(ဆိုင်ရဲ့ ရောင်းကုန်တွေသုံးပြီး.လာဘ်ထိုးတဲ့ အနုပညာ)
Vol. 11 Ch. 144
ဧကရာဇ် ဟုန်းရန်က အစက မေးခွန်းတစ်ချို့ပြင်ဆင်ထားခဲ့သည်။ ထိုအဖိုးကြီးကို သူ့ရဲ့နောက်ခံ၊ ကျင့်ကြံရေယအမြင်နဲ့ ဒီဆိုင်အပေါ် အမြင်ကိုပါ မေးမည်ဟု တွေးခဲ့တာပင်။
ဒါပေမဲ့ အခုတော့ကျားအိုကြီးကျောင်းရဲ့ တုံ့ပြန်ပုံကိုကြည့်ပြီး သူ ပြန်စဥ်းစားလိုက်ရသည်။.
ဒီလူအိုကြီးက အစာနဲ့မျှားလိုက်ရင် ပိုပြီး ဖော်ရွေသွားတာပဲ။
ပြီးတော့ ပိုအရေးကြီးတာက မေးခွန်းမေးဖို့ရန် အရှေ့ကို ဆွဲထုတ်ပေးခံရတဲ့သူကို ကျော်ပြီး အစာမျက်နှာ တစ်ကမ္ဘာလုပ်နေတဲ့ သူကို မေးခွန်းတွေ သွားမေးတာ မဟုတ်သေးဘူး။
သူ့ကို အရင်စားခိုင်းလိုက်တာ ပိုကောင်းပါသည်။
ဒီလိုဆို ကိစ္စတွေ ပိုချောမွေ့စေမည်။
“ ဒါပေါ့ဗျာ”
ဧကရာဇ်က ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။
“ သွားပါ။ ဒီမှာစောင့်နေပါ့မယ်”
ကျားအိုကြီးကျောင်း အနည်းငယ် မျက်ခုံး ပင့်သွားသည်။
“ဘာမဆို ယူလို့ရတယ်လား?”
“ အွန်း”
ဧကရာဇ်က ပြန်ပြောလိုက်သည်။
တစ်ဆိုင်လုံး တိတ်ဆိတ်သွားသည်။
ထို့နောက်မှာ..
“ဟဟ!”
ကျားအိုကြီးကျောင်းက ကျယ်လောင်စွာ ထရယ်တော့သည်။ ဆိုင်ရဲ့ နံရံတွေကို အပြင်ဘက်ထိ အသံမထွက်အောင်လို့ အထူးဆောက်ထားခဲ့တာကြောင့်သာ မဟုတ်ရင် တစ်လမ်းလုံး ကြားနိုင်လောက်တဲ့ရယ်သံ ကြီးပင်။
ရယ်နေရင်း သူ့ရဲ့နှုတ်ခမ်းထောင့်ကနေ တံတွေးတစ်ချို့လွင့်ပြီး ဒိုရှင်းရှီရဲ့ ဆံပင်ထဲကို ဝင်သွားသည်။
“ အဖိုးကြီး မင်းက ရက်ရောသားပဲ!”
ကျားအိုကြီးကျောင်းက တောက်ပတဲ့မျက်လုံးများနဲ့ ကျယ်လောင်စွာ ပြုံးလိုက်သည်။
“ ငါတော့ သဘောကျသွားပြီ!”
“ မုန့်စားပြီးရင် ငါတို့ စကားပြောကြတာပေါ့”
ဒိုရှင်းရှီ ရှုံ့မဲ့သွားသည်။
သူ သိသည်။
သူ့ရဲ့ဆံပင်ထဲ တစ်ခုခု ဝင်သွားတာ ခံစားမိသည်။
သူ့ရဲ့အပြုံးတွေ တောင့်တင်းလာရပြီ။ ခရမ်းချဥ်သီးတစ်ခုလို သူ့ရဲ့မျက်နှာက နီရဲလာသည်။ ပြောရရင် မီးဖိုပေါ်တင်ထားတဲ့ ခရမ်းသီးပြုတ်လို ရဲတွတ်လာတာပင်။
ဘေးနှစ်ဖက်က လက်သီးဆုတ်တွေလဲ တင်းကျပ်သွားသည်။
ဒါပေမဲ့ သူ စကားတစ်ခွန်းတောင် မပြောပါချေ။
လေးစားလို့လား?
ကြောက်လို့လား?
သန့်စင်လှတဲ့ စိတ်ဝိညာဥ်ဆိုင်ရာ သည်းခံနိုင်စွမ်း ပြည့်နေလို့လား?
တစ်ကယ်တော့ စိတ်ထဲမှာ ဒိုရှင်းရှီ ကျယ်လောင်စွာ အော်ဟစ်နေသည်!
“ ငါကကော? ငါကကောလို့! ငါကျ ဘာမှမရဘူး!”
“ ငါက လုပ်ပေးရပြီး ဒီအဖိုးကြီးက အမြတ်ယူနေတယ်! အနည်းဆုံး ခေါက်ဆွဲတစ်ဗူးလောက်တော့ ပေးလေကွာ!!”
ဒိုရှင်းရှီ အနည်းငယ် ခေါင်းငိုက်စိုက်ကျသွားသည်။
အရှေ့ကသူတွေအားလုံးက သူ့ရဲ့ အကြီးအကဲတွေပဲ။
ဒါပေမဲ့ သူက အငယ်ဖြစ်ရတော့ကော ဘာဖြစ်လဲ?
သူကကော အဖွဲ့ဝင် မဟုတ်လို့လား!
ကျားအိုကြီးကျောင်းကတော့ ဆက်လက် ရယ်နေလေရဲ့။
စိတ်လှုပ်ရှားစွာ လက်နှစ်ဖက် ပွတ်သပ်လိုက်ရင်း
“ ကြည့်တာပေါ့… အစပ်ခေါက်ဆွဲ နှစ်မျိုးရယ်..အိုး အာလူးကြော်ကောပဲ! ဟေ့ဆိုင်ရှင်ကောင်လေး သံပုရာဆိုဒါလဲ ရှိသေးတယ်မလား?”
ကျားအိုကြီးကျောင်းက လေချွန်ရင်း လည်ပင်း အကြောဖြေလိုက်သေး၏။
အရိပ်အကဲနားလည်လှတဲ့ ဧကရာဇ် ဟုန်းရန်က ဒိုရှင်းရှီရဲ့ တွန့်လိမ်နေတဲ့ မျက်နှာကို ကြည့်ကာ ရယ်ချင်သွားသည်။
ခပ်ဖျော့ဖျော့အပြုံးတစ်ခုနဲ့ သူ တည်ငြိမ်စွာ ပြောလိုက်လေ၏။
“ စိတ်မပူပါနဲ့ကောင်လေး ငါတို့မေးခွန်းတစ်ချို့ပဲ မေးမှာပါ။ မေးပြီးရင် မင်းလဲပဲ ဆိုင်က ကြိုက်တာယူပါ။ ငါတို့ရှင်းမယ်”
ဒိုရှင်းရှီ မျက်တောင်ခတ်သွားသည်။
ထို့နောက်မှာတစ်ကိုယ်လုံး ဖြောင့်မတ်သွား၏။
သူ့ရဲ့ မျက်နှာထက်က မုန်တိုင်းကြီးက.မတည်ရှိဖူးတဲ့ အရာတစ်ခုလို ပျောက်ကွယ်သွားသည်။ ချက်ချင်းပဲ မျက်နှာတစ်ခုလုံး လင်းလက်သွားသည်။
“ တစ်..တစ်ကယ်လား? ကျေးဇူးအများကြီး တင်ပါတယ်”
ဦးညွတ်လိုက်ရင်း ခပ်မြန်မြန်နဲ့ တိကျစွာ ပြောလိုက်သည်။
“ ကျေးဇူးပြုပြီး ကြိုက်တာမေးပါဗျ! ကျွန်တော် အတတ်နိုင်ဆုံး ဖြေမယ်! ကြားဖူးတာရှိရင် ပြန်ရှင်းပြပါ့မယ်!”
ဒိုရှင်းရှီရဲ့ ပုံစံက အရမ်းကို အားကိုးချင်စရာ ဖြစ်သွားသည်။
စွမ်းအင်အပြည့်နဲ့ စိတ်လှုပ်ရှားနေကာ အကူအညီရနိုင်လောက်သည်။
လူသားစွယ်စုံကျမ်းတစ်ခုနဲ့ တူသည်။
…. မုန့်တွေနဲ့ လာဘ်ထိုးခံရပြီးနောက်မှာ အရမ်းတွေ ကူညီပေးချင်လာတဲ့ စွယ်စုံရကျမ်းတစ်ခုပေါ့။
တစ်ကယ်တော့ ဒိုရှင်းရှီက အစောပိုင်းက ရောင်းစားခံရတာတွေ အားလုံးကို မေ့သွားပြီပင်။
ထိုအရာတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ။
သူအခုထိ မမြည်းကြည့်ရသေးတဲ့ ပစ္စည်းတွေ ကျန်နေသေးသည်!
ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့က ပြုံးကာ အရင်ဆုံးစကားစလိုက်သည်။
“ ထိုင်ကြတာပေါ့”
“ အာဒါပေါ့ ဒါပေါ့!”
ဒိုရှင်းရှီ ခေါင်းညိတ်လိုက်သည်။ ထို့နောက်မှာ အကြောင်းအရင်းမရှိ ထပ်ခေါင်းညိတ်ပြန်သည်။
ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့က ကောင်တာနဲ့ အနီးဆုံးမှာရှိပြီး ပစ္စည်းတွေ သိမ်းနေတဲ့ကျားအိုကြီးကျောင်းကို ကောင်းကောင်းမြင်နိုင်တဲ့ နေရာက ခုံမှာ ဝင်ထိုင်လိုက်သည်။
ဧကရာဇ်က တံခါးပေါက်ကို ကျောပေးထားတဲ့ နေရာမှာထိုင်လိုက်သည်။
ဂိုဏ်းခေါင်းဆောင် ပျန်းရှန့်က မျက်နှာချင်းဆိုင် ခုံမှာထိုင်လိုက်သည်။ သပ်ရပ်စွာချထားတဲ့ ဝတ်ရုံစနဲ့ ပြီးပြည့်စုံတဲ့ ကိုယ်အနေအထားကြောင့် ကျက်သရေရှိလှသည်။
ထို့နောက်မှာ…
ဘာမှမဖြစ်လာဘူး။
သူတို့စကားမစကြပေ။
ဒိုရှင်းရှီ မျက်တောင်ခတ်လိုက်သည်။
နှစ်ကြိမ်မြှောက် မျက်တောင်ခတ်လိုက်ပြန်ပြီ။
သူ.ဘေးတစ်စောင်း စွေကြည့်လိုက်သည်။
ဘာလို့ တစ်ခြားသူတွေ မထိုင်တာလဲ?
ထိုင်တာနဲ့ပတ်သတ်ပြီး စည်းကမ်းတွေ ရှိလို့လား? ငါကော မထိုင်ခင် တစ်ခုခု ပြောရမှာလား? ငါသူတို့ကို ရိုင်းလိုက်မိတာလား? အရိုအသေ ပေးလိုက်ရမလား?
သူ တံတွေးမြိုချလိုက်သည်။ သူသာ အကြာကြီး မတ်တပ်ရပ်နေလိုက်ရင် အကုန်လုံးလဲ သူ့ရဲ့ တည်ရှိမှုကို မေ့သွားမှာပဲမလား?
ဒီလိုနဲ့တစ်မိနစ်ခန့် ကုန်သွားသည်။
ထိုအချိန်မှာ နူးညံ့တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။
“ ထိုင်လေ ကောင်းလေး”
ဂိုဏ်းခေါင်းဆောင် ပျန်းရှန့် ပြောလိုက်တာပင်။
ရိုးရှင်းတဲ့ စကားလုံးနှစ်လုံးသာ။ ဒါပေမဲ့ လေသံရဲ့အနေအထားက သူ့ရဲ့ကျောရိုးတစ်လျှောက် လှည့်ပတ်သွားပြီး ဒူးကိုခွေကျအောင် လုပ်နိုင်စွမ်းရှိသလိုပဲ။
ဒိုရှင်းရှီ ထိုင်ချလိုက်သည်။
သူ့ရဲ့ဦးနှောက် အလုပ်မလုပ်ခင်မှာပဲ ခန္ဓာကိုယ်က စကားနားထောင်ပြီး လိုက်လုပ် နေတာပင်။
နေအုံး.. တစ်ခြားအကြီးအကဲတွေ ဘာလို့ မတ်တပ်ရပ်နေကြတာလဲ? ဒါဆိုငါက ရိုင်းရာ ကျနေမှာပေါ့?
… ထားတော့။ အခုမှ အရမ်းနောက်ကျသွားပြီ။
ငါထိုင်ပြီးနေပြီ။
ဘာမှမဖြစ်ပါဘူးလေ လို့သာ ဒိုရှင်းရှီ တွေးလိုက်သည်။
သူ မနေ့ကတစ်နေကုန် ကောင်းကောင်း သတိမကပ်ပဲ မနက်ကျမှ အာရုံစိုက်နိုင်တာလို့ပြောလိုက်လို့ ရတာပဲ။
ရူးချင်ယောင် ဆောင်လိုက်တာလဲ ဆင်ခြေကောင်းပဲလေ။
ဂုဏ်မရှိပေမဲ့ ပြီးပြည့်စုံတဲ့ နည်းလမ်းပဲ။
ထိုင်ခုံတွေရဲ့အနောက်မှာ ကျန်တဲ့အုပ်စုသည် အသီးသီးနေရာယူပြီး ရပ်လိုက်ကြသည်။
သူတို့က တည်ရှိမှုနဲ့တင် ကျန်တဲ့သူတွေကို ကျောဖြောင့်အောင် လုပ်စေနိုင်တဲ့ သူစားမျိုးပဲ။ သူတို့ရဲ့ မျက်လုံးတွေက လှည့်ပတ်မကစားနေပေ။
အသင့်ပြင်ထားတဲ့ လက်တွေကြောင့် အချိန်မရွေးအရှေ့ကလူကို ကာကွယ်ပြီး ရန်သူကို ရိုက်ချပစ်နိုင်သည်။
အင်အားကြီးသုံးရပ်… အရေးကြီးပုဂ္ဂိုလ် သုံးယောက်…။
ဒီလိုနဲ့..
ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေ ဆုံဆည်းတဲ့ စားပွဲထဲမှာ..
ငကြောင်တစ်ကောင်.ထိုင်နေလေရဲ့။
ထိုင်တာမှ အလယ်တည့်တည့်မှာ ထိုင်နေတာပင်။
ဧကရာဇ်က ဒိုရှင်းရှီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ မင်းအကြောင်း ပိုသိအောင်လုပ်တာကနေ စတာပေါ့ ကောင်လေး”
“ နာမည်ရယ်.. မင်းနဲ့ သက်ဆိုင်တဲ့ ဂိုဏ်းဖြစ်ဖြစ် အဖွဲ့အစည်းဖြစ်ဖြစ် ပြောပြပေါ့”
ဒိုရှင်းရှီ မျက်တောင်ခတ်သွားသည်။
“....”
ဘာရယ်?
ဘာကြီးလဲ?
ဘယ်လိုထူးဆန်းတဲ့ မေးခွန်းကြီးလဲ?
သူက စစ်ဆေးမဲ့မေးခွန်းတွေအတွက် ပြင်ဆင်ထားခဲ့တာ။ သူထင်ခဲ့တာ “မင်းရဲ့ အကြိုက်ဆုံးခေါက်ဆွဲ အရသာကဘာလဲ?” တို့
“ အမဲသားအရသာ ခေါက်ဆွဲနဲ့ ဘယ်ဖျော်ရည်က အလိုက်ဆုံးလဲ?” တို့ပင်။
ဒါပေမဲ့အခုတော့?
ဒါက ကိုယ်ရေးကိုယ်တာ မေးခွန်းမျိုးပဲ။
ဒါပေမဲ့ အသိစိတ် ပြန်စုစည်းလိုက်ကာ အတတ်နိုင်ဆုံး တည်တံ့တဲ့မျက်နှာဖြင့် ဂုဏ်ယူစွာ ဖြေလိုက်လေ၏။
“ ဒိုရှင်းရှီလို့ ခေါ်ပါတယ် အကြီးအကဲ။ ခင်ဗျားတို့ ကျွန်တော့်ကို ကောင်လေးဒို ဖြစ်ဖြစ်၊ ရှင်းရှီ ဖြစ်ဖြစ် အဆင်ပြေသလို ခေါ်နိုင်ပါတယ်!”
ပြောနေရင်းနဲ့ ယဥ်ကျေးစွာ လက်ဟန်ဖြင့် အရိုအသေပြလိုက်သည်။
“ ဒုတိယမေးခွန်းအတွက်ကတော့ ကျွန်တော်က ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းနဲ့မှ မဆက်နွယ်နေဘူး။ ဒါပေမဲ့!”
ခိုင်မာစွာဖြင့် လက်သီးဆုတ်တစ်ဖက်ကို မြှောက်လိုက်ကာ
“ ကျွန်တော့်ရဲ့ နှလုံးသားကို ဒီနေရာက ဖမ်းစားပြီးပါပြီ! ဒီနေရာက ကျွန်တော် လိုက်မဲ့ ပထမဆုံးနယ်မြေပဲ!”
“ အကြီးအကဲတို့အားလုံးရဲ့ လက်အောက်မှာ ကျွန်တော် အလုပ်ကြိုးစားပါ့မယ်!”
အချိန်ခဏလောက် တိတ်ဆိတ်သွားသည်။
ငါတို့အားလုံးရဲ့ အောက်မှာ? ဒီကောင်လေး.ဘာတွေ ပြောနေတာလဲ?
“.. မင်းပြောချင်တာက ဒီ အပြိုင်ကမ္ဘာ ကုန်စုံဆိုင်ကိုလား?”
အကြီးအကဲ ပျန်းရှန့်က မေးလိုက်သည်။
“ အမှန်ပဲ အကြီးအကဲ!”
သန့်စင်လှတဲ့ တက်ကြွမှုတွေဖြင့် ဒိုရှင်းရှီရဲ့ မျက်လုံးတွေက တောက်ပသွားသည်။
ဂိုဏ်းခေါင်းဆောင် ကျန်းရှန်ဝေ့က အနည်းငယ် စပ်စုစွာ အရှေ့တိုးလာသည်။
“ အို? တွေ့ရတာ ဝမ်းသာပါတယ် ကောင်လေးဒို”
“ မင်းငါ့ကို ကျန်းလို့ပဲ ခေါ်နိုင်တယ်”
ဒိုရှင်းရှီ တောက်ပလာလွန်းလို့ အလင်းများ ပေါက်ကွဲထွက်တော့မည်ပင်။
“ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ! အကြီးအကဲကျန်း”
“ ဒီတော့ မင်းက ဘယ်ကလာတာလဲ ကောင်လေးဒို”
ထပ်ပြီးလား?
ထပ်ပြီး ကိုယ်ရေးကိုယ်တာ မေးခွန်းပဲလား?
သူ့ရဲ့ ဘဝအကြောင်းပဲလား?
အဲ့ဒါကို ဘယ်သူက ဂရုစိုက်လို့လဲ?
“ ကျွန်တော်က ဝိညာဥ်မီးတောက်မြို့တော်က လာတာပါ။ အဲ့ဒါက ပျော်ရည်ပြာနယ်မြေကြီးမှာ ရှိတယ်”
ဒိုရှင်းရှီ ဖြေပေးလိုက်သည်။
မဟာမြို့တော်က ခေါင်းဆောင်ကြီး သုံးယောက် အကြည့်ဖလှယ်လိုက်ကြသည်။ သူတို့ရဲ့ကြားထဲမှာ စိတ်ထဲက စကားဝိုင်းက မိုးကြိုးသွားလို လျင်မြန်စွာ ဖြတ်ပြေးနေလေ၏။
………..