← Chapters

စစ်ရှီးယဲ့

Vol. 16 Ch. 227

စစ်ရှီးယဲ့

Vol. 16 Ch. 227

ကောင်းကင်ထက်မှ ပုံရိပ်လေးခုသည် ချုံးမင် အနားသို့ အလျှင်အမြန် ရောက်ရှိလာပြီး ဟွမ်းကို တားမြစ်လိုက်ကြသည်။

စုန့်ချင်းသည် ထိုလေးဦးအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဟွမ်းကို ရှင်းပြလိုက်၏။

“အစ်ကိုလေး..သူတို့က..”

ထိုလေးဦးသည် ကောင်းကင်တံခါးဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးလေးခုမှ ခေါင်းဆောင်များဖြစ်ကြသည်။

ချုံးမင်ကဲ့သို့ အဘိုးအိုတစ်ဦးသည် ကြယ်ဖြူမဟာမိတ်၏ ခေါင်းဆောင်လီဝူချင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သည့် စွမ်းအင်များလည်ပတ်နေ၏။

သက်လတ်ပိုင်းအရွယ်လူငယ်တစ်ဦးသည် မီးတောက်ချိုင့်ဝှမ်းသခင် ယန်ရွှမ်းတောက်ဖြစ်ပြီး သူ၏ အသွင်အပြင်သည် ခန့်ငြားသည်။

ယန်ရွှမ်းတောက်ထက် အနည်းငယ် ငယ်ရွှယ်သည်ဟု ထင်ရသူသည် ဓားတောင်တန်းဂိုဏ်းချုပ် ကျန့်လင်းဖြစ်၏။ သူ၏ နောက်ကျောတွင် ရှည်လျားသည့် ဓားတစ်လက်ကို လွယ်ထားပြီး သူ၏ မျက်နှာတွင် ရှည်လျားသည့်အမာရွတ် တစ်ခုရှိနေသည်။

ထိုသုံးဦး၏ ဘေးတွင် ထူးခြားစွာ နီးဆွေးနေသည့် မျက်ခုံးများနှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေ၏။ သူမသည် ကြာပန်းနီဂိုဏ်းချုပ် ဟုန်လျန် ဖြစ်ပြီး အနီရောင်ကြာပွင့်သဏ္ဌာန်ပါဝင်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။

ယန်ရွှမ်းတောက်သည် ချုံးမင်၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် ဆေးလုံးအချို့ သောက်စေလိုက်၏။

“ဒီက ရောင်းရင်းက ဆွေးနွေးပွဲကို တက်ရောက်တာဆိုရင် ဘယ်နယ်မြေကလဲ သိရမလား..”

ကြယ်ဖြူမဟာမိတ် ခေါင်းဆောင် လီဝူချင်းသည် ဦးစွာမေးခွန်းထုတ်လိုက်၏။ သူတို့သည် ချုံးမင်၏ စွမ်းအင်များကို ခံစားမိကတည်းက ရောက်ရှိနေကြခြင်းဖြစ်သည်။ သို့သော် သူတို့၏ တိုက်ပွဲကို စိတ်ဝင်စားသောကြောင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြ၏။

ထို့အပြင် ချုံးမင်၏ စွမ်းအားကို သိရှိထားသောကြောင့် အနိုင်ယူရန် မလွယ်ကူဟု တွေးထားကြသည်။ သို့သော် လက်တွေ့တွင် သူတို့၏ အတွေးများသည် လွဲချော်သွား၏။

ရုပ်ရည်ချောသည်မှ လွဲ၍ သာမန်ပင်ဟု ထင်ရသည့် ထိုလူငယ်သည် အလွန်ပင် အစွမ်းထက်နေသည်။ ချုံးမင်ကို ဝင်ရောက်ကယ်တင်ချိန်ပင် မရခဲ့ကြချေ။ ထို့အပြင် ချုံးမင်ကို သတ်ဖြတ်ရန်ပင် ဆုံးဖြတ်ထားပုံရသည်။ သူတို့သည် ရှေ့ထွက်ကာ တားဆီးလိုက်ရတော့၏။

ဟွမ်းသည် ထိုလူများကို ကြည့်လိုက်သည်။ ထိုအချိန်တွင် စုန့်ချင်းသည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူမသည် ထပ်မံ၍ ပြသနာ မတက်လိုတော့ပေ။ ထိုလူများကို ကြောက်ရွံ့ခြင်းမဟုတ်သော်လည်း သူတို့သည် အဆင့်သုံးကုန်းမြေ၏ အထွတ်အထိပ်တည်ရှိမှုများပင်။

“အစ်ကိုလေးက ကျီယွမ်ကုန်းမြေရဲ့ ဟွမ်းရှန့်နန်းတော်သခင်ပါ..”

ဟွမ်း၏ ဒေါသကြောင့် သေဆုံးသွားပါက အဆင့်သုံးနယ်မြေများတွင် ဆုတ်ယုတ်လာနိုင်သည်။ ထို့ကြောင့်ပင် သူမသည် ယခင်ကတည်းက ကောင်းကင်တံခါးဂိုဏ်းချုပ် ချုံးမင်ကို သက်ညှာထားခဲ့ခြင်းဖြစ်၏။

“ဘယ်လို..”

ကြယ်ဖြူမဟာမိတ်ခေါင်းဆောင် လီဝူချင်းသည် စွံ့အစွာနှင့် ချုံးမင်ကိုကြည့်လိုက်၏။ သို့သော် ချုံးမင်၏ မျက်နှာထက်တွင် ဘာမျှ မသိသည့်အမူအယာနှင့် မယုံနိုင်ဖြစ်နေဟန်ရသည်။

လီဝူချင်းသည် ဘာပြောရမှန်းပင် မသိတော့ချေ။

‘ခင်ဗျားလက်အောက်ကုန်းမြေက သူလေ၊ ခင်ဗျား မျက်နှာအမူအယာက ဘယ်လိုဖြစ်နေတာတုန်း..’

ချုံးမင်သည် သူ၏ ဒဏ်ရာအချို့ သက်သာလာသော်လည်း စုန့်ချင်း၏ မိတ်ဆက်စကားကြောင့် သူ၏ဒဏ်ရာများ ပြန်လည်နာကျင်လာသည်ဟု ခံစားမိလိုက်၏။

ထိုနန်းတော်သခင်ဖြစ်သူကို သူသိနေသည်။ သူ၏ဂိုဏ်းမှ စောင့်ရှောက်သူကို ရိုက်နှက်ကာ ခွေးသေကောင်တစ်ကို စွန့်ပစ်သည့်အလား မောင်းထုတ်ခဲ့သူဖြစ်သည်။

စောင့်ရှောက်သူချန်းရရှိထားသည့် ဒဏ်ရာများပင် တော်တော်နှင့်မသက်သာချေ။ စောင့်ရှောက်သူချန်း သတိရလာချိန်တွင် အကြောင်းစုံ သိရှိလိုက်ရသော်လည်း နတ်နန်းမြို့တော်၏ ဖိတ်ခေါ်ထားမှုကြောင့် ထိုကိစ္စကို အရေးမယူနိုင်သေးချေ။

ယခုတွင် ကံတရားက စီစဉ်ထားသည့်အလား တွေ့ဆုံခဲ့ရလေပြီ။ ဤသူသည် ဟွမ်းရှန့်နန်းတော်သခင်ဖြသည်ဟု မထင်ထားခဲ့ပေ။ သို့သော် ဟွမ်းရှန့်နန်းတော်သခင်သည် သူအနိုင်ယူနိုင်သည့် တည်ရှိမှု မဟုတ်နေချေ။ သူ၏ စိတ်များပင် ကရောက်ကယက်ဖြစ်ကုန်၏။

ကြယ်ဖြူမဟာခေါင်းဆောင် လီဝူချင်းသည် မည်သို့ ဆက်လက်ဖြေရှင်းရမည်ကို စဉ်းစားရကြသွားသည်။ ဤအနီးအနားရှိ အခြေအကြောင့် လေထုပင် ကို့ရို့ကားယားဖြစ်သွား၏။

သူစဉ်းစားရကြပ်နေချိန်တွင် အရှိန်အဝါတစ်ခုသည် တစ်ဟုန်ထိုးရောက်ရှိလာသောကြောင့် ပျော်ရွှင်သွားတော့၏။

ခန္ဓာကိုယ်မှ ပြင်းထန်သည့် အရှိန်ဝါများ ထွက်ပေါ်နေသည့် လူငယ်တစ်ဦးသည် လီဝူချင်းတို့အနီးသို့ ရောက်ရှိလာသည်။ သူ၏ ပုံစံသည် ခန့်ငြားထည်ဝါနေပြီး အလွန်ပင် တည်ကြည်နေ၏။ သူ၏ အသွင်အပြင်မြင်ရုံနှင့်ပင် အစွမ်းထက်လွန်းသည်ဟု မှတ်ချက်ချမိမှာ ကျိန်းသေပင်။

“နတ်နန်းမြို့တော်သခင်..”

သူတို့အားလုံးသည် နှုတ်ဆက်လိုက်၏။ နတ်နန်းမြို့တော်သခင်သည် သူတို့ထက်ပင် ငယ်ရွှယ်ပြီး အစွမ်းထက်သူတစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် ကောင်းကင်နန်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆင့်သုံးနယ်မြေများ၏ အရေးကိစ္စများကို တာဝန်ယူထားသူဖြစ်၏။

“ဘာတွေဖြစ်နေတာလဲ..”

မြို့တော်သခင်သည် ချုံးမင်ကို အခြေအနေကို ကြည့်ရှုပြီးနောက် မေးမြန်းလိုက်သည်။ သူသည် ဆွေးနွေးပွဲအတွက်ပြင်ဆင်နေသော်လည်း မြို့အတွင်း ချုံးမင်၏ စွမ်းအင်အငွေ့အသက်များနှင့် တိုက်ပွဲသံများကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ၏ လုပ် က်စ အလုပ်များကို ပစ်ကာ ပြေးလာခဲ့ခြင်းဖြစ်သည်။

“မြို့တော်သခင်..ဒီလိုပါ..”

လီဝူချင်းသည် သူတို့ သိသမျှပြောရန် ကြံရွယ်လိုက်၏။ သို့သော် မြို့သခင်၏ နှုတ်မှ ထွက်ပေါ်လာသော စကားသံကြောင့် လန့်ဖျန့်သွားတော့သည်။

“အရှင်..”

လီဝူချင်းသည် သူ၏ ပြောလက်စစကားရပ်တန့်သွားရသည်။ ဤအဆင့်သုံးကုန်းမြေတွင် မြို့သခင်သည် ‘အရှင်’ ဟု ခေါ်ဆိုခံထိုက်သူ မရှိချေ။ ထို့နောက် မြို့သခင်၏ အမူယာများကိုကြည့်ကာ တုန်ယင်သွားတော့၏။

‘ဘယ်လိုသောက်ကျိုးနည်းတုန်း..’

မြို့သခင်သည် ဟွမ်း၏ ရှေ့တွင် ဒူးထောက်ကာ အရိုအသေပြုနေ၏။ ယန်ရွှမ်းတောက်တို့ပင် သူတို့၏ မျက်လုံးများ ကျွတ်ကျမတက်ဖြစ်နေသည်။ သူတို့၏ မြင်ကွင်းကိုပင် မယုံနိုင်တော့ချေ။

“ထပါ..”

ဟွမ်းသည် မြို့သခင်ဆိုသူကို ပြောလိုက်၏။ မြို့သခင်ဆိုသူသည် မည်သည်အရှိန်အဝါမျှ မရှိတော့ပဲ ကလေးငယ်တစ်ဦးအလား ဖြစ်သွားတော့သည်။

“ကျုပ်ရဲ့ဘဝမှာ အရှင် နဲ့ထပ်တွေ့နိုင်ဦးမယ်လို့ မထင်ထားခဲ့ဘူး..”

“မင်းအသက်က ငယ်တော့တာလဲ မဟုတ်ဘူး..ရှီးယဲ့..”

ဟွမ်းသည် ခေါင်းခါယမ်းကာ ဆိုလိုက်၏။ သို့သော် ဟွမ်း၏ မျက်နှာတွင် မြင်တွေ့ရခဲသည့် အပြုံးများ ထွက်ပေါ်နေသည်။

မြို့သခင်၏ နာမည်သည် စစ်ရှီးယဲ့ ဖြစ်ပြီး တစ်ချိန်က ဟွမ်း၏ နောက်သို့ တကောက်ကောက်လိုက်နေခဲ့သည့် ကောင်လေးလည်း ဖြစ်သည်။

ဟွမ်းသည် စစ်ရှီးယဲ့ကို ကြည့်လိုက်၏။ ထိုလူငယ်လေးသည် နှစ်နှစ်သောင်းကျော် ကြာသွားသော်လည်း အသွင်အပြင်သည် ယခင်ကနှင့် ပြောင်းလဲသွားခြင်း မရှိသည်ကိုတွေ့လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်နေရသည့် ခေါင်းဆောင်များသည်တော့ အသက်ရှုနေသည်ဟု မထင်ရလောက်အောင်ပင် တိတ်ဆိတ်နေကြ၏။

“လွန်ခဲ့တဲ့ နှစ်သုံးရာက ကျုပ် နတ်ဘုရားနယ်မြေကို ရောက်ခဲ့သေးတယ်..၊ ဒါပေမဲ့ အရှင်က ထွက်ခွာသွားပြီဆိုတဲ့ သတင်းပဲ ကြားခဲ့ရတယ်..”

စစ်ရှီးယဲ့သည် ငိုလုမတက် အမူအယာနှင့် ပြောလိုက်၏။

သူသည် ယခင်က နတ်ဘုရားကုန်းမြေ၏ အမှိုက်တစ်စ ဖြစ်ခဲ့ချိန်တွင် ဟွမ်းနှင့် တွေ့ရှိခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ဟွမ်းနောက် တကောက်ကောက်နှင့် လိုက်နေခဲ့၏။

ဟွမ်းသည် ထိုကောင်လေး၏ အပြုအမူများကို သဘောကျသောကြောင့် သူ၏ အနားတွင် ခေါ်ထားခဲ့သည်။ သို့သော် သူသည် နေရာအတည်တကျ နေထိုင်ခြင်း မရှိသောကြောင့် ကောင်းကင်နန်းတော်တွင် ကျင့်ကြံစေခဲ့၏။

ထို့အပြင် စစ်ရှီးယဲ့ အတွက် လိုအပ်သည့် ကျင့်ကြံရေးအရင်းအမြစ်များကို သူကိုယ်တိုင်ပင် ရှာဖွေပေးခဲ့သည်။

ထို့ကြောင့်ပင် စစ်ရှီးယဲ့သည် တစ်ခဏအတွင်း ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့၏။ နောက်ပိုင်းတွင် ကောင်းကင်နန်းတော်မှ ပေးအပ်သည့် တာဝန်ကြောင့် ဤမြို့တွင် မြို့သခင်ဖြစ်လာခဲ့သည်။

ထို့နောက်ပိုင်းတွင် ဟွမ်းနှင့် တွေ့ဆုံနိုင်ခြင်းမရှိတော့ချေ။

ဟွမ်းသည် ထိုအရာများကို ထားစေပြီး လိုရင်းကို မေးမြန်းလိုက်၏။

“အဆင့်နှစ်ကုန်းမြေတွေ ဘာဖြစ်သွားတာလဲ..”

“အရှင်..၊ မသိဘူးလား..”

စစ်ရှီးယဲ့၏ မျက်နှာတွင် အံ့ဩမှုများ ဖြစ်ပေါ်လာသည်။ သို့သော် ဟွမ်းသည် နတ်ဘုရားနယ်မြေမှ ထွက်ခွာသွားသည်ကို သတိရသွားသောကြောင့် ပြောလိုက်၏။

“အရှင်..၊ ကျုပ် အဲ့ဒီအရာတွေကို ဆွေးနွေးဖို့ ခေါင်းဆောင်တွေကို ဖိတ်ခေါ်ထားတာ..၊ ကျုပ်တို့ ဆွေးနွေးခန်းမကို သွားရအောင်..”

ဟွမ်းသည် ခေါင်းညိတ်လိုက်ပြီး စစ်ရှီးယဲ့၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသွား၏။ ထိုအချိန်တွင် ကျောက်ရုပ်သဖွယ်ဖြစ်နေကြသည့် ခေါင်းဆောင်များသည် စစ်ရှီးယဲ့၏ အသံကို ကြားလိုက်ရသည်။

“ခင်ဗျားတို့ရော လိုက်ခဲ့..”

All Chapters