အဆောင်ဧကရာဇ်၏ အကြံ
Vol. 26 Ch. 338
အကယ်၍ ယွမ်ရှောင်သာ ကံပင်လယ် နယ်ပယ် အခြေတည်အဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင် ငရဲကိုးထပ်၌ စိုးရိမ်စရာ အတော်အတန် လျော့ပါးသွားပေလိမ့်မည်။ ထို့ကြောင့် သူက ကျန်ငရဲများထံမှ ပိုင်ဆိုင်မှုများ လုယက်ရန် ကြံစည်နေပြီး ထာဝရဓားအကျဥ်းထောင်မှာမူ အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာအထိ ထောက်ပံ့ပေးခဲ့သောကြောင့် ထပ်မံတောင်းဆိုရန် မဖြစ်နိုင်တော့ပေ။ ဒုတိယအဆင့် တာအိုကပ်ဘေး နယ်ပယ်များတွင် တာအိုနှလုံးသား၏ အခန်းကဏ္ဍက အရေးပါပြီး ကျင့်ကြံခြင်းမှာ ပထမ တာအိုကပ်ဘေး (အောက်အဆင့် ရှစ်ခု) လောက် မရိုးရှင်းတော့ပေ။
လောကတာအိုနှလုံးသည် ကပ်ဘေးမိစ္ဆာသွေးနှင့် ပျက်စီးနတ်ခန္ဓာထက် ပို၍ အစွမ်းထက်သကဲ့သို့ တိုးတက်လာရန်လည်း ခက်ခဲပေသည်။ ၎င်းတို့မှာ လျှောက်လှမ်းရန် လမ်းကြောင်း အသင့်ရှိနေပြီး လောကတာအိုနှလုံးသည် လမ်းကြောင်း အသစ်တစ်ခုဖြစ်၍ လက်ရှိတွင် လနတ်သားနှင့် စစ်မင်းသမီးသည် မူလကိုယ်ထက် တိုးတက်နှုန်းမြန်ဆန်နေသော်လည်း ကံကောင်းသည်မှာ ယွမ်ရှောင်၌ ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်သော နားလည်နိုင်စွမ်း ပိုင်ဆိုင်ထားသည်။ တာအိုနှလုံးသားသည် ဒန်တန်နှင့် ပေါင်းစပ်၍ မြင့်မြတ်ချီကို ဝါးမျိုလိုက်လျှင် သူ့အနေဖြင့် အဆင့်တက်နိုင်ပြီး စွမ်းအားကို အဆမတန် မြှင့်တင်နိုင်ပေလိမ့်မည်။ စစ်မင်းသမီး၏ မိစ္ဆာတာအို နှလုံးသားသည် နှလုံးသွေးနှင့် ပေါင်းစပ်ပျော်ဝင်နေကာ လနတ်သား၏ နတ်ဆိုးတာအို နှလုံးသားသည် ပျက်စီးနတ်ခန္ဓာနှင့် ပေါင်းစပ်နေသောကြောင့် မတူကွဲပြားသော လမ်းကြောင်းများဖြစ်သည်။
ကောင်းကင်တာအိုဆေးလုံးများကို အသုံးပြုပြီးနောက် ယွမ်ရှောင်၏ လောကတာအိုနှလုံးသားသည် နှလုံးနှင့် ဆက်နွယ်မှုကို ဖြတ်တောက်ကာ ဒန်တန်ထံ ဆင်းသက်သွားကာ နေကိုးစင်းအကြား နေရာယူလိုက်သည်။ ၎င်းသည် အဖြူရောင် သွေးကြောသဏ္ဍာန် စွမ်းအင်များ ထုတ်လွှတ်ကာ နေကိုးစင်းနှင့် ချိတ်ဆက်၍ နှလုံးတစ်ခု အလုပ်လုပ်သည့်အတိုင်း မြင့်မြတ်ချီများကို စုပ်ယူ၍ ကြယ်သွေးကြောများထံ ပို့ဆောင်ပေးနေသည်။ ဤသို့ဖြင့် ပတ်ဝန်းကျင် ချီစွမ်းအင်သည် သူ့ထံ အဆက်မပြတ် စီးဝင်လာနေပြီး သေမျိုးခံစားချက်ပေါင်းစုံသည် ဒန်တန်နှင့် ပြည့်စုံစွာ ပေါင်းဖက်သွား၏။ ကျင့်ကြံခြင်း၏ အခြေခံ ဖြစ်သော လောကတာအိုနှလုံးသည် ဒန်တန်အတွင်း တည်ငြိမ်စေရန်နှင့် စွမ်းအား တိုးတက်လာစေရန် တာဝန်ယူထားပြီး ပိုမို မြင့်မားသော ကျင့်ကြံဆင့်များထံ ခေါ်ဆောင်သွားပေလိမ့်မည်။ ဤအဆင့်နှင့် နှိုင်းယှဥ်လျှင် အောက်အဆင့်ရှစ်ခုမှာ အလွန်လွယ်ကူသွားခဲ့သည်။
ယွမ်ရှောင်သည် ဖုရင်၏ ဖန်ဆင်းရှင်မျိုးစေ့ကို ဝါးမျိုခဲ့ပြီး အောင်းကျစ်၊ အရိပ်နက်နှင့် မီးစစ်သည်၏ ဖန်ဆင်းရှင်မျိုးစေ့များကို လနတ်သားနှင့် စစ်မင်းသမီးအတွက် သိမ်းဆည်းထားလိုက်၏။ နီအန်သားရဲသည်လည်း ဖန်ဆင်းရှင်မျိုးစေ့ တစ်ခု ပိုင်ဆိုင်ထားသလားဟူသော မေးခွန်းတစ်ခု စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။ လက်ရှိတွင် သူက အစောပိုင်းအဆင့် ကံပင်လယ်နယ်ပယ် ကျင့်ကြံသူဖြစ်သော်လည်း လောကတာအိုနှလုံးသား အခြေကျပြီးနောက် အချိန်ဆယ်ရက်အတွင်း မြင့်မားစွာ တိုးတက်လာပေလိမ့်မည်။ ဆယ်ရက်အကြာတွင် သူသည် ငရဲကိုးထပ်တိုက်ပွဲ၌ အနိုင်မရလျှင်ပင် ငရဲကိုးထပ်ကို အုပ်စိုးနိုင်သော စွမ်းအားမျိုး ရှိနေပါက အဓိပ္ပါယ်မဲ့ ယှဥ်ပြိုင်နေစရာ မလိုတော့ပေ။
"အဆောင်ဧကရာဇ် မီးမိစ္ဆာ နတ်ဆိုးဖြူ ငါ့ကို စောင့်နေကြစမ်း"
မုတလုံသည် အလောင်းနတ်ဆိုးတစ်ကောင် ဖြစ်သော်လည်း ဖီးနစ်ဧကရီနှင့် နှိုင်းယှဥ်ရလောက်အောင် ချောမောသော တမလွန်ပင်လယ်၏ ဘုရင်မအကြောင်း ယွမ်ရှောင်ကို သတင်းပေးခဲ့သည်။ အလောင်းနတ်ဆိုးဟူသော စကားလုံးသည် တားမြစ်ကံကြမ္မာ နတ်ဆိုးကို အမှတ်ရစေခဲ့သော်လည်း ဖော်ပြချက်အရ ဤနတ်ဆိုးဖြူမှာ ကိုင်တွယ်ရ ပိုမို ခက်ခဲပေလိမ့်မည်။ တားမြစ်ကံကြမ္မာသည် သေဆုံးသွားသော အလောင်းများကိုသာ ဝါးမျိုနိုင်သော်လည်း သူမသည် အလောင်းများ၏ ခံစားချက်များကိုပင် စုပ်ယူနိုင်သဖြင့် တားမြစ်ကံကြမ္မာနှင့် သရဲသတို့သမီး ပေါင်းစပ်ထားသော အသွင် ဖြစ်၏။
နတ်ဆိုးဖြူသည် တမလွန်ပင်လယ်အနီးရှိ တံငါရွာတစ်ရွာတွင် မွေးဖွားလာခဲ့ပြီး လူသားကျင့်ကြံသူများနှင့် ဝေးကွာသောကြောင့် လုံခြုံရေးအတွက် တမလွန်ပင်လယ်၏ နတ်ဆိုးများကို ယဇ်ပူဇော်ရသည့် ဒေသမျိုးဖြစ်သည်။ သူမသည် အသက်၁၂နှစ်အရွယ်တွင် ခြေထောက်တွင် ခဲဆွဲ၍ ပင်လယ်အတွင်း ယဇ်ပူဇော်ခံခဲ့ရပြီး သေဆုံးသွားသော်လည်း ထိုအလောင်းသည် တမလွန်ပင်လယ်ရှိ မရေမတွက်နိုင်သော ရန်ငြှိုးခံစားချက်များကို ဝါးမျိုနိုင်ခဲ့၏။ ဤသို့ဖြင့် အလောင်းနတ်ဆိုးတစ်ကောင် ဖြစ်လာပြီး တားမြစ်ကံကြမ္မာထက် ပို၍ အစွမ်းထက်ကာ ပင်လယ်အတွင်း ပုပ်သိုးနေသော အလောင်းများစွာသည် သူမ၏ စွမ်းအင် အရင်းအမြစ်ပင်။ ယွမ်ရှောင် သိထားသည်မှာ နတ်ဆိုးဖြူ၏ လူသားများအပေါ် မုန်းတီးမှုသည် သတို့သမီးသရဲထက် သာလွန်ကြောင်း ဖြစ်ပေသည်။
ဤသို့ဖြင့် ငရဲကိုးထပ်တိုက်ပွဲ၏ ပထမဆုံးရက် ကုန်ဆုံးသွားကာ တိုက်ပွဲ ၉၆ခု ပြီးဆုံးသွားသည်။ ကံပင်လယ်နယ်ပယ် တိုက်ပွဲသည် ငရဲကိုးထပ်တိုက်ပွဲ၏ ခြောက်ဆယ်ရာခိုင်နှုန်းကို ကာမိသောကြောင့် မည်သည့်ငရဲဖြစ်ပါစေ အပြင်းအထန် တိုက်ပွဲဝင်ကြရာ သေကြေပျက်စီးမှု များပြားခဲ့၏။ ထို့ကြောင့် ယာယီမဟာမိတ် ဖွဲ့ထားသော ငရဲခုနစ်ထပ်မှာ တစ်ရက်တည်းဖြင့် အချင်းချင်း ရန်သူတော်များဖြစ်လာကာ တိုက်ပွဲတိုင်းတွင် သစ္စာဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ မရှားပေ။ ဤနှုန်းဖြင့် ဆက်လက်တိိုက်ခိုက်နေလျှင် ထာဝရဓားအကျဥ်းထောင်မှလွဲ၍ ငရဲခုနစ်ထပ်မှာ ကံပင်လယ်နယ်ပယ် ကျင့်ကြံသူအရေအတွက် များစွာ ကျဆင်းသွားပေလိမ့်မည်။
အနားယူ နန်းဆောင်အတွင်း ကပ်ဘေးတံဆိပ်ငရဲသည် ၂၃မှတ်ဖြင့် ယာယီဦးဆောင်ထားနိုင်သော်လည်း တမလွန်ပင်လယ်က ၂၂မှတ်ဖြင့် ကပ်လိုက်နေသောကြောင့် အဆောင်ဧကရာဇ်၏ မျက်နှာ မည်းမှောင်နေသည်။ တိုက်ပွဲ ၉၆ခုတွင် ၂၃မှတ် ရယူနိုင်ခြင်းက ကောင်းမွန်ပြီး ဥပမာအားဖြင့် ရေသူပင်လယ်မှာ အမှတ်သုံးမှတ်ပင် မရထားချေ။ သို့သော် ၂၃မှတ် ရနိုင်ရန်အတွက် ရုန်းကျင့်ကြံသူ ၁၇ယောက် သေဆုံးပြီး ၃၃ယောက် အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် ယာယီဦးဆောင်ထားနိုင်သော်လည်း အဆောင်ဧကရာဇ်တစ်ယောက် မပျော်နိုင်ပေ။
"အသေအပျောက်များလို့ မပျော်မရွှင် ဖြစ်နေတာလား"
ချင်ကန်က စကားစလိုက်ခြင်း ဖြစ်သည်။
"မဟုတ်ဘူး။ ဒီကိစ္စကြောင့် ရန်သူတွေက အခြေအနေကို ပြောင်းပြန်လှန်နိုင်သွားရင် ငရဲကိုးထပ်တိုက်ပွဲ အနိုင်ရရင်တောင် အဓိပ္ပါယ် မရှိတော့ဘူး"
အဆောင်ဧကရာဇ်က ခေါင်းယမ်း၍ လေးနက်စွာ ရေရွတ်သည်။
"နားခိုရာဂိုဏ်းသာ ဒီလိုလုပ်မယ်ဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ သြဇာအာဏာ ပျက်စီးသွားလိမ့်မယ်။ ကျန်ငရဲတွေကလည်း ထကြွပုန်ကန်ပြီး ဆုံးရှုံးမှု ကြီးမားနိုင်တယ်"
ချင်ကန်က အေးစက်စက် ထောက်ပြလိုက်သည်။
"ငါက ယွမ်ရှောင်အကြောင်း ပြောနေတာပဲ။ သူက အရာရာကို တွက်ချက်ထားသလို တည်ငြိမ်လွန်းနေတယ်။ ဆယ်ရက်အတွင်း အခြေအနေကို ပြောင်းလဲဖို့ ယုံကြည်မှု ရှိနေပုံပဲ"
"ဒါက မဖြစ်နိုင်ပါဘူး။ ကံပင်လယ်နယ်ပယ်ရောက်ရင် ဆေးလုံးတွေ သောက်နေရုံနဲ့ အဆင့်မတက်နိုင်ဘူး။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံလာတဲ့ ငါတို့ကို ဆယ်ရက်တည်းနဲ့ လိုက်မီမှာလား"
"မဟုတ်သေးဘူး။ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ သူက အမြဲတမ်း ကန့်သတ်ချက်တွေကို ဖောက်ထွက်ပြခဲ့တယ်။ ငါတို့သာ သူ့အကွက်ထဲ ရောက်သွားရင် အရာအားလုံး အဆုံးသတ်ပြီ"
အဆောင်ဧကရာဇ်က လေးနက်စွာ ထောက်ပြ၍ ဖုရင် သေဆုံးချိန်တွင် တိုက်ပွဲစည်းမျဥ်းအရ ဖြစ်သည်ဟု မိုကျန်းကျီ၏ ကြေညာချက်အတိုင်း အလင်းနန်းတော်တွင် ယွမ်ရှောင်ကို လုပ်ကြံရန် ကြံစည်ထားသည်။
"ဒါဆိုရင် မုကျန်းတန်းလည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်တည်း ဖြစ်ပါ့မလား"
ချင်ကန်က အေးစက်စက် ရယ်မော၍ ထောက်ခံခဲ့သည်။
"မီးမိစ္ဆာ၊ နတ်ဆိုးဖြူ၊ ရေနဂါးဘုရင်၊ ဖီးနစ်ဧကရီနဲ့ ယင်မိစ္ဆာဘုရင်ကို လျှို့ဝှက်အစည်းအဝေးခေါ်ဖို့ သတင်းပို့လိုက်"
အဆောင်ဧကရာဇ်က နေရာမှ ချက်ချင်း ထရပ်လာသည်။
"ရေသူပင်လယ်ကိုရော ဘယ်လိုလုပ်မှာလဲ"
"အသုံးမဝင်ဘူး။ ဒီရေသူနတ်ဆိုးတွေက အားနည်းတယ်"
"ဒါဆိုရင် ဖီးနစ်ဧကရီနဲ့ ယင်မိစ္ဆာဘုရင်ကို ဖယ်ထားလိုက်။ ငါတို့ အင်အားနဲ့ဆိုရင် သူ့ကို သတ်ဖို့ လုံလောက်နေပြီ။ ဒီကောင်က ကျင့်ကြံရေးကို အာရုံစိုက်ထားမှာဆိုတော့ တုံ့ပြန်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး"
အမုန်းတရားကြောင့် ချင်ကန်၏ လေသံက အေးစက်တင်းမာနေသည်။
"ဖီးနစ်ဧကရီနဲ့ ယင်မိစ္ဆာဘုရင်ကို မယုံဘူးလား"
"မဟုတ်ဘူး။ ဖီးနစ်ဧကရီကလည်း ဓားကျင့်ကြံသူတွေကို အလွန်မုန်းတီးတဲ့အတွက် ယွမ်ရှောင်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ယွမ်ရှောင်သေသွားရင် မြှားဦးက လနတ်သားနဲ့ စစ်မင်းသမီးဆီ ရောက်သွားမှာ ဖြစ်လို့ သူတို့ လက်ရှောင်ကြလိမ့်မယ်။ ပြောင်းလဲနိုင်ချေရှိတဲ့ မဟာမိတ်တွေ မလိုအပ်ဘူး"
ကုချင်ကန်က ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။
"မင်းပြောတာ မှန်တယ်။ ဒီလုပ်ကြံမှုက အမှားအယွင်း ရှိလို့ မရဘူး။ သစ္စာဖောက်နိုင်ချေ အနည်းဆုံး ရှိနေရင်တောင် မခေါ်သင့်ဘူး"
အဆောင်ဧကရာဇ်က ခေါင်းညိတ် ထောက်ခံရင်း သတ်ဖြတ်လိုစိတ်ကြောင့် မျက်လုံးများ အနီရောင် ပြောင်းသွားလေသည်။