ရန်ကြွေးများ ပြန်ဆပ်ပြီ
Vol. 26 Ch. 325
စစ်မင်းသမီး ရည်ညွှန်းသော မိစ္ဆာသည် အကောင်းဆုံး လူငယ်အရွယ်တွင် ဖြစ်ကာ ကောက်ကွေးသော ဂျိုကြီးနှစ်ချောင်း ပိုင်ဆိုင်၍ သစ်ပင်ကြီးပမာ တုတ်ခိုင်သန်မာလှ၏။
"ဖန်းနူ ရှေ့တက်ပြီး အရှင့်သမီးရဲ့ အမိန့်ကို နာခံစမ်း"
မိစ္ဆာစစ်သူကြီးက အမိန့်ပေးလိုက်သောအခါ ဖန်းနူမှာ ရှေ့တက်လာခဲ့ပြီး ဝတ်ဆင်ထားသော ချပ်ဝတ်ထိခတ်သံ တချွင်ချွင် မြည်ဟီးကာ ညီလာခံမှာ စစ်မြေပြင်အလား ပြောင်းလဲသွားခဲ့သည်။ သူက လက်ရည်စမ်းပွဲဟု သဘောမထားဘဲ အနာဂတ်အတွက် အန္တရာယ်တစ်ခုကို ရှင်းပစ်ရန် ကြံစည်ထားကြောင်း သိသာနေကာ အကြည့်ရိုင်းရိုင်းသည် စစ်မင်းသမီး၏ အာဏာကို ထိပါးလာ၏။ သူက အသက်နှစ်ဆ ပိုကြီးကာ နေမင်းငရဲနှင့် စစ်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သော စစ်တပ်အရာရှိတစ်ယောက်ဖြစ်ကာ အကြီးအကဲအချို့သည် ထောက်ခံအားပေးနေကြပုံပေါ်သည်။
လူတိုင်း၏ အကြည့်အောက်တွင် စစ်မင်းသမီးနှင့် ဖန်းနူသည် မီးနှင့်ရေပမာ ရန်စောင်နေကြပြီး ထွန်းတောက်လာသော ပါရမီရှင်နှင့် စစ်သည်တော်၏ တိုက်ပွဲ ဖြစ်သည်။ ဖန်းနူသည် ယင်မိစ္ဆာတစ်ကောင် ဖြစ်သော်လည်း ယန်မိစ္ဆာ ရုပ်ရည်သွင်ပြင်မျိုး ပိုင်ဆိုင်ကာ ကြမ်းတမ်းခက်ထန်သည်။ စစ်သူကြီးနှင့် အပေါင်းအပါများသည် စစ်တပ်အင်အားအများစုကို ချုပ်ကိုင်ထားကာ တော်ဝင်မိသားစုကို ကလန်ကဆန်လုပ်လေ့ရှိပြီး ဆက်ဆံရေး တင်းမာနေ၏။
စစ်မင်းသမီးသည် တစ်ဖက်လူကို စိုက်ကြည့်နေရင်း ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သွေးနဂါးများ ထွက်ပေါ်လာသည်။ ဖန်းနူသည် သူမထက် ရုပ်ခွန်အား သုံးဆမက သန်မာ၍ အပေါ်စီးမှ ငုံ့ကြည့်နေကာ ယဥ်ကျေးစွာ တောင်းဆိုလိုက်သော်လည်း ရည်ရွယ်ချက် ထင်ရှားနေ၏။
"ကျေးဇူးပြုပြီး စပါ"
"ဖန်းလင်ကို မှတ်မိလား"
စစ်မင်းသမီးက ရုတ်တရက် အမည်တစ်ခုကို ထုတ်ပြောလိုက်ပြီး ဖန်းနူလက်ချက်ဖြင့် သေသည်အထိ ဆော့ကစားခံလိုက်ရသော သူမ၏ အစေခံမလေး ဖြစ်သည်။ သူမက အာဏာကင်းမဲ့ခဲ့သောကြောင့် ဖန်းလင်ကို ကာကွယ်မပေးနိုင်ခဲ့ဘဲ စစ်သူကြီး၏ နောက်ခံဖြင့် တစ်ဖက်လူ ထင်ရာစိုင်းနေသည်ကို သည်းခံခဲ့ရ၏။
"အစေခံမလေးတစ်ယောက်အတွက်နဲ့များ သေချင်နေတာလား။ မင်းရဲ့ ကိုးဆင့်မျိုးဆက်သွေးက သမိုင်းထဲမှာ အစွမ်းထက်ပေမယ့် တကယ့်အမှန်တရားက ခါးတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့"
ဖန်းနူက ရက်စက်စွာပြုံး၍ ပေါ်တင် စိန်ခေါ်လိုက်၏။ စစ်မင်းသမီးက ဒေါသတကြီး ပြေးတက်လာ၍ မျက်နှာတည့်တည့် ထိုးချလိုက်သောအခါ သူသည် အထင်သေးစွာ လှောင်ရယ်၍ တုတ်ခိုင်သန်မာသော လက်နှစ်ဖက်ဖြင့် ခုခံလိုက်သည်။
"ဘုန်း"
စစ်ရထားတစ်စင်း ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ အင်အားမျိုးကြောင့် သူ၏ လက်မောင်းချပ်ကာ ကြေမွသွားကာ သွေးများ စီးထွက်လာ၍ ခြေလှမ်းများစွာ ဆုတ်ပေးလိုက်ရသည်။ စစ်သူကြီးနှင့် အပေါင်းအပါများမှာ မျက်မှောင်ကြုတ်သွားကြပြီး ကိုးဆင့်မျိုးဆက်သွေးအကြောင်း လေ့လာခဲ့၍ ဤမျှအစွမ်းထက်စရာ မရှိကြောင်း နားလည်ထား၏။ မိစ္ဆာဘုရင်နှင့် တော်ဝင်မျိုးနွယ်သည် ဤဖြစ်ရပ်ကို ကြိုတင်ခန့်မှန်းထားသည့်အလား တည်တည်ငြိမ်ငြိမ် ရှိနေကြပြီး ဖန်းနူမှာ လက်ဗလာဖြင့် တိုက်ခိုက်ရန် သတ္တိမရှိတော့သဖြင့် လက်နက် ဆွဲထုတ်လိုက်သည်။ ၎င်းမှာ ခြောက်ပေရှည်သော ဗြက်ကျယ် ဆေဘာတစ်လက် ဖြစ်ကာ သံကွင်းများ တပ်ထားပြီး သွေးနံ့ ထွက်ပေါ်နေသည့် သစ်သားအဆင့် ရတနာတစ်ခု ဖြစ်သည်။ သူက တစ်ဖက်လူကို အထင်သေးခဲ့မိသောကြောင့် အကန့်အသတ်သို့ တွန်းပို့ခံလိုက်ရပြီး ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၏ ရလဒ်ပင်။
မိစ္ဆာလူငယ်နှစ်ယောက်၏ တိုက်ပွဲတွင် ဖန်းနူသည် စစ်သူကြီး၏ အနာဂတ်ကို ကိုယ်စားပြု၍ စစ်မင်းသမီးသည် မိစ္ဆာဘုရင်၏ အာဏာကို ကိုယ်စားပြုပေသည်။ ဖန်းနူမှာ သားရဲကြီးတစ်ကောင်ပမာ ဟိန်းဟောက်ရင်း ဆေဘာတယမ်းယမ်းနှင့် ပြေးဝင်လာခဲ့ပြီး အနီးကပ် ခုတ်ချလိုက်သည်။
"ဘန်း"
မြေပြင် အက်ကွဲသွားကာ သွေးရောင်မီးလျှံများ တောက်လောင်၍ စစ်မင်းသမီးထံ တိုးဝင်လာပြန်သည်။ ၎င်းက စစ်သူကြီး၏ သင်္ကေတ တိုက်ကွက်ဖြစ်ကာ ဆေဘာ ဓားချက်နှင့် ပူးပေါင်း ထုတ်ဖော်လိုက်သောကြောင့် သူမကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည်။ သူမက ဖန်းနူကို တစ်ချက်သာ စိုက်ကြည့်၍ အဆုံးမဲ့ငရဲပြည်တွင် ကိုယ့်ကိုကိုယ် သက်သေပြရန် အခွင့်အရေး ရောက်ရှိလာပြီဖြစ်သည်။ သူမက ရှည်လျားသွယ်လျသော ခြေတံများကို ဆောင့်ချလိုက်သောအခါ သွေးနဂါးများသည် တူညီသော သိုင်းကွက်ဖြင့် ပြေးထွက်သွားကာ သုံးဆခန့် ပို၍ ခွန်အားကြီးမားနေ၏။
"ဟင်"
ဖန်းနူမှာ တိုက်ကွက် ဖျက်ဆီးခံလိုက်ရပြီး လွင့်ထွက်သွားကာ မျက်နှာရှုံ့မဲ့သွားသကဲ့သို့ စစ်သူကြီးနှင့် အပေါင်းအပါများလည်း မယုံကြည်နိုင်ဖြစ်သွားကြ၏။ သွေးနဂါးကြီးက သူ့ကို ကိုက်ချီ၍ လေပေါ် ပစ်တင်လိုက်သောကြောင့် သွေးတစ်ပွက် အန်ချလိုက်ရပြီး တစ်ကိုယ်လုံး တွန့်လိမ်သွားသည်။
"အား"
တစ်ကိုယ်လုံးရှိ ချပ်ကာများ ပျက်စီးသွားကာ အသက်ဓာတ် စတင်ကုန်ဆုံးလာနေသဖြင့် နာကျင်စွာ အော်သံကြီး ထွက်ပေါ်လာသည်။
"ဒီကောင်မက အသက်၁၇နှစ်ပဲရှိသေးတယ်။ ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ"
ဤမေးခွန်းကို အဖြေမရှာနိုင်ခင် စစ်မင်းသမီးက မျက်နှာရှေ့သို့ ရုတ်တရက် ရောက်ရှိလာပြီး ပြုတ်ကျနေသော ဆေဘာကြီးကို ဆွဲကိုင်ထား၏။
"ကျုပ် အရှုံးပေးပါတယ် အရှင့်သမီး"
"နင့်အမေကို အရှုံးပေးပါလား"
ဖန်းနူက ကြောက်လန့်တကြား တောင်းပန်လာသော်လည်း သူမသည် ဆေဘာကို နှလုံးသားတည့်တည့် ထိုးစိုက်ကာ ကျောဘက်မှ ပြန်ထွက်လာစေခဲ့သည်။
"ငါ့ကို သတ်ရဲတာလား"
"ဘာလို့ မသတ်ရဲရမှာလဲ။ နောက်ဘဝရောက်လို့ ဖန်းလင်ကို တွေ့ရင် တောင်းပန်လိုက်"
စစ်မင်းသမီးက ဖန်းနူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ ငေါက်ငမ်းလိုက်ပြီး ဆေဘာကို ပို၍ နက်နက် ထိုးစိုက်နေသည်။ အစေခံတစ်ယောက်အတွက် အဆုံးမဲ့ငရဲပြည်၏ ထောက်တိုင်တစ်ခု ဖြစ်သော ဖန်းမျိုးနွယ်ဝင်ကို သူမက သတ်ပစ်လိုက်ပြီး မီးလျှံများ ထုတ်ဖော်ကာ အလောင်းပါ မကျန်အောင် လောင်ကျွမ်းပစ်လိုက်၏။ သူ၏ အသက်ဓာတ်များမှာ အကုန်အစင် စုပ်ယူခံလိုက်ရပြီး ကပ်ဘေးသွေးအတွင်း ပေါင်းစပ်သွားစဥ် သွေးနဂါးများ ဝန်းရံထားသော စစ်မင်းသမီးသည် နေရာပြန်ယူ၍ မယုံကြည်ဟန်ဖြင့် အံ့သြနေကြသော မိစ္ဆာအကြီးအကဲများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ တိတ်ဆိတ်မှုက ကြီးစိုးနေပြီး လူတိုင်း အာရုံစိုက်နေစဥ် သူမသည် စစ်သူကြီးထံ စိုက်ကြည့်နေကာ ရဲရဲဝံ့ဝံ့ ကြေညာပစ်လိုက်၏။
"အခုအချိန်ကစပြီး အဆုံးမဲ့ငရဲပြည်မှာ ငါ အမိန့်ချမယ်။ မင်းတို့က ဆန့်ကျင်ချင်တယ်ဆိုရင် ဖန်းနူလို သေလိမ့်မယ်။ ဂိုဏ်းဂဏတွေ ဖွဲ့စည်းပြီး ထောင့်မကျိုးတာတွေ လုပ်နေရင် မင်းကို သတ်ပစ်မယ်"
အသက် ငယ်ရွယ်သော်လည်း မိစ္ဆာဘုရင်ကိုယ်တိုင် အပြည့်အဝ ထောက်ခံသောကြောင့် သူမ၏ အာဏာစက်သည် အကြီးအကဲများအပေါ် ထိရောက်လာ၏။
"ငါ့သမီးလေးကတော့ တကယ်ပါပဲကွာ"
မိစ္ဆာဘုရင်က မထိန်းနိုင်ဟူသော သဘောမျိုးဖြင့် ရယ်မောလိုက်သည်။
"အဖေကလည်း တိတ်တိတ်နေပါဦး။ အချိန်အခါကောင်းလေးကို မဖျက်ဆီးပါနဲ့"
သူမက ခပ်ဆတ်ဆတ်ကလေး ပြောလိုက်သောကြောင့် ဖခင်ဖြစ်သူမှာ ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်လိုက်ရ၏။ အောင်မြင်မှုတွင် ယစ်မူး၍ မောက်မာနေသော မိစ္ဆာစစ်သူကြီးကို ဖိနှိပ်ရန် ခက်ခဲခဲ့သော်လည်း သူ၏ သမီးဆိုးလေးက ပြတ်ပြတ်သားသား သတိပေးလိုက်သဖြင့် ကျေနပ်ပျော်ရွှင်နေသည်။
"အဘိုးကြီး ငါပြောတာ ကြားလား"
စစ်မင်းသမီးသည် ထာဝရဓားအကျဥ်းထောင်တွင် ယွမ်ရှောင် ပြုလုပ်ခဲ့သော နည်းလမ်းအတိုင်း အဆုံးမဲ့ငရဲပြည်ကို သန့်စင်ပစ်လိုခဲ့သည်။
"အရှင်မရဲ့ အမိန့်အတိုင်းပါ။ ကျုပ်က ကလန်ကဆန် မလုပ်ဝံ့ပါဘူး"
နောက်ဆုံးတွင် ဖိအားအောက် ရောက်နေသော စစ်သူကြီးမှာ ခေါင်းငုံ့၍ အရိုအသေပေးကာ အညံ့ခံလိုက်ရလေသည်။