← Chapters

သတိပေးချက်

Vol. 26 Ch. 335

သတိပေးချက်

Vol. 26 Ch. 335

ကပ်ဘေးတံဆိပ်ငရဲ၏ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော အမွေအနှစ် ကပ်ဘေးဓား ဖျက်ဆီးခံလိုက်ရပြီး ယွမ်ရှောင်၏ ခြေဖဝါးအောက် နင်းချေခံနေရကြောင်း ရုန်းကျင့်ကြံသူများ မျက်ဝါးထင်ထင် မြင်နေရသည်။ ဓားအတွင်းမှ ထွက်ပေါ်လာသော စွမ်းအင်အဆီအနှစ်များကို သူက ပုလဲတစ်လုံးဖြင့် စုပ်ယူလိုက်သည်။ ၎င်းမြင်ကွင်းသည် ရုန်းကျင့်ကြံသူများ၏ စိတ်နှလုံးကို လက်မည်းကြီးတစ်ဖက်ဖြင့် ဆုပ်ညှစ်ခံနေရသည့်အလား တင်းကြပ်သွားစေကာ ဒေါသထွက်လွန်းသဖြင့် ခန္ဓာကိုယ်များပင် ဖောင်းကားလာသယောင် ထင်မှတ်ရ၏။

"ကပ်ဘေးဓားကို စော်ကားရင် သေရမယ်"

သူတို့က ဒေါသတကြီး ပြေးတက်သွားကြပြီး တိုက်ပွဲကွင်းအတွင်း ဝင်ရောက်ချင်သော်လည်း နားခိုရာဂိုဏ်း၏ အစီအရင်မှ ဟန့်တားထားသည်။ အစီအရင်နံရံကို ပြင်းထန်စွာ တိုက်ခိုက်သော်လည်း အရာမထင်သဖြင့် တစ်ဖက်လူ၏ မျိုးရိုးစဥ်ဆက် အော်ဟစ်ကျိန်ဆဲနေရန်သာ တတ်နိုင်ပြီး သတ်ဖြတ်လိုစိတ်များ မျက်နှာတွင် ထင်ဟပ်နေ၏။

"မင်းတို့က အရှုံးကို လက်မခံနိုင်ဘူးလား။ ငါ့မှာ အချိန်ပေါတယ်။ မင်းတို့ လက်ခံတဲ့အထိ ရိုက်ပေးမယ်"

ယွမ်ရှောင်က အေးစက်စက် စိုက်ကြည့်၍ မှတ်ချက်ပေးလိုက်သည်။

"နားခိုရာဂိုဏ်း ဖုရင်က အရှုံးပေးခဲ့တယ်။ ဒါကို ယွမ်ရှောင်က စည်းကမ်းဖောက်ပြီး သတ်ပစ်ခဲ့တယ်။ ဒါက ငရဲကိုးထပ် တိုက်ပွဲကို မလေးမစား လုပ်နေတာပဲ။ သူ့ကို အပြစ်ပေးသင့်တယ်"

"မှန်တယ်"

"ဒီကောင့်ကို ဆွဲထုတ်ပြီး သတ်ပစ်လိုက်ကြ"

အဆောင်ဧကရာဇ်က ဒေါကြီးမောကြီး တောင်းဆိုလိုက်သောအခါ ယန်မိစ္ဆာများနှင့် တမလွန်ပင်လယ်၏ နတ်ဆိုးများလည်း ဝင်ရောက်ထောက်ခံနေကြသည်။

"နားငြီးလိုက်တာကွာ။ အရှုံးပေးရင် မသတ်ရဘူးဆိုတဲ့ စည်းမျဥ်းမျိုး ငါ မကြားလိုက်ပါဘူး"

ယွမ်ရှောင်က ဒေါသတကြီး ဖြစ်နေသော ထိုအုပ်စုကို အေးစက်စက် တုံ့ပြန်လိုက်သဖြင့် မီးလောင်ရာ လေပင့်သဘောမျိုး ဖြစ်သော်လည်း မိုကျန်းကျီမှ ထောက်ခံပေးခဲ့သည်။

"ယွမ်ရှောင် မမှားဘူး"

"အစ်ကိုမို နားခိုရာဂိုဏ်းက ယွမ်ရှောင်အပေါ် ဘက်လိုက်ချင်နေတာလား"

အဆောင်ဧကရာဇ်က အေးစက်စက် မေးခွန်းထုတ်သည်။

"မင်း မှားနေပြီ အဆောင်ဧကရာဇ်။ နားခိုရာဂိုဏ်းက စည်းမျဥ်းအတိုင်း ဆောင်ရွက်တယ်။ ငါတို့သာ စည်းကမ်း မလိုက်နာဘူးဆိုရင် နင်က ဘယ်လိုလုပ် ငရဲကိုးထပ် ဘုရင်ခံ ဖြစ်လာမှာလဲ"

ရှန်ရှောင်ချန်းက အေးစက်စက် ရယ်မော၍ ဖြတ်ပြောလိုက်ပြီး အဆောင်ဧကရာဇ်ကို သတိပေးလာခဲ့သည်။ အတိတ်တွင် သူမနှင့် အဆောင်ဧကရာဇ်အကြားတွင် ပြဿနာများ ရှိသောကြောင့် ရန်ငြှိုးထားနေခြင်း ဖြစ်နိုင်၏။ အဆောင်ဧကရာဇ်မှာ တိတ်ဆိတ်သွားပြီး ယေဘူယျသဘောပြောရလျှင် ယွမ်ရှောင်အနေဖြင့် နားခိုရာဂိုဏ်း၏ တိုက်ပွဲစည်းမျဥ်းကို ဖောက်ဖျက်ခြင်း မရှိပေ။ ညီမဖြစ်သူ ဖုရင်၊ သားသမီးများနှင့် ကပ်ဘေးဓားကို ဖျက်ဆီးလိုက်သော အဖြူရောင်ဝတ် လူငယ်ကို ကြည့်နေရင်း သူ၏ အင်္ဂါအစိတ်အပိုင်းတိုင်းတွင် လက်စားချေလိုစိတ်များ ပြင်းထန်နေသည်။ ထိုအချိန်တွင် တစ်ဖက်လူက နှာခေါင်းတစ်ချက်ရှုံ့၍ ဖုရင်၏ တံဆိပ်ပြားကို ကောက်ယူကာ တိုက်ပွဲကွင်းအတွင်း ကျန်ရစ်နေသည့် စစ်သည်သုံးယောက်ထံ ချဥ်းကပ်နေပြီဖြစ်၏။

ရှစ်ဖေးလန်သည် လှပသော အပြာရောင်အမြှီးတစ်ချောင်း ပိုင်ဆိုင်ထားကာ အပေါ်ပိုင်းတွင် ချပ်ကာတစ်ခု ဝတ်ဆင်ထား၍ မိုးပြာရောင် မျက်လုံးပိုင်ရှင် အလှလေးတစ်ယောက် ဖြစ်၏။ ယွမ်ရှောင်က သူမ၏ အလှကို စိတ်ထဲမှ အသိအမှတ်ပြုလိုက်သော်လည်း မျက်နှာထားတည်ငြိမ်စွာ လက်ဝါးဖြန့်၍ သတိပေးချက် ထုတ်ပြန်လိုက်သည်။

"အသက်အသေခံမလား တံဆိပ်ပြားကို ပေးမလား"

စကားမဆုံးခင်မှာပင် ချင်ကဲနှင့် ချန်ရှီသည် ထိုလက်ဝါးအတွင်း တံဆိပ်ပြားတစ်ခုစီ ထားရစ်ကာ တစ်ဖက်လူ၏ ဓားချက်စက်ကွင်းအတွင်းမှ လွတ်မြောက်နိုင်သော အကွာအဝေးသို့ ဆုတ်ခွာသွားကြ၏။

"ငကြောက်တွေ"

"ယင်မိစ္ဆာနဲ့ ကုန်းနတ်ဆိုးက အရှက်မရှိဘူး"

လှောင်ပြောင်သံများ ထွက်ပေါ်လာသော်လည်း အမှန်တကယ် ကြုံတွေ့ရလျှင် သူတို့ကိုယ်တိုင်လည်း အညံ့ခံရန် ရွေးချယ်ကြပေလိမ့်မည်။ ရှစ်ဖေးလန် အလှည့်ရောက်လာပြီး ထက်ရှသော မျက်ဝန်းတစ်စုံက ဓားအစင်းပေါင်းများစွာသဖွယ် သူမ၏ မိုးပြာရောင် မျက်ဝန်းများအတွင်း စိုက်ကြည့်နေခဲ့သည်။

"သခင်လေးယွမ်က တကယ့်ကို ချောမောပါတယ်။ ရေသူပင်လယ်မှာ အလှတရားကို ကိုးကွယ်တဲ့အတွက် ရှင့်ကို ပြယုဂ်တစ်ခုအဖြစ် လက်ခံရမယ်"

သူမက တံဆိပ်ပြားကို ရိုရိုသေသေကမ်းပေးကာ ကြာကြည့်တစ်ချက်ပစ်၍ လှပစွာ ဆုတ်ခွာသွားခဲ့သည်။ ဤသို့ဖြင့် တံဆိပ်ပြားရှစ်ခုလုံး ယွမ်ရှောင်လက်အတွင်း ကျရောက်လာခဲ့ပြီး စုစည်းလိုက်သောအခါ ရှစ်ထောင့်သဏ္ဍာန် တံဆိပ်ပြားတစ်ခု ဖြစ်လာကာ ထာဝရဓားအကျဥ်းထောင်အတွက် ကံပင်လယ်နယ်ပယ် တိုက်ပွဲ၌ ပထမဆုံးနှင့် နောက်ဆုံး ရမှတ် ဖြစ်ပေသည်။

"ငါ့ကို အညံ့ခံဖို့ အခွင့်အရေးပေးမယ်။ ငါက မင်းတို့ကို ခွင့်လွှတ်ပေးနိုင်တယ်။ ငါကိုယ်တိုင်လည်း ငရဲကိုးထပ်ကို သွေးနဲ့ဆေးဖို့ စိတ်မဝင်စားဘူး။ ကလန်ကဆန် လုပ်ချင်တယ်ဆိုရင်လည်း မင်းတို့ သဘောပဲ။ ငါက အကုန်လုံး မျိုးဖြုတ်ပေးမယ်"

ယွမ်ရှောင်က ကျင့်ကြံသူတစ်သောင်းကျော်ကို ဝေ့ကြည့်၍ နောက်ဆုံးတွင် အဆောင်ဧကရာဇ်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်ကာ သတိပေးလိုက်သည်။ သူ၏ စကားကြောင့် ဒေါသတကြီး ဖြစ်နေသော ပရိသတ်များအကြား တိတ်ဆိတ်သွားကာ အကြည့်ချင်းဖလှယ်၍ မည်သို့ ဆက်လုပ်ရမည်ကို အတွေးနက်ကုန်သည်။ အောင်းကျစ်၊ ဖုရင်၊ အရိပ်နက်နှင့် မီးစစ်သည်ကို ကိစ္စတုံးပေးလိုက်သော တစ်ဖက်လူ၏ ခွန်အားမှာ သူတို့၏ စိတ်ဓာတ်ကို ပျက်ပြားသွားစေခဲ့သည် မဟုတ်ပါလော။

"သခင်လေးယွမ်ကလည်း ငါတို့လို လူသားတစ်​ယောက်ပဲ။ သူ့ကို အညံ့ခံလိုက်ရင်လည်း အရှုံးမရှိပါဘူး"

ရုန်းကျင့်ကြံသူတစ်ယောက်က တွေးတွေးဆဆ ပြောလိုက်ခြင်း ဖြစ်သည်။

"သူက ဓားကျင့်ကြံသူတစ်ယောက်ပဲ။ အဆောင်ဧကရာဇ်နဲ့ ရန်ငြှိုးကြီးကြီးမားမား ရှိနေတဲ့အတွက် ရုန်းကျင့်ကြံသူတွေကို သေချာပေါက် ဖိနှိပ်လိမ့်မယ်"

"ယွမ်ရှောင်ကို သတ်နိုင်သရွေ့ ဘာပြဿနာမှ မရှိတော့ဘူး"

"သူ အရူးလုပ်တာ မခံနဲ့။ တကယ်သာ အစွမ်းထက်နေရင် ဘာကြောင့် သတိပေးနေမှာလဲ။ ဒါက သူ့ခွန်အားအတွက် အကန့်အသတ်ပဲ။ ငရဲကိုးထပ်မှာ အစွမ်းထက် ကျင့်ကြံသူတွေ အများကြီး ကျန်သေးတယ်"

ကန့်ကွက်သံများ ချက်ချင်းထွက်ပေါ်လာကာ တိုက်ပွဲအချိန် စေ့သွားသဖြင့် ယွမ်ရှောင်လည်း ကွင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။

"ယွမ်ရှောင်"

အဆောင်ဧကရာဇ်၏ ခေါ်သံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူက နောက်လှည့်ကြည့်သည်။

"ဘာကိစ္စလဲ"

"မင်းရဲ့ ခွန်အားနဲ့ဆိုရင် ငရဲကိုးထပ်တိုက်ပွဲ နောက်တစ်ချီမှာ ပါဝင်မယ်မလား"

"မှန်တယ်။ တကယ်လို့ ငါ မင်းကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ လူတိုင်း အညံ့ခံလို့ရပေမယ့် ငါ့ကို သတ်ဖို့ လိုက်ဆွနေတဲ့ မင်း မပါဘူး။ မင်းကို သတ်ပြီး ငရဲကိုးထပ်မှာ ဥပမာ ပြရမယ်။ ပြီးတော့ ယန်မိစ္ဆာတွေနဲ့ တမလွန်ပင်လယ်က အလောင်းနတ်ဆိုးတေီ မင်းတို့လည်း သေဖို့ပြင်ထား"

ယွမ်ရှောင်၏ ရဲတင်းသော စိန်ခေါ်မှုကြောင့် အဆောင်ဧကရာဇ်၏ မျက်နှာထား ပျက်သွားကာ နားခိုရာဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်ကုန်သည်။

"ရေနဂါးဧကရာဇ်၊ ဖီးနစ်ဧကရီ မင်းတို့ ရပ်တန်းက ရပ်မယ်ဆိုရင် အခွင့်အရေးရှိသေးတယ်"

သူက တစ်ချက် ရယ်မော၍ ကုန်းနတ်ဆိုးများနှင့် ရေနဂါးများဘက် လှည့်ကြည့်ကာ ရာဇသံပေးလိုက်ပြန်သည်။

"ဒီကောင်က ငရဲကိုးထပ်ကို သွေးခွဲဖို့ ကြိုးစားနေတာပဲ။ တကယ်သာ သန်မာရင် လေပေါနေမှာ မဟုတ်ဘူး "

"တကယ်လို့ သူသာ ဒီလောက်အစွမ်းထက်နေရင် တိုက်ရိုက် တိုက်ခိုက်တော့မှာပေါ့"

သူ၏ သတိပေးချက်သည် အတွေးများတတ်သော ကျင့်ကြံသူများကို စဥ်းစားခန်းဝင်စေပြီး ပရိယာယ်တစ်ခုအတွင်း မောင်းသွင်းလိုက်ခြင်း ဖြစ်လေသည်။

All Chapters