ကျီမျိုးနွယ်၏ အခက်အခဲ
Vol. 16 Ch. 230
ကျီယွမ်ကုန်းမြေတွင် ဖရိုဖရဲနှင့် တိုက်ပွဲများစွာ ဖြစ်ပေါ်နေပြီး ငြိမ်းချမ်းမှု မရှိတော့ပေ။ သွေးမျိုးနွယ်သည် မူမမှန်သည့် ခြေလှမ်းများနှင့် ပဋိပက္ခများကို စတင်ခဲ့သည်။
သူတို့သည် ကျီယွမ်ကုန်းမြေ၏ မြို့ငယ်အချို့ကို စတင်တိုက်ခိုက်မှုများ ပြုခဲ့၏။ သူတို့၏ တိုက်ခိုက်မှုများသည် မြို့တွင်းရှိ ကျင့်ကြံသူများကို သတ်ဖြတ်ကာ သွေးစွမ်းအင်များကို စုစည်းခဲ့ခြင်း ဖြစ်သည်။
ကျီထျန်းရှစ်သည် ဒေါသပုန်ထကာ သွေးမျိုးနွယ်ကို အမြစ်ဖြတ်ရန်ကြေငြာခဲ့၏။ ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည်လည်း အလွန်အမင်း ဒေါသထွက်ကာ သွေးမျိုးနွယ်ကို စတင်တိုက်ခိုက်ကြတော့သည်။
သို့သော် သွေးမျိုးနွယ်၏ အင်အားသည် ရုတ်ချည်း မြင့်တက်လာသည်။ ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများ သိရှိထားခြင်းမရှိသည့် အဆင့်ခြောက်နှင့် အဆင့်ငါး သို့ရောက်ရှိသေည့် သွေးမျိုးနွယ်ဝင်များစွာ ထွက်ပေါ်လာခဲ့၏။
ထိုမထင်မှတ်ထားသည့် အရာကြောင့် ကျီယွမ်မဟာမိတ်ပင် ခေါင်းမီးတောက်ကုန်ကြသည်။
“ကျုပ်တို့ ကျီယွမ်ကုန်းမြေတစ်ဝက်နီးပါကို သွေးမျိုးနွယ်က သိမ်းယူသွားခဲ့ပြီ..”
ကျီထျန်းရှစ်သည် ဒေါသတကြီးဆိုလိုက်၏။ သူသည် မဟာ နတ်အင်ပါယာတစ်ဦးဖြစ်သောကြောင့် သွေးမျိုးနွယ်၏ လုပ်ရပ်များကို ရပ်တန့်စေရန်သွားရောက်ခဲ့သည်။
သို့သော် မထင်မှတ်ထားသည်မှာ သွေးဘိုးဘေးသည်လည်း မဟာနတ်အင်ပါယာတစ်ဦးဖြစ်နေခဲ့၏။ ထို့အပြင် သွေးမျိုးနွယ်တွင် အဆင့်ခြောက်ကျင့်ကြံသူများစွာ ပေါ်ထွက်လာပြီး သူတို့အား ဖိအားပေးခဲ့သည်။ ထို့ကြောင့်ပင် ကျီယွမ်ကုန်းမြေ၏ နယ်မြေအတော်များများကို လက်လွှတ်ပေးခဲ့ရ၏။
“မဟာမိတ်ခေါင်းဆောင်..၊ ကောင်းကင်တံခါးဂိုဏ်းကို အကြောင်းကြားပြီးပြီလား..”
ရှီဖန်းကျစ်သည် မေးလိုက်၏။ သူ၏ မျက်နှာလည်း မအီမလည်ဖြစ်နေသည်။
“သတင်းပို့ ကျောက်ပြားကို အသုံးပြုပြီးပြီ..၊ မကြာခင်ရောက်လာလိမ့်မယ်ထင်တယ်..”
ကျီထျန်းရှစ်သည် မသေချာသည့်လေသံနှင့် သက်ပြင်းချကာဆိုလိုက်၏။ သွေးမျိုးနွယ်တွင် အဆင့်ခြောက်ကျင့်ကြံသူ များပြားလွန်းနေခြင်းသည် သူတို့အား ဒုက္ခရောက်စေသည်။
“သွေးမျိုးနွယ်ရဲ့ မျက်နှာဖုံးက ကွာကျလာပြီ..၊ ကောင်းကင်တံခါးဂိုဏ်းက အကူအညီကိုပဲ စောင့်မျှော်နိုင်တော့မယ်..”
ရှီဖန်းကျစ်သည် အကူအညီရရန်သာမျှော်လင့်နေတော့၏။
“သွေးဘိုးဘေးက မဟာ နတ်အင်ပါယာဖြစ်နေပြီးတော့ ရွှယ်လုယွင်၊ ရွှယ်နင်းလီနဲ့ ရွှယ်ဝူယွမ်တို့က ရုတ်တရက်ကြီး အဆင့်ခြောက်ကျင့်ကြံသူတွေ ဖြစ်ကုန်တယ်..၊ ဒီကောင်တွေ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ..”
ကျီထျန်းရှစ်သည် ပြောလိုက်၏။ သွေးဘိုးဘေး၏ မဟာ နတ်အင်ပါယာအဆင့်ကို သူသည် တိုက်ခိုက်နိုင်သော်လည်း ကျီယွမ်မဟာမိတ်တွင် ကျန်းလီယွီ့သေဆုံးပြီးနောက် အဆင့်ခြောက် ကျင့်ကြံသူ ရှီဖန်းကျစ်သာ ရှိတော့သည်။
ထို့အပြင် သွေးမျိုးနွယ်မှ အဆင့်ငါးကျင့်ကြံသူများစွာလဲ ပေါ်ထွက်လာခဲ့၏။ ထိုအရာက ကျီယွမ်မဟာမိတ်ကို အကျပ်အတည်းဖြစ်စေတော့သည်။
“ဟွမ်းရှန့်နန်းတော်က မလှုပ်ရှားဘူးသေးဘူးလား..”
ရှီဖန်းကျစ်သည် သွမ့်မုယီကိုကြည့်ကာ စိတ်ပျက်အားလျော့နေသည့် လေသံနှင့်မေးလိုက်၏။
သွမ့်မုယီသည် ဟွမ်းရှန့်နန်းတော်နှင့် အနီးစပ်ဆုံးသူဖြစ်သည်။ သွမ့်မုယီသည်တော့ ခေါင်းခါယမ်းလိုက်၏။ သူကိုယ်တိုင်လည်း အခြေအနေများကို တိတိကျကျ မသိရှိပေ။ ကျန်းရွှမ်ထုံနှင့် ရှီဖန်းကျစ်တို့သည်လည်း စိတ်ဓာတ်ကျလာတော့သည်။
“သွေးမျိုးနွယ်က ကျုပ်တို့ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတာ ဒါကြောင့် ဟွမ်းရှန့်နန်းတော်က ဝင်ပါလောက်မယ်မထင်ဘူး..”
သွေးမျိုးနွယ်သည် ရဲတင်းနေသော်လည်း ဟွမ်းရှန့်နန်းတော်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ချေ။ ဟွမ်းရှန့်နန်းတော်သာ ပူးပေါင်းပါဝင်ခဲ့လျှင် သွေးမျိုးနွယ်သည့် ဤမျှအထိရဲတင်းတော့မည်မဟုတ်ပေ။
ကျီထျန်းရှစ်သည် ဆက်လက်ပြောဆိုလိုက်သည်။
“အရင်ဆုံး မြို့တော်ကြီးတွေဆီကို မကျုးကျော်နိုင်အောင် တားဆီးထားဖို့ လုပ်ကြရအောင်.. နေရာတိုင်းကိုလဲစောင့်ကြည့်ထား..”
ရှီဖန်းကျစ်သည် ခေါင်းညိတ်လိုက်၏။ ရှီမျိုးနွယ်၏ အကြီးအကဲများကို နေရာချထားပြီးဖြစ်သည်။ ထို့နောက်တွင် လိုအပ်သည့်အရာများကို ဆက်လက်ဆွေးနွေးလိုက်ကြ၏။
နောက်ရက်များတွင် အခြေအနေများသည် ပို၍ ရှုပ်ထွေးလာတော့၏။ သွမ့်မုလီသည် ဟွမ်းရှန့်နန်းတော်သို့ လာရောက်ကာ သတင်းပေးပို့နေသည်။
“သွေးမျိုးနွယ်က အတော်လေးရဲတင်းလာတယ်..၊ ကျီမျိုးနွယ်ရဲ့ အိမ်တော်ကို ကျုးကျော်နေကြပြီ..၊ ကျီယွမ်မဟာမိတ်က အကူအညီတောင်းခံနေပါတယ်..”
ချုးယွီဟွာသည် သွမ့်မုလီ၏ စကားကို နားထောင်ရင်း စဉ်းစားလိုက်၏။ သူမတို့သည် အဆင့်ငါး ကျင့်ကြံသူများသာ ဖြစ်ပြီး ဟွမ်း မရှိလျှင် ရင်ဆိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ချုးယီဟွာသည် သက်ပြင်းချကာပြောလိုက်၏။
“ကျွန်မတို့ကြောင့် တိုက်ပွဲအလှည့်အပြောင်း ကြီးမားမှာမဟုတ်ဘူး..”
“ဒါပေမဲ့ ကျီယွမ်ကုန်းမြေရဲ့ အရေးကိစ္စဖြစ်လို့ ဝင်ရောက်ကူညီမှာပါ..”
သို့သော်လည်း ခဏတာ စဉ်းစားပြီးနောက် လက်ခံလိုက်လေသည်။ ထို့နောက် ဝမ်မုန့်ယွင်ကိုကြည့်ကာ ပြောလိုက်၏။
“ကျွန်မနဲ့ ရွှယ်အာ အကူအညီပေးလိုက်မယ်..၊ အကြီးအကဲဝမ်က နန်းတော်ကိုပဲ စောင့်ရှောက်ထားလိုက်ပါ..”
“ကျွန်မရောလိုက်ခဲ့ရမလား..”
ဝမ်မုန်ယွင်သည် တွေးဆကာ မေးလိုက်၏။
“အကြီးအကဲဝမ် လိုက်မယ်ဆိုရင် ဟွမ်းရှန့်နန်းတော်နဲ့ မြူနှင်းမြို့တော်တို့က အကာအကွယ်မဲ့သွားပြီး အဆင့်ငါးကျင့်ကြံသူက ဟော်ယန်တစ်ယောက်ပဲ ကျန်ခဲ့လိမ့်မယ်..”
သွေးမျိုးနွယ်၏ လုပ်ရပ်များသည် မှန်းဆ၍ မရပေ။ ထို့ကြောင့် ဝမ်မုန့်ယွင်နှင့် ဂိုဏ်းစောင့်သားရဲ ဟော်ယန် တို့ကိုစောင့်ရှောက်ရန် နေစေခဲ့သည်။
“ကောင်းပြီ..၊ ဂရုစိုက်ပါ..”
ဝမ်မုန့်ယွင်သည် အကျိုးအကြောင်း ဆီလျော်သောကြောင့် လက်ခံလိုက်၏။ ထိုအချိန်တွင် ပုံရိပ်လေးခုသည် ရောက်ရှိလာသည်။
“ကျွန်မတို့လဲ လိုက်ခဲ့မယ်..”
ယွဲ့ဝူယောင်သည် ချုးယွီဟွာကိုတောင်း ဆိုလိုက်၏။
“ဒါပေမဲ့..၊ ကောင်းပြီလေ..”
ချုးယွီဟွာသည် ခဏတာ တုန့်ဆိုင်းသွားသော်လည်း လက်ခံလိုက်ရသည်။ သူမသည် ဟွမ်း၏ တပည့်များ ထိခိုက်သွားစေလိုခြင်းမရှိပေ။ သို့သော် သူတို့သည်လည်း တိုက်ပွဲများ တိုက်ခိုက်မှ ပို၍ တိုးတက်လာမည်ဖြစ်သည်။
ချန်ကန်းဂိုဏ်း အကြီးအကဲ သွမ့်မုလီသည် စိတ်အေးသွားကာ ပျော်ရွှင်သွားတော့၏။ အဆင့်ငါးကျင့်ကြံသူနှစ်ဦးသည်လည်း ဤတိုက်ပွဲများတွင် အရေးပါပေသည်။
ကျီအိမ်တော်တွင် အရှုပ်အထွေးများနှင့် ပြည့်နှက်နေပြီး အဆောက်အဦးများစွာလည်း ပျက်စီးနေပြီဖြစ်သည်။
“မင်းတို့ သွေးမျိုးနွယ်က ဒီလောက်တောင်ရဲတင်းနေတာလား..”
ကောင်းကင်ထက်ရှိ ကျီထျန်းရှစ်သည် သွေးဘိုးဘေးကို ကြည့်ကာ ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။
သွေးမျိုးနွယ်သည် ကျီအိမ်တော်ကို ကျုးကျော်ရဲသည် အထိပင် ဖြစ်လာခဲ့သည်။ အဆင့်ခြောက်ကျင့်ကြံသူသုံးဦးအပြင် အဆင့်ငါး ကျင့်ကြံသူ များစွာ ပါရှိနေသေး၏။ ထိုအရာသည် ကျီမျိုးနွယ်အား ချေမှုန်းလိုသည့် အသွင်ဖြစ်နေသည်။
ကျီမျိုးနွယ်၏ အကြီးအကဲများသည် အဆင့်ငါးကျင့်ကြံသူများသာဖြစ်ပြီး သွေးမျိုးနွယ်၏ ဟန်ချက်ကို အထက်စည်းမှ ထိန်းသိမ်းမထားနိုင်ချေ။ သူတို့သည် ဖိအားများစွာရင်ဆိုင်နေရသည်။
ထို့အပြင် ကျီထျန်းရှစ်ကို လှုပ်ရှားမှုကို အဆင့်ခြောက် ကျင့်ကြံသူများဖြစ်သည့် ရွှယ်နင်းလီ၊ ရွှယ်လုယွင်နှင့် ရွှယ်ဝူယွမ်တို့သည် ကန့်သတ်ထား၏။ သူတို့သည် အဆင့်ခြောက်များ ဖြစ်သော်လည်း သုံးဦးပေါင်း၏ အစီအရင်နှင့် တိုက်ခိုက်မှုသည် ကျီထျန်းရှစ်ကို ထိန်းချုပ်ထားနိုင်သည်။
“နိမ့်ကျတဲ့ မျိုးနွယ်တစ်ခုက ဒီလိုစကားပြောဖို့ ထိုက်တန်တယ်ထင်နေလား..၊ အေးအေးဆေးဆေး အညံ့ခံပြီး ငါ့လက်အောက်ကို ဝင်လိုက်..၊ မင်းတို့မျိုးနွယ်ကို သက်ညှာပေးမယ်..”
ရွှယ်ဝူယွမ်သည် မောက်မာစွာပြောဆိုလိုက်၏။ သူတိုဘသည် ကျီထျန်းရှစ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး တိုက်ပွဲအတွင်း မဝင်ရောက်စေရန်သာ ထိန်းသိမ်းထားသည်။ သူတို့အနေနှင့် မဟာ နတ်အင်ပါယာတစ်ဦးကို အနိုင်ယူရန်မလွယ်ကူသေးချေ။
“အိမ်မက်မက်နေလိုက်..၊ ကျီမျိုးနွယ်က မင်းတို့လို မကောင်းဆိုးဝါးမျိုးနွယ်ရဲ့ လက်အောက်ကို ဝင်မယ်ထင်နေလား..”
ကျီထျန်းရှစ်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် သွေးမျိုးနွယ်ကို ကျီယွမ်ကုန်းမြေတွင် နေထိုင်ခွင့်ပေးခဲ့ခြင်းသည် သူ၏ အကြီးအမားဆုံး အမှားဖြစ်နေသည်။ သူသည် နောင်တရလာတော့၏။
ထို့အပြင် ကျီမျိုးနွယ်ဝင်များ သတ်ဖြတ် ခံနေရခြင်းကို ရပ်ကြည့်ရုံသာ တက်နိုင်ခဲ့ပြီး ဝင်ရောက်စွက်ဖက်ခွင့် မရချေ။ ထို့ကြောင့် ဒေါသတကြီးနှင့် သွေးဘိုးဘေးကို တိုက်ခိုက်လိုက်ပြန်သည်။
“အားနည်းတဲ့ မျိုးနွယ်က အံ့တုဖို့ကြိုးစားနေတာပဲ..”
ရွှယ်ဝူယွမ်သည် ကျီထျန်းရှစ်၏ တိုက်ခိုက်မှုများကို ရွှယ်နင်းလီနှင့် ရွှယ်လုယွင်တို့နှင့် ပူးပေါင်း၍ တားဆီးထားသည်။ ကျီထန်းရှစ်သည် ပို၍ ဒေါသထွက်လာခဲ့၏။ ကောင်းကင်ထက်ရှိ တိုက်ပွဲသည် ပြင်းထန်နေသလို ကျီအိမ်တော်အတွင်းလည်း တိုက်ပွဲများပြင်းထန်နေသည်။
“သေစမ်း..”