← Chapters

အသားလုံးများ

Vol. 26 Ch. 336

အသားလုံးများ

Vol. 26 Ch. 336

ယွမ်ရှောင်၏ သတိပေးချက်သည် ငရဲခုနစ်ထပ်၏ ကျင့်ကြံသူများကို အတွေးနက်သွားစေကာ ဉာဏ်ကောင်းသူများကသာ ကျင့်ကြံရေးလောကတွင် အသက်ရှည်တတ်သည် မဟုတ်ပါလော။ သူက ဓားကျင့်ကြံသူများထံ ရောက်သောအခါ အားပေးသံများ နားခိုရာဂိုဏ်းတစ်ခွင် ပဲ့တင်ထပ်သွားကာ သံသယဝင်သူဟူ၍ မရှိချေ။ သူ၏ ပထမဆုံး တိုက်ပွဲသည် ငရဲကိုးထပ်တိုက်ပွဲကို တောက်လောင်စေခဲ့ပြီး မိုကျန်းကျီ၏ ကြေညာသံ ထွက်ပေါ်လာ၏။

"ပထမဆုံးနိုင်ပွဲ ရရှိတဲ့အတွက် ထာဝရဓားအကျဥ်းထောင်ကို ဂုဏ်ပြုပါတယ်။ တိုက်ပွဲပြီးသူတွေ အနားယူနိုင်ဖို့ ယာယီနန်းဆောင်တွေ စီစဥ်ပေးထားပါတယ်"

နားခိုရာဂိုဏ်းသားများနှင့် အနည်းစုသာ လက်ခုပ်တီးပေးခဲ့ကြပြီး ကျင့်ကြံသူအများစုအတွက် လက်မခံနိုင်စရာပင်။ ဝင်ပေါက်တစ်ခုချင်းစီ၏ အနောက်တွင် မြေကြီးအတွင်းမှ နန်းတော်တစ်ခုစီ ထွက်ပေါ်လာသဖြင့် နားခိုရာဂိုဏ်းမှာ ရက်ရောလှသည်။ ၎င်းမှာ ကျင့်ကြံရန်အတွက် ကောင်းမွန်ပြီး ကံပင်လယ်နယ်ပယ် တိုက်ပွဲသည် ဆယ်ရက်ကျော် ကြာမြင့်နိုင်သောကြောင့် ဓားကျင့်ကြံသူများအနေဖြင့် ကောင်းမွန်စွာ အနားယူနိုင်ပေလိမ့်မည်။

"တိုက်ပွဲကွင်းကို ရှင်းလင်းစမ်း။ နောက်တစ်ပွဲအတွက် အသင့်ပြင်ထားကြ"

မိုကျန်းကျီ၏ ကြေညာချက်အဆုံးတွင် တိုက်ခိုက်ချင်လွန်းသဖြင့် လက်ယားနေသော်လည်း မုတရှုံသည် ဓားကျင့်ကြံသူများ ယွမ်ရှောင်၏အမိန့်ကို မလွန်ဆန်စေရန် အလင်းတံဆိပ်ပြားကို ပစ်ထုတ်ကာ အရှုံးပေးလိုက်သည်။ ဓားကျင့်ကြံသူများက ကံပင်လယ် နယ်ပယ် တိုက်ပွဲ၌ အောက်ဆုံးဖြစ်သော်လည်း ယွမ်ရှောင်သည် အသန်မာဆုံး စစ်သည်ခုနစ်ယောက်ကို ကောင်းကောင်းကြီး အနိုင်ယူပြထားခဲ့သည်။ ထို့ကြောင့် လှောင်ပြောင်ခံနေရသော ဓားကျင့်ကြံသူများမှာ ခေါင်းမော့ရင်ကော့၍ ရပ်နေကြသည်။

"ဒါက ဘယ်သူလဲ"

တိုက်ပွဲကွင်း၏ အလောင်းအကြွင်းအကျန်များကို သန့်ရှင်းရေးလုပ်ရန် ရောက်လာသော ခါးကုန်း အဘိုးအိုတစ်ယောက်ကို ယွမ်ရှောင်က သတိထားမိလိုက်၏။ ထိုအဘိုးအိုတွင် သွားတစ်ချောင်းမှ မရှိဘဲ တံမြက်စည်းတစ်ချောင်း ကိုင်ဆောင်ထား၍ သတိထားမိလောက်စရာ အရှိန်အဝါမျိုး မရှိသော်လည်း မသိစိတ်အရ စိတ်ဝင်စားစရာပင်။

"သူက နားခိုရာဂိုဏ်းမှာ ရှိနေတာ ကြာပြီ။ ငါ ဒီနေရာမှာ တိုက်ပွဲဝင်ဖို့ ပထမဆုံးရောက်လာတော့လည်း သန့်ရှင်းရေး လုပ်နေတာပဲ။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် အရှိန်အဝါ မရှိဘူး။ အင်မော်တယ်အဘိုးလို့ ခေါ်ကြပေမယ့် နားခိုရာဂိုဏ်းသားတွေက မလေးစားပါဘူး"

ဓားအစောင့်အရှောက်က ရှင်းပြနေစဥ် အဘိုးအိုသည် ယွမ်ရှောင်၏ အကြည့်ကို သတိထားမိဟန်ဖြင့် ပြုံးပြနေသောအခါ သွားများ မရှိသဖြင့် ထူးခြားသော မြင်ကွင်းဖြစ်သော်လည်း ပြန်လည် ပြုံးပြလိုက်သည်။

"မြန်မြန် လှည်းကျင်းပြီး ထွက်သွားစမ်း"

"ဟုတ်..ဟုတ်ကဲ့"

မိုကျန်းကျီက ငေါက်ငမ်းလိုက်သောအခါ အဘိုးအိုမှာ မမြင်ကွယ်ရာ ထောင့်တစ်ခုသို့ ခပ်သုတ်သုတ် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"နားခိုရာဂိုဏ်းက ဘာကြောင့် ကျင့်ကြံသူနည်းနည်းပဲ ရှိနေရတာလဲ"

"အများစုက လူလုံးထွက်မပြတတ်ကြပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ ငရဲကိုးထပ်တိုက်ပွဲကို ကြီးကြပ်ဖို့ ဂိုဏ်းသားတစ်ထောင်လောက် ရှိခဲ့တယ်။ လောလောဆယ် ဘာကြောင့် ဒီသုံးယောက်ပဲ ရှိနေတာလဲ မသိဘူး။ တစ်ခုခုများ ထူးဆန်းနေလို့လား"

ယွမ်ရှောင်က ထောက်ပြလိုက်သောအခါ မုကျန်းတန်းလည်း အတွေးနက်သွားပြီး စကားဆိုလိုက်သည်။

"ကျုပ်တို့က အရှုံးပေးထားတယ်ဆိုတော့ အခု နားခိုရာဂိုဏ်းထဲက ထွက်သွားလို့ရလား"

ယွမ်ရှောင်က မေးခွန်းကို တိုက်ရိုက်မဖြေဘဲ နောက်ထပ် မေးခွန်းထုတ်လိုက်ပြန်သည်။

"ငရဲကိုးထပ်တိုက်ပွဲတိုင်း နားခိုရာဂိုဏ်းတစ်ခုလုံးကို စည်းခတ်ထားတယ်။ အရင်အခေါက်တွေတုန်းကတော့ တစ်ရက်နှစ်ရက်ပဲ ကြာလို့ ဘယ်သူမှ အပြင် မထွက်ဖူးဘူး။ အနားယူဖို့ နန်းတော်တွေလည်း မရှိခဲ့ဘူး"

မုကျန်းတန်း၏ စကားအဆုံးတွင် သူက ခေါင်းညိတ်၍ အလင်းနန်းတော်ထံ အဆင့်တက်ရန် အကြောင်းပြကာ ထွက်ခွာလာခဲ့သည်။ အခြားသူများအတွက် ကျင့်ကြံရမည် ဖြစ်သော်လည်း ပါရမီထူးချွန်သော သူ့အတွက် နောက်ဆုံးရလဒ်သာ အရေးကြီးပေသည်။ ထိုနန်းတော်အတွင်း ရောက်သောအခါ အခန်းပေါင်း ထောင်ချီ တည်ရှိ၍ လူပေါင်းတစ်ထောင်ကျော် လဝက်ခန့် အနားယူရန် ပြဿနာမရှိဘဲ အလွန်ခမ်းနားကြောင်း တွေ့လိုက်ရ၏။ သူက ထူးထူးဆန်းဆန်း တိတ်ဆိတ်လွန်းနေသော စင်္ကြံလမ်းတလျှောက် ဖုန်မှုန့်များ တွေ့နေရသဖြင့် လူမနေခဲ့သည်မှာ အနည်းဆုံး ဆယ်နှစ်မကလောက်ပေ။ ထို့ကြောင့် ဤနန်းတော်မှာ တစ်ခုခုကို ဝါးမျိုစားသောက်ရန် စောင့်ဆိုင်းနေသော ဧရာမ ပါးစပ်ကြီးတစ်ခုအလား ခံစားနေရသဖြင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

ဓားကျင့်ကြံသူများ အရှုံးပေးလိုက်သဖြင့် ကျန်ငရဲခုနစ်ထပ်မှာ ပစ်မှတ်ပျောက်သွားပြီး အချင်းချင်း တိုက်ခိုက်နေကြရပြီး ကြားနေရသော အသံများအရ ပြင်းထန်ကြောင်း သိနိုင်၏။ ကျင့်ကြံသူတိုင်းတွင် အကြံကိုယ်စီ ရှိပြီး အမည်ခံဓားအင်မော်တယ် ထွက်ပေါ်လာခြင်းသည် သူတို့ကို စည်းလုံးသွားစေသော်လည်း အာဏာအတွက် အချင်းချင်း တိုက်ခိုက်နေကြပြန်သည်။ ရုန်းကျင့်ကြံသူများက နောက်တစ်ကြိမ် ဘုရင်ခံဖြစ်ရန်၊ နေမင်းငရဲနှင့် တမလွန်ငရဲက အုပ်စိုးသူအသစ် ဖြစ်လာရန်၊ အဆုံးမဲ့ငရဲပြည်နှင့် ရှေးဟောင်းနတ်ဆိုးငရဲက ရန်ဘက်များကို ဟန့်တားရန် နှင့် ငရဲပင်လယ်များအနက် အားအနည်းဆုံးဖြစ်သော ရေသူပင်လယ်က အခြားပင်လယ်များ ဘုရင်ခံ ဖြစ်မလာစေရန် တိုက်ပွဲဝင်နေကြသည်။ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများတွင် ဓားကျင့်ကြံသူများ၏ အသက်များ အလဟဿ မစတေးလိုက်ရသဖြင့် ဉာဏ်ရှိသော ရွှေ့ကွက်ပင်။

ယွမ်ရှောင်သည် အလင်းနန်းတော်အတွင်း ကျင့်ကြံရန် ပြင်ဆင်​နေစဥ် တုန်ခါသွားပြီး နီအန်သားရဲ၏ ဟိန်းသံ ထွက်ပေါ်လာကာ နားစည်ကို တုန်ခါသွားစေသည်။ ထို့ကြောင့် သူက နားခိုရာဂိုဏ်း၏ လျှို့ဝှက်ချက်ကို စုံစမ်းစစ်ဆေးရန် အပြင်ထွက်လာခဲ့ပြီး မှေးမှိန်ထူးဆန်းသော လမ်းတစ်ခုကို ရှာတွေ့ကာ မြေအောက်သို့ နိမ့်ဆင်းသွားပုံရသည်။ ကြယ်ပြာလည်း သူ၏ အင်္ကျီရင်ဘတ်အတွင်းမှ ခေါင်းပြူထွက်လာကာ ကြယ်ရောင်မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်အား စစ်ဆေးနေသည်။

"တိတ်တိတ်နေ"

ယွမ်ရှောင်က သားရဲလေးကို သတိပေး၍ ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် မြေအောက်သို့ လမ်းကြောင်းအတိုင်း ဆင်းလာခဲ့သည်။ မြေအောက်သို့ ရောက်လေလေ တုန်ခါမှု ပြင်းထန်လေလေ ဖြစ်ကာ လမ်းတလျှောက် ခင်းထားသော အုတ်ခဲများမှာ ယိုယွင်းဟောင်းနွမ်းနေခဲ့သည်။

"ကြည့်ရတာ နီအန်သားရဲနဲ့ နီးလာပြီ"

သူက မျက်မှောင်ကြုတ်ရင်း ရှေ့ဆက်နေခဲ့သည်။

"သတိထား။ ဒီကောင်ကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်ဘူး"

ကြယ်ပြာက စကားဆိုသည်။

"ဒါကြီးကို ဖမ်းချုပ်ထားတာ မဟုတ်ဘူးလား"

"ပြောရခက်တယ်။ နှစ်ပေါင်းများစွာ အကြာမှာ ချိတ်စည်းတွေ လျော့ရဲနေနိုင်တယ်"

"ဒါဆိုရင် ဖီးနစ်ဧကရီက လနတ်သားကို တွေ့လိုက်တာနဲ့ ခံစားချက်တွေ ပေါက်ကွဲလာသလိုပေါ့"

"တော်စမ်းပါကွာ"

အလိုက်ကမ်းဆိုး မသိသော လနီကို ယွမ်ရှောင်ရော ကြယ်ပြာပါ ပြိုင်တူ ငေါက်ငမ်း၍ နီအန်သားရဲ၏ ဟိန်းသံမှာ နားစည်ကို ပြင်းထန်ကျယ်လောင်စွာ ထိခတ်နေ၏။

"ထန် ထန် ထန်"

ဟိန်းသံအကြားတွင် တစ်ခုခုကို စည်းချက်ကျကျ ထုရိုက်နေသံများ ကြားနေရသဖြင့် သူတို့က အကြည့်ချင်းဖလှယ်၍ အနားရောက်လာသောအခါ တူထုသံများ ဖြစ်နေခဲ့သည်။ လမ်းကွေ့တစ်ခုသို့ ရောက်သောအခါ အက်ကွဲကွဲ စကားသံတစ်ခု မမြင်ရသော လမ်းတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခဲ့သည်။

"စိတ်ထိန်းပါဦး။ အသားလုံးတွေ မကြာခင် ရတော့မယ်"

ယွမ်ရှောင်က သတိကြီးကြီးထား၍ ချောင်းကြည့်လိုက်သောအခါ သန့်ရှင်းရေး အဘိုးအိုအား တူတစ်လက် ကိုင်ဆောင်ထားကြောင်း မြင်လိုက်ရသည်။ ဧရာမ ပေခုံကြီးတစ်ခုလည်း ရှိနေကာ လူသားလား နတ်ဆိုးအသားလား ခွဲခြားမရသော သွေးသံရဲရဲ အသားတုံးများ တင်ထား၏။ အဘိုးအိုက ထိုအသားတုံးများကို တူဖြင့် ဆက်တိုက် ထုနှက်၍ တစ်ခုခုကို နှစ်သိမ့်နေပုံရသည်။

"မကြာခင် ကောင်းမွန်တဲ့ အသားလုံးတွေ ရတော့မယ်"

သန့်ရှင်းရေး အဘိုးအို၏ လုပ်ရပ်ကြောင့် သူ၏ စိတ်အတွင်း မေးခွန်းများ ထွက်ပေါ်လာပြီး ရုန်းပေါင်းသိန်းချီဖြင့် ကာကွယ်ထားသော နံရံတစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ ဧရာမ အက်ကြောင်းကြီးတစ်ခု တည်ရှိနေကာ အတွင်းမှ အဝါရောင် စွမ်းအင်များ စိမ့်ထွက်နေသည့်အပြင် ကြီးမားသော မျက်လုံးကြီးတစ်လုံး ထွက်ပေါ်လာကာ သူ့ကို တည့်တည့်ကြီး စိုက်ကြည့်နေခဲ့လေသည်။

All Chapters