ကန့်လန့်ကာနောက်ကွယ်
Vol. 26 Ch. 337
သွေးသံရဲရဲ အသားများကို ထုရိုက်၍ လုံးချေနေသော အဘိုးအိုက ယွမ်ရှောင်ကို မော့ကြည့်လာသောအခါ ခြောက်ချားဖွယ်ရာ ဖြစ်၍ နောက်မဆုတ်ခဲ့သော်လည်း ဓားဝိညာဥ်နှင့် အသက်တံဆိပ်ကို အင့်ပြင်ထားလိုက်မိသည်။ အက်ကြောင်းအတွင်းရှိ အဝါရောင် မျက်လုံးကြီးသည် မြေအောက်ဘုံပမာ ကြမ်းကြုတ်သော အရှိန်အဝါမျိုးထွက်ပေါ်နေကာ လေထုကို မွန်းကြပ်စေသည်။ ဤမျှ ကြမ်းကြုတ်သော သားရဲတစ်ကောင် ပထမအထပ်၌ ချုပ်နှောင်ခံထားရလျှင် ကျန်အထပ်များ၏ အကျဥ်းသားများ ကြောက်မက်ဖွယ်ကောင်းပုံကို တွေးကြည့်နိုင်၏။
"သခင်လေးယွမ် ရောက်နေတာလား"
အဘိုးအိုသည် လက်ထဲရှိ သွေးစွန်းနေသော တင်းပုတ်ကို ကျောနောက်သို့ မသိမသာဝှက်ကာ ကြိုဆိုလိုက်သော်လည်း စိတ်ကြည်နေပုံမရချေ။
"ငါက ပျင်းလာလို့ လျှောက်ကြည့်နေတာ။ နှောင့်ယှက်သလို ဖြစ်သွားတာလား"
"မဖြစ်ပါဘူး။ လူငယ်ပါရမီရှင်တစ်ယောက်နဲ့ စကားပြောခွင့်ရတာ ဒီအဘိုးကြီးအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ"
အဘိုးအိုက သွားများ လုံးဝမရှိသော ပါးစပ်ကို ဖြဲပြ၍ ခေါင်းယမ်းလိုက်ပြီး နံရံအက်ကြောင်းမှ မျက်လုံးကြီးမှာလည်း အရှိန်အဝါကို ရုတ်သိမ်းလိုက်သောကြောင့် အသက်မဲ့သွားပုံပေါ်သည်။
"ဒါက ဘာအသားတွေလဲ"
ယွမ်ရှောင်၏ စိတ်ထဲတွင် ဤအဘိုးအိုက တိုက်ပွဲကွင်းကို သန့်ရှင်းရေးလုပ်နေသော မြင်ကွင်းနှင့် နားခိုရာဂိုဏ်းသားများ ပျောက်ဆုံးနေသောကြောင့် သံသယများ စတင်ဖြစ်ပေါ်လာသည်။
"အထင်မလွဲပါနဲ့ သခင်လေးယွမ်။ ဒါက အပြင်ကနေ ဝယ်ထားတဲ့ သိုးသားဆိတ်သားတွေနဲ့ ငါးတွေပါ။ မယုံရင် စစ်ဆေးကြည့်လို့ရပါတယ်။ ဒီသားရဲက အသားစားချင်ရုံတင် မဟုတ်ဘဲ နုတ်နုတ်စင်းထားတာကို လိုချင်နေတာ။ လိုချင်တာကို မပေးဘူးဆိုရင် သောင်းကျန်းပြီး ငရဲကိုးထပ်တိုက်ပွဲကို နှောင့်ယှက်နေလိမ့်မယ်။ ကျုပ်လို အရိုးအိုကြီးက ရွေးချယ်စရာ မရှိဘဲ အစာကျွေးနေရတာပေါ့လေ"
အဘိုးအိုက အပြစ်ကင်းစင်ဟန်ဖြင့် ခေါင်းကုတ်နေရာမှ ဖြေလိုက်သည်။
"ခင်ဗျားပြောချင်တာ ဒါကြီးက နီအန်သားရဲလား"
"ဟုတ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာနေတာတောင် ဒီကောင်ကြီး သေကိုမသေနိုင်ဘဲ ဆူဆူညံညံ လုပ်နေတုန်းပဲ"
အဘိုးအိုက သက်ပြင်းချလိုက်ပြီး နံရံအနောက်မှ လှုပ်ရှားရုန်းကန် ပြလိုက်သောကြောင့် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရာ အနီးကပ် ကြားလိုက်ရသော ဟိန်းသံကြောင့် ယွမ်ရှောင် နားအူသွား၏။
"စောက်သားရဲ ငြိမ်ငြိမ်နေစမ်း"
အဘိုးကြီးက မြည်တွန်တောက်တီး၍ အသားလုံးအချို့ ပစ်ပေးလိုက်သောအခါတွင်မှ ၎င်းမှာ ငြိမ်သက်သွားခဲ့သည်။
"ဒီအက်ကြောင်းကြောင့် သားရဲက လွတ်မလာနိုင်ဘူးလား"
"စိတ်ချပါ သခင်လေးယွမ်။ ဒီအက်ကြောင်း ရှိနေတာ နှစ်ထောင်ချီနေပါပြီ။ ဒီသားရဲက ကြီးမားပေမယ့် နတ်ဆိုးတစ်ကောင် ဖြစ်မလာလို့ အသိဉာဏ်မရှိတဲ့အတွက် ထွက်မလာနိုင်ဘူး။ ငရဲကိုးထပ်မှာ ကျင့်ကြံသူတိုင်း ဒီအကြောင်း သိထားပါတယ်"
ယွမ်ရှောင်သည် အချိန်တစ်ခုကြာ တိတ်ဆိတ်ပြီးနောက် မေးခွန်းထုတ်လာသောအခါ အဘိုးအိုက ရှင်းပြ၏။
"ဆက်လုပ်ပါ။ ငါ လေ့လာကြည့်လိုက်ဦးမယ်"
"ကောင်းပါပြီ။ စိတ်တိုင်းကျ သွားလာပါ"
အဘိုးအိုက ယွမ်ရှောင်ကို နှုတ်ဆက်၍ သိုလှောင်အိတ်အတွင်းမှ ငါးမန်းတစ်ကောင်ကို ဆွဲထုတ်ကာ တင်းပုတ်ဖြင့် စိစိညက်ညက် ကြေသွားစေရန် ဆက်လက် ထုနှက်နေသဖြင့် တစ်ကိုယ်လုံး သွေးများ စင်ကုန်သည်။
"ဒါနဲ့ တိုက်ပွဲကွင်းထဲမှာ သန့်ရှင်းရေးလုပ်နေတာက ဘယ်သူလဲ"
"ကျုပ်ရဲ့ အမွှာညီအစ်ကိုပါ။ ကျုပ်တို့က နားခိုရာဂိုဏ်းမှာ အောက်ခြေသိမ်း လုပ်ပေးနေတာ နှစ်တစ်ရာလောက် ရှိပါပြီ"
လှည့်ထွက်သွားသော ယွမ်ရှောင်က တစ်ခုခု တွေးမိဟန်ဖြင့် စကားအစ်လိုက်သော်လည်း အကြောင်းပြချက်တစ်ခုသာ ပြန်ရခဲ့သည်။
"နောက်ဆုံးတစ်ခုလောက် သိချင်မိတယ်။ နားခိုရာဂိုဏ်းသားတွေ ဘယ်ရောက်နေကြတာများလဲ"
"သခင်လေးယွမ် မသိသေးဘူးလား"
"ဘာများလဲ"
"ရှေးဟောင်းနယ်မြေကြီး ရောက်လာတော့မှာဆိုတော့ နားခိုရာဂိုဏ်းသားတွေက အပေါ်တက်ဖို့ ခရီးထွက်သွားကြတယ်လေ။ ရိုးရိုးသားသား ပြောရရင် ကျုပ်လည်း လိုက်သွားချင်ပေမယ့် ဒီသားရဲကြောင့် မအားလပ်နေဘူး"
စကားအဆုံးတွင် သားရဲဟိန်းသံ ထပ်မံထွက်ပေါ်လာသောကြောင့် အဘိုးအိုမှာ သူ့ကို လျစ်လျူရှု၍ ငါးမန်းအသားကို ဆက်လက်ထုနှက်နေ၏။ သူက နံရံထံ အမှတ်မထင်ကြည့်လိုက်ပြီး ဝိညာဥ်မျက်လုံး ဖွင့်လိုက်သောအခါ အရာရာကို နားလည်သွားသဖြင့် ရင်ထိတ်သွားခဲ့သည်။
"မင်းကို သေတဲ့အထိ စားပိုးနင့်အောင် ကျွေးပစ်မယ်။ နောက်ထပ် မနှောင့်ယှက်နဲ့"
အဘိုးအိုက ငါးမန်းအသားကို လုံး၍ နံရံအတွင်း ပစ်ထည့်နေစဥ် ယွမ်ရှောင်မှာ ထိုနေရာမှ ထွက်သွားပြီဖြစ်သည်။
"တော်ပါသေးတယ်"
သူ ပျောက်ကွယ်သွားသောအခါ နံရံအတွင်းမှ ငါးမန်းအသားလုံးကြီး အပြင်သို့ လွင့်ထွက်လာကာ အဘိုးအိုမှာ သက်ပြင်းချနေခဲ့သည်။ လက်ရှိအခြေအနေမှာ နားခိုရာဂိုဏ်းသို့ မရောက်ခင်ကနှင့် ကွဲပြားနေပြီဖြစ်ကာ သူ့အနေဖြင့် သတိကြီးကြီးထားရန် လိုအပ်နေခဲ့သည်။ အချို့ကိစ္စရပ်များကို လက်ရှောင်နေခြင်းဖြင့် မလိုအပ်သော ရန်သူများ တိုးပွားလာမည် မဟုတ်ပေ။ ဝိညာဥ်မျက်လုံးသာ ပိုင်ဆိုင်မထားလျှင် အရူးလုပ်ခံရမည်ဖြစ်သော်လည်း လက်ရှိတွင် နားခိုရာဂိုဏ်းသားများသည် အသားလုံးအဖြစ် အဆုံးသတ်သွားနိုင်ချေရှိကြောင်း နားလည်လာခဲ့သည်။
"သခင်လေးယွမ်"
အလင်းနန်းတော်သို့ ပြန်ရောက်သောအခါ စိုးရိမ်တကြီး လိုက်ရှာနေသော မုတလုံက အပြေးတစ်ပိုင်း ရောက်ရှိလာကာ စိတ်အေးသွားပုံပေါ်သည်။
"ဘာပြဿနာရှိလို့လဲ"
"သခင်လေးကို ရှာမတွေ့လို့ပါ"
"မစိုးရိမ်ပါနဲ့။ ဒီလိုဆိုးယုတ်မှုတွေ ပြည့်နှက်နေတဲ့ လောကကြီးအတွက် ကျုပ်လို သူရဲကောင်းက အသက်ရှင်ရဦးမှာပါ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ နှစ်သိမ့်လိုက်သည်။
"သခင်လေးယွမ်က သူရဲကောင်း မဟုတ်ပေမယ့် လူကောင်းတစ်ယောက်ပါ။ လူငယ်တစ်ယောက်အနေနဲ့ တဇွတ်ထိုးဆန်ပြီး ကြမ်းကြုတ်ရက်စက်ပေမယ့် ကိုယ်ကျင့်တရား ရှိတယ်။ ချစ်စရာ လူငယ်လေးတစ်ယောက်ပါပဲ"
မုတလုံက နှုတ်ခမ်းကို လက်ဖြင့်ကာ၍ တခစ်ခစ်ရယ်မောကာ စနောက်လိုက်သည်။ ထို့နောက် သူတို့က နန်းတော်အတွင်းပိုင်းသို့ ဝင်ရောက်လာကြပြီး ယွမ်ရှောင်သည် ကျင့်ကြံရန် အခန်းတစ်ခုအတွင်း ဝင်ရောက်သွားသောအခါ သူမမှာ စောင့်ကြပ်ရန် အပြင်ဘက်တွင် ကျန်ရစ်နေခဲ့၏။ အချိန်နှင့်အမျှ ဓားကျင့်ကြံသူများ ထပ်မံရောက်ရှိလာကာ တိုက်ပွဲတွင် တံဆိပ်ပြားများ စွန့်လွှတ်၍ လူတိုင်း အရှုံးပေးခဲ့ကြောင်း သေချာပေသည်။
"သခင်လေးယွမ်က အမြော်အမြင်ကြီးတယ်။ ဒီနေ့မှာ ငရဲခုနစ်ထပ်လုံး ကြီးကြီးမားမား ထိခိုက်သွားပေမယ့် ငါတို့ကတော့ ခြစ်ရာတောင် မရှိဘူး"
"စစ်ပွဲကာလမှာ ရှင်သန်ဖို့က တကယ်အရေးကြီးတာပဲ"
"ကျန်ငရဲတွေကတော့ အထိနာနေလောက်ပြီ"
သူတို့က ယွမ်ရှောင် ကျင့်ကြံနေသော အခန်းသို့ တစ်ချက်လှမ်းကြည့်၍ လေးလေးစားစား ချီးကျူးနေကြသည်။
ကျင့်ကြံရေးအခန်းအတွင်း၌ ကြယ်ပြာသည် ကောင်းကင်တာအိုဆေးလုံးများကို ယွမ်ရှောင် ရှေ့မှောက်တွင် တောင်ပုံရာပုံ အန်ချပေးလိုက်ပြီး ကံပင်လယ် နယ်ပယ်အဆင့်အထိ ရောက်ရန် လုံလောက်ပေသည်။
"မင်းတို့ လက်ထဲမှာ အရင်းအမြစ်တွေ ဘယ်လောက်များများ ကျန်သေးလဲ"
ယွမ်ရှောင်က သားရဲလေးကို ဂုတ်မှ ဆွဲမ၍ မေးခွန်းထုတ်သည်။
"ဒါတွေက မင်းရဲ့ လုံခြုံရေးအတွက် သိမ်းထားပေးတာကွ။ နားလည်လား။ စိတ်မပူနဲ့၊ မင်းကို ကံပင်လယ် နယ်ပယ် ရောက်စေဖို့ လုံလောက်တယ်။ နောက်ထပ်အဆင့်တက်ချင်ရင်တော့ ကျန်ငရဲတွေကို ရသလောက် ညှစ်ထုတ်လိုက်"
ကြယ်ပြာက မျက်လုံးလှန်ကြည့်၍ ခွန်းတုံ့ပြန်ရင်း ရင်ဘတ်ကို တဘုန်းဘုန်းရိုက်ကာ အာမခံလိုက်သည်။
"အပြာကောင် မင်း စကားပြောတာ ငါ့ကို ဘာလို့ လာရိုက်နေတာလဲ"
လနီက မကျေမနပ် စကားဆိုသဖြင့် နှစ်စိတ်တစ်ကိုယ် သတ္တဝါ နှစ်ကောင်မှာ စကားများနေကြလေသည်။
"ငါ မင်းကို ရိုက်တော့ရော ဘာဖြစ်လဲကွ"
"ရိုက်ရဲရိုက်ကြည့်စမ်း။ မင်း လက်ကို ကိုက်စားပစ်မယ်"
"အဲ့တာက မင်းရဲ့ ကိုယ်လက်အင်္ဂါပဲမဟုတ်ဘူးလားကွ"