← Chapters

သွေးမျိုးနွယ်၏လှုပ်ရှားမှု

Vol. 16 Ch. 229

သွေးမျိုးနွယ်၏လှုပ်ရှားမှု

Vol. 16 Ch. 229

ကောင်းကင်ဧကရာဇ်သည် နတ်ဘုရားနယ်မြေတစ်ခုတည်းကိုသာ ကယ်တင်ရန် ဆုံးဖြတ်ခဲ့ဟန်ရှိသည်။ ထို့ကြောင့် အဆင့်သုံးကုန်းမြေသည် အကာအကွယ်မဲ့သွားပြီဖြစ်ပြီး ဤကုန်းမြေမှ ကျင့်ကြံသူများသည် ရှင်သန်ရန် မလွယ်ကူတော့ချေ။

လီဝူချင်းတို့သည် ထိုအရာများကို တိတိကျကျနားမလည်သော်လည်း ဟွမ်းနှင့် စစ်ရှီးယဲ့၏ စကားများကို တိတ်တဆိတ် နားထောင်နေကြ၏။ သူတို့သည် အမှောင်စွမ်းအင်ဆိုသည်အရာနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိချေ။ သူတို့၏ စိတ်တွင်တော့ အံဩမှုများနှင့် ပြည့်နှက်နေတော့သည်။

ဟွမ်းအနေနှင့် ဖြစ်နိုင်ချေများကို တွေးတော့ တွက်ဆနေသည်။ မည်သို့ပင် ဖြစ်စေ ဤကုန်းမြေတွင် သူ၏ နန်းတော်နှင့် တပည့်များရှိနေပြီမို့ ကာကွယ်ရတော့မည်မှာကျိန်းသေပင်။ ထို့နောက် သူသည် စစ်ရှီးယဲ့ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်၏။

“မင်းက ဘာလို့ဒီမှာရှိနေတာလဲ..”

“ကျုပ်..”

စစ်ရှီးယဲ့သည် ရှင်းပြရန်ခက်ခဲသွား၏။ ထိုစဉ်က သူ့အား ဤနေရာတွင် ရှိနေရန် မလိုတော့ကြောင်း သတင်းရခဲ့သည်။ သို့သော် နတ်ဘုရားနယ်မြေတွင် ဟွမ်းရှိမနေချေ။ ထို့ကြောင့် သူသည် အဆင့်သုံးကုန်းမြေတွင်သာ နေရစ်ရန် ရွေးချယ်ခဲ့သည်။

နတ်ဘုရားကုန်းမြေသို့ ဟွမ်း ပြန်ရောက်လာလျှင် မတွေ့လိုက်ရမည်စိုးသောကြောင့် အမှောင်စွမ်းအင်များပင် ဂရုမစိက်ပဲ နတ်ဘုရားနယ်မြေသို့ မပြန်တော့ချေ။

“မိုက်မဲတဲ့ကောင်ပဲ..”

ဟွမ်းသည် စစ်ရှီးယဲ့၏ အမူအယာကို ကြည့်ရင်း ခန့်မှန်းမိသွားသည်။ စစ်ရှီးယဲ့သည် နေရခက်သွား၏။ ထို့နောက် ဟွမ်းသည် လေးနက်သည့်အသံနှင့် ဆက်လက် ပြောဆိုလိုက်သည်။

“အဆင့်သုံးကုန်းမြေမှာ အမှောင်စွမ်းအင်တွေ ဝင်ရောက်လာပြီ..၊ နည်းပါးသေးပေမဲ့..နေရာအတော်များများမှာ ရှိနေပြီ..”

ဟွမ်း၏ စကားကြောင့် စစ်ရှီးယဲ့သည် လီဝူချင်းတို့ကို အမှောင်စွမ်းအင် အကြောင်းရှင်းပြလိုက်၏။

စစ်ရှီးယဲ့၏ စကားများကြောင့် လီဝူချင်းတို့သည် အံ့ဩမှုများသည် စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“မြို့သခင်..၊ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ..”

လီဝူချင်းသည် အားလုံးကိုယ်စား မေးမြန်းလိုက်၏။ ထိုအရာကို အကြမ်းဖျင်းသိရှိပြီးနောက်တွင် အဆင့်သုံးကုန်းမြေတွင် ကပ်ဘေးကျရောက်တော့မည်ကို တွက်ဆမိလာကြသည်။

“ကျုပ်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ..၊ ခင်ဗျားတို့ကုန်းမြေတွေမှာ တက်နိုင်သမျှ အမှောင်စွမ်းအင် ပေါ်ပေါက်နေတဲ့ နေရာတွေကို ရှာပြီး တားမြစ်နယ်မြေသတ်မှတ်ရမယ်..”

စစ်ရှီးယဲ့သည် သူ၏ အကြံကို ထုတ်ပြောလိုက်သည်။ ကောင်းကင်ဧကရာဇ်ပင် ထိုအရာကို မဖြေရှင်းနိုင်ခဲ့သောကြောင့် သူတွင် ကြိုတင်ကာကွယ်မှုပြုသည်မှ လွဲ၍ လုပ်နိုင်စွမ်းမရှိပေ။

“ပြီးတော့ အမှောင်စွမ်းအင်တွေ ဆိုးဆိုးရွားရွား သက်ရောက်နေတဲ့ ကုန်းမြေတွေက ကျင့်ကြံသူတွေကို စွန့်ခွာခိုင်းပြီး တက်နိုင်သမျှစုစည်းထားကြပါ..၊ ဒါက ခင်ဗျားတို့ကို ညွှန်ကြားမှုပြုချင်တဲ့ အကြောင်းအရာပဲ..”

“ကျုပ်တို့ လုပ်ဆောင်ပါ့မယ်..”

လီဝူချင်းတို့သည် နာခံလိုက်၏။ သူတို့အား အကာကွယ်ပေးနိုင်သည့် ကောင်းကင်နန်းတော်သည် မရှိတော့ပေ။ ထို့အပြင် ဖြစ်လာတော့မည် အကြောင်းအရာများကြောင့် သူတို့၏ စိတ်များ လေးလံလာကြသည်။

“အရှင်..၊ ကျုပ်မှာ အရမ်းအရေးကြီးတဲ့ တင်ပြစရာတစ်ခုရှိနေသေးတယ်..”

စစ်ရှီးယဲ့သည် ဟွမ်းကို အလေးအနက်ပြောလိုက်၏။ သို့သော် စစ်ရှီးယဲ့ အံ့ဩသွားရသည်။ သူ၏ စကားကို ဟွမ်းမတုန့်ပြန်သောကြောင့်ပင်။

အကြောင်းမှာ ဟွမ်း၏ စိတ်အာရုံသည် ဤနေရာတွင် ရှိမနေပေ။ သူသည် ရွှေရောင်သစ်ပင်ငယ်လေးအတွင်းမှ ချုးယွီဟွာ၏ စကားသံကိုကြားလိုက်ရသောကြောင့်ပင်။

“စီနီယာအစ်ကို သွေးမျိုးနွယ်က စတင်လှုပ်ရှားနေပြီ..၊ ကျီယွမ်မဟာမိတ်နဲ့ တိုက်ခိုက်နေကြတယ်..၊ ဒါပေမဲ့ ကျီယွမ်မဟာမိတ်က အသာစီးမရထားဘူး..၊ ကျွန်မတို့ အကူအညီပေးသင့်လား..”

ချုးယွီဟွာသည် လင်းရှန်နယ်မြေသို့ ဝင်ရောက်ကာ ဟွမ်းနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။

“ကိုယ်လုပ်နိုင်သလောက်ပဲ အကူအညီပေးလိုက်..၊ ကျုပ်ချက်ချင်းပြန်လာခဲ့မယ်..”

ဟွမ်း၏ တုန့်ပြန်ချက်ကြောင့် ချုးယွီဟွာသည် နားလည်ကြောင်းပြောကာ လင်းရှန်နယ်မြေမှ ထွက်ခွာသွားသည်။ ဟွမ်းသည် ကျီယွမ်ကုန်းမြေတွင် ရှိနေသည့် သွေးမျိုးနွယ်ကို မေ့လျော့ထားခြင်းမရှိချေ။

ထိုမျိုးနွယ်အား ဖြေရှင်းရန် အချိန်မရှိသေးသောကြောင့် လွှတ်ထားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သွေးမျိုးနွယ်၏ လှုပ်ရှားနိုင်သည့် အန္တရာယ် အကြောင်းကို သူထွက်မလာခင် ချုးယွီဟွာတို့အား မှာကြားထားခဲ့၏။

“သွေးမျိုးနွယ်..”

ဟွမ်းသည် မလှုပ်မယှက်ဖြစ်သွားပြီးနောက် ရုတ်တရက် ရေရွတ်မှုကြောင့် စစ်ရှီးယဲ့တို့သည် ကြောင်အသွားတော့၏။

“အရှင်..၊ ဘာဖြစ်တာလဲ..”

စစ်ရှီးယဲ့သည် ဟွမ်း၏ ရေရွတ်မှုကြောင့် နားမလည်ဖြစ်ကာမေးလိုက်၏။

“ကျီယွမ်ကုန်းမြေကို ပြန်ဖို့ လိုနေပြီ..”

ဟွမ်းသည် အကြမ်းဖျင်း ပြောဆိုလိုက်၏။

“အရှင်..၊ အမှိုက်မျိုးနွယ်ကို ရှင်းဖို့ ကျုပ်ရောလိုက်ခဲ့မယ်..”

စစ်ရှီးယဲ့သည် ရုတ်တရက်ဆိုသလို ဒေါသသံနှင့် ပြောလိုက်၏။

“မလိုသေးဘူး..၊ အမှောင်စွမ်းအင်တွေကို ဖြေရှင်းဖို့ လုပ်..”

ဟွမ်းသည် ပယ်ချလိုက်၏။ အမှောင်စွမ်းအင်များသည် သွေးမျိုးနွယ်ထက် အရေးကြီးသည်။ ထို့ကြောင့် စစ်ရှီးယဲ့ကို ထိုစွမ်းအင်များသာ ဖြေရှင်းစေလိုက်၏။ သက်ရောက်ခံရသူများ ရှိလာပါက သွေးမျိုးနွယ်ထက် ပို၍ အန္တရာယ်ကြီးပေမည်။

“အမှိုက်မျိုးနွယ်ကို ကောင်းကင်နန်းတော်က ရှင်းလင်းခဲ့ပြီမဟုတ်ဘူးလား..၊ ဘာလို့ ဒီကုန်းမြေမှာ ထွက်ပေါ်လာတာလဲ..”

စစ်ရှီးယဲ့သည် ခေါင်းဆောင်များကို တစ်ဦးချင်းကြည့်ကာ တင်းမာသည့်လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“ဒါ..”

ချုံးမင်သည် ဖြေရခက်သွား၏။ ကျီယွမ်ကုန်းမြေတွင် သွေးမျိုးနွယ်ကို လက်ခံထားစေခဲ့သည်။ သို့သော် ထိုမျိုးနွယ်၏ အကြောင်းကို တိတိကျကျမသိရှိခဲ့ပေ။ ယနေ့တွင် သူသည် ကံဆိုးမိုးမှောင်ကြသည့် နေ့တစ်နေ့ဟုပင် တွေးမိသွားတော့သည်။ သူသည် ငိုလုမတက်အမူအယာနှင့် ပြောလိုက်၏။

“ကျုပ်..သွေးမျိုးနွယ်က အဲ့ဒီလိုယုတ်မာမယ်မထင်ခဲ့လို့ပါ..”

စစ်ရှီးယဲ့သည် ဒေါသများ ငယ်ထိပ်အထိတက်လာသည်ဟု ခံစားမိသွား၏။ ထို့နောက် ဟွမ်းသည် စစ်ရှီးယဲ့ကို ထိန်းကာ နတ်နန်းမြို့တော်မှ ထွက်ခွာတော့မည်ကို ပြောလိုက်သည်။

“နန်းတော်သခင်..၊ ကျုပ်တို့ ကောင်းကင်တံခါးဂိုဏ်းက လေဟာနယ် အစီအရင်ကို အသုံးပြုနိုင်ပါတယ်..”

ချုံးမင်သည် ဝင်ရောက်ပြောဆိုလိုက်၏။ မြို့သခင်ပင် ရိုသေရသူသည် သာမန်တည်ရှိမှု မဟုတ်တော့သည်မှန်းကို သဘောပေါက်ပြီးဖြစ်သည်။ ထို့အပြင် သူ၏ အပြစ်မကင်းဟု ခံစားမိ၏။

ထိုသို့သူအား စော်ကားမှု ပြုခဲ့သည် သူ့ကိုယ်သူပင် နားမလည်နိုင်တော့ချေ။ ထို့ကြောင့် ဟွမ်းနှင့် ဆက်ဆံရေးကောင်း ပြန်လည်တည်ဆောက်ရန်ကြိုးစားလိုက်သည်။ ထို့အပြင် ကျီယွမ်ကုန်းမြေသည် သူ၏ လက်အောက်မှ ကုန်းမြေတစ်ခု ဖြစ်နေ၏။ မျက်ကွယ်ပြု၍ မရပေ။

ကျီယွမ်ကုန်းမြေသည် ဝေးကွာလွန်းသည်။ တစ်ခဏအတွင်း ပြန်လည်ရောက်ရှိနိုင်မည်မဟုတ်ပေ။ လေဟာနယ် အစီအရင်နှင့် ဆိုလျှင် အချိန်များစွာ သက်သာသွားမည်ဖြစ်သည်။ သို့သော် ဝိညာဉ်သလင်းကျောက်များစွာ အသုံးပြုရသောကြောင့် ခဏတိုင်းအသုံးပြုနိုင်ခြင်းမရှိချေ။

ဟွမ်း လက်ခံလိုက်၏။ သွေးမျိုးနွယ်သည် ကျီယွမ်မဟာမိတ်နှင့် တိုက်ခိုက်နေသည်ဟုဆိုသော်လည်း ဟွမ်းရှန့်နန်းတော်သည ကျီယွမ်ကုန်းမြေတွင် တည်ရှိနေသောကြောင့် မျက်ကွယ်ပြု၍ မရချေ။ ထို့အပြင် သွေးမျိုးနွယ်နှင့် ဖြေရှင်းရမည်ကိစ္စများလည်းရှိနေသေးသည်။

ကျီယွမ်ကုန်းမြေ၏ ပြသနာရပ်များကို ဖြေရှင်းပြီးလျှင် အမှောင်စွမ်းအင်များကို ဖြေရှင်းရဦးမည်ဖြစ်သည်။

“ဒီအတောအတွင်း ကျင့်ကြံသူတွေကို စုစည်းထားလိုက်..”

ဟွမ်းသည် စစ်ရှီးယဲ့နှင့် အခြားခေါင်းဆောင်များကို အဆင့်သုံးကုန်းမြေတစ်ခုလုံး စစ်ဆေးမှု ပြုခိုင်းခဲ့သည်။

စစ်ရှီးယဲ့နှင့် လီဝူချင်းတို့သည် နာခံလြိက်ကြ၏။ လီဝူချင်းတို့သည် ဟွမ်း၏ အကြောင်းကို အသေအချာ သိရှိခြင်းမရှိသော်လည်း အဆင့်သုံးနယ်မြေကို အကူအညီပေးနေမှန်းသိသည်။ ထို့ကြောင့် ငြင်းပယ်ခြင်းမရှိပေ။

ထို့နောက် ဟွမ်းသည် ချုံးမင်နှင့် အတူထွက်ခွာသွားတော့သည်။ စုန့်ချင်းသည်လည်း မိစ္ဆာသူတော်စင် ကုန်းမြေသို ပြန်သွားခြင်း မရှိသေးပဲ ဟွမ်းနှင့် လိုက်ပါသွားတော့၏။ သူမသည် ထိုကုန်းမြေမှ ထွက်မလာခင်ကတည်းက သူမ၏ လက်အောက်ငယ်သားများကို ညွှန်ကြားခဲ့ပြီးဖြစ်သည်။

“မြို့သခင်..၊ အဲ့ဒီလူက တကယ်ပဲ ဘယ်သူလဲ..”

ဟွမ်း ထွက်ခွာပြီးနောက်တွင် ကြယ်ဖြူမဟာမိတ်ဆောင်းဆောင် လီဝူချင်းသည် ထုတ်ဖော်မေးမြန်းလိုက်၏။

“အဆင့်နှစ်နယ်မြေတစ်ခုလုံးက ကြောက်ရွံ့ရတဲ့သူ..”

စစ်ရှီးယဲ့သည် အကြောင်းအရာအချို့ကို ထုတ်ဖော်ပြောကြားလိုက်သည်။ လီဝူချင်း၊ ယန်ရွှမ်းတောက်နှင့် ဟုန်လျန်တို့၏ မျက်နှာများတွင် အံ့ဩမှုများနှင့် ပြည့်နှက်နေတော့၏။

All Chapters