းလင်းပြင်တွင် ချင်မူတစ်ယောက် ထိုက်ယီ၏ မြေပုံတွင် မှတ်သားထားသော တည်နေရာကို တွေ့ရှိသွားပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ သူ သံသယဝင်လာမိ၏။ ဟင်းလင်းပြင်ထဲတွင် မည်သည့်နေရာမှ ရှိမနေပေ။

“လေအေးတောင် မရှိဘူး… ထူးဆန်းလိုက်တာ”

သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး အန္တိမဟင်းလင်းပြင်၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်၏။

ရုတ်တရက် သူ၏မျက်လုံးများ တောက်ပလာပြီး မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှ အလင်းတန်းတစ်တန်းထွက်ပေါ်လာသည်။ အန္တိမဟင်းလင်းပြင်က ချက်ချင်းနောက်ဆုတ်သွားပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အပိုင်းအစလေးတစ်ခုကို ထုတ်ဖော်လိုက်၏။

မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်လွန်းသည်။ ဧရိယာပမာဏမှာ တစ်ပေခန့်သာ ရှိပြီး တဲအိမ်တစ်အိမ်နှင့် ၎င်းအနောက်တွင် သစ်ပင်အိုကြီးတစ်ပင်သာ ရှိနေသည်။

All Chapters