နောင်တ
Vol. 16 Ch. 226
ဟွမ်းသည် ထိုလူများ၏ အဓိပ္ပါယ်မဲ့ စကားများနှင့် အချိန်မဖြုန်းချင်တော့ပေ။ ထိုသူများထက် အရေးကြီးသည့် အရာများရှိနေသေးသည်။ ထို့ကြောင့် ဝင်ရောက်ဖြေရှင်းလိုက်ခြင်းဖြစ်၏။
ဟွမ်းသည် ထိုမိန်းကလေးက ညှာတာလွန်းသည်ဟု တွေးမိလိုက်သည်။ ထိုယင်ကောင်ကဲ့သို့ သတ္တဝါများသည် စကားများနှင့် စော်ကားတက်ခြင်းမှ လွဲ၍ အခြားအရာများလုပ်နိုင်စွမ်းမရှိပေ။
“မင်း..”
ချုံးမင်သည် တဆက်ဆက်တုန်ယင်အောင်ပင် ဒေါသများ ထွက်လာခဲ့၏။
ဖန့်ဟယ်သည် လဲကျနေသည့် ချန်းလုံကို စစ်ဆေးကြည့်လိုက်၏။ သတိမေ့သွားချင်းသာဖြစ်သည်။ သို့သော် ချန်းလုံ၏ သွေးစီးဆင်းမှုသည် ဖရိုဖရဲဖြစ်နေပြီး ဒဏ်ရာသည်လည်း အတော်ပင်ပြင်းထန်၏။
‘ဘယ်လို စွမ်းအားနဲ့ ရိုက်နှက်လို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ..’
ဖန့်ဟယ်သည် တံတွေးပင် မနည်းမြိုချရ၏။ ချန်းလုံသည် အဆင့်ခြောက်ကျင့်ကြံသူဖြစ်သည်။ သို့သော် တစ်ချက်တည်းနှင့် သတိလစ်သွားရ၏။ မဟာ နတ်အင်ပါယာပင် ထိုသို့ ဖြစ်အောင် မလုပ်နိုင်ပေ။ သူ၏ နှလုံးသားများ အေးစက်လာသည်ဟု ခံစားရ၏။
“မင်း ဘယ်သူလဲ..”
ချုံးမင်သည် ဒေါသထွက်နေသော်လည်း မဆင်မခြင် ပြုမှုလိုက်ခြင်းမရှိပေ။
သို့သော် ဟွမ်းသည် အလာဘ၊ သလာဘများပြောဆို၍ မိတ်ဆက်လိုခြင်းမရှိချေ။ ထို့ကြောင့် ထွက်ခွာသွားရန်ပြင်လိုက်၏။
“ရောင်းရင်း..၊ ကျုပ်ဂိုဏ်းရဲ့ စောင့်ရှောက်သူကို ရိုက်နှက်ခဲ့တာအတွက် ဖြေရှင်းချက်ပေးသင့်တယ်..”
ဟွမ်း၏ ဂရုမစိုက်ပုံကြောင့် ချုံးမင်သည် စိတ်မထိန်းနိုင်တော့ချေ။ ကောင်းကင်တံခါးဂိုဏ်းကဟု ဆိုလိုက်လျှင် မောက်မာစွာ ဆက်ဆံရဲသူ မရှိသော်လည်း ယခုကဲ့သို့ ဟွမ်း၏ မျက်နှာသာ မပေးမှုကြောင့် အတော်ပင် ဒေါသထွက်ရသည်။
သို့သော် သူသည် မိုက်ရူးရဲဆန်သည့် တဇွတ်ထိုးသမားမဟုတ်ပေ။
စုန့်ချင်းဆိုသည့် အမျိုးသမီးပင် သူ့အား အရိုအသေမဲ့နေပြီဖြစ်ရာ ယခုတွင် နောက်တစ်ဦး ထပ်မံ ပေါ်ပေါက်လာပြန်သည်။ သို့သော် စုန့်ချင်းကိုပင် သင်ပြနေသူသည် သာမန်ကျင့်ကြံသူဖြစ်နိုင်စရာအကြောင်းမရှိပေ။
ထို့ကြောင့် သူ၏ ဒေါသကို အရှိန်သပ်ကာ ဖြေရှင်းချက်တောင်းလိုက်၏။ မဟုတ်လျှင် သူ၏ မျက်နှာထားစရာရှိတော့မည် မဟုတ်ပေ။
ထိုစကားကြောင့် ဟွမ်း၏ ချေလှမ်းများ ရပ်တန့်သွားပြီး ပြောဆိုလိုက်သည်။
“ခင်ဗျားမှာ ကျုပ်ကို ဖြေရှင်းချက်တောင်းနိုင်တဲ့ အရည်အချင်းမရှိသေးဘူး..”
ဟွမ်း၏ စကားကြောင့် ချုံးမင်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။ ထိုလူငယ်၏ မောက်မာမှုသည် အကန့်အသတ်ရှိဟန်မရချေ။
သို့သော် သူ၏ ဂိုဏ်းသားများ ရိုက်နှက်ခံရမှုကို ဤအတိုင်း လျော့မပေးနိုင်ချေ။ မဟုတ်ပါက ကောင်းကင်တံခါးဂိုဏ်းချုပ်အနေနှင့် မျက်နှာပျက်ရတော့မည်ဖြစ်သည်။ အခြားဂိုဏ်းကြီးများ သိလျှင်လည်း လှောင်ရယ်ကြပေမည်။
“ရောင်းရင်းက.. ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိနေတယ်ထင်တယ်..၊ ကျုပ်က ရောင်းရင်းနဲ့ လက်ရည်စမ်းချင်ပါတယ်..”
စုန့်ချင်းသည် ထိုစကားကြားပြီး ခေါင်းခါယမ်းမိသွား၏။
‘မဟာ နတ်အင်ပါယာ အထွတ်အထိပ်အဆင့်ဆိုပြီး အထင်ကြီးနေတာပဲ..’
ချုံးမင် လက်ရည်စမ်းချင်သူသည် အဆင့်နှစ်ကုန်းမြေရှိ မျိုးနွယ်ကြီးများ၏ ဘိုးဘေးဆိုသူများပင် ကြောက်ရွံ့ရသူဖြစ်သည်။
ထိုဂိုဏ်းချုပ်ဆိုသူသည် တွယ်ကပ်လွန်းသည်ဟု ဟွမ်း ခံစားမိလိုက်၏။ သူ၏ စိတ်ရှည်မှုသည် အကန့်အသတ်သို့ ရောက်ရှိလာခဲ့သည်။ ထိုသူသည်လည်း ယင်ကောင်များနှင့် မထူးခြားတော့ပေ။
“ခင်ဗျား..၊ အသက်ရှင်နေတာကို ဝမ်းသာရကောင်းမှန်းမသိဘူးပဲ..”
“ရောင်းရင်း..၊ အထင်လွဲနေပါပြီ..ကျုပ်က သာမန်လက်ရည်စမ်းချင်ယုံသက်သက်ပါ..”
ချုံးမင်သည် ဘာသဘောမျှ မရှိသည့်အလား ပြောဆိုလိုက်၏။
“ကောင်းပြီ..တိုက်ခိုက်ပေးမယ်..”
ဟွမ်းသည် လေသံ ငြိမ်ငြိမ်နှင့်ပင် လက်ခံလိုက်၏။ ထိုလူသည် စော်ကားခံရသော်လည်း မျက်နှာထားသည် သိသိသာသာ မပြောင်းလဲပေ။ လေသံပင် ချိုသာနေသေး၏။ ထိုသို့သူများသည် ပို၍ပင် ယုတ်မာတက်ကြသည်။ ထို့ကြောင့် လက်ရည်စမ်းဟူသည့် တိုက်ပွဲကို လက်ခံလိုက်၏။
“ရောင်းရင်း.. ကျုပ်စတိုက်ပြီနော်..”
ချုံးမင်သည် ဟွမ်းကို အလေးအနက်ကြည့်ကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ ဟွမ်း၏ စွမ်းအားအတိမ်အနက်ကိုလည်း စမ်းသပ်လိုခြင်းဖြစ်သည်။ ထို့နောက် သူ၏ဓားမော့နှင့် ဓားချက်တစ်ချက် ထုတ်ဖော်လိုက်၏။
လက်ရည်စမ်းသည်ဟု ဆိုသော်လည်း ထိုဓားချက်သည် ကြမ်းတမ်းလွန်း၏။ ဓားမော့မှ ထွက်ပေါ်လာသည့် အလင်းတန်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ဦးတည်သွားတော့သည်။
ထိုဓားမော့အလင်းတန်းသည် အဆင့်ငါးကျင့်ကြံသူများကို တစ်ချက်တည်းနှင့် သတ်ဖြတ်ရန်လုံလောက်နေ၏။ အဆင့်ခြောက် ကျင့်ကြံသူများပင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားနိုင်သည်။
ဟွမ်းသည် ရှောင်တိမ်းရန် မကြိုးစားပေ။ သူ၏ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး လက်ဖဝါးဖြန့်လိုက်၏။ ဓားမော့အလင်းတန်းသည် ဦးတည်လာနေရင်း မမြင်နိုင်သည့် အတားအဆီးကြောင့် ရပ်တန့်သွားသည့်အလား ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။
ထို့နောက်ဟွမ်းသည် သူ၏ လက်ဖဝါးတွင် ဖျစ်ညှစ်လိုက်သည့် သဏ္ဌာန်ပြုလုပ်လိုက်၏။
“ဝုန်း..”
ရပ်တန့်နေသည့် ဓားမော့အလန်းတန်းသည် ချက်ချင်းပင် ပြိုကွဲသွားပြီး ဓားမော့စွမ်းအင်များသည် ဖရိုဖရဲဖြစ်ကာ ပျောက်ကွယ်သွား၏။
‘ဒီလူ..’
ချုံးမင်သည် ပို၍လေးနက်လာသည်။ သာမန်တိုက်ကွက်ဟုသာ ဆိုသော်လည်း ပေါ့ပေါ့တန်တန် ထုတ်ဖော်ထားသည့်အရာမျိုး မဟုတ်ပေ။
ထို့နောက် ဟွမ်း၏ အနီးသို့ ချည်းကပ်ကာ သူ၏ ဓားမော့နှင့်ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်သည်။
“ရောင်းရင်းရဲ့ လက်နက်မထုတ်ရင် ဒဏ်ရာရ သွားနိုင်တယ်နော်..”
ချုံးမင်သည် သတိပေးအလားပြောဆိုလိုက်သော်လည်း သူ၏ တိုက်ခိုက်မှုများသည် ပို၍ ပြင်းထန်လာသာ်။
ဟွမ်းသည် တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်းအလုပ်များနေ၏။ သို့သော် သူ၏ မျက်နှာတွင် ခက်ခဲဟန်ရမနေချေ။
ထိုအရာက ချုံးမင်အတွက် စိတ်အနှောက်အယှက်ဖြစ်လာခဲ့သည်။ သူသည် တိုက်ခိုက်သူဖြစ်နေသော်လည်း ဟွမ်း၏ ကစားမှုကို ခံစားနေရသည်ဟု တွေးမိနေသည်။
သူ၏ တိုက်ခိုက်မှုများသည် ဟွမ်းကို ဖိအား မပေးနိုင်တော့သောကြောင့် နောက်သို့ ခုန်ဆုတ်လိုက်ကာ သူ၏ ဓားမော့တွင် စွမ်းအင်များစွာကို စီးဆင်းစေလိုက်၏။
“တောင်စဉ်များကို ဖြတ်ပိုင်းခြင်း..”
ချက်ချင်းဆိုသလို ဓားမော့ကို သုံးချက်လွှဲယမ်းလိုက်သည်။ ထိုအချိန်တွင် ကြီးမားသည့် ဓားမော့အလင်းတန်းသုံးခုသည် အလျှင်အမြန်နှင့် ထွက်ပေါ်လာ၏။ ထိုနည်းစနစ်မှ ထွက်ပေါ်လာသည့် ဓားမော့အလင်းတန်းများသည် သာမန်ဓားချက်ထက်ပင် အဆပေါင်းများစွာ ပြင်းထန်လွန်းနေသည်။
ထိုဓားချက်သည် ချုံးမင်၏ အကြမ်းတမ်းဆုံးနည်းစနစ် မဟုတ်သေးသော်လည်း အဆင့်တူများကိုပင် ကာကွယ်နိုင်စွမ်းမဲ့စေသည်။ သို့သော် သူ၏ နားထဲတွင် ဟွမ်း၏ အသံကို ကြားလိုက်ရ၏။
“လုံလောက်ပြီ..”
ဟွမ်း၏ လက်ထဲတွင် ပေတံတစ်ချောင်း ထွက်ပေါ်လာသည်။
ထို့နောက် မြန်ဆန်သည့် အရှိန်နှင့် ထိုဓားမော့အလင်းတန်း သုံးခုကို ခုတ်ပိုင်းလိုက်တော့၏။
သူသည် အလင်းတန်းတစ်ခုကြိ ဖျတ်စီးလိုက်တိုင်း ကျယ်လောင်သည့် မြည်သံနှင့်အတူ လေဟာနယ်ပင် ပျက်စီးကုန်သည်။ ကောင်းကင်ထက်တွင် လေဟာနယ် အပေါက်သုံးခု ပေါ်ထွက်လာပြီး ပြန်လည်ပိတ်ဆို့ရန်ပင် အချိန်ကြာကြာယူခဲ့ရ၏။
ချုံးမင်သည် ထိုအရာကို ကြည့်ရင်း စိုးထိတ်သွားသည်။
“ဒါက ခင်ဗျားအစွမ်းအကုန်ပဲဆို သေလိုက်တော့..”
ချုံးမင်သည် ထိုအသံကြောင့် ထိတ်လန့်သွားချိန်တွင် သူ၏ ရင်ဘက်တွင် နာကျင်မှုကို ခံစားလိုက်ရ၏။
‘မဖြစ်နိုင်တာ..’
ဟွမ်း၏ လက်ဝါးသည် သူ၏ ရင်ဘက်တွင် ရောက်ရှိနေပြီဖြစ်သည်။
“ဘုန်း..”
ချုံးမင်သည် ချန်းလုံနှင့်နည်းတူ လွင့်စင်သွား၏။ ဖုန်မှုန့်များလည်း တထောင်းထောင်းနှင့်ပင်။ မြို့အတွင်းရှိ အဆောက်အဦး အချို့ပင် ပျက်စီးကုန်သည်။
ဖန့်ဟယ်ပင် ထိုမြင်ကွင်းကြောင့် တဆက်ဆက်တုန်ယင်သွား၏။ သူ၏ ဂိုဏ်းချုပ်ထိုသို့ အခြေအနေသို့ ရောက်ရှိရသည်ကို မမြင်ဖူးချေ။ စုန့်ချင်းနှင့် တိုက်ခိုက်စဉ်ကပင် တစ်ဦးနှင့် တစ်ဦးအသာစီးနှင့် အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။
ချုံးမင်သည် သွေးများ ဆက်တိုက်ဆိုသလို အန်နေရပြီး သူ၏ သွေးကြောအချို့သည်လည်း ပြတ်တောက်ကုန်သည်။ သူသည် သတိလစ်ခြင်း မရှိသော်လည်း အခြေအနေသည် ဆိုးဝါးလွန်းနေ၏။
လက်ဖဝါးနှင့် တစ်ချက်သာ ရိုက်ခံခဲ့ရသော်လည်း ထိုလက်ဖဝါးသည် သူ၏ စွမ်းအင်သွေးကြောနှင့် ကိုယ်တွင်း အင်္ဂါများကို ဖျတ်စီးပစ်ခဲ့သည်။
ထိုလူသည် အလွန်အမင်း ရက်စက်ဟန်ရ၏။ ချုံးမင်သည် သူ၏ စိန်ခေါ်မှုကိုပင် နောင်တရလာခဲ့သည်။
ဟွမ်းသည် ချန်းလုံကို ရိုက်နှက်စဉ်ကထက် ပြင်းထန်းသည် ရိုက်ချက်နှင့် ချုံးမင်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ထိုအဘိုးအိုသည် လက်ရည်စမ်းသည်ဟု ဆိုသော်လည်း သူ၏ တိုက်ကွက်များသည် ဟွမ်းကို ဖိနှိပ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။
ဟွမ်းသည် ချုံးမင်၏ လဲကျရာနေရာသို့ ရောက်ရှိလာ၏။ ထိုအချိန်သည် ပုံရိပ်လေးခုသည် အလျှင်အမြန်ရောက်ရှိလာပြီး ထိုပုံရိပ်များထဲမှ အသံထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်တံခါးဂိုဏ်းချုပ်ကို ဒီလောက်နဲ့ လွှတ်ပေးလို့ရမလား..”