ခရမ်းလဓားထွက်ပေါ်လာခြင်း
Vol. 16 Ch. 233
ကျီမျိုးနွယ်အကြီးအကဲများသည် သွေးမျိုးနွယ်၏ အဆင့်ငါးကျင့်ကြံသူများကို ဖိအားပေး တိုက်ခိုက်နေသော်လည်း အဆုံးသတ်နိုင်ခြင်း မရှိသေးချေ။
ရွှယ်ဝူယ ရေခဲပြင်အောက် နစ်မြုပ်သွားသောကြောင့် သွေးမျိုးနွယ်ဝင်များသည် ဒေါသတကြီးနှင့် ယွဲ့ဝူယောင်ကို တိုက်ခိုက်လိုက်ကြသည်။
သို့သော် ယွဲ့ဝူယောင်သည် အသာအယာနှင့်ပင် တုန့်ပြန်ကာ သူမအား တိုက်ခိုက်သူအားလုံးကို အေးခဲစေ၏။
“ဖျတ်စီးစမ်း..”
ချက်ချင်းဆိုသလို အေးခဲသွားသည့် အဆင့်နိမ့်ကျင့်ကြံသူများသည် တစ်စစီပြိုကွဲကာ သေဆုံးသွားတော့သည်။
“ခရက်..”
သူမသည် ဆက်လက်တိုက်ခိုက်ရန်ကြံရွယ်လိုက်ချိန်တွင် အေးခဲသွားသည့် ရေခဲပြင်သည် ကွဲအက်စပြုလာခဲ့၏။
ယွဲ့ဝူယောင်သည် ထိုအချင်းအရာကြောင့် မျက်မှောင်ကြုတ်သွားတော့၏။ သူမ၏ လစွမ်းအင် များစွာသုံးစွဲကာ ထုတ်ဖော်ခဲ့သည့်နည်းစနစ်ဖြစ်သည်။
“ဝုန်း..”
“အား...”
ဒေါသမီးများလောင်မြိုက်နေသည့် အသံနှင့်အတူ ရွှယ်ဝူယကို ဖိနှိပ်ထားခဲ့သည့် ရေခဲအလွှာသည် ပျက်စီးသွားတော့၏။ ထို့နောက် ခန္ဓာကိုယ်တွင် သွေးများ မရှိတော့သည့်အလား ဖြူဖျော့သွားသည် ရွှယ်ဝူယသည် ပြန်လည် ထွက်ပေါ်လာသည်။
“သောက်ကောင်မ..၊ ဒီနေ့မှာ နင့်ကို မသေမရှင် ဖြစ်တဲ့အထိ နှိပ်စက်ပစ်မယ်..”
ရွှယ်ဝူယ၏ ဒေါသသံကြောင့် အသံနက်ကြီးသကဲ့သို့ ပြောင်းလဲသွားရတော့သည်။ ယွဲ့ဝူယောင်၏ ရေခဲလွှာများကို သွေးစွမ်းအင်အများအပြားလောင်ကျွမ်းကာ ဖြိုခွဲခဲ့ရခြင်းဖြစ်၏။ ယနေ့အထိ အဆင့်တူများတွင် သူ့အား ယခုလို ဖိအားပေးနိုင်သူမရှိခဲ့ချေ။ သို့သော် ယွဲ့ဝူယောင်နှင့် စတွေ့ချိန်ကတည်းက သူသည် နည်းလမ်းမျိုးစုံနှင့် ဖိနှိပ်ခံခဲ့ရသည်။
သူ၏ စွမ်းအား အကန့်အသတ်ရောက်သည်အထိတွန်းပို့ ခံခဲ့ရ၏။ သူ၏ သွေးစွမ်းအင်များလောင်ကျွမ်းကာ အားနည်းနေသော်လည်း သူ၏ မျက်ဝန်းများတွင် ယွဲ့ဝူယောင်ကို သတ်ဖြတ်လိုသည့် စိတ်ကို မထိန်းနိုင်တော့ချေ။
“သွေးမျိုးနွယ်ဝင်တို့ ငါ့အတွက် စတေးလိုက်ကြစမ်း..”
ရှုပ်ထွေးသည့် လက်သင်္ကေတများစွာကို အလျှင်အမြန် ပြုလုပ်ကာ ရေရွတ်လိုက်၏။
“သွေးပြောင်းပြန် ယဇ်ပူဇော်ခြင်း..”
ထိုအချိန်တွင် ကျီအိမ်တော်အတွင်းရောက်ရှိနေသည့် သွေးမျိုးနွယ်များမှ အဆင့်နိမ့်ကျင့်ကြံသူများသည် ရုတ်ချည်းဆိုသလို ရပ်တန့်သွားကြသည်။ ထို့နောက် သူတို့ထံမှ သွေးစွမ်းအင်များသည် ထွက်ပေါ်လာပြီး ရွှယ်ဝူယထံသို့ စီးဆင်းကုန်၏။
“မဟုတ်ဘူး..၊ ဝူယ ရပ်လိုက်စမ်း..”
မီးအကျဉ်းထောင်အတွင်းမှ ရွှယ်ဝူယွမ်သည် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သူသည် ရွှယ်ဝူယ၏ လုပ်ရပ်ကို တားဆီးချင်သော်လည်း မော့ရွှယ်အာတို့၏ ထိန်းချုပ်မှုမှ ရုန်းထွက်မရချေ။
ထိုနည်းစနစ်ကြောင့် သွေးမျိုးနွယ်ဝင်များ သေဆုံးခြင်းကို ဂရုစိုက်သောကြောင့် မဟုတ်ပေ။ ထိုအဆင့်နိမ့်ကျင့်ကြံသူများသည် ပြင်ပမှဖြစ်ပြီး သွေးမျိုးနွယ်၏ အဆင့်နိမ့်နည်းစနစ်ကိုသာကျင့်ကြံထားကြသူများဖြစ်သည်။
သို့သော် ထိုအရာသည် ကိုယ့်ကိုယ်ကို သတ်သေနေသည့် နည်းလမ်းတစ်ခုသာဖြစ်၏။ ရွှယ်ဝူယသည် ထိုနည်းစနစ်ကြောင့် သူ၏ စွမ်းအင်များ တဟုန်ထိုးတိုးတက်သွားသော်လည်း သူ၏ အသက်စွမ်းအင်များကို တိုက်စားခံနေသည်။
ရွှယ်ဝူယသည် ထိုအရာကို ဂရုမစိုက်တော့ချေ။ ယွဲ့ဝူယောင်ကို သတ်ဖြတ်ရန်သာ ဆန္ဒရှိနေ၏။ ထို့ကြောင့် သူ၏ အသက်စွမ်းအင်များနှင့်ပင် လဲလှယ်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်အနှံ့တွင် အက်ကွဲကာ သွေးကြောများပင် ပေါ်ထွက်လာ၏။ သူသည် ယခင်က ကြည့်ရကောင်းသည့် လူငယ်တစ်ဦးဖြစ်သော်လည်း ယခုတွင် အလွန်ပင် အကျည်းတန်နေသည်။
အဆင့်နိမ့်ကျင့်ကြံသူများစွာထံမှ သွေးစွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် သူ၏ စွမ်းအင်များသည် အဆင့်ငါးကျင့်ကြံသူတစ်ဦးကဲ့သို့ပင် မြင့်တက်လာ၏။
“သေစမ်း..”
ရွှယ်ဝူယသည် အချိန်ဖြုန်းခြင်း မရှိချေ။ ယွဲ့ဝူယောင်ကို ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်တော့သည်။
“ဝုန်း..”
ရွှယ်ဝူယသည် မူလထက် ဆယ်ဆခန့် မြန်ဆန်လာပြီး ခွန်အားသည်လည်း ပြင်းထန်လာ၏။
“ခွမ်း..”
ယွဲ့ဝူယောင်သည် ချက်ချင်းဆိုသလို ကာကွယ်လိုက်သော်လည်း ရွှယ်ဝူယ၏ ပြင်းထန်သည့် ရိုက်ချက်ကြောင့် သူမ၏ ရေခဲအလွှာများ ပြိုကွဲကုန်သည်။
“သေစမ်း..”
ရွှယ်ဝူယသည် မရပ်မနားနှင့် တရစပ်တိုက်ခိုက်မှုအောက်တွင် ယွဲ့ဝူယောင်သည် ရုန်းကန်နေရ၏။
သူမသည် ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်လိုက်သော်လည်း ရွှယ်ဝူယ၏ တိုက်ခိုက်မှုများကို မတားဆီးနိုင်တော့ချေ။
“ဘုန်း..”
ရွှယ်ဝူယ၏ ပြင်းထန်သည့် ရိုက်ချက်ကြောင့် ယွဲ့ဝူယောင်သည် လွင့်စင်သွားရတော့၏။
အကွာအဝေးတစ်ခုသို့ရောက်ချိန်တွင် သူမ၏ အရှိန်ကို ထိန်းချုပ်လိုက်နိုင်သည်။ သို့သော် သူမ၏ အေးစက်စက် နှုတ်ခမ်းပါးလေးမှ သွေးများ စီးကျနေ၏။ သူမသည် အသက်ရှုသံကို မနည်းထိန်းချုပ်နေရသည်။
“မင်းကို တစ်ဘဝလုံးစာနှိပ်စက်ပစ်မယ်..”
ရွှယ်ဝူယသည် သူ၏ သွေးဓားကို ကောက်ကိုင်လိုက်ပြီးနောက် ယွဲ့ဝူယောင်ထံ ဦးတည်လာတော့သည်။
“မင်းကိုယ် မင်း အစွမ်းထက်တယ်လို့ ထင်နေသေးလား..”
ယွဲ့ဝူယောင်သည် သူမ၏ စွမ်းအင်များကို စုစည်းကာ ပစ်လွှတ်လိုက်၏။
“ကလန်..”
ထိုအရှိန်အဟုန်သည် ပြင်းထန်လှသော်လည်း ရွှယ်ဝူယသည် အသာယာပင် သူ၏ ဓားနှင့် ရိုက်ချလိုက်သည်။
ရွှယ်ဝူယသည် အလိုမကျစွာ ပြောဆိုလိုက်သည်။
“အခုထိ မင်းရဲ့မျက်နှာက မောက်မာနေတုန်းပဲ..”
ယွဲ့ဝူယောင်သည် ရုတ်တရက်အပြောင်းအလဲကြောင့် ဖိနှိပ်ခံနေရသော်လည်း သူမ၏ မျက်နှာတွင် စိတ်ပျက်အားငယ်ခြင်း ရှိမနေချေ။
သို့သော် ရွှယ်ဝူယသည် ထပ်မံပြောဆိုလိုက်၏။
“တစ်သက်လုံးငါ့ရဲ့ ကျွန် အဖြစ်နေမယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်..”
“နင့်ကိုယ် နင် အဆင့်မှီတယ်လို့ထင်နေလား..”
ယွဲ့ဝူယောင်၏ လေသံသည် အားနည်းခြင်းမရှိလှပေ။ ထို့အပြင် သူမ၏ မျက်နှာထက်တွင် မောက်မာမှုများရှိနေဆဲပင်။
“ဘာက ကောင်းမှန်း မရွေးချယ်တက်ဘူးပဲ..၊ အကြမ်းနည်းသုံးရတော့မှာပေါ့..”
ရွှယ်ဝူယသည် ခေါင်းခါယမ်းလိုက်ပြီးနောက် ယွဲ့ဝူယောင်၏ နတ်အမြူတေကို ဖြတ်စီးရန် ကြံရွယ်လိုက်သည်။
“ဝုန်း..”
ယွဲ့ဝူယောင်သည် သူမ၏ လက်ကျန်အားနှင့် ရှိသမျှ စွမ်းအင်များကိုစုစည်းကာ စွမ်းအင်ဓားတစ်လက်ဖန်တီးလိုက်ပြီး ချည်းကပ်လာသည့် ရွှယ်ဝူယကို ထိုးစိုက်လိုက်၏။
“ကလေးကွက်တွေ..”
ရွှယ်ဝူယသည် လှောင်ပြုံး ပြုံးလိုက်ပြီးနောက် ဓားချက်တစ်ချက်ထုတ်ဖော်လိုက်၏။
“ခွမ်း..”
ထိုဓားချက်သည် လစွမ်းအင်ဓားကို ဖျတ်စီးသွားပြီးနောက် ယွဲ့ဝူယောင်ကို ထိမှန်သွားတော့သည်။
“အစ်မကြီး..”
လျှိုမင်ယွမ်တို့သည် ဒေါသတကြီး ဟစ်အော်လိုက်ရပြီး ယွဲ့ဝူယောင်ထံ ပြေးလာကြတော့၏။
“ထွက်သွားစမ်း..”
ရွှယ်ဝူယသည် စွမ်းအင်လှိုင်း ထုတ်ဖော်ကာ အော်ဟစ်လိုက်ခြင်းကြောင့် ပိုင်ကျန့်ယွီတို့သည် အနားမကပ်နိုင်တော့ပေ။ ထို့အပြင် ကျန်ရှိနေသည့် သွေးမျိုးနွယ်ဝင်များ၏ လာရောက်တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်တော့ပေ။
ယွဲ့ဝူယောင်သည် ရွှယ်ဝူယ၏ ဓားချက်မှ ထွက်ပေါ်သည့် အလင်းတန်းကြောင့် သူမ၏ စွမ်းအင်များ ဖရိုဖရဲဖြစ်ကာ နှုတ်ခမ်းမှ သွေးများစွာ စီးကျနေတော့သည်။
သူမ၏ ခန္ဓာကိုယ်သည်လည်း နာကျင်မှုများနှင့် ပြည့်နှက်နေတော့၏။ သူမသည် လဲကျနေသည်မှ ထရန်ပင်အားမရှိတော့ချေ။
ထိုအချိန်တွင် ရွှယ်ဝူယသည် သူ၏ ဓားနှင့် ယွဲ့ဝူယောင်၏ နတ်အမြူတေကို ချိန်ရွှယ်လိုက်တော့၏။
‘သမီးက အဖေ၊ အမေ တို့နဲ့ တွေ့ဆုံရတော့မယ်ထင်တယ်..၊ ဆရာ..၊ တပည့်စွမ်းအား နိမ့်ကျနေတုန်းပဲ..’
သူမသည် အတွေးများဝင်ရောက်လာတော့၏။
“သေလိုက်စမ်း..”
ရွှယ်ဝူယသည် ဓားနှင့် ထိုးစိုက်လိုက်တော့၏။
“ချွမ်...”
ရွှယ်ဝူယ၏ ဓားသည် ထိုးစိုက်လုဆဲဆဲတွင် ယွဲ့ဝူယောင်၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် ခရမ်းရောင်အလင်းတစ်ခုထွက်ပေါ်လာပြီး ရွှယ်ဝူယ၏ ဓားကို တားဆီးလိုက်တော့သည်။
ထို့နောက်တွင် ယွဲ့ဝူယောင်၏ ခန္ဓာကိုယ်သည် လေပေါ် ဝဲပျံလာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ခရမ်းရောင် အလင်းတန်းများနှင့် ဖုံးကွယ်နေသည်။
“ဘာဖြစ်တာလဲ..”
ရွှယ်ဝူယသည် ထိုအလင်းတန်းကြောင့် သူ၏ လုပ်ဆောင်မှုများရပ်တန့်သွားရ၏။
ခဏအကြာတွင် အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ယွဲ့ဝူယောင်၏ စွမ်းအင်များသည် ပြန်လည်ထွက်ပေါ်လာသည်။ ထို့အပြင် သူမ၏ လက်တွင် ခရမ်းရောက်သမ်းနေသည့် ဓားတစ်လက်ရှိနေ၏။
ထိုဓားသည် လစွမ်းအင်နှင့် ဖန်တီးထားသည့် ဓားမဟုတ်ပေ။ ခရမ်းလမျိုးနွယ်၏ ခေါင်းဆောင်များသာ ကိုင်ဆောင်ခွင့်ရသည့် ခရမ်းလဓားပင်ဖြစ်၏။
ခရမ်းလဓားသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး သေးသေးသွယ်သွယ် သဏ္ဌာန်သာရှိသည်။ ထိုဓား၏ ထူးခြားချက်သည်တော့ လက်ကိုင်တွင် လခြမ်းသဏ္ဌာန် အမှတ်အသားလေးပါရှိနေသည်။
ထို့အပြင် ယွဲ့ဝူယောင်ထက်ပင် အေးစက်သည့်အရှိန်အဝါများထွက်ပေါ်နေပြီး ဓားထိပ်ဖျားသည် ချွန်ထက်လွန်းနေ၏။ သို့သော် တိမ်လွှာဓားကဲ့သို့ ပါးလွှာခြင်းမရှိချေ။