သစ်ရွက်နု
Vol. 129 Ch. 1674
“သေးလိုက်တဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံပါလားဟ”
ချင်မူ မှင်သက်သွားမိသည်။ ဤမဟာခြုံလွှမ်းကောင်းကင်ဘုံသည် သူ အတိတ်တုန်းက မြင်ဖူးခဲ့သည့်အရာများနှင့် ကွဲပြားနေ၏။
မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံဖြစ်စေ၊ ထိုက်ချူ သို့မဟုတ် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မူလချီ မဟာခြုံလွှမ်းကောင်းကင်ဘုံဖြစ်စေ အလွန်တရာ ကြီးမားကျယ်ပြန့်သည်။ ကောင်းကင်နှင့် မြေကြီး၊ နေမင်း၊ လမင်းနှင့် ကြယ်တာရာများ ဖြစ်တည်ရှိ၏။ အချို့က ကျောက်စိမ်းရုပ်တုများကဲ့သို့ လှပပြီး အချို့ကတော့ ရွှေရောင်ကမ္ဘာလောကများပမာ တောက်ပြောင်ထည်ဝါသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အဆီအနှစ်မှာ တာအိုဖြင့် စကြ၀ဠာကို သိမြင်နားလည်ခြင်းဖြစ်သောကြောင့် မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခုချင်းစီသည် ပြီးပြည့်စုံသော ကမ္ဘာလောကတစ်ခုစီ ဖြစ်၏။
သို့သော် သူ၏ အရှေ့ရှိ မဟာခြုံလွှမ်းကောင်းကင်ဘုံကတော့ သနားစဖွယ်ကောင်းလောက်အောင် သေးငယ်နေသည်။
သေးငယ်သော်လည်း ပါသင့်သည့် အရာများတော့ ပါဝင်၏။ ဤမဟာခြုံလွှမ်းကောင်းကင်ဘုံက သေးငယ်သည့်တိုင် တဲပုတ်အနောက်တွင် နေသေးသေးလေးတစ်လုံးက တွဲခိုနေပြီး အရှေ့တွင်တော့ လသေးသေးလေးတစ်လုံး ရှိသည်။ ၎င်းက အလွန်တရာ သေးငယ်နုနယ်ပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံအား လှည့်ပတ်နေသည်။
ချင်မူ ရှေ့သို့ တက်သွားသည့်အခါ နေသေးသေးလေးသည် တဲပုတ်အနောက်မှ မြင့်တက်လာသည်။ ၎င်းအရှေ့သို့ ရောက်သည့်အချိန်တွင် လမင်းက မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အနောက်သို့ ကျုံ့ဝင်သွားပြီဖြစ်၏။
နေရောင်ခြည်တို့ သူ့အနောက်ရှိ အရိပ်အပေါ် ဖြာကျသွားသည့်အခါ ရှန့်ကျွင်း၏ ပုံရိပ်မှာ ပေါ်လွင်လာလေသည်။
ရှန့်ကျွင်းသည် အရိပ်ထဲတွင် ပုန်းနေရသည်ကို နေသားကျနေပြီ ဖြစ်၏။ သို့သော် နေရောင်ခြည် သူ့အပေါ် ဖြာကျလာ၍ လင်းထိန်သွားသည့်အခါ သူ့မှာ ငေးငိုင်သွားပြီး ကြောင်စီစီသာ ရပ်နေမိသည်။
“ရှန့်ကျွင်း၊ မင်းက ရွာထဲမှာတုန်းက ဒီလို မဟုတ်ပါဘူး”
ချင်မူက နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။ “အရင်တုန်းက ရွာဝင်ပေါက်မှာ ဓားမကြီးတကားကားနဲ့ ၀က်တွေ သတ်နေတာလေ… ငါ့ကို မြင်တုန်းကတောင် နည်းနည်းလေးမှ ထိတ်လန့်မနေခဲ့ဘူး… အမြင်ကျယ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားသရွေ့ လူထောင်သောင်းပေါင်းများစွာက စိုက်ကြည့်ဝေဖန်နေတော့ရော ဘာအရေးလဲကွ…”
ရှန့်ကျွင်း တိတ်ဆိတ်ငြိမ်သက်ဆဲပင်။
ချင်မူက တဲပုတ်အရှေ့သို့ ရောက်လာပြီး အပေါ်အောက် စစ်ဆေးကြည့်လိုက်သည်။ “မဟာဥသျှောင်” ဆိုသော စကားလုံးနှစ်လုံးသည် တဲပုတ်၏ တံခါး၀တွင် ရေးသားထားသည်ကို သတိထားမိလေသည်။
“မဟာဥသျှောင်ခန်းမလား”
ချင်မူ အံ့သြသွားပြီး သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ထဲတွင် အကြီးဆုံးသခင်လေး မဟာတာအိုဖြင့် ဖွဲ့တည်သန့်စင်ထားသော မဟာဥသျှောင်ခန်းမတစ်ခု ရှိပြီး သူ၏ အောင်မြင်မှုများကို ကိုယ်စားပြုသည်။
သို့သော် မဟာဥသျှောင်ခန်းမက ရှေးကျပြီး ခမ်းနားကြီးကျယ်၏။ သူ့အရှေ့ရှိ တဲပုတ်နှင့် မိုးနှင့်မြေပမာ ကွာခြားပေသည်။
ဤ မဟာဥသျှောင် စာလုံးများအား ရေးထွင်းထားသည့် တဲပုတ်က အကြီးဆုံးသခင်လေး၏ မဟာဥသျှောင်ခန်းမလော။
သူ၏ မဟာတာအိုဖြင့် ဖွဲ့တည်ထားခြင်းသာဆိုလျှင် မီလော့နန်းတော်၏ မဟာဥသျှောင်ခန်းမက မည်သည့်နေရာမှ ရောက်လာသနည်း။ မဟာဥသျှောင်ခန်းမက မည်သည့်အရာဖြစ်သနည်း။
အစစ်အမှန်တစ်ခု ရှိပါက အတုအယောင်လည်း ရှိရပေလိမ့်မည်။
ချင်မူ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ ဤတဲပုတ်ကသာ မဟာဥသျှောင်ခန်းမဆိုပါက အခြားမဟာဥသျှောင်ခန်းမက အတုဆိုသည့် အဓိပ္ပာယ်မဟုတ်ပါလော။
“အကြီးဆုံးသခင်လေးက ကိုယ်ပိုင်အကျင့်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… သူက တည်ကြည်လေးနက်လွန်းပြီး မီလော့နန်းတော်အရှင်သခင်နဲ့ တစ်ထေရာတည်းတူတဲ့ ပုဂ္ဂိုလ်ဖြစ်နေလိမ့်မယ် ထင်ထားခဲ့တာ”
ချင်မူက သွက်လက်တက်ကြွစွာဖြင့် တဲပုတ်အား လှည့်ပတ်ကြည့်ရှု၍ သက်ကယ်အပိုင်းအစတစ်ခုချင်းစီကို အသေအချာ စစ်ဆေးကြည့်ရှုနေသည်။ ရုတ်တရက် သူက တဟားဟား အော်ရယ်လိုက်သည်။ “ဒီတဲပုတ်က တကယ့်မဟာဥသျှောင်ခန်းမ ဖြစ်နေတာပဲ… မီလော့နန်းတော်မှာ ရှိတာက အတုကြီးဟ”
ရှန့်ကျွင်းမှာ နားမလည်နိုင်သဖြင့် မေးလိုက်သည်။ “ကောင်းကင်နတ်အရှင်က ဘယ်လိုလုပ် သိတာလဲ”
“ဒီတဲပုတ်မှာ ရှိတဲ့ သက်ကယ်အပိုင်းအစတစ်ခုချင်းစီက ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေနဲ့ ဖွဲ့စည်းထားတာ… သက်ကယ်တစ်မျှင်တိုင်းက ပြီးပြည့်စုံတဲ့ မဟာတာအိုဖြစ်တဲ့အပြင် မတူညီတဲ့ မဟာတာအိုပဲ…”
ချင်မူက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “ငါ အခုလေးတင် ရေတွက်ကြည့်လိုက်တာ… သက်ကယ်အမျှင်ပေါင်း ၆၄၀၀ ရှိပြီး မဟာတာအိုအမျိုးအစား စုစုပေါင်း ၆၄၀၀ ရှိတယ်… တစ်ခုကမှ ထပ်မနေဘူး… ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေ သုံးပြီး ဒီမဟာတာအိုတွေကို တိုးတက်စေတာက အကြီးမားဆုံးအောင်မြင်မှုပဲ… ဒါကြောင့် မဟာဥသျှောင်ခန်းမလို့ နာမည်ပေးထားတာ… မီလော့နန်းတော် သခင်လေးတစ်ရဲ့ မဟာဥသျှောင်ခန်းမက ဒီတဲပုတ်ပဲ ဖြစ်နိုင်တယ်…”
ရှန့်ကျွင်း၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူက တဲပုတ်အနောက်ရှိ တာအိုသစ်ပင်ကို ကြည့်ကာ မေးလိုက်၏။ “ဒါဆို မဟာဥသျှောင်ရဲ့ တာအိုသစ်ပင်ထဲမှာ မဟာတာအိုအမျိုးအစား ဘယ်လောက် ပါတာလဲ”
“အမျိုးအစား ၆၄၀၀ ရှိနိုင်တယ်…”
ချင်မူ့အကြည့်က တာအိုသစ်ပင်အပေါ် ရောက်သွားပြီး ပြောလိုက်သည်။ “သူ့တာအိုသစ်ပင်က အစစ်အမှန်တာအိုသစ်ပင် မဟုတ်ဘူး… ပုံရိပ်ယောင်တစ်ခုပဲ ... သူ့ခန္ဓာကိုယ်အစစ်အမှန်နဲ့ တာအိုသစ်ပင်က သူ မွေးခဲ့တဲ့ခေတ်က ဖြစ်နိုင်တယ်”
ရှန့်ကျွင်းသည် တခဏ တိတ်ဆိတ်နေပြီးနောက် ပြော၏။ “မဟာခြုံလွှမ်းကောင်းကင်ဘုံအဆင့်အထိ မဟာတာအိုအမျိုးအစား ၆၄၀၀ လုံး ကျင့်ကြံဖို့က မဖြစ်နိုင်ဘူး… မဟာဥသျှောင်သခင်လေးက အဲဒီလောက်ထိ အားမကောင်းနိုင်ပါဘူး”
“ဖြစ်နိုင်တာပေါ့”
ချင်မူက တဲပုတ်၏ တံခါးဝဆီသို့ လျှောက်သွားသည်။ “ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေရဲ့ အကောင်းမွန်ဆုံး စရိုက်လက္ခဏာက မတူညီတဲ့ မဟာတာအိုအမျိုးမျိုးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တာပဲ…. ထိုက်ယီဖြစ်ဖြစ်၊ ထိုက်ချူအဖြစ်၊ ကျန်တဲ့ ထိုက်ငါးပါးဖြစ်ဖြစ်၊ မွေးရာပါတာအို အမျိုးအစားမျိုးစုံဖြစ်ဖြစ် ဒါမှမဟုတ် ကျင့်ကြံပြီးမှ ရတဲ့မဟာတာအိုပဲဖြစ်ဖြစ် ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေကို သုံးပြီး ဆင့်ကဲပြောင်းလဲလို့ရတယ်… မတူညီတဲ့ မဟာတာအိုတွေမှာ မတူညီတဲ့ အခြေခံသင်္ကေတတွေ ရှိတယ်… အဲဒီအခြေခံသင်္ကေတတွေရဲ့ အခြေခံက ကမ္ဘာဦးဖရိုဖရဲသင်္ကေတပဲ… ဒီတဲပုတ်ရဲ့ သက်ကယ်တွေက နည်းနေသလို ငါ ခံစားရတယ်”
သူက တဲပုတ်တံခါးအား လက်ဖြင့် တွန်းဖွင့်လိုက်သည်။ “မီလော့နန်းတော်ရဲ့ အရှင်သခင်သာ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေ သုံးပြီး မဟာတာအိုကို ဆင့်ကဲပြောင်းလဲစေခဲ့မယ်ဆိုရင် ရလဒ်က တဲပုတ်တစ်ခု မဟုတ်ဘဲ မီလော့နန်းတော် ဖြစ်လာမှာ”
တဲပုတ်၏ တံခါးက အနည်းငယ် တုန်ခါသွားသော်လည်း တွန်းဖွင့်၍ မရချေ။
ချင်မူမှာ မျက်မှောင်ကြုတ်လျက် ဖြေရှင်းကြည့်ရန် ကြိုးစားနေသော်လည်း တံခါးပေါ်ရှိ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများက မတူညီသော မဟာတာအိုများအဖြစ် အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေသောကြောင့် ဖြေရှင်းကြည့်ရန် မဖြစ်နိုင်ပေ။
မကြာမီ လ ပါထွက်လာသော်လည်း တဲပုတ်တံခါးကတော့ ပွင့်မလာသေးချေ။
ရှန့်ကျွင်းက သတ်ဖြတ်ခြင်းတာအိုကို အသုံးပြု၍ အတင်းအကြပ် ဝင်ရောက်ရန် ကြိုးစားကြည့်သော်လည်း သူ၏ဓားမ တံခါးကို ထိတွေ့သွားသည်နှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ သူ့အား လွင့်ထွက်သွားစေသည်။
ချင်မူလည်း သူ့ကို အလောတကြီး ကယ်တင်လိုက်ရ၏။ မဟုတ်လျှင် တံခါးမှ ပေါက်ကွဲထွက်လာသော စွမ်းအားက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေရန် လုံလောက်လိမ့်မည်။
ချင်မူက တံခါးခေါက်၍ ပြုံးသည်။ “အိမ်ရှင်တွေ ရှိလားခင်ဗျ… ဧည့်သည်တွေ ရောက်နေပါတယ်ဗျို့”
တံခါးအနောက်မှ မည်သည့်အသံမှ မကြားရချေ။
ချင်မူလည်း အကြံအိုက်စွာဖြင့် တဲပုတ်အရှေ့တွင် ထိုင်ကာ စဉ်းစားနေသည်။ တခဏကြာသော် နေမင်းနှင့် လမင်းက ဤသေးငယ်လှသော မဟာခြုံလွှမ်းကောင်းကင်ဘုံတွင် နေရာပြောင်းသွားပြန်၏။ ချင်မူတစ်ယောက် အကြံ ရသွားပြီး ထိုက်ယီတောင်ဝှေးဖြင့် တံခါးကို ခေါက်ကြည့်သည်။ “နောင်တော် ထိုက်ယီ၊ တဲပုတ်ထဲမှာ ရှိလားဗျ… ကျွန်တော် မြေပုံအတိုင်း လိုက်လာပြီး လာကယ်တာပါ…”
ထိုက်ယီ၏ တောင်ဝှေးက တံခါးအား ကျယ်လောင်စွာ ခေါက်လိုက်သော်လည်း တံခါးအနောက်မှ မည်သည့်လှုပ်ရှားမှုမှ ထွက်ပေါ်မလာသေးပေ။
ချင်မူက စိတ်ရှုပ်ထွေးသွားပြီး ထိုက်ယီတောင်ဝှေးအား တံခါးအရှေ့တွင်ထိုးစိုက်ကာ အလေးအနက် စဉ်းစားနေသည်။
ရုတ်တရက် ထိုက်ယီတောင်ဝှေးဆီမှ ဖောက်ခနဲ သစ်ရွက်တစ်ရွက် ပေါက်လာ၏။
ချင်မူက သစ်ရွက်နုကလေးကို ကြည့်ရှုနေပြီး တဖြည်းဖြည်း ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။ တခဏကြာသော် သစ်ရွက်နု၏ မျက်နှာပြင်က ပြောင်းလဲသွားပြီး ပုဆိန်တစ်လက်အသွင် ဖွဲ့တည်လာသည်။
ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားနေပြီး မျက်နှာပြင်ပြောင်းလဲမှုများကို စစ်ဆေးလေ့လာကြည့်နေသည်။ သူ၏အကြည့်များက ဖျတ်ခနဲ တောက်ပသွား၏။ ‘ထိုက်ယီက သူ့တောင်ဝှေးကနေ ပေါက်လာတဲ့ လောကသစ်ပင်သစ်ရွက်ကို သုံးပြီး လောကသစ်ပင် ခုတ်ခဲ့တဲ့ ပုဆိန်သိုင်းကွက်ကို သင်ပေးနေတာလား… သူက ငါ့ကို ဒီနည်းလမ်း သုံးပြီး တံခါးဖွင့်စေချင်နေတာပဲ… ဒါဆိုရင် ထိုက်ယီက ဒီမဟာဥသျှောင်တဲပုတ်ထဲမှာ အမှန်တကယ် ရှိနေတယ်..”
သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး လောကသစ်ပင်၏ သစ်ရွက်နု မျက်နှာပြင်ကို စစ်ဆေးလေ့လာကြည့်နေသည်။ မျက်နှာပြင်ပြောင်းလဲမှုများက အလွန်တရာ ရှုပ်ထွေးသော်လည်း ထိုက်ယီ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ ပါဝင်နေ၏။
ချင်မူမှာ ထိုက်ယီလမ်းစဉ်တွင် အောင်မြင်မှုများ နက်ရှိုင်းကျယ်ပြန့်စွာ ရရှိထားပြီး ဖြစ်သဖြင့် သစ်ရွယ်ကြောများ၏ ပြောင်းလဲမှုများတွင် နစ်မြောနေမိသည်။
ထိုက်ယီသည် ထိုက်ယီတောင်ဝှေးကို လောကသစ်ပင်သစ်ကိုင်းများမှ ရတနာတစ်ပါးအဖြစ် သန့်စင်ထားခြင်း ဖြစ်၏။ သိသိသာသာပင် ထိုက်ယီမှာ အကြီးဆုံးသခင်လေး၏ မဟာဥသျှောင်တဲပုတ်ထဲတွင် ဖိနှိပ်ခံထားရသောကြောင့် အသံမထွက်နိုင်ပေ။ သို့သော် တောင်ဝှေး၏ လောကသစ်ပင်စရိုက်လက္ခဏာများကို အသုံးပြု၍ သူ၏ ဆိုလိုရင်းကို ဖော်ပြနိုင်သည်။
ချင်မူက ကပ်ဘေးဓားကို ထုတ်၍ ပုဆိန်တစ်လက်ပမာ အသုံးပြုကာ သစ်ရွက်ပေါ်တွင် ပြသနေသည့် ထိုက်ယီလမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများကို ဖြည်းဖြည်းချင်း အသက်သွင်းနေ၏။
ရှန့်ကျွင်းသည် ဘေးတွင် ဒဏ်ရာများ ကုသနေသည်။ ချင်မူ့လက်ထဲရှိ ကပ်ဘေးဓား၏ ဓားကွက်များမှာ ရိုးရှင်းသော်လည်း စွမ်းအားက ပိုပို၍ အားကောင်းလာနေသည်ကို တွေ့မြင်နေရသည်။ ချင်မူက သူ၏ဓားကို ပုဆိန်တစ်လက်သဖွယ် အသုံးပြုနေပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းပစ်နိုင်သည့် ဘီလူးကြီးတစ်ကောင်အလားပင်။ ပုဆိန်ထဲတွင် ကိန်းဝပ်နေသည့် စွမ်းအားက အန္တိမဟင်းလင်းပြင်နှင့် မဟာခြုံလွှမ်းကောင်းကင်ဘုံကို နှစ်ခြမ်းခွဲပစ်နိုင်သယောင် ထင်ရသည်။
အချိန်အတော်ကြာပြီးနောက် သစ်ရွက်နု၏ မျက်နှာပြင်က ပြောင်းလဲမှု မရှိတော့ပေ။ သစ်ရွက်နုက အလျင်အမြန် ညှိုးခြောက် ကြွေကျကာ ဗလာနတ္ထိ ဖြစ်သွားတော့သည်။
ချင်မူက မျက်လုံးများမှိတ်၍ အသက်ရှူအောင့်ကာ အာရုံစူးစိုက်ထား၏။
ရှန့် ကျွန်းက ဘေးတွင် တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ နေနှင့် လသည် ဆက်လက်လည်ပတ်နေမြဲပင်။ နေနှင့် လသံသရာစက်ဝန်း ဆယ်ပတ်မျှ ကြာပြီးနောက်ဆုံးတွင် ချင်မူက မျက်လုံးများ ပြန်ဖွင့်လာသည်။ သူ၏ မျက်ဝန်းများထဲရှိ နတ်အလင်းရောင်များက နှင်းများကဲ့သို့ ဖွေးဖြူနေသော်လည်း ဖြည်းဖြည်းချင်း ပြန်လည်မှေးမှိန်ပျောက်ကွယ်သွားသည်။
သူ၏ပုံစံက ရိုးရိုးရှင်းရှင်းသာ ဖြစ်နေပြီး အရှိန်အဝါကလည်း အပြည့်အဝ ချုပ်တည်းခံထားရ၏။ သူသည် သာမန်လူတစ်ယောက်နှင့်သာ တူပြီး သူ့ပုံစံက ထူးထူးခြားခြား မရှိပေ။
သူက တဲပုတ်အရှေ့သို့ လျှောက်သွား၍ တိတ်ဆိတ်စွာ ရပ်နေသည်။ ဓားကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားပြီး ကပ်ဘေးဓားက ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။
အန္တိမဟင်းလင်းပြင်တွင် လေတိုက်ခတ်သံ မကြားရသဖြင့် မည်သည့်အရာမှ မရှိပေ။ သို့သော် ဤအခိုက်အတန့်တွင်တော့ လေတိုက်ခတ်သံကို ကြားလာရသည်။
ချင်မူ့လက်ထဲရှိ ဓား လှုပ်ရှားသွားသည်နှင့် လေသံကလည်း ပိုပို၍ ပြင်းထန်ကျယ်လောင်လာသည်။ သို့သော် ချင်မူ့လက်ထဲရှိ ဓားကတော့ တဖြည်းဖြည်း နှေးကွေးလာနေရာ ကြည့်နေရသူအဖို့ စိတ်ရှုပ်ထွေးလာစေ၏။
ကပ်ဘေးဓား၏ လှုပ်ရှားမှုက မရပ်တန့်သွားသော်လည်း နှေးသထက် နှေးလာသည်။ လေသံကလည်း ကျယ်လောင်သထက် ကျယ်လောင်လာပြီး မကြာမီ အသံလှိုင်းလုံးများအဖြစ် ပြောင်းလဲသွား၏။ လှိုင်းလုံးပုတ်ခတ်သံက တဂျိန်းဂျိန်း မြည်ဟီးလာတော့သည်။
မကြာမီ တဂျိန်းဂျိန်းမြည်သံများက ခေါင်းလောင်းသံတစ်သံအဖြစ် ပြောင်းလဲသွား၏။ ရှန့်ကျွင်း၏ နားစည်များမှာ ခေါင်းလောင်းသံတစ်သံတည်းသာ ကြားရသည်အထိ တုန်ခါနေသည်။
နောက်ဆုံးတွင် ချင်မူ့လက်ထဲရှိ ကပ်ဘေးဓားက တဲပုတ်အရှေ့သို့ ရွေ့လျားသွားပြီး တံခါးနှင့် ထိတွေ့သွားသည်။
ထိုအခိုက်အတန့်တွင် နေနှင့်လ လှည့်ပတ်နေခြင်း ရပ်တန့်သွားသည်။ တဲပုတ်အမိုးရှိ သက်ကယ်မျှင်များက ကခုန်လာပြီး တံခါးထဲသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည့် အလင်းတန်းများကို ထုတ်လွှတ်နေ၏။
ဝုန်း…
တစ်စုံတစ်ခု ပျက်စီးသွားသံက တံခါးထဲမှ ထွက်ပေါ်လာပြီး တင်းလွန်းနေသည့် လေးကြိုးတစ်ကြိုး ထောင်းခနဲ ပြတ်သွားသည့်အလားပင်။
ဝုန်း…. ဝုန်း… ဝုန်း
အသံ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။ ချင်မူ့လက်မောင်းများမှာ ပြင်းထန်စွာ တုန်ရီနေ၏။ သူလက်မောင်းရှိ အကြောများ တဖျတ်ဖျတ် လှုပ်ခါနေပြီး ကြွက်သားများက ဖောင်းကြွကာ လက်မောင်းကို ကြီးသထက် ကြီးလာစေသည်။
ကပ်ဘေးဓားက ဆက်လက်လှုပ်ရှား၍ တံခါးထဲ ထိုးဖောက်ဝင်ရောက်နေဆဲဖြစ်သော်လည်း ၎င်း ၀င်ရောက်နေသည့် အမြန်နှုန်းက ပိုပို၍ နှေးကွေးလာသည်။
ကပ်ဘေးဓားမှာ ပိုမိုလေးလံလာသည့်အလား ချင်မူ့လက်မောင်းနှစ်ဖက်သည် တဆတ်ဆတ် တုန်လာ၏။ ချိုးဖျက်နေသည့် အသံများလည်း ဆက်တိုက်နီးပါး ကြားလာရသည်။
မီးတောက်များက သူ၏ ဦးခေါင်းထိပ်တွင် တောက်လောင်လာကြပြီး လောကသစ်ပင်ကလည်း သူ့အနောက်တွင် ပေါ်လာသည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်နှင့် လောကသစ်ပင်က တစ်ပြိုင်တည်း ပေါ်လာ၍ တဖြည်းဖြည်း ပိုမိုထင်ရှားအားကောင်းလာ၏။ အသူရာချောက်နက်က အရာအားလုံးကို ၀ါးမြိုနေသည်။
သူ၏ ကောင်းကင်ရတနာနယ်ပယ်လည်း ထွက်ပေါ်လာ၏။ ကောင်းကင်နန်းဆောင် ၃၃ ဆောင်က ကောင်းကင်ထဲတွင် မြောလွင့်နေကြသည်။ ကျောက်တုံးတွင်းငါးတွင်းက ဘိုးဘေးနန်းတော်ထဲတွင် တည်ရှိနေပြီး ရောင်စုံအလင်းတန်းများဖြင့် ထွန်းလင်းတောက်ပနေသည်။ ထိုက်ငါးပါး၏ မဟာတာအိုတို့မှာလည်း အဆုံးအစွန်အထိ တိုးမြှင့်ခံထားကြရသည်။
ကောင်းကင်နတ်ဘုံထဲတွင် သူ၏မူလဝိညာဉ်က ဖရိုဖရဲခန်းမအရှေ့တွင် ရပ်နေပြီး ကောင်းကင်နတ်ဘုံတစ်ဘုံလုံးရှိ စွမ်းအားများကို စုစည်းနေ၏။
ဤသည်က သူ၏ ကမ္ဘာဦးဖရိုဖရဲ မူလဝိညာဉ်ဖြစ်သည်။
ကမ္ဘာဦးဖရိုဖရဲမူလဝိညာဉ်က ကမ္ဘာဦးဖရိုဖရဲရုပ်ခန္ဓာထဲသို့ ဝင်ရောက်ကာ စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်ပေးလိုက်၏။ မဟာတာအိုထစ်ချုန်းသံများက သူ၏ရုပ်ခန္ဓာထဲမှ ဆူညံလာလေသည်။
သူ၏ ခန္ဓာကိုယ်သည် ကမ္ဘာဦးဖရိုဖရဲ ခရမ်းရောင်ချီဖြင့် ဖုံးလွမ်းခံထားရပြီး သူ၏အနောက်ရှိ ဖရိုဖရဲခန်းမက ပိုပို၍ရှင်းလင်းပြတ်သားလာ၏။
ရုတ်တရက် သူ၏ လက်မနှင့် လက်ညှိုးတို့မှာ သက်ရောက်အားကြောင့် ကွဲထွက်သွားကြပြီး သူ့လက်မောင်းရှိ အရေပြားများ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏အဝတ်များမှ တရွှီးရွှီး မြည်သံများ ထွက်ပေါ်လာပြီး သူ၏ပေါင်များ ဖောင်းကားလာ၏။ ၎င်းတို့က ဝတ်ရုံစများကို စုတ်ပြတ်သွားစေသဖြင့် သူ၏ခြေထောက်များကို ဖုံးပေးမထားနိုင်တော့ချေ။
ချင်မူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အဝတ်များမှာလည်း ဖောင်းကြွလာသည့် ကြွက်သားများကြောင့် စုတ်ပြဲလာသည်။ အဝတ်က အပိုင်းအစများအဖြစ် စုတ်ပြဲပြီး လွင့်ထွက်သွားကြ၏။
ကပ်ဘေးဓားက ရှေ့သို့ ဆက်လက်ထိုးဝင်နေသော်လည်း ကပ်ဘေးဓားအနေဖြင့် သူ၏ခွန်အားကို တောင့်ခံနိုင်ရန် ခက်ခဲလာသည်။ ကပ်ဘေးဓား မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ထလာတော့သည်။
အက်ကွဲကြောင်းများက ပိုမိုသေးငယ်ပြီး နက်ရှိုင်းလာကြသည်။
ခွမ်း…
ကပ်ဘေးဓားမှာ ကွဲထွက်သွားပြီး မရေမတွက်နိုင်သော သံမဏိမှုန်များအဖြစ် လွင့်စင်သွား၏။
ချင်မူ တစ်ချက်မျှ ညည်းညူလိုက်သည်။ သူ့လက်ထဲရှိ ဓားရိုးမှာလည်း အမှုန့်ကြေသွားချေပြီ။ ၎င်းက သူ၏ သွေးနှင့် ပူးပေါင်း၍ မြူခိုးများအဖြစ် ပြောင်းလဲလွင့်ပျယ်သွားတော့သည်။
“ငါ့ဓားက ငါ့စွမ်းအားကို မခံနိုင်ဘူး... ပိုကောင်းတဲ့ဓား သွန်းလုပ်ပြီးရင် တံခါးဖွင့်ဖို့ ပြန်လာခဲ့မယ်”
ချင်မူက ချာခနဲ ပြန်လှည့်လိုက်သည့်အခါ သူ၏အဝတ်အားလုံး စုတ်ပြဲနေသည်။ ၎င်းတို့က ဟိုတစ်ဒီတစ်စ လွင့်ထွက်နေကြ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက မူလအခြေအနေသို့ ပြန်လည်ကျုံ့၀င်သွားသည်။ ထို့နောက် သူသည် သေးငယ်သော်လည်း ထူးကဲသည့် မဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ ခြေလှမ်းကျဲကြီးများ ဖြင့်ထွက်ခွာသွား၏။
“ရှန့်ကျွင်း သွားကြစို့”
ရှန့်ကျွင်းက သူ၏အရိပ်ထဲ ဝင်ရောက်၍ အနောက်မှ လိုက်သွားတော့သည်။