မွေးစားအမေ
Vol. 26 Ch. 327
ရှေးဟောင်းနတ်ဆိုးငရဲ၏ အလယ်ရှိ သစ်တောကြီးအတွင်း တစ်ပင်တည်း ကောင်းကင်သို့ ထီးတည်းမြင့်တက်နေသော ကြီးကျယ်ခမ်းနားသည့် ဧရာမသစ်ပင်ကြီး တစ်ပင် တည်ရှိသည်။ ၎င်းက ငရဲကိုးထပ်၌ အကြီးမားဆုံး သစ်ပင်ဖြစ်ကာ ရှေးဟောင်းနတ်ဆိုးငရဲ၏ သက်တမ်းထက် စော၍ တည်ရှိခဲ့ကာ အခြားငရဲပြည်များ ထွက်ပေါ်မလာခင်ကပင် ဖီးနစ်ငှက်များ ကျင့်ကြံနားခိုရာ ဖြစ်၏။ ရှေးဟောင်းနတ်ဆိုးငရဲကို ငှက်နတ်ဆိုးများသာ အုပ်ချုပ်ပြီး ပိုင်နက်အရွယ်အစားချင်း ယှဥ်ရလျှင် အကြီးမားဆုံးဖြစ်၍ နတ်ဆိုးဦးရေမှာ ဓားကျင့်ကြံသူများနှင့် ရုန်းကျင့်ကြံသူများ စုစုပေါင်းထက် ပို၍ များပြားပေသည်။
"လနတ်သား"
ရှေးဟောင်းနတ်ဆိုးငရဲရှိ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူများနှင့် အဖိုးတန် ပါရမီရှင်များသာ တက်ရောက်ခွင့်ရှိသော သစ်ပင်ကြီးအထက်တွင် နာမည်တစ်ခုကို ကြွေးကြော်နေကြသည်။ နတ်ဆိုးပေါင်းစုံသည် သစ်ကိုင်းများပေါ်တွင် နေရာယူထားပြီး အရွယ်အစား အသွင်အပြင်မျိုးစုံ ရှိကာ နတ်ဆိုးအရှိန်အဝါများကြောင့် ပတ်ဝန်းကျင်တစ်ခွင် အမှောင်ထုသာ ကြီးစိုးခဲ့၏။ အမြှီးလေးချောင်း မြေခွေးတစ်ကောင်သည် နတ်ဆိုးစစ်သူကြီး ဆယ်ယောက်ကျော်ကို အနိုင်ယူခဲ့ပြီး ငရဲနတ်ဆိုးတစ်ကောင်ပင် ပါဝင်နေခဲ့သည်။ ငရဲနတ်ဆိုးများသည် ရှေးဟောင်းနတ်ဆိုးငရဲ၏ အစွမ်းထက် စစ်သည်တော်များဖြစ်ကာ တစ်ယောက်ချင်းစီ၏ လက်အောက်တွင် နတ်ဆိုး အရေအတွက်သန်းတစ်ရာကျော် အမိန့်နာခံရ၏။
နတ်ဆိုးတိုင်းသည် လနတ်သား၏ သရုပ်မှန်က ဆန်းကျယ်ကြောင်း နားလည်ထားကြပြီး ချင်ကဲသည်လည်း တစ်နေရာရာမှ စိုက်ကြည့်နေခဲ့သည်။
"ဒီမြေခွေးနဲ့ဆိုရင် ရှေးဟောင်းနတ်ဆိုးငရဲက ငရဲကိုးထပ်တိုက်ပွဲအတွက် မျှော်လင့်ချက် ရှိလာပြီ"
"သူက အမည်ခံဓားအင်မော်တယ်တွေလောက် အစွမ်းမထက်ရင်တောင် ယင်မိစ္ဆာမင်းသမီးနဲ့ တန်းတူယှဥ်နိုင်မှာ သေချာတယ်။ သူသာ ဆက်ပြီး တိုးတက်လာရင် ငါတို့အတွက် အကောင်းဆုံးပဲ"
ဤစကားများသည် ကုန်းနတ်ဆိုးများထံမှသာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကောင်းကင်ရှိ ငှက်နတ်ဆိုးများအတွက်မူ ဖီးနစ်ဧကရီသည်သာ အားကိုးရာဖြစ်သည်။ သို့ရာတွင် သူမက အစွမ်းထက်သော်လည်း ငရဲကိုးထပ်ကို မလွှမ်းမိုးနိုင်သောကြောင့် အလားအလာရှိသူ တစ်ယောက် ထပ်မံ ထွက်ပေါ်လာသောအခါ နတ်ဆိုးများ စိတ်လှုပ်ရှားနေကြသည်။ ရှေးဟောင်းနတ်ဆိုးငရဲ၏ အခြေအနေက ထူးခြားပြီး ဓားကျင့်ကြံသူများနှင့် ရန်ငြှိုးများရှိသော်လည်း အဆုံးတိုင် မရှင်းလင်းနိုင်ပေ။ နတ်ဆိုးများတွင် အစွမ်းအထက်ဆုံးမှာ ရေနတ်ဆိုးများဖြစ်ကြသော်လည်း ထာဝရဓားအကျဥ်းထောင်နှင့် ဝေးကွာသောကြောင့် တိုက်ပွဲများ နည်းပါး၏။ အကယ်၍ ရှေးဟောင်းနတ်ဆိုးငရဲသာ အရင်းအမြစ်အားလုံး ပုံအော၍ ထာဝရဓားအကျဥ်းထောင်ကို ချေမှုန်းလိုက်လျှင် ထိုအခြေအနေကို အခွင့်ကောင်းယူမည်မှာ ရေနတ်ဆိုးများသာ ဖြစ်ပေလိမ့်မည်။ လနတ်သား ထွက်ပေါ်လာခြင်းသည် ငရဲကိုးထပ်တိုက်ပွဲတွင် ဓားကျင့်ကြံသူများကို ပညာပေး၍ ရေနတ်ဆိုးများအား ကိုယ့်နေရာကိုယ်သိစေရန် သင်ခန်းစာပေးနိုင်သော လမ်းစ ဖြစ်လာခဲ့၏။
"ဧကရီ"
ငရဲနတ်ဆိုးများသည် ချင်ကဲကို လနတ်သားအကြောင်း စုံစမ်းရန် ချဥ်းကပ်လာစဥ် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ဆင်းသက်လာသဖြင့် နတ်ဆိုးများ မွန်းကြပ်သွား၏။ ချင်ကဲက လနတ်သားကို အဒေါ်ဖြစ်သူ ရှေ့မှောက်တွင် ပြဿနာမရှာရန် သတိပေးကာ အလျင်အမြန် ဒူးထောက်လိုက်သည်။ သို့ရာတွင် သူက မတ်တပ်ရပ်နေဆဲဖြစ်ကာ ဖီးနစ်ဧကရီရှိရာ ကောင်းကင်သို့ မော့ကြည့်နေခဲ့ပြီး အပြာရောင်မီးလျှံများ ပင်လယ်ပမာ တည်ရှိနေ၏။ သောင်းချီသော နတ်ဆိုးများက ချက်ချင်း ဒူးထောက်လိုက်ပြီး ရှေးဟောင်းနတ်ဆိုးငရဲ၏ စစ်အင်အားသည် ငရဲကိုးထပ်တွင် ပြောလောက်စရာ မဟုတ်သော်လည်း ဖီးနစ်ဧကရီမှာ ကွဲပြားပြီး အစွမ်းအထက်ဆုံး နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် သူမသည် ပင်မထောက်တိုင်ဖြစ်ကာ လူသားများကဲ့သို့ အစီအရင်များ မပိုင်ဆိုင်သောကြောင့် အရာရာကို ပခုံးထမ်းထားရ၏။
အကယ်၍ ထာဝရဓားအကျဥ်းထောင်သာ ဓားအစောင့်အရှောက်ကို ဆုံးရှုံးသွားလျှင် ပျက်သုဥ်းရေး ဓားအစီအရင်ဖြင့် ခုခံနိုင်စွမ်းရှိသည်။ သို့သော် ရှေးဟောင်းနတ်ဆိုးငရဲသာ ဖီးနစ်ဧကရီကို ဆုံးရှုံးလိုက်ရလျှင် ချက်ချင်း ရှင်းလင်းခံရမည်ဖြစ်သောကြောင့် အကျိုးဆက်မှာ ပြင်းထန်ပေ၏။ ရေနတ်ဆိုးများသည်လည်း ထူးခြားသော နယ်မြေအနေအထားကြောင့် ခုခံရေးတွင် အသာစီးရယူထားနိုင်သဖြင့် ရှေးဟောင်းနတ်ဆိုးငရဲ၏ တည်နေရာသည်သာ အကျပ်အတည်း ဖြစ်နေသည်။
ကောင်းကင်ရှိ မီးပင်လယ်အရွယ်အစားကို ထောက်ရှူလျှင် ဖီးနစ်ဧကရီ၏ အစစ်အမှန်သွင်ပြင်မှာ အလွန်တရာကြီးမားကြောင်း သိနိုင်ပြီး တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ အရွယ်အစားပင် ပိုးကောင်အလား သေးငယ်သွားပေလိမ့်မည်။ အပြာရောင် မီးလျှံများအကြားတွင် ကြွေသားဖြင့် ပြုလုပ်ထားသယောင် မိုးပြာရောင် နှုတ်သီးနှင့် သလင်းကျောက် မျက်ဝန်းများ ပိုင်ဆိုင်ထားသည့် ကြီးစိုးနိုင်စွမ်းရှိသော ဖီးနစ်ခေါင်းကြီး ထွက်ပေါ်လာခဲ့သည်။ သူမ၏ အကြည့်က ပြင်းထန်ပြီး အရှိန်အဝါအရ အာဏာစက် ပြင်းထန်ကာ လနတ်သားအပေါ် ကျရောက်လာသည့်တိုင်အောင် ဖိအားကို သည်းခံ၍ မားမားမတ်မတ် ရပ်နေဆဲပင်။
"ဒူးမထောက်သေးဘူးလား။ ဒီအရိုင်းကောင်ကတော့ သေချာပေါက် သင်ခန်းစာပေးခံရတော့မယ်"
ချင်ကဲက စိတ်ထဲမှ တွေးတောနေခဲ့ပြီး ထိပ်တန်းနတ်ဆိုးများသည်လည်း ထိုနည်းတူပင်။ နတ်ဆိုးမျိုးနွယ်တွင် ခွန်အားကသာ အရာရာဖြစ်သောကြောင့် ဖီးနစ်ဧကရီအပေါ် နတ်ဆိုးတိုင်း အလွန်ကြောက်လန့်ရိုသေကြ၏။
"ဒီလနတ်သားက ငါ နှစ်ပေါင်းများစွာ လျှို့ဝှက်သင်ကြားပေးထားတဲ့ မွေးစားသားပဲ"
ထိုအချိန်၌ ကြည်လင်ချိုသာသော အသံဖြင့် ဖီးနစ်ဧကရီက ပြောလာသဖြင့် လနတ်သား၏ ဆန်းကျယ်သော သရုပ်မှန်ကို အတွေးနက်နေသူများ စိတ်အေးသွားကြ၏။ ချင်ကဲတစ်ယောက်တည်းသာ အမှန်တရားကို သိထားပြီး ထိပ်တန်းနတ်ဆိုးများ စိတ်အေးသွားသော အမူအရာအရ အဒေါ်ဖြစ်သူသည် ပါရမီရှင်နှင့် သူမအကြား အက်ကြောင်းများ ဖြစ်မလာစေရန် အာဏာဖြင့် ထိန်းချုပ်လိုက်ပုံပေါ်သည်။
"မွေးစားအမေကို ဂါရဝပြုပါတယ်"
လနတ်သားကိုယ်တိုင်ပင် အူကြောင်ကြောင်ဖြစ်သွားသော်လည်း အလျင်အမြန် တုံ့ပြန်လိုက်ပြီး အကြံအစည်ကို အထိခိုက်မခံခဲ့ပေ။ အကယ်၍ သူသာ မွေးစားသားဖြစ်လျှင် တစ်ချိန်တွင် ဖီးနစ်ဧကရီ၏ အမွေကို ဆက်ခံလိုက်ပါကလည်း ကုန်းနတ်ဆိုးများနှင့် ငှက်နတ်ဆိုးများအကြား ပြဿနာ မရှိတော့သဖြင့် နတ်ဆိုးစစ်သူကြီးများ စိတ်အေးစွာ ရပ်နေကြ၏။
ဖီးနစ်ဧကရီသည် လူအသွင်ပြောင်းကာ ကောင်းကင်မှ ဆင်းသက်လာပြီး ပြည်ပျက်စေလောက်အောင် လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ မျက်ဝန်းများက တောက်ပနေသော်လည်း အမိန့်ပေးနိုင်စွမ်း ရှိသော အာဏာမျိုး ထင်ဟပ်နေကာ ဝတ်ရုံအောက်မှ လှပသည့် ကောက်ကြောင်းများမှာ အပြစ်ကင်းစင်သော အသားအရေနှင့် လိုက်ဖက်လှ၏။ ရုပ်ခန္ဓာကို ပြည့်စုံအောင် ကျင့်ကြံထားပြီး လှပသော အသွင်အပြင်အောက်တွင် ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင် ပုန်းအောင်းတည်ရှိနေသည်။
"ဘာကြောင့် ငါတွေ့သမျှ မိန်းမလှတိုင်းက အစွမ်းထက် အစ်မကြီးတွေချည်း ဖြစ်နေရတာလဲ"
လနတ်သားနှင့် ယွမ်ရှောင်က ပြိုင်တူ တွေးလိုက်မိပြီး ကျင့်ကြံရေးလမ်းကြောင်းတွင် ဆုံတွေ့သမျှ မိန်းမလှများအနက် ချန်ရီတစ်ယောက်သာ သူ့အောက် ငယ်ပေသည်။
"လနတ်သား လိုက်လာခဲ့"
ဖီးနစ်ဧကရီက ငြင်းပယ်နိုင်စွမ်း မရှိစေလောက်သော အမိန့်သံမျိုးဖြင့် ညွှန်ကြားလာခဲ့သည်။
"ဟုတ်ကဲ့"
လနတ်သားက ခေါင်းညိတ်၍ အသစ်စက်စက် မွေးစားသားအမိသည် သစ်ပင်ကြီး၏ ထိပ်ဖျားသို့ တက်ရောက်သွားကာ အခြားနတ်ဆိုးများ ကျန်ရစ်ခဲ့သည်။
"နတ်ဆိုးတွေ ဘေးမှာ မရှိရင် ဒေါ်လေးက ဒီကောင့်ကို သေချာပေါက် ရိုက်နှက်မှာပါ"
ချင်ကဲက အံကြိတ်၍ စိတ်ထဲမှ လနတ်သားအပေါ် ကျိန်ဆဲနေခဲ့လေသည်။