တိုက်ပွဲစည်းမျဥ်းများ
Vol. 26 Ch. 331
မိုကျန်းကျီ တက်ရောက်သွားသော စင်မြင့်အထက်သို့ ယွမ်ရှောင် လှမ်းကြည့်လိုက်သောအခါ ရုန်းကျင့်ကြံသူတစ်ယောက်၊ မိစ္ဆာတစ်ယောက်နှင့် နတ်ဆိုးတစ်ကောင် ရှိနေသောကြောင့် ငရဲကိုးထပ်၏ အဓိကမျိုးနွယ်လေးခုကို ကိုယ်စားပြုကြောင်း သိလိုက်ရသည်။ ရုန်းကျင့်ကြံသူက မိန်းကလေးတစ်ယောက်ဖြစ်ကာ ဆယ်ကျော်သက်အရွယ်နှင့် သေးငယ်သော ခန္ဓာကိုယ်အထက်တွင် ဝတ်ရုံဖားဖားကြီး ဝတ်ဆင်ထား၍ ဆံပင်များ ရှုပ်ပွနေသည်။ သူမက လက်ထဲတွင် ပုတီးစေ့အချို့ကို ဆော့ကစားနေပြီး မျက်လုံးများ မှိတ်ထားကာ ခံစားချက်ကင်းမဲ့ဟန်ဖြင့် ရပ်နေသည်။
"ဒါက ရှန်ရှောင်ချန်းပဲ။ သူမက ကပ်ဘေးတံဆိပ်ငရဲ ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမယ့် အကြောင်းအရင်းတစ်ခုကြောင့် နားခိုရာဂိုဏ်းထဲ ဝင်သွားခဲ့တယ်။ အဆောင်ဧကရာဇ်နဲ့လည်း သမိုင်းကြောင်း ရှိဖူးတယ်"
မုတလုံက တီးတိုးရှင်းပြလိုက်ပြီး ရှန်ရှောင်ချန်းမှာ ငယ်ရွယ်ပုံပေါက်နေသော အကြောင်းအရင်းမှာ နားခိုရာဂိုဏ်းသို့ ဝင်ရောက်ချိန်အတိုင်း အသက်ကြီးရင့်မလာသောကြောင့်ပင်။ သို့ရာတွင် သူမသည် လူသားခံစားချက်များ ပျောက်ကွယ်သွားပုံရပြီး ကျန်နှစ်ယောက်အနက် တစ်ယောက်မှာ တစ်ကိုယ်လုံး အနက်ရောင်ချပ်ကာများ ဝတ်ဆင်ထား၍ အနီရောင် မျက်လုံးများသာ ထွက်ပေါ်နေသည့် မိစ္ဆာတစ်ယောက် ဖြစ်ကာ ခွန်ကျန်းဟု အမည်ရသော ငရဲကိုးထပ်အပြင်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ကျန်တစ်ယောက်မှာ ပါးဖောင်းဖောင်းကစ်ကစ်နှင့် ချစ်စရာကောင်းသော ခြောက်လသားအရွယ် ကလေးငယ်ဖြစ်ပြီး ဖက်ချင်စရာကောင်းသော်လည်း ကျောချမ်းဖွယ်အရှိန်အဝါနှင့် နတ်ဆိုးတစ်ကောင် ဖြစ်နေသည်။ ထိုကလေးငယ်က အိပ်မက်ဆိုးများမှ တဆင့် ဝိညာဥ်ကို ဖမ်းစားတတ်သော အိပ်မက်နတ်ဆိုးဖြစ်ကာ အရင်က အားနည်းခဲ့ဖူးသော်လည်း နားခိုရာဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့၏။
နားခိုရာဂိုဏ်း၏ ခွန်အားက အထင်သေးစရာမဟုတ့သော်လည်း လမ်းတွင် လာမရှုပ်သရွေ့ ယွမ်ရှောင်နှင့် ပြဿနာ မရှိချေ။ နားခိုရာဂိုဏ်းသားလေးယောက် ဦးဆောင်ကာ စောင့်ကြည့်နေချိန်အတွင်း အခြားငရဲခုနစ်ထပ်မှာလည်း ချီတက်လာနေပြီ ဖြစ်၏။ တိုက်ပွဲကွင်းပြင်မှာ ရှစ်ထောင့်သဏ္ဍာန်ဖြစ်ကာ ဝင်ပေါက်ရှစ်ခု တည်ရှိပြီး အလင်းဝင်ပေါက်၌ ဓားကျင့်ကြံသူများ နေရာယူထားသည်။
"ကပ်ဘေးတံဆိပ်ငရဲ ရောက်လာပြီ"
ကြေညာချက်တစ်ခုနှင့်အတူ နဂါးနှင့် ဖီးနစ်ပုံရိပ်များ ကခုန်နေသော ကောင်းကင်ဝင်ပေါက်တွင် ရုန်းကျင့်ကြံသူများ ရောက်ရှိလာကာ လူသားမျိုးနွယ်၏ အသန်မာဆုံး အင်အားစု ဖြစ်သည်။ ဝင်ပေါက်ရှစ်ခုသည် ယခင်တိုက်ပွဲ၌ အဆင့်အသီးသီးကို ကိုယ်စားပြုပြီး ကပ်ဘေးတံဆိပ်ငရဲသည် ကောင်းကင်၊ ယန်မိစ္ဆာများသည် မြေ၊ တမလွန်ချောက်နက်သည် မြေအောက်လေပြင်း၊ ကုန်းနတ်ဆိုးများသည် မိုးကြိုး၊ ရေနဂါးများသည် ရေ၊ ထာဝရဓားအကျဥ်းထောင်သည် မီးလျှံ၊ ယင်မိစ္ဆာများသည် တောင်တန်းနှင့် ရေသူနတ်ဆိုးများသည် စိမ့်မြေ စသဖြင့် ဝင်ပေါက်အသီးသီး နေရာယူထားကြ၏။ ရုန်းကျင့်ကြံသူများသည် ငရဲကိုးထပ်တိုက်ပွဲ၏ အောင်နိုင်သူဖြစ်သောကြောင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူ နှစ်ထောင်ကျော်ဖြင့် ခမ်းခမ်းနားနား ရောက်ရှိလာကြကာ ထာဝရဓားအကျဥ်းထောင်၏ အင်အားထက် နှစ်ဆ များပြားနေခဲ့သည်။
ထို့နောက် မြေဝင်ပေါက်တွင် ယန်မိစ္ဆာများသည် ကျင့်ကြံသူသုံးထောင်ကျော်ဖြင့် ပိုမို ထင်ရှားစွာ ဝင်ရောက်လာကြပြီး ကျန်ငရဲများကလည်း ကံပင်လယ်နယ်ပယ် ကျင့်ကြံသူ ထောင်ချီဖြင့် အသီးသီး ဝင်ရောက်လာသောအခါ စုစုပေါင်း သောင်းချီပေသည်။ ဓားကျင့်ကြံသူများသည် ကုန်းမြေနတ်ဆိုးများနှင့် မိစ္ဆာများကို မကြာခဏ တိုက်ခိုက်ဖူးသော်လည်း အလှမ်းဝေးသောကြောင့် ရေနတ်ဆိုးများနှင့် ရန်ငြှိုးရန်စ ရှားပါးသည်။ ရေသူနတ်ဆိုးများသည် လူသားတစ်ဝက် ငါးတစ်ဝက် ခန္ဓာကိုယ် ပိုင်ဆိုင်ထားကာ အများစုမှာ မိန်းမစစ်သည်တော်များ ဖြစ်၍ ကျင့်ကြံသူအရေအတွက် တစ်ထောင်အောက် နည်းသောကြောင့် ငရဲကိုးထပ်တွင် အားအနည်းဆုံး ဖြစ်ပုံပေါ်၏။ ကျန်တစ်ဖက်တွင် ရေနဂါးများသည် လူအသွင်ပြောင်းထားကြပြီး ကြမ်းကြုတ်ရက်စက်သော မျက်နှာများအထက်တွင် အကြေးခွံများ တည်ရှိကာ မရှုပ်သင့်သော မျိုးနွယ်တစ်ခုဖြစ်ကြောင်း သိသာသည်။ တမလွန်နတ်ဆိုးများက အရေအတွက် နှစ်ထောင်ကျော်ပြီး အနက်ရောင်မြူခိုးများ ဖုံးအပ်နေသဖြင့် ကျောချမ်းစရာကောင်း၍ ယွမ်ရှောင်အတွက် မိစ္ဆာများနှင့် ရုန်းကျင့်ကြံသူများထက် ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိနေခဲ့၏။ ရုန်းကျင့်ကြံသူများ၊ ယန်မိစ္ဆာများနှင့် တမလွန်နတ်ဆိုးများသည် ယွမ်ရှောင် အဓိကရင်ဆိုင်ရမည့် ရန်သူများ ဖြစ်သောကြောင့် ရန်ကို ရန်ချင်း တုံ့ပြန်ရပေလိမ့်မည်။ ရေနတ်ဆိုးများတွင် ရေသူနတ်ဆိုးများသည် ဓားကျင့်ကြံသူများအပေါ် ရန်ငြှိုးရန်စ မရှိသောကြောင့် ရေနဂါးများ၏ သဘောထားကိုသာ တီးခေါက်ကြည့်ရန် လိုအပ်နေသည်။
"တကယ့်ရန်သူက ရုန်းကျင့်ကြံသူ၊ ယန်မိစ္ဆာနဲ့ တမလွန်နတ်ဆိုးတွေပဲ။ ဒါပေမယ့် ရေနတ်ဆိုးတွေကလည်း ဓားကျင့်ကြံသူတွေကို ထူးထူးခြားခြား ရန်လိုနေတယ်။ ဒီတော့ ငါက ငရဲခုနစ်ထပ်လုံးကို တိုက်ခိုက်ရတော့မှာလား"
ယွမ်ရှောင်က အတွေးနက်နေရာမှ တစ်ချက် ပြုံးလိုက်သည်။ အဆောင်ဧကရာဇ်၊ ယန်မိစ္ဆာနှင့် အစွမ်းထက် ကျင့်ကြံသူအားလုံးသည် သူ့ကို ရန်လိုဟန်ဖြင့် စိုက်ကြည့်နေကြသော်လည်း ဓားကျင့်ကြံသူတစ်ထောင်ကျော်ကို ဦးဆောင်၍ မားမားမတ်မတ် ရပ်နေသောအခါ အနက်ရောင်ကောင်းကင်၌ ကြယ်များ လင်းလက်တောက်ပနေသည့်ပမာ ထင်ရှားပေါ်လွင်နေ၏။
"နားခိုရာဂိုဏ်းအနေနဲ့ ဒီတစ်ခေါက် တိုက်ပွဲရဲ့ စည်းမျဥ်းတွေကို ထုတ်ပြန်ပေးပါ"
မီးမိစ္ဆာက စိတ်မရှည်ဟန်ဖြင့် ကောင်းကင်သို့ မော့ကြည့်ကာ တောင်းဆိုလိုက်သည်။
"ငရဲရှစ်ထပ်လုံး ရောက်လာပြီဆိုတော့ စည်းမျဥ်းစည်းကမ်းတွေ ကြေညာချိန်တန်ပြီ"
မိုကျန်းကျီက ဝင်ပေါက်ရှစ်ခုကို အေးစက်စက် ဝေ့ကြည့်ကာ ရှေ့တက်လာသဖြင့် ပတ်ဝန်းကျင်လေထုမှာ ပြင်းထန်စပြုလာပြီး လူသား၊ နတ်ဆိုးနှင့် မိစ္ဆာများ အသက်ပြင်းပြင်း ရှူလိုက်မိကြ၏။ ကျန်ငရဲများအတွက် ထာဝရဓားအကျဥ်းထောင်ကို အမှုန့်ချေပစ်နိုင်ရန် စည်းမျဥ်းများက အရေးကြီးသောကြောင့် အာရုံစိုက်နေကြပြီး ရှန်ရှောင်ချန်း၊ ခွန်ကျန်းနှင့် အိပ်မက်နတ်ဆိုးမမှာ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ထိုအချိန်တွင် မိုကျန်းကျီသည် ငရဲကိုးထပ်တိုက်ပွဲ၌ အရေအတွက်သာမက စွမ်းအားလည်း အရေးပါကြောင်း ကြေညာလာခဲ့ပြီး စည်းမျဥ်းများ ထုတ်ပြန်လိုက်၏။
ယခုတစ်ခေါက် တိုက်ပွဲတွင် ငရဲရှစ်ထပ်သည် ကံပင်လယ်နယ်ပယ်ကျင့်ကြံသူများကို အဓိက အားထား၍ တိုက်ပွဲဝင်ရမည်ဖြစ်ကာ ကြီးကြပ်သူများထက် ပို၍ အရေးပါလာခဲ့သည်။ ထိုကျင့်ကြံသူများ၏ အင်အားဖြင့် ငရဲရှစ်ထပ်၏ အဆင့်ကို ခွဲခြားသတ်မှတ်မည်ဖြစ်ကာ တံဆိပ်ပြားများနှင့် ဝင်ရောက်ယှဥ်ပြိုင်သူများ၏ ရလဒ်ကို ဆုံးဖြတ်ပေလိမ့်မည်။ ကောင်းကင်၊ မြေ၊ လေပြင်း၊ မိုးကြိုး၊ ရေ၊ မီးလျှံ ၊ တောင်တန်း၊ စိမ့်မြေ စကားလုံးများ ရေးထွင်းသော တံဆိပ်ပြားများကို သက်ဆိုင်ရာ ဝင်ပေါက်ရှိ ကျင့်ကြံသူများထံ ခွဲဝေပေးထားခဲ့သည်။ စစ်သည်တော်များအနေဖြင့် တံဆိပ်ရှစ်ခုလုံးကို စုစည်း၍ အမှတ်တစ်ခု ဖန်တီးရန် လိုအပ်ပြီး အမှတ်အများဆုံး ရထားသည့် ငရဲမှာ အောင်နိုင်သူ ဖြစ်လာပေလိမ့်မည်။
"ဒါက ဘာကို ဆိုလိုတာလဲ"
"ငါတို့က အမှတ်တစ်ခုရဖို့ ငရဲခုနစ်ထပ်လုံးကို တိုက်ခိုက်ရတော့မှာလား"
"အောင်နိုင်သူက အမှတ်အများဆုံး ရတဲ့ ငရဲ ဖြစ်လာလိမ့်မယ်"
"ငရဲတစ်ထပ်စီမှာ သက်ဆိုင်ရာ တံဆိပ်ပြားတွေ ရှိပေမယ့် တစ်မျိုးစီပဲ ရှိတာဖြစ်လို့ စမှတ်က အတူတူပဲပေါ့"
ဤကြေညာချက်သည် ငရဲရှစ်ထပ်လုံးကို အံ့သြမင်သက်သွားစေပြီး အကြီးအကဲများမှာ အနိုင်ရစေရန် ချက်ချင်း စဥ်းစားခန်း ဝင်လိုက်ကြသည်။ ကိုယ်ပိုင်တံဆိပ်ပြားများကို ကာကွယ်ထားလျှင် အခြားငရဲများအနေဖြင့် တစ်မှတ်ရရှိရန်ပင် လွယ်ကူမည် မဟုတ်ပေ။ နားခိုရာဂိုဏ်း၏ စည်းမျဥ်းသည် ငရဲရှစ်ထပ်လုံးကို အချင်းချင်း တိုက်ခိုက်စေရန် ရည်ရွယ်ထားပြီး တစ်ချိန်တခါမှ မသတ်မှတ်ဖူးသော စည်းကမ်းများဖြစ်၍ ကျင့်ကြံသူသောင်းချီမှာ အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြ၏။ ကံကောင်းသည်မှာ ထာဝရဓားအကျဥ်းထောင်ဖြစ်ပြီး ငရဲခုနစ်ထပ်လုံးနှင့် တိုက်ခိုက်ရမည့်အဖြစ်မှ လွတ်မြောက်သွားခဲ့သည်။
"ပထမအချီမှာ ငရဲတစ်ထပ်စီက ကံပင်လယ်နယ်ပယ်ကျင့်ကြံသူ ကိုးရာကို ရွေးချယ်ပြီး တိုက်ခိုက်ခိုင်းမယ်။ တိုက်ပွဲတစ်ခုက အမွှေးတိုင်တစ်ဝက်စာပဲ အချိန်ရမယ်။ အချိန်ပြည့်ရင် တံဆိပ်ပြား ဘယ်လောက်ရှိရှိ တိုက်ပွဲကွင်းထဲကနေ ထွက်သွားရမယ်"
ဝင်ပေါက်ရှစ်ခုတွင် ကျင့်ကြံသူများ လှုပ်လှုပ်ရှားရှား ဖြစ်နေစဥ် မိုကျန်းကျီက တည်ငြိမ်စွာ ဆက်လက်ကြေညာလိုက်လေသည်။