စွန့်ပစ်ခံကုန်းမြေ
Vol. 16 Ch. 228
ဟောခန်းမတွင် စစ်ရှီးယဲ့သည် သူ၏ ပုလ္လင်တွင် ဟွမ်းကို ထိုင်စေခဲ့သည်။ ထို့နောက် ခေါင်းဆောင်များ၏ ကိစ္စကို အရင်ရှင်းလင်းချက်ထုတ်လိုက်၏။ ထို့ကြောင့် ခန်းမအတွင်းရှိလေထုတွင် အဆင်မပြေမှုများနှင့် ဖုံးလွှမ်းနေသည်။
“ဂိုဏ်းချုပ်ချုံးမင်ကို ဘယ်လိုလုပ်ချင်လဲ..အရှင်..”
စစ်ရှီးယဲ့၏ စကားကြောင့် ချုံးမင်၏ စိတ်သည် ကျောက်ဆူးနှင့် ဆွဲခံထားရသည့်အလား လေးလံသွား၏။ မြို့သခင်သည် သူ၏ဘက်မှ ရပ်တည်ရန် ဆန္ဒရှိဟန်မရချေ။ ထို့အပြင် ဟွမ်းရှန့်နန်းတော်သခင်ကို အလွန်ပင် ရိုကျိုးနေသည်။
‘နန်းတော်သခင်က တကယ်ပဲ ဘယ်သူများလဲ..’
လီဝူချင်းတို့လည်း ဝင်ရောက်ပြောဆိုနိုင်ခြင်းမရှိတော့ချေ။ သူတို့သည် မြို့သခင်ကို မလွန်ဆန်နိုင်ပေ။
“မဟာ နတ်အင်ပါယာအဆင့်ရောက်ဖို့ လွယ်တာမဟုတ်ဘူး..၊ ဒီအကြိမ်တော့ ထားလိုက်တော့..နောက်ထပ်ရှိလာရင်တော့..”
ဟွမ်းသည် စကားကို တစ်ဝက်တစ်ပျက်သာ ပြောဆိုလိုက်၏။ သူ့အနေနှင့် ထိုသူအား သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ မထူးခြားပေ။ သို့သော် သူသည်သွေးဆာနေသူမဟုတ်ပေ။ ထို့အပြင် ယခုအခြေအနေတွင် မဟာ နတ်အင်ပါယာတစ်ဦး ရှိနေခြင်းကလည်း ကောင်းပေမည်။ နောက်ကွယ်မှ ကြံစည်ရဲလျှင်လည်း သတ်ဖြတ်လိုက်ရန် မခက်ခဲပေ။
ချုံးမင်သည် ထိုအခါမှသာ သူ၏ စိတ်သက်သာရပြီး သက်ပြင်းချနိုင်တော့သည်။ ဟွမ်းသာ ခွင့်လွှတ်နိုင်ခြင်း မရှိပါက မြို့သခင်ကိုယ်တိုင်ပင် လှုပ်ရှားတော့မည့်အလားပင်။ သူသည် သေဘေးမှ လွတ်မြောက်ခွင့်ရသည့် အပြစ်သားတစ်ဦးသဖွယ် ပျော်ရွှင်သွားတော့၏။
“ဘာလုပ်နေတာလဲ..၊ ကျေးဇူးတင်ရကောင်းမှန်းမသိဘူးလား..”
ချုံးမင် အပျော်လွန်နေချိန် စစ်ရှီးယဲ့သည် အော်ငေါက်လိုက်သည်။ သူ၏ ကျေးဇူးရှင် ဖြစ်သူအား အရိုသေမဲ့ ဆက်ဆံခြင်းကို သည်းမခံနိုင်ပေ။
“ကျေးဇူးတင်ပါတယ်..နန်းတော်သခင်..”
ချုံးမင်သည် စစ်ရှီးယဲ့၏ အော်သံကြောင့် သတိဝင်သွားသည်။ ဟွမ်းသည် အသိမှတ်ပြုဟန် ခေါင်းညိတ်လိုက်ပြီးနောက် သူသိလိုသည့် အကြောင်းအရင်းကို မေးလိုက်၏။
“အဲ့ဒီ တံဆိပ်တွေ ဘယ်ကရတာလဲ..”
ဟွမ်း၏ မေးခွန်းကြောင့် ချုံးမင်သည် အနည်းငယ်တွေဝေဟန်နှင့် ဖြေလိုက်၏။
“ကျုပ်တို့ဂိုဏ်း တည်ထောင်သူဘိုးဘေးက ကောင်းကင်နန်းတော်ရဲ့ အဖွဲ့တစ်ဦးဖြစ်ဖူးတယ်လို့ပြောတယ်..၊ ဒါပေမဲ့ အကြောင်းအရင်းကိုတော့ တိတိကျကျမသိပါဘူး၊ အဲ့ဒီဘိုးဘေးက တံဆိပ်တော်တွေကို ချန်ရစ်ထားခဲ့တာပါ..”
ဟွမ်းသည် ချုံးမင်၏ စကားများကို အနည်းငယ်တွေးတောကြည့်လိုက်၏။ ထို့နောက် ဆက်လက်မေးမြန်းခြင်း မရှိတော့ချေ။ ကောင်းကင်နန်းတော်မှ ရောက်ရှိလာသူတစ်ဦးသည် ထိုတံဆိပ်များ ရှိနေသည်မှာ မထူးဆန်းပေ။ သို့သော် ထိုလူများသည် တစ်ပါးသူကို အနိုင်ကျင့်ရန် ထိုတံဆိပ်တော်များ အသုံးပြုနေခြင်းကို မနှစ်မြို့ပေ။ ထို့ကြောင့်ပင် ချုးယွီဟွာကို သူမ၏ အဆောင်များ ဖြန့်ဖြူးခိုင်းခြင်းမရှိချေ။
ဟွမ်းသည် ထိုကိစ္စများကို ဘေးဖယ်လိုက်ပြီးနောက် စစ်ရှီးယဲ့ကို ကြည့်ကာ မေးလိုက်၏။
“အဆင့်နှစ်ကုန်းမြေဘာဖြစ်သွားတာလဲ..”
“အရှင်..၊ အဆင့်နှစ်ကုန်းမြေက သီးခြားခွဲထွက်သွားပြီ..”
စစ်ရှီးယဲ့သည် အခက်တွေ့နေသည့် လေသံနှင့်ဆိုလိုက်၏။
“ဘာကို..ဆိုလိုတာလဲ..”
ဟွမ်းသည် စဉ်းစားရကြပ်သွား၏။ စစ်ရှီးယဲ့၏ ဆိုလိုရင်းကို နားမလည်နိုင်ဖြစ်သွားသည်။ စစ်ရှီးယဲ့သည် စတင်ရှင်းပြလိုက်၏။
“အရှင်..၊ အဆင့်သုံးကုန်းမြေမှာ အမှောင်စွမ်းအင်တွေ ပေါ်ထွက်လာပြီ..”
“အဲ့ဒါသိတယ်..”
ဟွမ်း၏ စကားကြောင့် စစ်ရှီးယဲ့သည် ဆက်လက်ပြောဆိုလိုက်၏။
“တကယ်တော့ အမှောင်စွမ်းအင်တွေက လွန်ခဲ့တဲ့ နှစ်သုံးရာကျော်ကတည်းက အဆင့်နှစ်ကုန်းမြေတွေမှာ စတင်ပေါ်ထွက်လာခဲ့တာ..”
စစ်ရှီးယဲ့၏ စကားကြောင့် ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။
“ဘယ်လိုစဖြစ်တာလဲ..”
“နတ်ဆိုးမျိုးနွယ်မှာ စတင်ခဲ့တာ..”
“နတ်ဆိုးဘိုးဘေးရဲ့ ရူးသွပ်မှုက အမှောင်စွမ်းအင်ကြောင့်လား..”
“ဟုတ်တယ်အရှင်..၊ ဒါပေမဲ့ အဲ့ဒီအကြောင်းအရာတွေကို ခရမ်းလမျိုးနွယ် ပျက်စီးပြီး ဆယ်နှစ်အကြာမှ စတင်တွေ့ရှိခဲ့တာ..”
စစ်ရှီးယဲ့သည် ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
သူ၏ စကားကြောင့် ဟွမ်းသည် စဉ်းစားရကြပ်လာခဲ့၏။ ထိုနေရာနှစ်ခုလုံး သူရောက်ရှိခဲ့သည်။ သို့သော် အမှောင်စွမ်းအင်နှင့် ပတ်သတ်သည့် သံသယဖြစ်စရာများ ရှာမတွေ့ခဲ့ချေ။
စစ်ရှီးယဲ့သည် ဆက်လက်ပြောဆိုလိုက်၏။
“အရှင်..၊ ခရမ်းလမျိုးနွယ် ဖျက်ဆီးခံရပြီးနောက်ပိုင်းမှာ မျိုးနွယ်ကြီးတွေက စည်းလုံးလာကြတယ်..၊ ကောင်းကင်နန်းတော် အကူအညီနဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ပိုပြီး သတိထားလာကြတယ်..”
“မင်းပြောချင်တာ..၊ ခရမ်းလ မျိုးနွယ်ပျက်စီးတာ..အမှောင်စွမ်းအင်ကြောင့်လား..”
ဟွမ်းသည် စစ်ရှီးယဲ့ကို စိုက်ကြည့်ကာမေးလိုက်၏။ သူ၏ လေသံသည် အနည်းငယ် တင်းမာနေဟန်ရသည်။
“တိတိကျကျမသိပေမဲ့ ကောင်းကင်နန်းတော်က အမှောင်စွမ်းအင်ကြောင့်လို့ ကောက်ချက်ချထားတယ်..၊ အရှင်..”
စစ်ရှီးယဲ့သည် မသေချာသည့် လေသံနှင့် ဆိုလိုက်၏။ သူသည် များသောအားဖြင့် နတ်နန်းမြို့တော်တွင်သာ နေထိုင်ရသူဖြစ်သည်။ အကြောင်းအရင်း ထွေထွေထူးထူးမရှိပဲ နတ်ဘုရားကုန်းမြေသို့ သွားရောက်ချင်းမရှိပေ။ ထိုအရာများသည် သူကြားသိရသည့် သတင်းများသာဖြစ်၏။
“ဘာလို့လဲ..”
ဟွမ်းသည် မေးမြန်းလိုက်၏။ သူသည် နတ်ဆိုးနယ်မြေနှင့် ခရမ်းလနယ်မြေတို့ကို ကိုယ်တိုင်ရောက်ရှိဖူးသည်။ အမှောင်စွမ်းအင်နှင့် ပတ်သတ်သည့် အငွေ့အသက်မျိုး မတွေ့ခဲ့ရချေ။
“နေမီးတောက် မျိုးနွယ်ကြောင့်ပါ..”
စစ်ရှီးယဲ့သည် ရှင်းပြ ပြောဆိုလိုက်၏။
“နေမီးတောက်မျိုးနွယ်လဲ မျိုးနွယ်တွင်း ပဋိပက္ခဖြစ်ခဲ့ကြတယ်..၊ ဒါပေမဲ့ နတ်ဘုရားနယ်မြေတစ်ခုလုံးက သတိကပ်ထားကြတာကြောင့် အချိန်မလွန်ခင်သိခဲ့ရတယ်..”
ထို့နောက် အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသောကြောင့် နေမီးတောက်မျိုးနွယ် ပျက်စီးမှုကို တားဆီးနိုင်ခဲ့သည်။ သို့သော် နေမီးတောက်မျိုးနွယ်လည်း ဆုံးရှုံးမှု များပြားခဲ့၏။
ထိုဖြစ်ရပ်ကို စတင်သည့် နေမီးတောက်မျိုးနွယ်ခေါင်းဆောင်ကို နတ်ဘုရားနယ်မြေရှိ အစွမ်းထက်ပုဂ္ဂိုလ်များသည် ထိန်းချုပ်နိုင်ခဲ့ကြသည်။
ထို့နောက်တွင် နည်းလမ်းပေါင်းစုံနှင့် စစ်ဆေးပြီးနောက်တွင် သူ၏ ဝိညာဉ်တွင် အမှောင်စွမ်းအင်များ ကပ်ညှိနေသည်ကို တွေ့ရှိခဲ့၏။
ထို့ကြောင့် ဖြစ်ရပ်များကို စီစစ်ပြီးနောက် မျိုးနွယ်သုံးခု၏ ဖြစ်ရပ်သည် တူညီသည်ဟု ယူဆကာ အမှောင်စွမ်းအင်ကြောင့် ရူးသွပ်သွားခြင်း ဟုကောက်ချက်ချခဲ့ကြသည်။
ထို့နောက်တွင် နတ်ဘုရားကုန်းမြေတွင် ပေါ်ထွက်လာသည့် အမှောင်စွမ်းအင်များကို ရှင်းလင်းခဲ့ကြသည်။ သို့သော် ပြန်လည် ထွက်ပေါ်လာဆဲပင်။ အမှောင်စွမ်းအင် ပေါ်ထွက်လာသည့် အရင်းအမြစ်ကို မရှာဖွေနိုင်ခဲ့ကြချေ။
‘ခရမ်းလမျိုးနွယ်လဲ အမှောင်စွမ်းအင်ကြောင့်လား..၊ ဒါပေမဲ့ အကိုကြီးရဲ့ အသိစိတ်ကလဲ ပုံမှန်ပဲ..၊ အဘိုကြီးကလဲ ယောင်အာကို ခေါ်ထုတ်လာနိုင်တယ်..’
ဟွမ်းသည် နတ်ဆိုးမျိုးနွယ်တွင် အမှောင်စွမ်းအင်ကြောင့် ပျက်စီးသွားခြင်းသည် ဖြစ်နိုင်ချေရှိသူဟု ယူဆခဲ့သည်။ အကြောင်းမှာ နတ်ဆိုးဘိုးဘေးသည် ရူးသွပ်စွာနှင့် မျိုးနွယ်တစ်ခုလုံးကို တိုက်ခိုက်ခဲ့သောကြောင့်ပင်။
သို့သော် ခရမ်းလမျိုးနွယ်တွင် ယွဲ့လင်းရှန်နှင့် ယွဲ့ဖုန်းချန် မဖြစ်နိုင်ပေ။ သူကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း သူတို့၏ ဝိညာဉ်များတွင် ရူးသွပ်မှု ရှိမနေချေ။ ထို့အပြင် ခရမ်းလမျိုးနွယ်တွင် သူတို့နှစ်ဦးထက်သာလွန်သည့် အစွမ်းထက်ပုဂ္ဂိုလ်မရှိတော့ပေ။
ထို့ကြောင့် အမှောင်စွမ်းအင် သက်ရောက်ခံရသူရှိလျှင်တောင် သူတို့၏ ခွန်အားနှင့် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဟွမ်းအတွက် ထိုကိစ္စသည် ရှုပ်ထွေးနေဆဲပင်။ သူသည် အမှောင်စွမ်းအင် ထွက်ပေါ်ရာ အရင်းအမြစ်ကို ရှာဖွေရမည်ဖြစ်ပြီး ထိုကိစ္စများကို အသေအချာ စစ်ဆေးရန်လိုအပ်နေသည်။ သူ၏ အတွေးများကို စစ်ရှီးယဲ့သည် နှောက်ယှက်လိုက်၏။
“အရှင်..၊ အဆင့်နှစ်ကုန်းမြေထဲဝင်ရောက်နိုင်တဲ့ လေဟာနယ်အတားအဆီးကို တွေ့ပြီးပြီလား..”
စစ်ရှီးယဲ့သည် ရှင်းပြနေရင်းနှင့် ဟွမ်းကို မေးလိုက်၏။ ဟွမ်းသည် သူတွေ့ရှိခဲ့ပြီးဖြစ်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒါ လေဟာနယ်အတားအဆီး မဟုတ်ပဲ လေဟာနယ်ကို ဖြတ်တောက်ထားတာ..”
“လေဟာနယ်ကို ဖြတ်တောက်တာလား..”
ဟွမ်းသည် သံယောင်လိုက်ကာ ရေရွတ်မိသွား၏။ ကြည့်ရသည်မှာ ထိုကုန်းမြေကို ဤလောကမှ ခွဲထွက်သွားသည့်ပုံပင်။ ထို့နောက် စစ်ရှီးယဲ့ကို မေးလိုက်သည်။
“အဲ့ဒီလူလုပ်တာလား..”
“ဟုတ်တယ်..အရှင်..၊ အဆင့်နှစ်ကုန်းမြေတစ်ခုလုံးကို ဖြတ်ထုတ်နိုင်တဲ့ ရတနာတစ်ခုနဲ့ လေဟာနယ်ကို ပိုင်းဖြတ်ပြီး နတ်ဘုရားလောက ကနေ ပျောက်ကွယ်သွားပြီ..”
စစ်ရှီးယဲ့သည် ဝမ်းနည်းသည့်လေသံနှင့် ဆိုလိုက်၏။ နတ်ဘုရားလောကတွင် ကောင်းကင်နန်းတော် မရှိတော့ပေ။
ဟွမ်းသည် ထိုအရာကို အကြမ်းဖျင်းတွေးမိသွားသည်။ လေဟာနယ်တစ်ခုလုံး ဖြတ်တောက်နိုင်သူမှာ ကောင်းကင်ဧကရာဇ် တစ်ဦးသာရှိ၏။
‘မင်းက အဆင့်နိမ့် နယ်မြေတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလား..’