← Chapters

အကူအညီပေးခြင်း

Vol. 16 Ch. 231

အကူအညီပေးခြင်း

Vol. 16 Ch. 231

ကျီထျန်းရှစ်၏ သားဖြစ်သူ ကျီချင်းချန်သည် အဆင့်သုံးကျင့်ကြံသူသာ ဖြစ်နေပြီး ရွှယ်ဝူယနှင့်တိုက်ခိုက်နေသည်။ ထို့အတူ ကျန်းမျိုးနွယ်၏ သခင်လေးဖြစ်သူ ကျန်းလီချွမ်လည်း ရွှယ်ဝူယကို ပူးပေါင်းတိုက်ခိုက်နေရ၏။

အကြောင်းမှာ ရွှယ်ဝူယသည် အဆင့်လေး ကျင့်ကြံသူပင်ဖြစ်နေပြီ ဖြစ်သည်။

“မင်းတို့နှစ်ယောက်လုံး ငါနဲ့ အဆင့်တူတယ်များထင်နေလား..”

ရွှယ်ဝူယသည် ထိုနှစ်ဦးအား ဖိအားပေးတိုက်ခိုက်နေကာ ဖိနှိပ်ထား၏။ တိုက်ပွဲသည် ကြာမြင့်လာသောကြောင့် သူတို့နှစ်ဦးသည် ပင်ပန်းလာတော့သည်။ အသက်ပင် အမောတကောရှုသွင်းနေရ၏။

“မင်းတို့သွေးမျိုးနွယ်ကောင်တွေက ကျင့်ကြံသူတွေကို သတ်ဖြတ်တဲ့ မကောင်းဆိုးဝါးတွေပဲ..”

ကျီချင်းချန်သည် မောပန်းနေသည့် အသံနှင့် ဆိုလိုက်၏။ ရွှယ်ဝူယသည် ထိုစကားကြောင့် သူ၏ မျက်နှာသည် မပြောင်းလဲပေ။ ထိုသို့ အခေါ်ခံရခြင်းကိုပင် ဂုဏ်ယူနေဟန်ရှိနေပြီး လှောင်ပြုံး ပြုံးလိုက်သည်။

ရွှယ်ဝူယသည် အပျင်းပြေကစားနေရုံသာဖြစ်ပြီး ချွေးပင် မစို့ချေ။ ထို့နောက် စိတ်မရှည်တော့သည့် လေသံနှင့်ဆို‌လိုက်၏။

“မင်းတို့နဲ့ တိုက်ခိုက်ဖို့ ပျင်းသွားပြီ သေလိုက်တော့..”

ရွှယ်ဝူယသည် သွေးစွမ်းအင်ဓားနှင့် ကျန်းလီချွမ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်၏။ ကျန်းလီချွမ်သည် ပြန်လည်တိုက်ခိုက်လိုက်သော်လည်း ရွယ်ဝူယ၏ ရုတ်ချည်း မြင့်တက်လာသည့် ခွန်အားကြောင့် မယှဉ်သာတော့ပေ။

“အား..”

ကျန်းလီချွမ်သည် နာကျင်စွာ ဟစ်အော်လိုက်ရပြီး အဝေးသို့ လွင့်စင်သွားတော့သည်။ သူသည် ပင်ပန်းနေပြီမို့ ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုတည်းနှင့်ပင် လဲကျသွားရတော့၏။

“မင်းအလှည့်..”

ရွှယ်ဝူယသည် ကျီချင်းချန်ကို ဆက်လက် ဝင်ရောက်တိုက်ခိုက်လိုက်၏။ ကျီချင်းချန်သည် တုန့်ပြန်တိုက်ခိုက်နေသော်လည်း အချိန်အနည်းငယ်ကြာပြီးနောက်တွင် စွမ်းအင်များကုန်ခမ်းလာ၏။

“ဝုန်း..”

သူသည် အဆင့်လေးကျင့်ကြံသူ၏ တိုက်ခိုက်မှုကို မခံနိုင်သောကြောင့် ဒဏ်ရာရကာ လွင့်စင်သွားရတော့သည်။ ရွှယ်ဝူယ၏ ခွန်အားသည် သူ့ထက်များစွာ သာလွန်နေ၏။ ထိုတိုက်ခိုက်မှုကြောင့် သွေးများ ဆက်တိုက်အန်နေရသည်။

သို့သော် ရွှယ်ဝူယသည် ချက်ချင်း ဆိုသလို ကျီချင်းချန်ကို အဆုံးသတ်ရန် အလျှင်အမြန်ရောက်ရှိလာ၏။

“မဟုတ်ဘူး..”

ကျီထျန်းရှစ်သည် ထိုအချင်းအရာကို အာရုံခံမိသောကြောင့် အလွန်အမင်းထိတ်လန့်သွားသည်။ သူသည် ကျီချင်းချန်ကို အကာကွယ်ပေးရန် သွားလိုက်သော်လည်း သွေးမျိုးနွယ် အကြီးအကဲသုံးဦးသည် တားဆီးထား၏။

“ဖယ်စမ်း..”

ကျီထျန်းရှစ်သည် ဒေါသတကြီး ပြောလိုက်၏။ ထိုသုံးဦးသည် သူ့အား ဖိအားပေးတိုက်ခိုက်မှုများမပြုနိုင်သော်လည်း သူတို့၏ သွေးအစီအရင်ကြောင့် အလွယ်တကူ အနိုင်ယူနိုင်စွမ်း မရှိနေချေ။

“ကျုပ်တို့ကို အမိန့်ပေးနိုင်တဲ့ စွမ်းရည် ခင်ဗျားမှာ မရှိသေးဘူး..”

ရွှယ်နင်းလီသည် ရယ်မောကာ ဆက်လက်ဖိအားပေးတိုက်ခိုက်လိုက်၏။

“ဒါလူငယ်တွေရဲ့ တိုက်ပွဲပဲ..၊ ခင်ဗျား ဝင်ပါဖို့ မသင့်လျော်ဘူးလေ..၊ ကျုပ်ရဲ့သားကို အနိုင်မယူနိုင်တဲ့ ခင်ဗျားသားရဲ့ အားနည်းမှုကိုပဲ အပြစ်တင်လိုက်..”

ရွှယ်ဝူယွမ်သည် မစွက်ဖက်ရန်ပြောဆိုကာ တားဆီးထားသည်။ ရွှယ်ဝူယ ခွန်အားအပေါ် ဂုဏ်ယူမှုများပြည့်နှက်နေ၏။

“ခွေးကောင်တွေ..၊ ဖယ်စမ်း..”

ကျီထျန်းရှစ်၏ ဒေါသ အထွတ်အထိပ်အထိ ရောက်ရှိလာပြီး သူ၏ ဝိညာဉ်ပုံရိပ်ကို ထုတ်ဖော်ကာ တရကြမ်းတိုက်ခိုက်၏။ ရွှယ်ဝူယွမ်တို့လည်း အစီအရင် မပြိုကွဲအောင် အလေးနက် ခုခံထားတော့သည်။

ထိုအချိန်တွင် ကျီချင်းချန်သည် တုန့်ပြန်နိုင်စွမ်း မဲ့နေတော့၏။ ရွှယ်ဝူယ၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။ ကျီချင်းချန်သည် စိတ်ပျက်အားလျော့သွားတော့၏။

“ကျစ်..ကျစ်..”

ရေခဲပွင့်ချပ်များထွက်ပေါ်လာသည့် အသံကြောင့် ကျီအိမ်တော်အတွင်း တိုက်ခိုက်မှုများသည် ခဏတာ ရပ်တန့်သွားကြ၏။

“မိန်းကလေးယွဲ့..”

ကျီချင်းချန်သည် သူ၏ ရှေ့တွင်ရောက်ရှိနေသည့် ခရမ်းရောင် အမျိုးသမီးငယ်လေးကိုကြည့်ရင်း အံ့ဩသွားတော့၏။ ထို့အတူ ပျော်ရွှင်မှုလည်း ဝင်ရောက်လာသည်။ ရွှယ်ဝူယ၏ တိုက်ခိုက်မှုကို ရေခဲအလွှာများက တားဆီးပေးထား၏။

“ဝုန်း..”

ယွဲ့ဝူယောင်သည် ရွှယ်ဝူယ၏ တိုက်ခိုက်မှုကို တားဆီးပေးခဲ့ပြီး သူမ၏ စွမ်းအင်လှိုင်းကြောင့် ရွှယ်ဝူယသည် နောက်ဆုတ်လိုက်ရတော့သည်။

“မဖြစ်နိုင်တာ..”

ရွှယ်ဝူယွင်သည် ထိုအပြောင်းအလဲကြောင့် အံ့ဩသွားတော့၏။ ရွှယ်လုယွင်နှင့် ရွှယ်နင်းလီသည် အံ့ဩမှုများနှင့် ပြည့်နှက်နေသည်။

ကျီထျန်းရှစ်သည်တော့ သို့မှသာ သက်ပြင်းချနိုင်တော့၏။ ဟွမ်းရှန့်နန်းတော်မှကျင့်ကြံသူများ ရောက်ရှိလာပြီဖြစ်သည်။ သူတို့ထဲတွင် အဆင့်ခြောက်ကျင့်ကြံသူများ မပါရှိသော်လည်း သွေးမျိုးနွယ်နှင့် ဟန်ချက် ထိန်းနိုင်တော့မည်ဖြစ်၏။

ကျီအိမ်တော်တွင်းရှိ တိုက်ပွဲများသည် ရုတ်တရက်ပေါ်ထွက်လာသည့် ပုံရိပ်များကြောင့် ခဏတာ ရပ်တန့်သွားရတော့၏။

“မင်းပဲ..”

ရွှယ်ဝူယသည် ရုတ်တရက်ထွက်ပေါ်လာသည့် ခရမ်းရောင်ဆံနွယ်များနှင့် မိန်းကလေးကို မှတ်မိသွားတော့၏။

“ငါ..မင်းကို မတွေ့နိုင်သေးဘူးထင်နေတာ..၊ မင်းကိုယ်တိုင် အသေခံဖို့ရောက်လာခဲ့တာဆိုတော့ ကောင်းကင်က ငါ့ကို မျက်နှာသာပေးတာပဲ..”

လေဟာနယ်စစ်တလင်းတွင် သူ့အား ဖိနှိပ်တိုက်ခိုက်ခဲ့သည့် မိန်းကလေးဖြစ်သည်။ ထိုမိန်ကလေးသည် အဆင့်သုံးတွင်ရှိနေခဲ့ပြီး အလွန်ပင်သန်မာခဲ့သည်။ ထိုစဉ်ကတည်းက သူမကို အနိုင်ယူကာ လက်စားချေရန် ဆုံးဖြတ်ထားခြင်းသည်။

သို့သော် ယခုတွင် ထိုမိန်းကလေးသည်လည်း အဆင့်လေးသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့အပြင် သူ၏ တိုက်ခိုက်မှုကိုပါ တားဆီးခဲ့သေး၏။ ရွှယ်ဝူယ၏ ဒေါသမျက်ဝန်းများသည် လေးနက်လာတော့သည်။

ယွဲ့ဝူယောင်သည် ဤအတောအတွင်း ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပြီး အဆင့်လေးကျင့်ကြံသူပင် ဖြစ်လာခဲ့သည်။ သူမ၏ စွမ်းအားသည်လည်း အထူးတလည်ပြောစရာပင် မလိုချေ။ ယွဲ့ဝူယောင်သည် အေးစက်သည့် လေသံနှင့် ရွှယ်ဝူယကို တုန့်ပြန်လိုက်၏။

“ဖြစ်ချင်းဖြစ်ရင် ကောင်းကင်ရဲ့ အပြစ်ပေးမှုပဲဖြစ်လိမ့်မယ်..”

“မင်းမှာ အဲ့လိုပြောနိုင်တဲ့ စွမ်းရည်ရှိသေးရဲ့လား ကြည့်ကြတာပေါ့..”

ရွှယ်ဝူယသည် သူ၏ သွေးစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ သူသည် တစ်ကြိမ် ဖိအားပေးခံထားရသည်မို့ အလေးအနက်တိုက်ခိုက်တော့မည်ဖြစ်သည်။ ယွဲ့ဝူယောင်ကိုလည်း လျော့မတွက်တော့ချေ။

ချက်ချင်းဆိုသလို ယွဲ့ဝူယောင်ကို အနီးကပ်တိုက်ခိုက်လိုက်တော့၏။ ထိုအချိန်တွင် ကျီမျိုးနွယ်အတွင်း တိုက်ပွဲများသည်လည်း ပြန်လည်စတင်လာတော့သည်။

လုရှင်းယန်တို့သည် သွေးမျိုးနွယ်၏ အဆင့်နိမ့်ကျင့်ကြံသူများကို စတင်တိုက်ခိုက်လိုက်၏။ ထို့ကြောင့် တိုက်ပွဲသည် မျှခြေနီးပါးဖြစ်လာသည်။

“မင်းတို့ ဘယ်သူတွေလဲ..”

ရွှယ်ဝူယွမ်သည် ချုးယွီဟွာနှင့် မော့ရွှယ်အာတို့ကို ကြည့်ကာမေးလိုက်၏။

“ဟွမ်းရှန့်နန်းတော်..”

ချုးယွီဟွာသည် သာမန်လေသံနှင့်ဖြေလိုက်သည်။

“မင်းတို့ဟွမ်းရှန့်နန်းတော်နဲ့ ဒီကိစ္စက မသက်ဆိုင်ဘူး..၊ ဘာကြောင့် ဝင်ပါချင်တာလဲ..၊ မင်းတို့ကပါ သွေးမျိုးနွယ်နဲ့ ရန်သူ လုပ်ချင်တာလား..”

ရွှယ်ဝူယွမ်သည် မျက်မှောင်ကြုတ်ကာဆိုလိုက်၏။ သူမတို့သည် အဆင့်ငါးကျင့်ကြံသူများ ဖြစ်နေသော်လည်း သူမတို့၏ အရှိန်အဝါများသည်လျော့တွက်၍ မရပေ။

ဟွမ်းရှန့်နန်းတော်၏ ထွက်ပေါ်လာမှုကြောင့် ကျီမျိုးနွယ်ကို ရှင်းလင်းမှုသည် အဟန့်အတန်းဖြစ်လာခဲ့၏။

“ရန်သူ လုပ်ဖို့လား..၊ ရှင်တို့နဲ့ ထိုက်တန်တယ်ထင်နေလား..”

မော့ရွှယ်အာသည် အထင်သေးစွာ ပြောဆိုလိုက်၏။ ထို့နောက် ချက်ချင်းဆိုသလို သူမ၏ အနက်ရောင် တံစဉ်းကို ထုတ်ယူကာ ရွှယ်ဝူယွမ်ကို တိုက်ခိုက်လိုက်သည်။

“သူမကိုတား..”

ရွှယ်ဝူယွမ်သည် ရုတ်ချည်း သတိပေးလိုက်ရ၏။ သူတို့သည် အစီအရင်ထုတ်ဖော်ထားရသည်မို့ အဖျတ်အစီးမခံနိုင်ပေ။ မဟုတ်လျှင် ကျီထျန်းရှစ်ကို ထိန်းသိမ်းရ ခက်ခဲတော့မည်ဖြစ်သည်။

သူတို့သုံးဦး၏ အစီအရင်တွင်းသို့ မော့ရွှယ်အာကို ဆွဲသွင်းလိုက်၏။ သူတို့သုံးဦးသည် တူညီသည့် လက်သင်္ကေတများကို ထုတ်ဖော်လေသည်။

“ဝုန်း..”

သို့သော် မော့ရွှယ်အာသည် ထိုအစီအရင်မှ ထွက်ပေါ်လာသည့် သွေးချိန်းကြိုးများကို သူမ၏ တံစဉ်းကြီးနှင့် ဖျက်စီးလိုက်၏။

“ဝုန်း..”

ထိုရှုပ်ထွေးသွားသည့် အခြေအနေကို အခွင့်ကောင်းယူကာ ကျီထျန်းရှစ်သည် အစီအရင်ကို ဖြိုခွဲလိုက်တော့၏။

“မကောင်းတော့ဘူး..”

သွေးမျိုးနွယ်အကြီးအကဲသုံးဦးသည် ပြိုင်တူ ရေရွတ်လိုက်သည်။ သူတို့၏ အစီအရင်သည် ပြိုကွဲသွားပြီး အကြီးအကဲသုံးဦး ချိတ်ဆက်ထားသည့် သွေးစွမ်းအင်များသည် ပြတ်တောက်သွားတော့၏။

“မင်းတို့နှစ်ယောက် ကျီထျန်းရှစ်ကို တားထား..၊ ဒီမိန်းကလေးတွေကို ငါဖြေရှင်းလိုက်မယ်..”

ရွှယ်ဝူယွမ်သည် ဒေါသထွက်လာကာ အကြီးအကဲနှစ်ဦးကို အမိန့်ပေးလိုက်၏။ အကြီးအကဲနှစ်ဦးသည် နာခံလိုက်ပြီးနောက် ကျီထျန်းရှစ်ကို စတင်တိုက်ခိုက်တော့သည်။

All Chapters