← Chapters

( မေးမနေနဲ့ ခုန်ပစ်လိုက်လို့ပြောနေတဲ့ စွမ်းအားဖြည့်အချိုရည်)

Vol. 11 Ch. 154

( မေးမနေနဲ့ ခုန်ပစ်လိုက်လို့ပြောနေတဲ့ စွမ်းအားဖြည့်အချိုရည်)

Vol. 11 Ch. 154

ဘဝကြီးက ထင်သလောက် မဆိုးပါဘူး။

တစ်ကယ်တော့ နည်းနည်းတောင် အံ့သြဖို့ ကောင်းသေးသည်။

အခုချိန်မှာ သူ့ရဲ့ ကျင့်ကြံဆင့်က မြန်ဆန်လှတဲ့ နှုန်းနဲ့ တိုးတက်နေသည်။ဘယ်အရာကိုမှ အလောတကြီးလုပ်စရာ မလိုနေဘူး။

သူ လုပ်ချင်ရင်တောင် မစ်ရှင်တွေနဲ့ ပတ်သတ်ပြီး အလောတကြီးလုပ်လို့ မရဘူးလေ။

အဲ့လိုလုပ်တာက ဝါးပင်တစ်ပင်ရှေ့သွားပြီး

“မင်း မြန်မြန်မကြီးသေးဘူးလား?”

ထိုင်အော်နေတာနဲ့ ဘာမှမကွာခြားဘူး။

ဒီတော့ အကျိုးမရှိဘူးပေါ့။

ကြီးချိန်တန်လို့ကြီးလာမှ ရတဲ့အရိပ်ကို ခံစားသင့်သည်။

ဒါကြောင့် ဘာကိစ္စ သူ ဗျာများနေရမှာလဲ?

ဘဝကြီးကဆက်လက် လည်ပတ်နေရင်း တိုးတက်မှုကလဲ ဆက်လက် ကြီးထွားနေမှာပဲလေ။

သူ့ရဲ့ခရီလမ်းက ပိုချောမွေ့သွားနိုင်သည်။

ထို့နောက်မှာ ဟောင် ရဲ့ စိတ်ဝင်စားမှုက တစ်ခြားတစ်ခုကို ပြောင်းသွားလေသည်။

လက်ရှိ ဆိုင်ရဲ့ရောင်းကုန်များသည် များသောအားဖြင့် အစားအသောက်ဖြစ်၏။ ခေါက်ဆွဲ၊ အာလူးကြော်၊ ဖျော်ရည်၊ လက်ဖက်ရည်နဲ့ ရေခဲမုန့်… အကုန်လုံးက စားနိုင်တဲ့အရာတွေပဲ။

ဒါပေမဲ့ ဒါက အပြိုင်ကမ္ဘာကုန်စုံဆိုင်ပဲ။

အပြိုင်ကမ္ဘာ မုန့်ဆိုင်မှ မဟုတ်တာ။

အလှအပဆိုင်ရာ ပစ္စည်းတွေနဲ့ အသေးစား ကိရိယာတွေလဲ ရှိလာနိုင်တာပဲမလား?

ကျင့်ကြံသူတွေသုံးဖို့ ဖုန်းတို့…?

ဒါမှမဟုတ် အလိုအလျောက် ကြမ်းသုတ်နိုင်တဲ့ စိတ်ဝိညာဥ်စွမ်းအားသုံး ကြမ်းတုတ်တံတို့…?

ဒီလိုဆိုရင် အရမ်းမိုက်တဲ့အချိန် ရောက်လာမှာပဲ။

ဟောင် မစောင့်နိုင်တော့ပေ။

အတိတ်ကသူ့ကိုသာ အခုလိုဘဝမျိုးမှာ တစ်နေ့ရှင်သန်ရမယ်လို့ သွားပြောခဲ့ရင် အနှစ်တစ်သန်းလောက်ကြာရင်တောင်မှ ယုံကြည်ခဲ့မှာမဟုတ်ဘူး။

အကယ်လို့ လွန်ခဲ့တဲ့တစ်နှစ်ကပဲ ကမ္ဘာပေါ်မှာ ရှိနေဆဲဖြစ်တဲ့ အတိတ်ကသူ့ကို အခုလို ပြောကြည့်ပါ့လား?

‘ဟေး ဘရို မင်း နောက်ထပ် ၁၂ လနေရင် ကုန်စုံဆိုင်တစ်ခုကို ရောက်သွားပြီး စနစ်နဲ့ချိတ်ဆတ်မိသွားမယ်။ လက်တွေ့ကို ဆန့်ကျင်နိုင်တဲ့ပစ္စည်းတွေ ရောင်းပေးနေတဲ့ အဲ့ဆိုင်ကို မင်းကစီမံခန့်ခွဲရမယ်’

ဟောင် သေချာပေါက် ဟားတိုက်ပစ်လိမ့်မည်။

ထို့နောက်မှာ အဖက်မလုပ်သည့်ဟန်ဖြင့် ကောင်တာပြန်သွားကာ အလုပ်ဆက်လုပ်နေလိမ့်မည်။

အမှန်ပြောရလျှင် အခုလို ဖြစ်လာရခြင်းကို ဟောင် သေချာ.နားမလည်ပါချေ။

'ငါလုပ်ခဲ့တာဆိုလို့ ကြောင်တစ်ကောင်ကို ကယ်ခဲ့မိရုံပဲ’ ဟောင်ရေရွတ်လိုက်သည်။

‘ ကယ်ဖို့ ကြိုးစားခဲ့တာပေါ့’

ထိုအမွှေးပွလုံးလေး ရှင်သွားရဲ့လား ဟောင် သေချာ မသိဘူးလေ။

သူမှတ်မိတာဆိုလို့ လမ်းမပေါ်ထွက်ပြေးမိချိန်မှာပဲ…

ဒုန်း!

အရမ်းပြင်းထန်စွာ တိုက်မိသွားလို့အခုလို ကမ္ဘာတွေပါပြောင်းပြီး ရောက်လာတာလေ။

သေချာပေါက် တိုက်သွားတဲ့ယာဥ်က ထရပ်ကားဖြစ်ရမယ်။

သာမာန်ကားတစ်စီးမဟုတ်ဘူး။ ဆိုင်ကယ်လဲ မဟုတ်ဘူး။ စကိတ်ဆို ပိုတောင်မဖြစ်နိုင်ဘူး။

ဝတ္ထုတွေ ကာတွန်းတွေထဲမှာ အချိန်ကူးပြောင်းရင်လဲ များသောအားဖြင့် ထရပ်ကားနဲ့ပဲ တိုက်မိတာလေ။

ဟောင် မျက်နှာကြက်ကိုပဲ စိုက်ကြည့်လိုက်သည်။

‘အဲ့ဒီကားဆရာကော သိမယ်ထင်လား? ငါတိုက်ခံလိုက်ရတယ်ဆိုတာကိုလေ’

စနစ်က သူ့ကိုဘာလို့ရွေးချယ်ခဲ့လဲ ဟောင် မသိပါချေ။

ငါ့ကိုဘာလို့ ရွေးချယ်ခဲ့တာလဲ?

ငါ့ထပ်အရင် ရွေးချယ်ခံရသူတွေကော ရှိလား?

ဒီဆိုင်အတွက်ငါ့ထပ်အရင် လူတစ်ယောက်ကို ရွေးချယ်ခဲ့ပြီး ထိုသူက ကံကြောင်းမလှစွာ ကျရှုံးခဲ့တဲ့အတွက် ငါ့ကိုရွေးလိုက်တာများလား?

ဥပမာ ဟောင် ခက်ခဲစွာရှောင်ခဲ့ရတဲ့ ပထမမစ်ရှင်ရဲ့ အကျိုးဆက်ကို အဲ့ဒီလူ မရှောင်လိုက်နိုင်ပဲ ရင်ဆိုင်လိုက်ရတာများလား?

ဟောင်ရဲ့ စိုက်ကြည့်နေတဲ့မျက်လုံးတွေ ရုတ်ချည်းကျဥ်းမြှောင်းသွားသည်။

ဒါဆိုရင် အဲ့ဒီလူ မနက်အိပ်ရာနိုးလာပြီးတာနဲ့ အောက်ပိုင်းကိုငုံ့ကြည့်ပြီး ငါ့ဥတွေ မရှိတော့ဘူးလို့ အော်နေမှာပေါ့။

ငါ့ရဲ့အနာဂတ်မျိုးဆက်တွေ.. အကုန်မရှိတော့ဘူး ဆိုပြီး ပေါ့!

အမြဲတမ်းရာသီလာလို့ ခံစားချက်အတက်အကျ ဖြစ်နေရှာတဲ့ စနစ်နဲ့ အတူနေရတဲ့ ခံစားချက်ကို မင်းတို့သိကြလား?

အိပ်ယာနိုးလို့ ဆံပင်တွေပြောင်ပြီး ဂတုံးဖြစ်သွားရင်လား? ရတယ် အဆင်ပြေသေးတယ်။ ဦးထုပ်ဆောင်းလိုက်မယ်။

အသက်ရှင်နိုင်သေးတယ်။

ဒါပေမဲ့ ဥ မပါပဲ ရှင်သန်ဖို့လား? သေချာပေါက် မဖြစ်နိုင်ဘူး။

ဒါက အပြစ်ပေးမှုတစ်ခုပဲမဟုတ်ဘူး။ ဒါက ယောက်ျားတစ်ယောက်ရဲ့စိတ်ဓာတ်ကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။

ကမ္ဘာပေါ်မှာသူ့ကို အခုလိုကမ်းလှမ်းခဲ့ရင်လား?

သေချာပေါက် မကြိုးစားကြည့်ပဲကို ငြင်းပစ်လိုက်မှာ။

သူ့အရင် ရွေးချယ်ခံတွေလာခဲ့ဖူးလား ဟောင် မသိပါချေ။

လာခဲ့ဖူးတာလဲဖြစ်နိုင်သည်။

စမ်းသပ်ခံအဆင့်နဲ့တင် မအောင်တာလဲ ဖြစ်နိုင်သည်။

ဒါမှမဟုတ် ကိုယ့်ရဲ့အနာဂတ်မျိုးဆက်တွေကို ကွန်ပျူတာမှဖိုင်တစ်ခုဖျက်သလို ဖျက်ဖို့ကြံနေတဲ့ ပထမမစ်ရှင်ကို လုပ်မပြချင်တာကြောင့် မျက်နှာကြီးရှုံ့မဲ့ပြီး ငြင်းလိုက်တာလဲ ဖြစ်နိုင်တာပဲ။

ဟောင် သက်ပြင်းတစ်ချက်ချပြီး ကောင်တာကိုသာ မှီလိုက်တော့သည်။

ဟောင် ရှင်းရှင်းလင်းလင်း မှတ်မိပါသည်။ ထိုနောက်ဆုံးရက်ကသာ…

လင်ယွီကျွင်း၊ ဟွာဖေးရှုနဲ့ ယွဲ့ရှုယန်သာ ရောက်မလာခဲ့ရင်…

သူ့ရဲ့ဘယ်အစိတ်အပိုင်းကြီးကို ဆုံးရှုံးလိုက်ရမလဲဆိုတာ မတွေးရဲပါချေ။

ဒီလိုနဲ့ နေ့ရက်တွေ ကုန်ဆုံးသွားသည်။

သတိမထားမိစွာပဲ အရန်မစ်ရှင်တစ်ခု ပြီးမြှောက်ခဲ့လေပြီ။

…….

အရန်မစ်ရှင်နှစ်- ဖျော်ရည်ဗူးမှ ဝိညာဥ်ကျောက်တုံး ၄၀၀ စုဆောင်းပါ။

တိုးတက်မှု- 400/400

ဆုလာဘ်- ပစ္စည်းအသစ်ရမည်_ လေပြင်းတောင်ပံဖျော်ရည်။

(အလုပ်ချိန်ပြီးလျှင် ဂိုထောင်သို့ ပို့ထားမည်)

အခြေအနေ- ပြီး​မြှောက်! ဆုလာဘ် ယူတော့မည်လား?

…….

ယူမယ်!

ဟောင် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

လေပြင်းတောင်ပံ​ဖျော်ရည်တဲ့လား?

ဒါဆိုရင် သူနောက်ထပ် ရမဲ့မစ်ရှင်က ဆုလာဘ်အနေနဲ့ရမဲ့ အိုနီဂီရီကို ပြီးအောင် အရင်လု​ပ်ရမှာမျိုးမလား?

ဟောင် သေချာတော့ မမှတ်မိပေ။

လေပြင်းတောင်ပံ ဖျော်ရည်ကကော ဒီတစ်ခေါက် ဘယ်လိုအစွမ်းမျိုး ပေးလာလောက်လဲ?

သေချာတာတော့ သူ မနက်ဖြန်ကျ အဖြေရှာကြည့်ရမှာပဲ။

ကမ္ဘာကြီးက ဟာသလုပ်နိုင်တဲ့ အသိစိတ် ရှိနေတဲ့အလား အချိန်ကုန်ဆုံးမှုက လိပ်တစ်ကောင်လို ကုန်ဆုံးနေတော့သည်။

ဘဝကြီးက အမြဲတမ်းသောက်ကျင့် ယုတ်တတ်သည်လေ။

မင်း ဘာမှမလုပ်နေချိန်မှာ အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်နေလိမ့်မည်။

ဒါပေမဲ့ တစ်ခုခုကို စောင့်မျှော်နေရင်တော့လား? ထိုအရာက ပစ္စည်းပဲဖြစ်ဖြစ်၊ စာတစ်စောင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အစွမ်းရှိတဲ့ အချိုရည်တစ်ခုပဲ ဖြစ်ဖြစ် ကောင်းကင်ဘုံကြီးကပါ မင်းရဲ့အချိန်စက်ဝန်းကို ရပ်ထားသလို ခံစားရလိမ့်မည်။

အဲ့ဒါနဲ့ပတ်သတ်ပြီး သိပ္ပံနည်းကျ ရှင်းလင်းချက် မလိုပါချေ။ လူတိုင်းကြုံဖူးတဲ့အရာပဲ။ ​ကံကောင်းစွာနဲ့ ဟောင်လဲ အသားကျပြီးသားပင်။

ဒီလိုနဲ့ မနက်အာရုဏ်တက်တည်းက ဟောင် တစ်စက်တောင် အချိန်မဖြုန်းပဲ ထလိုက်သည်။ ရေလဲမချိုးဘူး။ အကြောလျှော့နေကျ လေ့ကျင့်ခန်းလဲ မလုပ်တော့ဘူး။

ဂိုထောင်ဆီကိုသာ ဦးတည်သွားလေတော့၏။

အသစ်ရောက်လာတဲ့ ကတ်ထူးဗူးကို ဖောက်ရမည်!

ပထမက..ကိုလာဗူးဖာ။

ဒုတိယက..သံပုရာဆိုဒါဖာ။

တတိယက….

ဒီလိုနဲ့ နောက်ဆုံးမှာ ဟောင် မျှော်နေတဲ့ အရာကိုမြင်လိုက်ရသည်။

လေပြင်းတောင်ပံဖျော်ရည်။

ဟောင် ချက်ချင်းတစ်ဗူးယူလိုက်သည်။

အရွယ်အစားကတော့ အရင်အတိုင်းပင်။ အေးမြတဲ့အထိအတွေ့ကို ခံစားရသည်။ ဟောင် စိတ်ထင်နေလားမသိပေမဲ့ ဒါက တစ်ခြားဖျော်ရည်ထက် နည်းနည်း ပိုလေးသလိုပဲ။

ခံစားရတဲ့အထိအတွေ့က ရင်းနီးနေကျအတိုင်း ချောမွေ့ပြီး ငွေရောင် သတ္ထုကို အသုံးပြုထားသည်။

ဒီဇိုင်းကလား? ကမ္ဘာပေါ်တုန်းကပုံနဲ့ အတူတူပဲ။

တစ်ဗူးလုံးသည် ငွေရောင်ဖြစ်ပြီး ဘေးတစ်ဖက်မှ အပေါ်အောက် ထိုးခွင်းထားတဲ့သဏ္ဍာန်ဖြင့် အပြာရောင် အစင်းကြောင်းကြီးရှိသည်။ အလယ်တွင် အနီရောင် ကျွဲရိုင်းနှစ်ကောင်က မျက်နှာချင်းဆိုင်နေကြ၏။ ဂျိုနှစ်ခုက ထိလုဆဲဆဲပင်။

ကျွဲနှစ်ကောင်ရဲ့ အထက်မှာ အနီရောင်စာလုံးဖြင့် ရေးထားတဲ့ လေပြင်းတောင်ပံဆိုတဲ့ နာမည်က အပြင်ကို ထွက်တော့မတတ် အသက်ဝင်သည်။ ကျွဲရိုင်းနှစ်ကောင်ရဲ့နောက်မှာ သေးငယ်တဲ့ ရွှေရောင်နေလုံးတစ်ခုပါသေး၏။

ဒီဇိုင်းရဲ့ရည်ရွယ်ချက်ကိုတော့ ဟောင် နားမလည်ပါချေ။

ထို့နောက်မှာ ဖျော်ရည်ဗူးရဲ့ အောက်ခြေရှိ သေးငယ်တဲ့စာတန်းတစ်ခုကို မြင်လိုက်ရသည်။

“လမ်းကြောင်းတွေ ပျောက်ကွယ်လာရင် ခုန်ကျော်လိုက်”

ဟောင်ရဲ့ မျက်လုံးတွေ အနည်းငယ် ကျဥ်းမြှောင်းသွားသည်။

ဒီအညွှန်းစာက အရင်ကမြင်ဖူးတဲ့ မိုတီပေးစာစောင်များထက် အများကြီး ပိုကောင်းသည်။

မဖြစ်နိုင်တဲ့ ကတိတွေပေးမဲ့အစား ထိုစာက စိန်ခေါ်မှုကို လုပ်ကြည့်ဖို့ပြောပြနေသည်။

ဒါက လုပ်နိုင်စွမ်းနဲ့သက်ဆိုင်တာ မဟုတ်ဘူး။ အရာအားလုံး ပျက်ဆီးပြိုလဲချိန်မှာ အရှေ့ဆက်သွားဖို့ ပြောနေတဲ့အရာပဲ။

လမ်းကြောင်းတွေ ပျောက်ကွယ်ချိန်မှာတောင် မရပ်တန့်ခဲ့ဘူး။ နည်းလမ်းပြောင်းပြီး ခုန်ကျော်ဖို့ ကြိုးစားသည်။ ဒါက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြုလိုက်တာပဲ။

ဟောင် အနည်းငယ် စိတ်လှုပ်ရှားသွားကာ ထိပ်ပိုင်းရှိ အပြာရောင်အနားကွတ်ထားတဲ့ အပြားဝိုင်းကို ဆွဲမရင်းဖွင့်လိုက်သည်။

ရှ်!

ဒီစူးရှတဲ့အသံက အရင်က ဖျော်ရည်တွေထက် ပိုထင်ရှားသည်။

ဂိုထောင်ရဲ့ မီးအလင်းနားကို​မြှောက်လိုက်ပြီး ဗူးစောင်းကာ အထဲကအရည်ကို ဟောင် ကြည့်လိုက်သည်။

အထဲက အရောင်က အနည်းငယ်အနီသန်းသည်။ ဆိုင်မီးရဲ့ အလင်းကြောင့် ရွှေရောင်လေးဝေ့နေ၏။

အရောင်က ကိုလာရဲ့ အမဲရောင်လဲမဟုတ်ဘူး။ သံပုရာဆိုဒါလို ဖျော့တော့တဲ့ အရောင်လဲ မဟုတ်ဘူး။ ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ မီးတော​က်လို နွေးထွေးတဲ့အလင်းဓာတ်ဆောင်သည့် ရွှေနီရောင်ပင်။

ဟောင် ဗူးကိုအနီးဆွဲလိုက်ကာ အနံ့ခံကြည့်လိုက်သည်။

စူးရှပြီးလန်းဆန်းစေတဲ့ အမွှေးနံ့ရဲ့အောက်မှာ သိမ်မွေ့တဲ့ အချိုဓာတ်အနည်းငယ်ကို ခံစားနိုင်သည်။ နွေခေါင်ခေါင်မှာ ရွာချတတ်သော မိုးရဲ့ လတ်ဆတ်သော လေထုကိုပင် အမှတ်ရစေသည်။ သန့်စင်မှုနဲ့ မြေနံ့သင်းနေတဲ့ လေထုပေါ့။

ဒါအရင်ကလဲ ဒီတိုင်းပဲလား? ငါအခုမှ ဒီအနံ့ကို ခံစားမိတာလား?

ဒါမှမဟုတ် အခုပစ္စည်းက အရင်ကပစ္စည်းတွေထက် ဘယ်သူမှ မခန့်မှန်းနိုင်လောက်အောင် ပိုကောင်းတဲ့ ပါဝင်ပစ္စည်းတွေ သုံးထားလို့လား?

အနံ့ကတော်တော်လေး ဆွဲဆောင်နိုင်သည်မို့ ရောင်းကောင်းတော့မှာပဲလို့ ဟောင် တွေးလိုက်သည်။

အနံ့နဲ့တင် ရေမွှေးထုတ်လို့​ရသည်။ လေသန့်စင်ပေးတဲ့အမွှေးရည်တို့.. အမွှေးဖယောင်းတိုင်တို့ အဖြစ်လဲ သုံးလို့ရလောက်သည်။

ထုတ်ရောင်းလဲ သေချာပေါက် ရောင်းရမှာပဲ။

လေပြင်းတောင်ပံရဲ့ အနံ့ကိုရရုံနဲ့တင် ကျင့်ကြံသူတွေ ဘယ်နှစ်ယောက်လောက် စွဲဆောင်ခံလိုက်ရမလဲ?

‘အင်း စမ်းကြည့်ဖို့ အချိန်ကျပြီ’ ဟောင် တစ်ငုံသောက်ကြည့်လိုက်သည်။

အရင်ဦးဆုံးအချိုဓာတ်ကို ခံစားရပြီးနောက်မှာ အချဥ်ဓာတ်က လိုက်ပါလာသည်။ သံပုရာသီးတို့ စပျစ်သီးတို့လို အချဥ်အရသာပါတဲ့ အသီးတစ်ခုခုကို သုံးထားဟန်ရှိသည်။ ဆေးဖက်ဝင်အပင်တစ်ချို့နဲ့ ရောထားလောက်သည်။ ဘယ်ရီသီး ဒါမှမဟုတ် အပူပိုင်းဒေသမှာ ရနိုင်တဲ့ အသီးတစ်ခုရဲ့ အရသာကိုလဲ ခံစားမိသည်။

စူးရှတဲ့ ဂတ်စ်က ဖျော်ရည်ရဲ့ အချိုဓာတ်ကြားမှာ ပြည့်စုံစွာ ဝင်ရောက်နေသည်။

သစ်သီးဖျော်ရည်တစ်ခုလို မခံစားရပေ။ အချိုဓာတ်ပြင်းပြီးလန်းဆန်းစေတာကြောင့် (sting လိုမျိုး energy drink) ကို သောက်နေရသလိုပဲ။

ချိုမြပြီး ထူးခြားတဲ့ ပါးစပ်ထဲ စွဲကျန်မှုကို ခံစားနိုင်သည်။

ထင်ထားတာထက်ကို ချောမွေ့စွာ ဝင်ရောက်သွားသည်။ ဟောင် တွေးနေရင်း ခဏရပ်သွားပြီး..

‘သေစမ်း ငါဘာကိစ္စချောမွေ့တယ်လို့ ပြောမိသွားတာလဲ? မှားနေတယ်။ ဖျော်ရည်က တော်တော်ကို မလုံမလောက်စေတဲ့ နောက်ဆက်တွဲခံစားချက်နဲ့ ပါးစပ်ထဲ ဝင်ရောက်သွားတာ’

ဒီဆိုင်ရဲ့ ရောင်းကုန်တိုင်းက လုံးဝကို မတူညီတဲ့အနေအထားမှာ ရှိသည်။.သာမာန် အရာတွေနဲ့ နှိုင်းယှဥ်လို့မရဘူး။ မသေမျိုးတွေတောင် မှင်သက်သွားမည်ဆိုတာ လောင်းရဲသည်။

ဟောင် နောက်တစ်ငုံ သောက်လိုက်သည်။ ဒီလိုနဲ့ ပြည့်ဝတဲ့အရသာက ပါးစပ်ထဲ စီးဝင်သွား၏။

ထို့နောက်မှာ တစ်စက်တောင်မချန်ဘဲ တစ်ဗူးလုံး မော့ချလိုက်လေတော့သည်။

ဟောင် အသက်ရှုသွင်းလိုက်သည်။

ဖူးရှ်!

သူ ကြက်သီးများပင် ထလာရသည်။ ဦးရေခွံက ထုံကျင်လာပြီး လက်ချောင်းထိပ်များ ယားယံလာခဲ့သည်။

မျက်ခွံများပင် ယားယံလာသလိုပဲ။

စက္ကန့်ပိုင်းအတွင်းမှာ ခံစားချက်က ပြင်းထန်လာကာ မြင့်တက်လာသည်။ ခဏကြာပြီးနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး အတွင်းသို့ လေတွေဖြတ်တိုက်သွားသည့်နှယ် ခံစားလိုက်ရပြီး ခံစားချက်လဲ ပျောက်ကွယ်သွားသည်။

…..ဒါပဲ။ ဟောင် မျက်တောင်ခတ်လိုက်သည်။

ဝိုး!

စနစ်ရဲ့လုပ်ဆောင်ချက်တွေက သွားရှုတ်လို့ မရဘူး။

ဟောင် စက္ကန့်ပိုင်းအတွင်းမှာ အသားတစ်တုံးကို ဂက်စ်နဲ့ကင်တာကော၊ မီးသွေးနဲ့ကင်တာကော၊ ဒယ်အိုးမီးပူတိုက် ကင်တာကော၊ ဆီရွဲရွဲထဲ နှစ်ကြော်တာကော… နည်းလမ်းမျိုးစုံနဲ့ တစ်ခါထဲ စားလို​က်ရသလိုမျိုးပဲ။

ဟောင် ခပ်ဖြည်းဖြည်း ခေါင်းရမ်းလိုက်သည်။

သူတို့ အဆင်သင့် မဖြစ်လောက်သေးဘူး။

ဒီဖျော်ရည်ကို မြည်းစမ်းဖို့ သူတို့ အဆင်သင့် မဖြစ်လောက်သေးဘူး။

ကျင့်ကြံသူတွေရဲ့ ပိုက်ဆံအိတ်ကို ကုန်ခမ်းအောင်လုပ်မဲ့ ပစ္စည်းစာရင်းထဲသို့ အခုချိန်မှာ အမျိုးအစားသစ်.ဝင်ရောက်လာ လေပြီ။

အရမ်းကို လက်တွေ့ကျတဲ့ ဖျော်ရည်မလို့ (ချီစွမ်းအင်သုံးတတ်သူတိုင်း မဖြစ်မနေ သောက်သင့်သည်) ဆိုတဲ့ ကြော်ငြာစာ ကပ်ပေးသင့်လားလို့ ဟောင် တွေးမိသွားသည်။

ဈေးဝယ်တွေကြားမှာ နာမည်ကြီးလာမလားကတော့ စောင့်ကြည့်ရမှာပေါ့။

အခုချိန်မှာ ဟောင် အနေနဲ့ လုပ်စရာတစ်ခုသာ ရှိသည်။

အလှလေးကို ဆိုင်ရှေ့ခေါ်သွားရမယ်!

All Chapters