အကျဥ်းထောင်
Vol. 26 Ch. 328
လနတ်သားသည် ဖီးနစ်ဧကရီ အနောက်မှ လိုက်ပါလာရင်း ဆန်းကျယ်သော အပြာရောင်မြူခိုးများအကြား ဝင်ရောက်လာခဲ့သည်။ လမ်းတလျှောက် တိတ်ဆ်တ်နေခဲ့ပြီး ငှက်တစ်ကောင်၏ အသိုက်နှင့် ဆင်တူသော ခမ်းနားသည့် နေရာတစ်ခုသို့ ရောက်ရှိလာ၏။ ၎င်းမှာ ရောင်စုံ သစ်ကိုင်းများဖြင့် ပြုလုပ်ထားပြီး ပျက်စီးအဆီအနှစ်များမှာ မီးလျှံပမာ တဝုန်းဝုန်း တောက်လောင်နေ၍ ဖီးနစ်ဧကရီ နားခိုရာဖြစ်ပေလိမ့်မည်။
"ဝင်လာခဲ့"
သူမက အမိန့်ပေး၍ ဝင်ရောက်ပျောက်ကွယ်သွားရာ လနတ်သားလည်း လိုက်ပါလာခဲ့ပြီး ဖန်သားပလ္လင်အထက်မှ စိုက်ကြည့်နေသော ဖီးနစ်ဧကရီကို မြင်လိုက်ရ၏။ ထိုအသိုက်ထဲတွင် များပြားလှသော ပျက်စီးအဆီအနှစ်များအပြင် မရေမတွက်နိုင်သော လူသား အရိုးခေါင်းခွံများ တောင်ပံရာပုံ ရှိနေသဖြင့် လှပသော ဖီးနစ်ဧကရီ၏ ရုပ်သွင်မှာ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ မြင့်မြတ်ပုံပေါ်သော အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသော်လည်း နတ်ဆိုးသည် နတ်ဆိုးသာဖြစ်ကြောင်း ထိုအရိုးများကညသတိပေးနေသည်။ လနတ်သားမှာ လူသားတစ်ယောက်ဖြစ်သော ယွမ်ရှောင်၏ ကိုယ်ပွားဖြစ်သောကြောင့် စိတ်အတွင်း ဒေါသနှင့် ယူကြုံးမရစိတ်များ ဖြစ်တည်လာခဲ့၏။
"လူသားခေါင်းခွံတွေနဲ့ အလှဆင်ထားတဲ့ ဒီအသိုက်က လက်ရာမြောက်တယ်မလား။ ဘယ်လိုထင်လဲ"
"မွေးစားအမေရဲ့ အလှကို မယှဥ်နိုင်ပါဘူး"
သူမက စကားစလာပြီး လနတ်သားသည် ဒေါသူပုန်ထနေသော်လည်း တိုက်ခိုက်ရန် အချိန်မတန်သေးကြောင်း နားလည်ထားသည်။
"ငါ့ဘဝမှာ အရွယ်ရောက် သားတစ်ယောက် ရုတ်တရက် ရလာခဲ့တယ်။ ကြည့်ရတာ ကောင်းကင်က နတ်ဆိုးမျိုးနွယ်ကို ပစ်မထားဘူးပဲ"
သူမက ခစ်ခနဲ ရယ်မော၍ ပြောလိုက်သည်။
"အဆောင်ဧကရာဇ်က မွေးစားအမေကို လာရှာသွားတယ်မလား"
လနတ်သားက စကားလမ်းကြောင်း ပြောင်းလိုက်သဖြင့် သူ၏ အတိတ်ကို စပ်စုလိုနေသော ဖီးနစ်ဧကရီမှာ အခွင့်အရေး မရလိုက်ပေ။
"ဟုတ်တယ်။ မင်းမှာ ဘယ်လိုအတွေးမျိုး ရှိလို့လဲ"
"အဆောင်ဧကရာဇ်ဖြစ်ဖြစ် မီးမိစ္ဆာဖြစ်ဖြစ် လူသားနဲ့ မိစ္ဆာမျိုးနွယ်ကို ပူးပေါင်းဖို့ ကြံစည်နေတာပဲ။ နတ်ဆိုးတွေက သူတို့ကို ကူညီရင် ဘာအကျိုးမှ မရှိဘူး"
"ဒါဆိုရင် ဘယ်လိုလုပ်ဖို့ အကြံပေးချင်လဲ"
"ဘေးထွက်နေပြီး အခြေအနေကို စောင့်ကြည့်ရမယ်။ သူတို့ အောင်မြင်သွားရင် ဓားကျင့်ကြံသူတွေ အသတ်ခံရလိမ့်မယ်။ ဒါဆိုရင် ရေနတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ကုန်းမြေနတ်ဆိုးတွေအပေါ် ကပ်ဘေးကြီး ရောက်လာလိမ့်မယ်"
ရေနတ်ဆိုးများသည် ပင်လယ်အတွင်း နေထိုင်သောကြောင့် မိစ္ဆာမျိုးနွယ်နှင့် လူသားများအတွက် အန္တရာယ်မရှိသော်လည်း ကုန်းနတ်ဆိုးများမှာ ကျက်တီးမြေကိုသာ ပိုင်ဆိုင်ထားပြီး အရင်းအမြစ်မလုံလောက်ပေ။
"တကယ်လို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် မွေးစားအမေက ထိုးကျွေးခံရလိမ့်မယ်"
လနတ်သက ထောက်ပြလိုက်သောအခါ ဖီးနစ်ဧကရီ မေးခွန်းထုတ်လာခဲ့၏။
"မင်းက ပြဿနာကို ထောက်ပြဖို့လား။ ဖြေရှင်းပေးဖို့လား"
"ကျုပ်မှာ ဖြေရှင်းစရာ နည်းလမ်းရှိပါတယ်။ သေချာလေး ကစားနိုင်မယ်ဆိုရင် ရေနတ်ဆိုးတွေကို ဖိနှိပ်နိုင်ပြီး နတ်ဆိုးအားလုံးကို အုပ်ချုပ်နိုင်လိမ့်မယ်"
သူက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ငါ့မှာ ဒီလိုအစွမ်းမျိုး မရှိဘူး"
"ကျုပ်မှာ ရှိတယ်။ ပျက်စီးအဆီအနှစ် ထောက်ပံ့ပေးရင် ရပြီ။ ကျုပ်ရဲ့ သတ္တိက အပြောသက်သက် မဟုတ်ပါဘူး"
"ဒီကို လာခဲ့"
ဖီးနစ်ဧကရီ၏ မျက်ဝန်းများ ရုတ်တရက် တောက်ပလာကာ လနတ်သားကို အနားသို့ ခေါ်လိုက်ပြီး ရောက်လာသောအခါ မျက်နှာကို လက်ချောင်းများဖြင့် ပွတ်သပ်ဆော့ကစားနေခဲ့၏။
"မင်းက အပြောသက်သက် မဟုတ်ဘူးပေါ့။ မြေခွေးလေး အတော်ချစ်စရာ ကောင်းတာပဲ"
သူမ၏ လက်ချောင်းများက မျက်နှာမှ ရင်ဘတ်၊ ရင်ဘတ်မှ ဝမ်းဗိုက်အောက်ပိုင်းသို့ ဆင်းလာခဲ့ပြီး တစ်ကိုယ်လုံး ထိတွေ့နေခဲ့သည်။
"အစွမ်းထက်မိန်းမတစ်ယောက်က ကျေနပ်မှုကို မခံစားရတော့ဘူးလား။ ဧကရီတစ်ယောက်အနေနဲ့ လုပ်ချင်တာ လုပ်လို့ရတယ်"
သူမက နတ်ဆိုးတစ်ယောက်ဖြစ်သောကြောင့် လိင်ကိစ္စတွင် လူသားများ၏ စံနှုန်းကို လျစ်လျူရှုထားပြီး မွေးစားသားဖြစ်သူကို ဤနေရာတွင် ဆော့ကစားစရာ အရုပ်ပမာ သဘောထား၏။
"မင်းက နတ်ဆိုးမျိုးနွယ်အတွက် တိုက်ခိုက်ချင်တယ်ဆိုရင် ငါ့ခန္ဓာကိုယ်ကို အရင်သိမ်းပိုက်ပြ"
ဖီးနစ်ဧကရီ၏ ဆွဲဆောင်အားပြင်းသော အသံကြောင့် လနတ်သားမှာ ဆွံ့အသွားသော်လည်း အဝတ်ဗလာဖြင့် ချဥ်းကပ်သွားကာ ရုတ်တရက် ရယ်မောလိုက်သည်။
"ဘာလို့ ရယ်နေရတာလဲ"
သူမက ကြာကြည့်တစ်ချက် ပစ်ကာ ပြုံးနေခဲ့၏။
"နတ်ဆိုးတွေက လူသားအသွင်နဲ့ဆိုရင် တော်တော်လှတာပဲ။ မွေးစားအမေက ငှက်နတ်ဆိုးဆိုပေမယ့် လူအသွင်ပြောင်းလိုက်ရင် အကုန်အတူတူပါပဲ"
လနတ်သား၏ အကြည့်က သူမ၏ ဝတ်ရုံအောက်ပိုင်းသို့ ကျရောက်သွားကာ အသိုက်အပြင်ဘက်ရှိ နတ်ဆိုးများမှာ ထူးဆန်းသော ညည်းသံများ ကြားလိုက်ရသည်။
"ချင်ကဲ သူတို့အတွက် ဒါမျိုးက ပုံမှန်လား"
"ငါလည်း မသိဘူးလေ"
ချင်ကဲမှာ အခြေအနေကို နားလည်အောင် ကြိုးစားရင်း ရှက်သွေးဖြာနေခဲ့သော်လည်း လနတ်သားနှင့် ဖီးနစ်ဧကရီအကြား ခံစားချက်များ ခိုင်မြဲလျှင် နတ်ဆိုးမျိုးနွယ်အတွက် ကောင်းကျိုးဟု သတ်မှတ်ထား၏။
တစ်ဖက်၌ နံနက်ခင်း နေရောင်အောက်တွင် ခရီးထွက်လာသော ဓားကျင့်ကြံသူတစ်ထောင်ကို ဦးဆောင်လာသည့် ယွမ်ရှောင်မှာ ရုတ်တရက် မျက်နှာပျက်သွားပြီး အသက်ရှူသံများ ပြင်းထန်လာသဖြင့် မုတလုံက စိုးရိမ်တကြီး မေးလိုက်သည်။
"သခင်လေးယွမ် အဆင်ပြေရဲ့လား"
"ရတယ်။ ရတယ်။ ဘာမှ မဖြစ်ဘူး"
သူက ကိုယ်ပွားနှင့် စိတ်ချင်းဆက်သွယ်ထားသောကြောင့် ဖီးနစ်ဧကရီနှင့် လင်မယားအရာ မြောက်နေခြင်းအတွက် စိတ်ကသိကအောက် ဖြစ်လာပြီး ဓားပျံကို ထိန်းချုပ်ရန် ခဲယဥ်းနေသည်။ နောက်ဆုံးတွင် သစ်ပင်ကြီးအထက်မှ နတ်ဆိုးမနှင့် ခံစားချက်များ အထွတ်အထိပ် ရောက်သွားချိန်၌ နားခိုရာဂိုဏ်း ပိုင်နက်သို့ ရောက်ရှိလာခဲ့၏။ ထိုနတ်ဆိုးမသည် ဉာဏ်ရည်မြင့်မားပြီး လနတ်သား၏ ပါရမီကို သဘောပေါက်သောအခါ လက်အောက်သို့ သိမ်းသွင်းရန် ဒဲ့တိုးဆန်စွာ လှုပ်ရှားလိုက်သည်။ ယွမ်ရှောင်နှင့် ကိုယ်ပွားသည် လမ်းကြောင်းတစ်ခုစီ လျှောက်လှမ်းနေကြပြီး တစ်ယောက်နှင့် တစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ လနတ်သားအတွက် အရေးအကြီးဆုံးမှာ ပျက်စီးအဆီအနှစ်များ ဖြစ်သောကြောင့် မည်မျှပေးဆပ်ရပါစေ အရေးမကြီးတော့ပေ။
နားခိုရာဂိုဏ်း ပိုင်နက်သို့ ရောက်သောအခါ ယွမ်ရှောင်သည် ကြီးမားသော အနက်ရောင်ခံတပ်ကြီးတစ်ခုကို တောင်တန်းများအထက်၌ တွေ့လိုက်ရသည်။ ၎င်း၏ အရွယ်အစားက ဓားအပျက်အစီးနယ်မြေနှင့် ယှဥ်နိုင်ပြီး တောင်ထိပ်ကိုးရာကျော်နှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ တစ်ခုတည်း ထီးထီးကြီး တည်ရှိနေ၏။ ငရဲကိုးထပ်တွင် နားခိုရာဂိုဏ်းသည် နယ်မြေတစ်ခုအစား မြို့ကြီးတစ်ခုနှင့် တူညီပြီး အနားရောက်လေလေ ပို၍ ကြီးမားကြောင်း သိရလေလေဖြစ်သည်။
"ဝေါင်း"
ထိုအချိန်တွင် အနက်ရောင်ခံတပ်ကြီးနှင့် မြေပြင်က ရုတ်တရက် တုန်ခါသွားကာ နားကွဲမတတ်ကျယ်လောင်သော သားရဲဟိန်းသံ ထွက်ပေါ်လာသည်။
"အထဲမှာ ဘာရှိနေတာလဲ"
ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။
"နားခိုရာဂိုဏ်းမှာ ရှေးဟောင်းကပ်ဘေးသားရဲလို့ နာမည် ကျော်ကြားတဲ့ နီအန်သားရဲတစ်ကောင် ထိန်းသိမ်းထားတယ်။ ငရဲကိုးထပ်တိုက်ပွဲ ကျင်းပတဲ့ ဆယ်နှစ်တိုင်း ဒီသားရဲကြီးလည်း နိုးထလာတတ်တယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ နီအန်က ဒဏ္ဍာရီသက်သက်ပါပဲ။ တကယ်ရှိမရှိ ဘယ်သူမှ မသိသလို ရှိတယ်ဆိုရင်တောင် ငရဲကိုးထပ်အပေါ် ထိခိုက်မှု မရှိပါဘူး"
မုတလုံက စိတ်ရှည် လက်ရှည် ရှင်းပြလိုက်သည်။
သားရဲတစ်ကောင်က နတ်ဆိုးအဖြစ် ပြောင်းလဲမသွားသောကြောင့် ယွမ်ရှောင်အတွက် သိချင်စိတ် များပြားလာသည်။ သားရဲများက သက်တမ်းအလွန်ရှည်လျှင် နတ်ဆိုးဖြစ်လာနိုင်ကာ လူသားများကဲ့သို့ ဉာဏ်ရည်မျိုး ပိုင်ဆိုင်လာတတ်၏။ အကယ်၍ သားရဲတစ်ကောင်က ဤသို့ပြောင်းလဲသွားခြင်း မရှိလျှင် မည်မျှအစွမ်းထက်ပါစေ၊ အရိုင်းကောင်သာ ဖြစ်ပေလိမ့်မည်။
"တော်တော် ထူးဆန်းတာပဲ"
ထိုအချိန်တွင် ကြယ်ပြာက ရုတ်တရက် စိတ်လှုပ်ရှားစွာ ဆက်သွယ်လာခဲ့သည်။
"ဘာက ထူးဆန်းနေတာလဲ"
"ဒီနားခိုရာဂိုဏ်းက တကယ်တော့ အင်မော်တယ်လက်မှုပညာတစ်ခုပဲ။ သေမျိုးလောကမှာ မရှိသင့်ဘူး"
ကြယ်ပြာက အဖြေပေးလိုက်ပြီး စကားဆက်သည်။
"မြေပေါ်မှာ မင်းမြင်နေရတာက ပထမအထပ်ပဲ။ မြေအောက်မှာ ဆယ့်ခုနစ်ထပ် မြုပ်ထားပြီး နီအန်သားရဲက ပထမထပ်မှာ အကျဥ်းချခံထားရဲ့ ထောင်သားတစ်ယောက်ဖြစ်တယ်။ ကျန်တဲ့ ဆယ့်ခုနစ်ထပ်မှာ အဲ့လိုသားရဲတွေနဲ့ အင်မော်တယ်တွေကိုတောင် အကျဥ်းချထားနိုင်တယ်."
"ဘယ်လိုလုပ် ဒီလောက် ထူးဆန်းရတာလဲ"
ယွမ်ရှောင်က တအံ့တသြ ရေရွတ်သည်။
"ငါလည်း မပြောတတ်ဘူး။ ဒီငရဲကိုးထပ်လုံးက ထောင်ကြီးတစ်ခု ဖြစ်နိုင်တယ်။ နားခိုရာဂိုဏ်းသားတွေ အပြင်မထွက်တာ မထူးဆန်းတော့ဘူး။ တကယ်တော့ သူတို့က ထောင်စောင့်တွေ ဖြစ်ရမယ်"
ကြယ်ပြာက ယွမ်ရှောင်၏ ရင်ဘတ်အတွင်းမှ ခေါင်းပြူထွက်လာကာ နားခိုရာဂိုဏ်းကို စိုက်ကြည့်၍ လေးနက်စွာ ပြောလိုက်လေသည်။