← Chapters

ဓားကျင့်ကြံသူတွေကို သတ်ကြ

Vol. 26 Ch. 330

ဓားကျင့်ကြံသူတွေကို သတ်ကြ

Vol. 26 Ch. 330

နားခိုရာဂိုဏ်း အပြင်ဘက်ရှိ ရှေးဟောင်းတောင်ထိပ်တစ်ခုတွင် နေရောင်ဖြာကျလာပြီး ကြမ်းကြုတ်ရက်စက်သော အသွင်အပြင်နှင့် မီးလျှံများ ရှူသွင်းရှူထုတ်နေသည့် ယန်မိစ္ဆာအုပ်စုသည် ပေါက်ကွဲကာနီး မီးတောင်တစ်ခုအလား နေရာယူထားကြ၏။ ကျန်တစ်ဖက်တွင် ရောင်စုံဝတ်ရုံကိုယ်စီဖြင့် ကောင်းကင်၌ နေရာယူထားသော ရုန်းကျင့်ကြံသူထောင်ချီ ရှိနေသဖြင့် အလင်းတန်းများ တောက်ပနေသည်။ ဤအင်အားစုနှစ်ခုက ကပ်ဘေးတံဆိပ်ငရဲနှင့် နေမင်းငရဲကို ကိုယ်စားပြု၍ အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာက ဦးဆောင်လာခြင်းဖြစ်ကာ အခြားငရဲများကို စောင့်ဆိုင်းနေခြင်းပင်။

"ရောက်လာကြပြီ"

မကြာမီ ယင်မိစ္ဆာတစ်ထောင်ကျော် ရောက်ရှိလာသောကြောင့် ယန်မိစ္ဆာများ၏ မျက်လုံးများ အေးစက်သွားကာ လှပပြေပြစ်သော ယင်မိစ္ဆာများကို အာသာငမ်းငမ်း စိုက်ကြည့်နေကြ၏။ နှစ်ပေါင်းများစွာ ရန်သူဖြစ်ခဲ့သော မိစ္ဆာမျိုးနွယ်နှစ်ခုသည် မကြာခဏ စစ်မက်ဖြစ်ပွားတတ်ပြီး အခြေအနေတင်းမာသော်လည်း မတိုက်ခိုက်ဘဲ ထိန်းချုပ်ထားကြသည်။

"မတွေ့ရတာလည်း အတော်ကြာပြီ။ နေကောင်းကျန်းမာရဲ့လား ယင်မိစ္ဆာဘုရင်"

မီးမိစ္ဆာက အသစ်ရောက်ရှိလာသော အဆုံးမဲ့ငရဲပြည် ဘုရင်ကို ကြိုဆိုလိုက်သော်လည်း အကြည့်တစ်ချက်သာ တုံ့ပြန်ခံလိုက်ရပြီး လျစ်လျူရှု ခံထားရသည်။

"ဒါက တူမလေးလား။ မင်းရဲ့ ကိုးဆင့်သွေးမျိုးဆက် နိုးထလာတာ မိစ္ဆာမျိုးနွယ်အတွက် ကံကောင်းတယ်။ ဂုဏ်ယူစရာပဲ"

မီးမိစ္ဆာ၏ အကြည့်က အစွမ်းထက် ယင်မိစ္ဆာများကို ကျော်လွန်၍ မိန်းကလေးတစ်ယောက်ထံ ကျရောက်လာခဲ့သည်။

"နင့်မေကြီးတော်ကို ဂုဏ်ယူလိုက်"

တဏှာကောင် ယန်မိစ္ဆာများအပေါ် အမြင်မကြည်သော စစ်မင်းသမီးက အော်ငေါက်လိုက်ပြီး ကြီးမားသော အမုန်းတရားကြောင့် ယန်မိစ္ဆာများသည် ဒေါသမီး တဟုန်းဟုန်းတောက်ကာ အချိန်မရွေး ခုန်အုပ်ရန် အသင့်ပြင်လိုက်ကြ၏။

"ငါ့တူမလေးက ဒေါသ သိပ်ကြီးတာပဲ"

ယန်မိစ္ဆာက တစ်ချက်ရယ်မော၍ နောက်လိုက်များကို တည်ငြိမ်စေရန် ထိန်းချုပ်လိုက်သော်လည်း သူတို့၏ မျက်လုံးများတွင် တဏှာမီးများ တောက်လောင်နေကြသည်။

"မိုးပြာဖီးနစ် ဧကရီ ရောက်လာပြီ"

ထိုအချိန်တွင် အနက်ရောင် တိမ်တိုက်များ တရွေ့ရွေ့ ချဥ်းကပ်လာသောကြောင့် တင်းမာနေသည့် အခြေအနေမှာ ပျက်ပြားသွားပြီး ငရဲကိုးထပ်၏ အဆိုးဝါးဆုံး နတ်ဆိုးများမှာ လူအသွင်ဖြင့် အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြသည်။ မိုးပြာရောင်ဝတ်ရုံကို ခြုံလွှမ်းထားသော ဖီးနစ်ဧကရီသည် ဖီးနစ်ငှက်များ ခြံရံ၍ ရှေ့တက်လာခဲ့ပြီး လှပသကဲ့သို့ အင်မတန်ချောမောသော ငွေရောင်ဆံပင်နှင့် လူငယ်တစ်ယောက်ကို အဖော်ခေါ်လာခဲ့၏။

"မင်းက ပိုပိုပြီး လှလာတာပဲ"

အဆောင်ဧကရာဇ်က ချီးကျူးလိုက်သောကြောင့် အနားတွင် ရပ်နေသော ချင်ကန်မှာ မကျေမနပ် ဖြစ်သွားရသည်။

"ရှင်က တော်တော် အပြောကောင်းတာပဲ အဆောင်ဧကရာဇ်"

ဖီးနစ်ဧကရီက တခစ်ခစ်ရယ်မော၍ တုံ့ပြန်လိုက်ပြီး လနတ်သားမှာ သူမ၏ မွေးစားသားဖြစ်ကြောင်း မိတ်ဆက်ပေးလာသဖြင့် မိစ္ဆာများနှင့် လူသားများ အကြည့်ချင်း ဖလှယ်လိုက်၏။

"တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲတို့။ ဒီနေရာမှာ စုဝေးနေကြတာ အမည်ခံဓားအင်မော်တယ်တွေကို သတ်ဖို့ ဆွေးနွေးကြတာမလား"

လနတ်သားက ရှေ့တက်လာပြီး ဦးညွှတ်ကာ တင်းမာသော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်၏။

"ကလေး နောက်ဆုတ်နေစမ်း"

ဖီးနစ်ဧကရီက အော်ငေါက်၍ ဟန့်တားသည်။

"ဟုတ်ကဲ့ပါ မွေးစားအမေ။ ဒါပေမယ့် ဓားကျင့်ကြံသူအားလုံးကို သတ်ပေးမယ်ဆိုရင် သိပ်ကျေးဇူးတင်မိမှာပဲ"

လနတ်သားက နောက်ဆုတ်သွားသော်လည်း အထွန့်တက်လိုက်ပြန်သဖြင့် မီးမိစ္ဆာနှင့် အဆောင်ဧကရာဇ်ကို သဘောတွေ့စေခဲ့၏။

"မင်းရဲ့ မွေးစားသားက အတော်လေး ရဲရင့်တာပဲ"

"ကလေးတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရင် ဗွေမယူကြပါနဲ့"

"တောင်းပန်စရာ မလိုပါဘူး။ ဓားကျင့်ကြံသူတွေက ရက်စက်လို့ နတ်ဆိုးတွေ မုန်းတီးတာ သဘာဝပါပဲ။ ဒါပေမယ့် ငရဲကိုးထပ်ရဲ့ နယ်ခံတွေအနေနဲ့ ပြဿနာဖြစ်စေတဲ့ အမည်ခံဓားအင်မော်တယ်တွေကို သတ်ပစ်ရမယ်။ သာမန်ဓားကျင့်ကြံသူတွေကို မထိရင် ငြိမ်းချမ်းရေးကို ပြန်လည် ရယူနိုင်မှာပါ"

အဆောင်ဧကရာဇ်က သူတော်ကောင်းဟန်ဆောင်၍ တည်ငြိမ်စွာ ကြေညာလိုက်သောအခါ ဖီးနစ်ဧကရီလည်း သဘောတူခဲ့သည်။

"မင်း ကြားတယ်မလား"

"ဒါပေမယ့် ဓားကျင့်ကြံသူအားလုံးကို သတ်ချင်နေတုန်းပဲ"

"ငါတို့က အားလုံးကို သတ်လို့မရဘူး။ နည်းနည်းလောက် သတ်ပစ်တာကတော့ ကိစ္စမရှိဘူး။ အရင်ဆုံး မူမျိုးနွယ်နဲ့ စလိုက်ကြတာပေါ့။ ငါတို့ ငရဲသုံးခုကတော့ သဘောတူညီချက် ရပြီးပြီ။ မင်းရော ဘယ်လိုဆုံးဖြတ်မှာလဲ ယင်မိစ္ဆာဘုရင်"

အဆောင်ဧကရာဇ်၏ အကြည့်က ယင်မိစ္ဆာအုပ်စုထံ ကျရောက်လာသည်။

"အမည်ခံဓားအင်မော်တယ်တွေက ငရဲကိုးထပ်ကို ပြဿနာဖြစ်စေခဲ့တယ်။ အဆုံးမဲ့ငရဲပြည်ကလည်း တာဝန်ယူပေးရမှာပေါ့"

ယင်မိစ္ဆာဘုရင်က ခေါင်းညိတ်၍ သဘောတူလိုက်သဖြင့် အဆောင်ဧကရာဇ်သည် သူတို့၏ သတိပေးချက်ကို ဆန့်ကျင်ကာ ဆက်လက်ချီတက်နေသော ထာဝရဓားအကျဥ်းထောင်ကို စုစည်းတိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက်၏။ ရေနတ်ဆိုးများသည်လည်း ဓားကျင့်ကြံသူများအပေါ် သဘောမကျသဖြင့် နောက်ထပ်ဆွေးနွေးစရာ မလိုအပ်သောကြောင့် ငရဲခုနစ်ထပ်မှာ ထာဝရဓား အကျဥ်းထောင်ကို တိုက်ခိုက်ရန် မဟာမိတ်တစ်ခု ဖြစ်တည်လာခဲ့သည်။

"ဒီကောင်က အမြဲတမ်း လှည့်ကွက်တွေ ပြည့်နှက်နေတာပဲ"

ယင်မိစ္ဆာများအကြား ရှိနေသော စစ်မင်းသမီးသည် လနတ်သားကို တစ်ချက်ခိုးကြည့်၍ စိတ်ထဲမှ မှတ်ချက်ချလိုက်၏။ ယွမ်ရှောင်သည် ရက်စက်ပြတ်သားသကဲ့သို့ တစ်ချိန်တည်းတွင် ဉာဏ်များကာ လှည့်ကွက်ပေါင်းစုံ ပြည့်နှက်နေသောကြောင့် ဤငရဲခုနစ်ထပ်မှာ ထိခိုက်ခံစားရပေတော့မည်။

ထိုအချိန်တွင် ယွမ်ရှောင်နှင့် ဓားကျင့်ကြံသူတစ်ထောင်ကျော်သည် မိုကျန်းကျီ၏ ဦးဆောင်မှုဖြင့် နားခိုရာဂိုဏ်းအတွင်း ဝင်ရောက်လာကြပြီး နီအန်းသားရဲ၏ ဟိန်းဟောက်သံက မြေပြင်ကို တုန်ခါစေသော်လည်း ဓားကျင့်ကြံသူများမှာ မတုန်မလှုပ် ရှိနေကြ၏။ အခြားငရဲခုနစ်ထပ်၏ ကိုယ်စားပြုများသည် တောင်ထိပ်တစ်ခုတွင် စုဝေးနေကြောင်း သတင်းရထားသဖြင့် မကောင်းကြံနေရန် သေချာသောကြောင့် ကြောက်လန့်စေရန် လုံလောက်ပေသည်။ သို့ရာတွင် အံ့မခန်း ဖြစ်ရပ်များကို ထပ်ကာထပ်ကာ ပြုလုပ်ပြခဲ့သော ယွမ်ရှောင်ကြောင့် မျှော်လင့်ချက် ပြည့်ဝနေပြီး ကြောက်စိတ်မရှိဘဲ ဆက်လက် ချီတက်နေကြသည်။ ခြေသံများက တဒုန်းဒုန်း မြည်ဟီးနေကာ နှလုံးခုန်သံဖြင့် ထပ်တူကျ၍ နီအန်းသားရဲ၏ ဟိန်းသံအောက်တွင်ပင် တာအိုနှလုံးသားများမှာ တည်ငြိမ်နေဆဲဖြစ်၏။

"ထာဝရ ဓားအကျဥ်းထောင်က အရင်ဆုံး ရောက်တာဆိုတော့ အဆင်သင့်ပြင်ထားကြ"

ကြီးမားကျယ်ဝန်းသော ရှစ်ထောင့်သဏ္ဍာန် တိုက်ပွဲကွင်းပြင်တစ်ခုထံ ရောက်သောအခါ ဓားကျင့်ကြံသူများသည် အလင်းဝင်ပေါက်တွင် နေရာယူလိုက်ကြသော်လည်း ဝင်ပေါက်ခုနစ်ခု လစ်လပ်နေခဲ့သည်။ မိုကျန်းကျီက ညွှန်ကြား၍ လှည့်ထွက်သွားသောခဏတွင် အခြားငရဲခုနစ်ထပ်မှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။

"ငရဲရှစ်ထပ် စုံညီရင် တိုက်ပွဲကို တရားဝင် စတင်မယ်။ ကံကောင်းပါစေ"

ထို့နောက် သူက ကောင်းကင်တွင် မျောလွင့်နေသော အဖြူရောင် ကျောက်စိမ်းစင်မြင့်တစ်ခုထံ ပျံတက်သွားခဲ့သည်။ ယွမ်ရှောင်က မော့ကြည့်လိုက်သောအခါ ထိုစင်မြင့်အထက်တွင် ဆန်းကျယ်သော ပုံရိပ်သုံးခု ရှိနေကြောင်း ဝေဝေဝါးဝါး မြင်လိုက်ရလေသည်။

All Chapters