ပထမအချီ အရှုံးပေးခြင်း
Vol. 26 Ch. 332
"ဒါ အကုန်ပဲလား"
ငရဲရှစ်ထပ်၏ ကိုယ်စားပြု တိုက်ခိုက်သူများထံ စိုက်ကြည့်နေသော မိုကျန်းကျီကို အဆောင်ဧကရာဇ်က မေးခွန်းထုတ်လိုက်သောအခါ ခေါင်းညိတ်ပြခဲ့သည်။ အရေအတွက် ကိုးရာဆိုသည်မှာ ရေသူပင်လယ်၏ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူအရေအတွက် ဖြစ်သောကြောင့် တစ်ယောက်မကျန် တိုက်ခိုက်ရပေလိမ့်မည်။ ကျင့်ကြံသူ နှစ်ထောင်ကျော် လိုက်ပါလာသော ကပ်ဘေးတံဆိပ်ငရဲအတွက်မူ အစွမ်းအထက်ဆုံး ကိုးရာကိုသာ ရွေးချယ်ရပေလိမ့်မည်။ ထို့ကြောင့် ကျင့်ကြံသူများ၏ အရည်အချင်း သာလွန်လေလေ တံဆိပ်ပြားများများ စုဆောင်းနိုင်လေလေ ဖြစ်သည်။ တံဆိပ်ပြားများသည် နံပတ်တစ်မှ ကိုးရာအထိ ကျပန်းထွက်ပေါ်လာမည်ဖြစ်ကာ ထူးခြားသော စည်းမျဥ်းများ မရှိသဖြင့် ကြုံသလို တိုက်ခိုက်နိုင်ပေ၏။ အကယ်၍ ကျင့်ကြံသူများသည် တိုက်ပွဲကွင်းအတွင်း ဝင်ရောက်၍ မဟာမိတ်အချင်းချင်း တံဆိပ်ပြား လဲလှယ်ချင်လျှင်ပင် ပြဿနာမရှိပေ။
အဆောင်ဧကရာဇ်နှင့် မီးမိစ္ဆာသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တိုက်ပွဲတစ်ခုချင်းစီတွင် ကျင့်ကြံသူခုနစ်ယောက်က ဓားသမားတစ်ယောက်တည်းကို ပူးပေါင်းတိုက်ခိုက်ခြင်းဖြင့် ကံပင်လယ်နယ်ပယ် ဓားသမား ကိုးရာကို အမြစ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤစည်းမျဥ်းသည် မျှတပုံပေါ်သော်လည်း ထာဝရဓားအကျဥ်းထောင်အတွက် ထောင်ချောက်တစ်ခု ဖြစ်နေပြီး ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများသည် ရန်လိုစိတ်ဖြင့် အထင်သေးစွာ စိုက်ကြည့်နေကြ၏။ ဓားကျင့်ကြံသူများမှာ ဦးခေါင်းအထက်သို့ ဖိအားတစ်ခု သက်ရောက်နေပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်သော အမည်ခံဓားအင်မော်တယ် ယွမ်ရှောင်ပင် ကူညီနိုင်တော့မည် မဟုတ်ချေ။
"ဒီစည်းမျဥ်းနဲ့ဆိုရင် ကျန်ငရဲတွေက ဓားကျင့်ကြံသူတွေကို တစ်ယောက်ချင်း ရှင်းလင်းဖို့ အကွက်ချထားတာ မဟုတ်ဘူးလား"
မုတလုံက ခံပြင်းမှုကြောင့် ဒေါသစိတ် ပြင်းထန်နေကာ ဓားကျင့်ကြံသူတစ်ယောက်ချင်းစီသည် နယ်ပယ်တူ ကျင့်ကြံသူခုနစ်ယောက်ဖြင့် တိုက်ခိုက်ရပေတော့မည်။ လွန်ခဲ့သော ဆယ်နှစ်က ငရဲကိုးထပ်တိုက်ပွဲသည် အုပ်စုလိုက်တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ဤသို့သော စည်းမျဥ်းမျိုး ထွက်ပေါ်မလာဖူးပေ။
"ဘယ်သူ့လက်ချက်လဲ"
ဓားကျင့်ကြံသူများသည် မိုကျန်းကျီကို အေးစက်စက် စိုက်ကြည့်နေကြပြီး ဤစည်းမျဥ်းကြောင့် ယွမ်ရှောင်အနေဖြင့် မည်မျှ အစွမ်းထက်ပါစေ၊ အများဆုံး တစ်မှတ်သာ စုဆောင်းနိုင်ပေလိမ့်မည်။ ဤတိုက်ပွဲသည် တစ်ယောက်ချင်းစီ၏ တိုက်ပွဲစွမ်းအားကို ဆုံးဖြတ်ခြင်းဖြစ်ကာ အစွမ်းထက်သူများ၏ လုပ်နိုင်စွမ်းအား ကန့်သတ်ပစ်ခဲ့သည်။ သူတို့က တိုက်ပွဲဝင်ရမည်ကို မကြောက်ဘဲ ထာဝရဓားအကျဥ်းထောင်အတွက် အသက်ကို ရင်းရဲသော်လည်း ခုနစ်ယောက် တစ်ယောက် တိုက်ပွဲမှာ အစွမ်းအစထက် များစွာ ကျော်လွန်နေသဖြင့် ကိုယ့်ကိုကိုယ် သတ်သေခြင်းနှင့် မခြားပေ။
"စည်းမျဥ်းကို သတ်မှတ်ပြီးပြီ။ တိတ်ကြစမ်း။ မကြာခင် တိုက်ပွဲ စတင်မယ်"
မိုကျန်းကျီက အော်ငေါက်လိုက်ပြီး ငရဲခုနစ်ထပ်၏ ကျင့်ကြံသူများ အောင်နိုင်သူဟန်ပန်ဖြင့် ပြုံးနေကာ ဓားကျင့်ကြံသူများကို ရှင်းပစ်ပြီးမှသာလျှင် အမှတ်ရစေရန် ယှဥ်ပြိုင်ကြပေလိမ့်မည်။ သူတို့က သားကောင်ကို ချောင်းမြောင်းနေသည့် မုဆိုးများပမာ လှောင်ပြုံးကိုယ်စီဖြင့် စိုက်ကြည့်နေသဖြင့် ဓားကျင့်ကြံသူများအပေါ် ဖိအားမှာ တောင်တန်းပမာ လေးလံစပြုလာ၏။ မုကျန်းတန်းသည် အခြေအနေကို ဖြေရှင်းရန် နည်းလမ်း မတွေ့သောကြောင့် အကြံတောင်းခံရန် ယွမ်ရှောင်ထံ စကားဆိုလိုက်သည်။
"သခင်လေးယွမ်"
"စိတ်မပူနဲ့။ ကျုပ် ကိုင်တွယ်လိုက်မယ်"
ယွမ်ရှောင်၏ စကားက ဓားကျင့်ကြံသူများကို အနည်းငယ် စိတ်အေးသွားစေခဲ့သည်။
"မိုကျန်းကျီ အရှုံးပေးလို့ရလား"
"ရတယ်။ တံဆိပ်ပြားကို တိုက်ပွဲကွင်းပြင်မှာ ပစ်ထည့်လိုက်ရုံပဲ"
မိုကျန်းကျီက ခံစားချက်မဲ့စွာ ဖြေသည်။
"လူတိုင်းကို အရှုံးပေးဖို့ ပြောလိုက်"
ယွမ်ရှောင်က မုကျန်းတန်းဘက် လှည့်ကာ အမိန့်ပေးလိုက်ပြီး ဤအကွက်ချမှုကို လွတ်မြောက်ရန် လမ်းစပင် ဖြစ်သည်။
"သခင်လေးယွမ် ကံပင်လယ်နယ်ပယ် တိုက်ပွဲက ငရဲကိုးထပ် တိုက်ပွဲအတွက် ခြောက််ဆယ်ရာခိုင်နှုန်း အရေးပါတယ်။ တကယ်လို့ အရှုံးပေးလိုက်ရင် နောက်တစ်ချီမှာ အောင်မြင်မှာ မဟုတ်ဘူး"
မုကျန်းတန်းက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
"ကျုပ် သိပါတယ်"
"ဒါဆိုရင် အရှုံးပေးလိုက်သလို ဖြစ်မသွားဘူးလား။ ထာဝရဓားအကျဥ်းထောင်က ငရဲကိုးထပ် အောက်ခြေကို ရောက်သွားလိမ့်မယ်"
"အတိအကျပဲ"
"ဒါဆိုရင် ဘာကြောင့်လဲ။ တိုက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ငရဲကိုးထပ်ကို အုပ်စိုးဖို့ မဟုတ်ဘူးလား"
"မှားတယ်။ တကယ့်ရည်ရွယ်ချက်က အသက်ရှင်ဖို့ပဲ။ တကယ်လို့ ကျုပ်တို့ ငရဲကိုးထပ်တိုက်ပွဲကို ဝင်မပါဘူးဆိုရင် ငရဲရှစ်ထပ်က စုဝေးပြီး ဓားအပျက်အစီးနယ်မြေကို လာတိုက်ကြလိမ့်မယ်။ ဒါဆိုရင် အသေအပျောက်များမှာ ဖြစ်ပြီး ကျုပ်က ဘယ်ဓားသမားကိုမှ မသေစေချင်ဘူး"
ယွမ်ရှောင်က သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အခြားငရဲများထံ စိုက်ကြည့်ကာ တစ်လုံးချင်း ရှင်းပြလိုက်၏။
"ဒါပေမယ့် ငါတို့ ဓားသမားတွေက သေရဲသတ်ရဲပါတယ်။ ငကြောက်တွေ မဟုတ်ဘူး"
မုကျန်းတန်းက မခံချင်စိတ်ဖြင့် ကြုံးဝါးလိုက်သည်။
"ကျုပ် သိတယ်။ ဒီနေရာမှာ အဓိပ္ပါယ်မရှိ အသက်ရင်းစရာ မလိုဘူး။ အောင်မြင်ပြီး လူတစ်ယောက်မှ အသက်မရှင်ဘူးဆိုရင် ဒီအောင်ပွဲက ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ ငရဲကိုးထပ်တိုက်ပွဲမှာ အောင်နိုင်သူဖြစ်ဖို့က အရေးကြီးတယ်လို့ ထင်လား"
ယွမ်ရှောင်က တည်ငြိမ်စွာ မေးခွန်းထုတ်သည်။
"အရေးကြီးတယ်။.ဒါက ငရဲကိုးထပ်မှာ ဂုဏ်ယူစရာဖြစ်ပြီး ထာဝရဓားအကျဥ်းထောင် ဘိုးဘေးတွေအတွက် ပန်းတိုင်ပဲ။ အကျိုးအမြတ်ရနိုင်တဲ့ အရင်းအမြစ်တွေကလည်း မနည်းမနောပဲ။ ပြီးတော့ မင်းလည်း ရှေးဟောင်းနယ်မြေကို ဝင်ရောက်ခွင့်ရရင် ကျင့်ကြံခြင်းအတွက် ဖြတ်လမ်းဖြစ်နိုင်တယ်"
ဓားအစောင့်အရှောက်က ယွမ်ရှောင်ကို ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်သည်။
"ကျုပ်အတွေးက ဆန့်ကျင်ဘက်ပဲ။ ငရဲကိုးထပ်တိုက်ပွဲမှာ အောင်နိုင်သူဖြစ်ဖို့က လုံးဝ အရေးမကြီးဘူး။ ဒီအရင်းအမြစ်တွေက ငရဲကိုးထပ် စစ်ပွဲ ဖြစ်မလာအောင် ထိန်းချုပ်ထားတဲ့ ငါးစာသက်သက် ဖြစ်တယ်။ တစ်ယောက်ယောက်က ဒီဟန်ချက်ကို ချိုးဖျက်လိုက်ရင် ဘာမှအရေးမပါတော့ဘူး။ တကယ်လို့ ကျုပ်တို့ကသာ အဆောင်ဧကရာဇ်ကို ချက်ချင်း သတ်လိုက်နိုင်ရင် ဒါတွေ အရေးပါဦးမှာလား။ တခြားငရဲတွေက ပူးပေါင်းတိုက်ခိုက်လာရင်လည်း အကုန်သတ်ပစ်နိုင်တဲ့ အစွမ်းအစရှိရင် ပြဿနာမရှိဘူး။ ဟန်ချက်ဆိုတာ အားနည်းသူတွေရဲ့ အကြောင်းပြချက် ဖြစ်ပြီး နားခိုရာဂိုဏ်းက ငရဲကိုးထပ်မှာ စည်းကမ်းတွေ ထုတ်ချင်တိုင်း ထုတ်နေပြီး အရာရာကို ဆုံးဖြတ်ခွင့် မရှိစေရဘူး။ ကျုပ်ကို အချိန် ဆယ်ရက်ပဲပေးလိုက်"
"နားလည်ပါပြီ။ ငါ ချက်ချင်း စီစဥ်လိုက်ပါမယ်"
ယုံကြည်ချက်ပြည့်ဝနေသော ယွမ်ရှောင်၏ အာမခံချက်ကြောင့် ဓားအစောင့်အရှောက်၏ စိတ်နှလုံး တုန်ခါသွားသည်။
"သူတို့ကို ဘာမှ အတိအကျ မပြောနဲ့။ အရှုံးပေးခြင်းက ရှက်စရာဆိုရင်တောင် သည်းခံခိုင်းလိုက်။ လောလောဆယ်မှာ အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး"
ယွမ်ရှောင်သည် သူ့အပေါ် မျက်စိကန်း ယုံကြည်နေသော ဓားကျင့်ကြံသူများကို သေတွင်းသို့ တစ်ကိုယ်ကောင်းဆန်စွာ တွန်းမပို့လိုပေ။
"မဖြစ်နိုင်ဘူး"
"ဓားသမားတွေက တိုက်တောင် မတိုက်ခိုက်ရသေးဘဲ ဘယ်လို အရှုံးပေးနိုင်မှာလဲ"
ဓားအစောင့်အရှောက်က အရှုံးပေးရန် ကြေညာလိုက်သောအခါ ဓားကျင့်ကြံသူအများစုမှာ ဆန့်ကျင်လာကြပြီး သေခြင်းတရားထက် ပို၍ ခံရခက်နေကြသည်။
"ဓားကျင့်ကြံတယ်ဆိုတာ သေခြင်းတရားဆီ ဝင်သွားဖို့ မဟုတ်ဘူး။ ဒါက သခင်လေးယွမ်ရဲ့ အမိန့်ပဲ။ သူ့ကို ယုံကြည်ရမယ်"
မုကျန်းတန်းက ခိုင်မာစွာ ပြောလိုက်သောအခါ သူတို့အားလုံး ယွမ်ရှောင်ထံ လှမ်းကြည့်၍ တိတ်ဆိတ်ကုန်သည်။
"အစ်မ ငါတို့ အရှုံးပေးလိုက်ရင် အောက်ခြေကို ရောက်သွားလိမ့်မယ်။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ"
မုတရှုံက အံကြိတ်၍ စဥ်းစားမရဟန်ဖြင့် ပြောလာခဲ့သည်။
"အခုအချိန်မှာ သည်းခံလိုက်ရင် မျှမျှတတ တိုက်ခိုက်ဖို့ အခွင့်အရေးရလာလိမ့်မယ်"
မုတလုံက အမြော်အမြင်ရှိစွာ သုံးသပ်လိုက်ပြီး ဓားကျင့်ကြံသူများသည် ယွမ်ရှောင်၏ အမိန့်ကို လက်ခံကာ မခံချင်စိတ်များ ပြည့်နှက်နေသော်လည်း လှောင်ပြောင်မှုများကို သည်းခံရပေလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကြောင့် ကျန်ငရဲခုနစ်ထပ်ထံမှ ရယ်သံများ ထွက်ပေါ်လာကာ နားခိုရာဂိုဏ်းတလျှောက် ပဲ့တင်ထပ်သွား၏။
"သမိုင်းထဲမှာ ထာဝရဓားအကျဥ်းထောင်က တိုက်ပွဲမစခင် အရှုံးပေးတဲ့ ပထမဆုံး ငရဲဖြစ်လာပြီ"
"ဓားကျင့်ကြံသူတွေက မာနကြီးတယ်ဆိုပြီး ဒီအကြောင်းသာ ဓားဘိုးဘေးတွေ သိရင် ဂူထဲက တိုးထွက်လာလိမ့်မယ်"
လှောင်ပြောင်သံများအောက်တွင် မျက်နှာများ နီရဲနေသော ဓားကျင့်ကြံသူများမှာ အရှက်တရားကို တိတ်တဆိတ် တုံ့ပြန်ခဲ့ကြသည်။
"သူတို့ကို လျစ်လျူရှုထားလိုက်။ ရယ်သံတွေ လှောင်ပြောင်သံတွေက ငါတို့ကို သတ်ဖို့ စိတ်ဆွပေးနေတာပဲ"
မုတလုံက လူတိုင်းကို စိတ်ရှည်ရှည်ထား၍ သည်းခံရန် ရှင်းပြနေခဲ့ပြီး ဤအရှက်တရားများကို ဓားကျင့်ကြံသူမျိုးဆက် ဆက်လက်တည်တံ့ရေးအတွက် အောင့်အည်းသည်းခံရန် လိုအပ်ပေသည်။ အဆောင်ဧကရာဇ်၊ မီးမိစ္ဆာနှင့် အပေါင်းအပါများသည် မောက်မာသည်ဟု ကျော်ကြားသော ယွမ်ရှောင်က အရှုံးပေးရန် လမ်းကြောင်းကို ရွေးချယ်မည်ဟု မျှော်လင့်မထားပေ။ သူတို့က စိတ်ပျက်သွားကြပြီး ဓားကျင့်ကြံသူများ နှုတ်ထွက်သွားသောအခါ အမှတ်ရစေရန် အချင်းချင်း တိုက်ခိုက်ကြရပေတော့မည်။
ထိုအချိန်တွင် ယွမ်ရှောင်၏ တံဆိပ်ပြားအထက်တွင် နံပတ်တစ်ဟူ၍ ထွက်ပေါ်လာသောကြောင့် တစ်ချက်ပြုံးကာ ကျန်ငရဲများကို စိန်ခေါ်လိုက်လေသည်။
"ငါက နံပတ်တစ် ရထားပြီး ဓားကျင့်ကြံသူတွေကိုယ်စား ပထမဆုံး တိုက်ပွဲဝင်မယ်။ မင်းတို့ထဲက အစွမ်းအထက်ဆုံး ကံပင်လယ်နယ်ပယ် ကျင့်ကြံသူတွေ ထွက်လာကြစမ်း"