တစ်ချက်တည်းသောဓားချက်
Vol. 16 Ch. 234
ယွဲ့ဝူယောင်သည် သူမ၏ အရှိန်အဝါကို ပြန်လည်ထုတ်ဖော်လိုက်သည်။ သူမ၏ အသွင်သည် ကောင်းကင်ထက်မှ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။ သို့သော် သူမ၏ မျက်ဝန်းများကဲ့သို့ အေးစက်လွန်းသည့် လေသံနှင့် ရွှယ်ဝူယကိုကြည့်ကာပြောလိုက်၏။
“နင်..၊ သေလို့ရပြီ..”
သူမသည် အမိန့်ချမှတ်လိုက်သည့်အလားပင်။ သူမ၏ ခရမ်းလဓားကို ကိုင်မြှောက်လိုက်ပြီးနောက် ချက်ချင်းဆိုသလို လွှဲယမ်းလိုက်တော့၏။
ခရမ်းလဓားမှ ထွက်ပေါ်လာသည့် ဓားချက်သည် လေထုပင် အေးခဲသွားကာ ရွှယ်ဝူယထံသို့ ဦးတည်သွားသည်။
“မင်းကို မင်းအထင်ကြီးနေတာပဲ..”
ရွှယ်ဝူယသည် ချက်ချင်းဆိုသလို သူ၏ သွေးဓားနှင့် ပြင်းထန်သည့် ဓားချက်ကို ထုတ်ဖော်လိုက်တော့သည်။
“ဝုန်း..”
ဓားအလင်းတန်း နှစ်ခုသည် ဆုံတွေ့သွားပြီးနောက် ကြီးမားသည့် ပေါက်ကွဲမှုနှင့်အတူ လေထုတစ်ခုလုံး ပျက်စီးလုနီးပါးပင်။
ရွှယ်ဝူယသည် ယွဲ့ဝူယောင်၏ ဓားအလင်းတန်းကို တားဆီးလိုက်နိုင်ပြီဟု ထင်မိလိုက်သည်။
“မဖြစ်နိုင်ဘူး..”
သို့သော် မထင်မှတ်ထားသည့်အရာဖြသ်လာခဲ့သည်။ မည်သို့မျှ အစွမ်းထက်နေမှန်း မသိရသည် ယွဲ့ဝူယောင်၏ ဓားအလင်းတန်းသည် ရွှယ်ဝူယထံ ဆက်လက် တိုးဝင်လာဆဲပင်။
ရွှယ်ဝူယ၏ ဓားချက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ရွှယ်ဝူယသည် မယုံနိုင်သည့် လေသံနှင့် အဆက်မပြတ်ရေရွတ်နေရင်း ဓားအလင်းတန်းများစွာ ပစ်လွှတ်နေသည်။ သို့သော် ယွဲ့ဝူယောင်၏ ဓားချက်ကို မတားဆီးနိုင်ချေ။ သူမ၏ ဓားချက်သည် အားနည်းသွားဟန်ပင် မရချေ။
ရွှယ်ဝူယ၏ ရင်တွင်း ထိတ်လန့်မှုများပြည့်နှက်လာသည်။
“ဝုန်း..”
ထို့နောက် သူ၏ ခန္ဓာကိုယ်ပင် ကာကွယ်ချိန်မရလိုက်တော့ချေ။ ယွဲ့ဝူယောင်၏ ဓားချက်ထိမှန်သွားတော့သည်။
“မဖြစ်နိုင်တာ..”
သူ၏ ရင်ဘက်တွင် ကြီးမားသည့် အပေါက်ကြီးတစ်ခုရှိနေပြီး လစွမ်းအင်များသည် သူ၏ သွေးကြောများအတွင်းသို့ တိုးဝင်နေ၏။
သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည်ထိန်းညှိနေသော်လည်း လစွမ်းအင်များ၏ တိုက်စားမှုကြောင့် စတင်အေးခဲလာတော့သည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးအေးခဲ့သွား၏။ သူ၏ မျက်နှာထက်တွင် မယုံနိုင်မှုများပြည့်နှက်နေတော့သည်။
“သေလိုက်စမ်း..”
ယွဲ့ဝူယောင်သည် လက်တစ်ဖက်နှင့် ညှစ်ချေသည့်အသွင်ပြုလုပ်လိုက်သည်။
“ခွမ်း..”
ရွှယ်ဝူယ၏ ခန္ဓာကိုယ်သည် ရေခဲများ အမြင့်မှ ပြုတ်ကျသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။
ထို့နောက် ယွဲ့ဝူယောင်သည် မူလအတိုင်းအားနည်းသည့် အသွင်သို့ ပြန်လည်ဖြစ်တည်သွားကာ ခရမ်းလဓားတွင် လင်းလက်နေသည့် အလင်းတန်းများသည် မှိန်လျသွား၏။
သူမသည် အားနည်းစွာ မြေပြင်ထက်သို့ ဆင်းသက်လာပြီး ခရမ်းလဓားကို ကြည့်လိုက်မိသည်။
ထိုဓားသည် သူမ၏ ဖခင်ကိုင်ဆောင်ခဲ့သည့် ဓားဖြစ်၏။ ထိုအရာကို ဟွမ်းသည် သူမကျင့်စဉ် သင်ကြားပေးစဉ်ကတည်းက သူမ၏ ဝိညာဉ်အတွင်းသို့ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
ပုံမှန်ဆိုလျှင် မျိုးနွယ်ခေါင်းဆောင် ဖြစ်ချိန်မှသာ ထိုဓားကို လွှဲပြောင်းယူခြင်းလုပ်နိုင်ပြီး ကိုင်ဆောင်ခွင့်ရမည်ဖြစ်၏။
သို့သော် ခရမ်းလမျိုးနွယ်သည် ပျက်စီးသွားပြီဖြစ်သည့်အတွက် ယွဲ့ဖုန်းချန်သည် ဟွမ်းထံတွင် အပ်နှံခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ခရမ်းလဓားတွင် ကိုယ်ပိုင်အသိစိတ်ရှိနေ၏။ ယွဲ့ဝူယောင်၏ စိတ်ဝိညာဉ်အတွင်း ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း အသိအမှတ်ပြုခြင်းမရှိသေးသောကြောင့် ဓား၏ တည်ရှိမှုကို မမြင်နိုင်သေးခြင်းပင်။
သို့သော် သူမ အန္တရာယ်ကျရောက်လာချိန်တွင်တော့ ခရမ်းလဓား၏ တည်ရှိမှုသည် ထွက်ပေါ်လာတော့သည်။ ယွဲ့ဝူယောင်သည် ခရမ်းလဓားကို မြတ်နိုးမှုများစွာနှင့်ကြည့်နေမိ၏။
သွေးမျိုးနွယ်ဝင်များပင် ထိုအဖြစ်အပျက်ကြောင့် မှင်သက်ကုန်ကြ၏။ ရွှယ်ဝူယသည် အဆင့်ငါးကျင့်ကြံသူကဲ့သို့ပင် အင်အားများတိုးတက်သွားခဲ့သည်။ သို့သော် ထိုမိန်းကလေး၏ ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ပဲ သေဆုံးသွားခဲ့ရ၏။
ယွဲ့ဝူယောင်သည် အဆင့်လေးကျင့်ကြံသူသာ ဖြစ်သော်လည်း ခရမ်းလဓား၏ အစွမ်းထက်မှုကြောင့် ၎င်းထံမှ စွမ်းအားများ ရယူသုံးစွဲခဲ့ရသည်။ သို့သော် ထိုဓားနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသောကြောင့် ဓားချက်တစ်ချက်တည်းနှင့်ပင် သူမ၏ စွမ်းအင်များကုန်ဆုံးသွားရတော့၏။
“ဝူယ..”
မော့ရွှယ်အာနှင့် တိုက်ခိုက်နေသည့် ရွှယ်ဝူယွမ်သည် သူ့သား၏ ပြိုကွဲသွားသည့် ခန္ဓာကိုယ်ကို ကြည့်ရင်း သွေးကြောများပင် အမြှောင်းလိုက်ပေါ်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာ၏။
“ဖယ်စမ်း..”
သူ၏ ဓားနှင့် မော့ရွှယ်အာကို ဆက်တိုက်ဆိုသလို ခုတ်ပိုင်းလိုက်တော့၏။ သူ၏ ဒေါသသည် အဆုံးစွန်အထိရောက်ရှိလာပြီဖြစ်သည်။ ရွှယ်ဝူယ၏ သေဆုံးမှုကို ဖခင်တစ်ဦးအနေနှင့် ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့ချေ။
“နတ်ဆိုး အစောင့်အရှောက်များ..”
မော့ရွှယ်အာသည် သူမ၏ နတ်ဆိုးအရှိန်အဝါကို ဖော်ထုတ်လိုက်ပြီးနောက် သူ၏ဘေးတွင် ပုံရိပ်လေးခု ထွက်ပေါ်လာသည်။
“မင်း..မင်းက နတ်ဆိုးမျိုးနွယ်ကပဲ..”
ရွှယ်ဝူယွမ်၏ ဒေါသမျက်ဝန်းများတွင် အံ့အားသင့်မှုများအဖြစ်သို့ပြောင်းလဲသွား၏။ မော့ရွှယ်အာသည် အဆင့်ငါးကျင့်ကြံသူသာ ဖြစ်သော်လည်း သူ့အား တားဆီးထားနိုင်ခြင်းသည် အံ့အားသင့်စရာမရှိတော့ပေ။
“တိုက်ခိုက်စမ်း..”
မော့ရွှယ်အာသည် ပုံရိပ်လေးခုကို အမိန့်ပေးလိုက်၏။
ထိုပုံရိပ်များသည် ရွှယ်ဝူယွမ်ထံ ပြေးဝင်ကာ တိုက်ခိုက်ကြသည်။ သူတို့ထံတွင် မော့ရွှယ်အာ၏ တံစဉ်းနှင့် ဆင်တူသည့်လက်နက်များပေါ်ထွက်လာပြီး ရွှယ်ဝူယွမ်ကို ထိုးစိုက်လိုက်ကြ၏။
သို့သော် ရွှယ်ဝူယွမ်သည် အဆင့်ခြောက်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏ ဓားနှင့် ပုံရိပ်လေးခု၏ တိုက်ခိုက်မှုများကို တားဆီးလိုက်ကာ ထိုပုံရိပ်များကို ဖျတ်စီးလိုက်၏။
“ဝုန်း..”
သူ၏ ခွန်အားသည် များစွာ သာလွန်နေသောကြောင့် ပုံရိပ်များကို လွယ်လွယ်ကူကူပင် ဖြတ်စီးလိုက်နိုင်သည်။
ရွှယ်ဝူယွမ်သည် ပုံရိပ်များနှင့် အလုပ်ရှုပ်နေစဉ် မော့ရွှယ်အာသည် ရုတ်တရက် ရောက်ရှိလာပြီး သူမ၏ တံစဉ်ကြီးနှင့် ခုတ်ပိုင်းလိုက်၏။
“ချွမ်..”
ရွှယ်ဝူယွမ်၏ တုန့်ပြန်မှုသည် မြန်ဆန်လှသည်။ သူ၏ မျက်ဝန်းများသည် မီးပွားများပင် ထွက်ပေါ်နေပြီး သတ်ဖြတ်ချင်စိတ်များနှင့် မော့ရွှယ်အာကို ဆက်တိုက်ဆိုသလို ပြန်လည်တိုက်ခိုက်လိုက်တော့၏။
“မီး..”
“ချုပ်နှောင်ခြင်း..”
ချုးယွီဟွာသည် ချက်ချင်းဆိုသလို စာလုံးများကို ရေးဆွဲလိုက်ကာ ရွှယ်ဝူယွမ်ကို ထိန်းချုပ်တိုက်ခိုက်လိုက်သည်။
ချုးယွီဟွာသည် ယွဲ့ဝူယောင်တို့၏ တိုက်ပွဲ ပြီးဆုံးသွားပြီမို့ သူမ၏ မီးအကျဉ်းထောင်ကို ရုပ်သိမ်းပြီးဖြစ်သည်။ ရွှယ်ဝူယွမ်ကို ပိတ်လှောင်ရန် မလိုအပ်တော့ချေ။ ထို့ကြောင့် သူမသည်လည်း တိုက်ခိုက်နိုင်ပြီဖြစ်သည်။ သို့သော် အဆင့်ခြောက်ကျင့်ကြံသူကို တိုက်ခိုက်ထိန်းချုပ်နိုင်ရန် သူမတို့သည် စွမ်းအင်များစွာ အသုံးပြုထားရ၏။
သူမ၏ စာလုံးများမှ မော့ရွှယ်အာကို ဖိအားပေး တိုက်ခိုက်နေသည့် ရွှယ်ဝူယွမ်ထံရောက်ရှိလာပြီး မီးများတောက်လောက်နေသည့် နွယ်ပင်များကဲ့သို့ ကြိုးများစွာပေါ်ထွက်လာ၏။
“သေစမ်း..”
ရွှယ်ဝူယွမ်သည် မော့ရွှယ်အာကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ပြီးနောက် သူ့အားတုပ်နှောင်ရန်ကြိုးစားနေသည့် မီးနွယ်ပင်များကို ဖျတ်စီးနေရသည်။
သို့သော် ၎င်းတို့သည် အဆုံးစမဲ့နေသကဲ့သို့ မကုန်ခမ်းနိုင်ပေ။ သူမည်မျှပင်ဖြတ်စီးပါစေ ထွက်ပေါ်လာမြဲဖြစ်နေ၏။
“ဖျတ်စီးသုတ်သင်ခြင်း..”
မော့ရွှယ်အာသည် သူမ၏ တံစဉ်းကို ကြမ်းကြမ်းတမ်းတမ်းလွှဲယမ်းလိုက်သည်။
သူမ၏ နည်းစနစ်မှ ပေါ်ထွက်လာသည့် လခြမ်းကွေးသဏ္ဌာန် စွမ်းအင်လှိုင်းသည် ရွှယ်ဝူယွမ်ကို ဦးတည်စေ၏။
“အား..”
ရွှယ်ဝူယွမ်သည် ဒေါသများ မထိန်းနိုင်တော့ပဲ မာန်ဟုန်သွင်းလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အရှိန်အဝါကို ထုတ်ဖော်လိုက်၏။ ချက်ချင်းဆိုသလို သူ၏ ဓားကို ဆက်တိုက်ဝှေ့ယမ်းလိုက်ပြီးနောက် မီးနွယ်ပင်များ ပျောက်ကွယ်သွားတော့သည်။
“ဝုန်း...”
ထို့နောက်တွင် မော့ရွှယ်အာ၏ စွမ်းအင်လှိုင်းကို ပြင်းထန်သည့် ဓားချက်ထုတ်ဖော်ကာ ဖျတ်စီးလိုက်၏။ မြန်ဆန်သည့်အရှိန်နှင့် ချုးယွီဟွာထံ ချည်းကပ်သွားသည်။
“သေစမ်း..”
ချုးယွီဟွာသည် ရွှယ်ဝူယွမ်၏ မြန်ဆန်သည့် အရှိန်ကြောင့် အနည်းငယ်စိုးထိတ်သွား၏။ ရွှယ်ဝူယွမ်သည် အလျှင်မြန်ရောက်ရှိလာပြီး သူမကို ခုတ်ပိုင်းလိုက်သည်။
“ချွမ်..”
မော့ရွှယ်အာသည် ရွှယ်ဝူယွမ်၏ ဓားကို တားဆီးပေးလိုက်၏။ သို့သော် ရွှယ်ဝူယွမ်၏ ခွန်အားကို အလုံးစုံတားဆီးနိုင်ခြင်းမရှိချေ။ အဆင့်ခြောက်တစ်ဦး၏ အလေးအနက်တိုက်ခိုက်မှုသည် သူမတို့နှစ်ဦးအတွက် ခက်ခဲလာတော့သည်။
“ရွှယ်အာ..”
ချုးယွီဟွာသည် စိုးရိမ်စိတ်များဝင်ရောက်လာသည်။ သူမနည်းတူ မော့ရွှယ်အာသည်လည်း စွမ်းအင်များလျော့နည်းနေပြီဖြစ်၏။
တိုက်ပွဲအချိန်ကြာလာလျှင် သေဆုံးမည့်သူက သူမတို့နှစ်ဦးဖြစ်သွားနိုင်သည်။