ကျို့ယင် ထပ်မံထွက်ပေါ်လာခြင်း
Vol. 16 Ch. 236
သွေးဘိုးဘေးသည် ရွှယ်နင်းလီနှင့် ရွှယ်လုယွင်တို့ထံ ရုတ်ချည်း ရောက်ရှိလာကာ သူတို့၏ ဦးခေါင်းကို ကိုင်လိုက်၏။
“ဒီအရှင် အတွက်စတေးလိုက်ကြစမ်း..”
ပြောပြောဆိုဆိုနှင့် သွေးဘိုးဘေးသည် သူတို့နှစ်ဦးထံမှ စွမ်းအင်များကို စုပ်ယူလိုက်တော့သည်။
ထိုအဖြစ်အပျက်ကြောင့် ကျီထျန်းရှစ်ပင် မယုံနိုင်ဖြစ်သွား၏။ သွေးဘိုးဘေးသည် သူ၏ မျိုးနွယ်ကို ပြန်လည်သတ်ဖြတ်ခြင်းပင်။
“ငါတို့သွေးမျိုးနွယ်အတွက် မင်းတို့ရဲ့တာဝန်က ကျေပွန်သွားပြီ..”
သွေးဘိုးဘေးသည် ခြောက်ကပ်သွားသည် အကြီးအကဲနှစ်ဦး၏ ခန္ဓာကိုယ်ကို အသာချကာ ဝမ်းနည်းဟန်နှင့် ဆိုလိုက်၏။
“ခင်ဗျား ဘာလုပ်တာလဲ..”
ကျီထျန်းရှစ်သည် သွေးဘိုးဘေး၏ လုပ်ရပ်များကို နားမလည်နိုင်တော့ချေ။
“မင်းရဲ့ သွေးစက်ကို ငါလိုချင်တယ်..”
သွေးဘိုးဘေးသည် ရုတ်တရက်ပြောလိုက်၏။ ထိုအရာကြောင့် ကျီထျန်းရှစ်သည် ထိတ်လန့်သွားတော့သည်။
“ခင်ဗျား..”
အကြောင်းမှာ သွေးဘိုးဘေးသည် ပြောပြီးသည်နှင့်တပြိုင်နက် ကျီထျန်းရှစ်၏ လည်မျိုကို ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်ထားသောကြောင့်ပင်။
ကျီထျန်းရှစ်သည် တုန်ယင်သွားသည်။ သူ လွတ်မြောက်ရန် ရုန်းကန်နေသော်လည်း ပြုတ်တူနှင့် ညှပ်ခံထားရသည့်အလား သွေးဘိုးဘေး၏ လက်သည် ခိုင်မြဲနေ၏။
ထို့အပြင် သွေးဘိုးဘေးသည် ယခင်က သူ့ထက်ပင် နိမ့်ကျနေသူဖြစ်၏။ သို့သော် လက်ရှိတွင် သူပင် မခန့်မှန်းနိုင်သည့် စွမ်းအင်များ ပေါ်ထွက်နေသည်။ ထို့နောက် သွေးဘိုးဘေး၏ ဦးတည်ချက်ကို ရိပ်မိသွားသောကြောင့် တုန်ယင်နေသည့် အသံနှင့်ပြောဆိုလိုက်၏။
“သွေးဘိုးဘေး..၊ ခင်ဗျား..”
“မှန်တယ်..၊ ရှီမျိုးနွယ်တစ်ခုလုံး သတ်ပစ်ခဲ့ပြီ..”
သွေးဘိုးဘေး၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်အပြုံးထွက်ပေါ်နေသည်။
“ခင်ဗျား ဘာလုပ်နေတယ်ဆိုတာရောသိရဲ့လား..၊ ကျန်းမျိုးနွယ်ခေါင်းဆောင် ဘယ်လိုဖြစ်သွားလဲ ခင်ဗျားမသိဘူးလား..”
ကျီထျန်းရှစ်သည် စကားသံကို မနည်းထုတ်ဖော်ကာ ပြောဆိုနေရသည်။
“ဒီစွမ်းအားတွေသာ ရယူနိုင်ရင် ငါ့ရဲ့သွေးမျိုးနွယ်ကို စိတ်ကြိုက်ဖန်တီးလိုရပြီ..၊ အဲ့ဒီနိမ့်ကျတဲ့ မျိုးနွယ်လို ဖြစ်မယ်ထင်နေလား..”
သွေးဘိုးဘေးသည် ယုံကြည်ချက်အပြည့်နှင့် ဆိုလိုက်၏။ သူသည် မျိုးနွယ်သုံးခုတွင် ချိတ်ပိတ်ခံထားရသည့် ခေါင်းသုံးလုံးမြွေ၏ စွမ်းအားများကို လိုချင်နေခြင်းဖြစ်သည်။
ထို့ကြောင့် သွေးမျိုးနွယ် အကြီးအကဲများကို ကျီအိမ်တော်တွင် တိုက်ခိုက်စေပြီး သူသည် ရှီအိမ်တော်ကို အမြစ်ပြတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ရှီမျိုးနွယ်တွင် မဟာ နတ်အင်ပါယာအဆင့်မရှိသောကြောင့် သူ့အတွက်လွယ်ကူခဲ့သည်။ ထိုအိမ်တော်၏ သွေးစွမ်းအင်များကို စုပ်ယူပြီး သူ၏ စွမ်းအင်များလည်း တိုးတက်လာသည်။
ထို့အတူ ချိတ်ပိတ်ထားသည့် ကျို့ယင်၏ ဝိညာဉ်ကို သိမ်းယူနိုင်ခဲ့၏။ ယခုတွင် ကျန်ရှိနေသည့် ဝိညာဉ်တစ်ခုကို ထပ်မံသိမ်းယူတော့မည်ဖြစ်သည်။
“ဘုန်း..”
သွေးဘိုးဘေးသည် ကျီအိမ်တော်တွင်းသို့ ရောက်ရှိချိန်တွင် ကျီထျန်းရှစ်၏ ရင်ဘက်ကို ရိုက်နှက်လိုက်၏။ ထိုအချိန်တွင် ကျီထျန်းရှစ်၏ သွေးများသည် ကျန်းအိမ်တော်တွင် ရှိခဲ့ဖူးသည် ကျောက်ပြားထံ ကျရောက်သွားသည်။ သူ၏ ရည်ရွယ်ချက်သည် ထိုကျောက်ပြားပင်ဖြစ်၏။
ထို့နောက် သွေးဘိုးဘေးသည် ကျီထျန်းရှစ်၏ ခန္ဓာကိုယ်ကို ကြက်ကလေးငှက်ကလေး ပစ်သည့်အလား လွင့်ပစ်လိုက်သည်။
“ဝှီး..”
ကျီးထျန်းရှစ်၏ သွေးစက်များ ထိမှန်သွားသည့် ကျောက်ပြားကြီးသည် လှုပ်ယမ်းလာပြီးနောက် ချိတ်ပိတ်ထားသည့် အစီအရင်သည် ပျက်စီးသွားတော့၏။
ခဏအကြာတွင် ဝိညာဉ်တစ်ခုထွက်ပေါ်လာခဲ့သည်။
“သွေးထိန်းချုပ်ခြင်း..”
သွေးဘိုးဘေးသည် လက်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ပြီး ထိုဝိညာဉ်ကို ထိန်းချုပ်ရန် ကြံရွယ်လိုက်သည်။
သူ၏ သွေးတစ်စက်သည် ထိုဝိညာဉ်ပေါ်သို့ ကျရောက်သွားပြီးနောက် ထိုဝိညာဉ်သည် သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားတော့၏။ ထိုနောက်တွင် သွေးဘိုးဘေး၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အရှိန်အဝါ ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါနှင့်ပင် ကျီအိမ်တော်အတွင်းရှိ ကျင့်ကြံသူများအားလုံး အသက်ရှုပ်ကြပ်ကာ ဒူးထောက်ကျမလိုပင် ဖြစ်လာ၏။
“နန်းတော်သခင်..ရောက်မလာဘူးလား..”
ဤအခြေအနေတွင် ကျီထျန်းရှစ်သည် ဟွမ်းကို တောင့်တလိုက်မိသည်။ ထိုသူသည် ကျန်းလီယွီ့ကိုပင် ဖြေရှင်းနိုင်ခဲ့သူဖြစ်၏။ ယခုအချိန်တွင် ချုးယွီဟွာတို့ထက်ပင် ဟွမ်းရောက်ရှိလာမှာကို မျှော်လင့်နေမိသည်။
ချုးယွီဟွာသည် ပြန်မဖြေချေ။ သွေးဘိုးဘေး၏ လုပ်ရပ်များကို မလွတ်တမ်းစောင့်ကြည့်နေသည်။
“ဟားဟား..၊ သွေးမျိုးနွယ်ရဲ့ အနာဂတ်ကတော့ အဆုံးမရှိတော့ဘူး..”
သွေးဘိုးဘေးသည် ကျယ်လောင်စွာရယ်မောလိုက်၏။ ခဏအကြာတွင် သွေးဘိုးဘေးသည် စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားသည်။
ထို့နောက် ရုတ်ချည်းဆိုသလို စွမ်းအင်လှိုင်းများ ထုတ်ဖော်လိုက်၏။ ထိုလှိုင်းများသက်ရောက်ခံလိုက်ရသည့် အဆင့်နိမ့်ကျင့်ကြံသူများသည် လဲကျကုန်သည်။
“ရပ်စမ်း..”
ကျီထျန်းရှစ်သည် တားဆီးရန်ကြိုးစားလိုက်သည်။
“ဘုန်း..”
သွေးဘိုးဘေး၏ ရိုက်ချက်တစ်ခုတည်းနှင့်ပင် ကျီထျန်းရှစ်သည် သွေးများစွာ အန်ထုတ်လိုက်ရ၏။
“စွမ်းအားနိမ့်ကျတုန်းဆိုပေမဲ့..၊ ဒီလိုအရာလည်း မဆိုးပါဘူး..”
သွေးဘိုးဘေးသည် ကျီထျန်းရှစ်အား ဝါးစားချင်သည့်အကြည့်နှင့် လျှာသပ်နေ၏။
“သွေးဘိုးဘေး..”
ကျီထျန်းရှစ်၏ မျက်နှာသည် နီရဲနေပြီး အံကြိတ်လိုက်မိသည်။
“တိတ်စမ်း..၊ ငါ့ကို အရှင်ကျို့ယင် လို့ခေါ်စမ်း..”
သွေးဘိုးဘေးသည် အော်ငေါက်လိုက်၏။
“ဒါက..”
လုရှင်းယန်တို့သည် ထိုနာမည်ကြောင့် တုန်ယင်သွားသည်။ အရှင်ကျို့ယင်ဆိုသူသည် ကျန်းမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့သော မကောင်းဆိုးဝါးပင်။
လုရှင်းယန်တို့သည် သဘောပေါက်သွား၏။ သွေးဘိုးဘေး၏ ဝိညာဉ်ဝါးမြိုခံရပြီး ဖြစ်သည်။
“သွေးဘိုးဘေး ဘာဖြစ်သွားတာလဲ..”
ကျီထျန်းရှစ်သည် ဖြစ်ပျက်နေသည်များကို လိုက်မမှီတော့ပေ။
“အမှိုက်အဆင့်နဲ့ကောင်က ငါ့ကို ထိန်းချုပ်ဖို့ကြိုးစားခဲ့တာလေ..၊ သူရင်ဆိုင်နေရတဲ့ အရာက ဘာမှန်းတောင် သေချာမသိဘူး..”
ကျို့ယင်သည် တလှမ်းချင်းလျှောက်လာကာပြောလိုက်၏။
သွေးဘိုးဘေးသည် သူ၏ နည်းစနစ်နှင့် ရှီမျိုးနွယ်မှ ဝိညာဉ်ကို ထိန်းချုပ်နိုင်ပြီ ထင်ခဲ့သည်။ ထို့အတူ ကျီမျိုးနွယ်မှ ဝိညာဉ်ကိုလည်း ထိန်းချုပ်နိုင်မည်ဟု ယူဆခဲ့၏။
သို့သော် ကျို့ယင်၏ ပထမဝိညာဉ်သည် သေချာ ထိန်းချုပ်ခံခဲ့ခြင်းဖြစ်သည်။ သို့မှသာ သူ၏ နောက်ဝိညာဉ်တစ်ခုနှင့် ပြန်လည်ပေါင်းစပ်နိုင်တော့မည်ဖြစ်၏။
ထိုအချင်းအရာများကို မသိရှာပဲ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့သည့် သွေးဘိုးဘေးသည် သနားစရာကောင်းအောင်ပင် အသုံးချခံတစ်ခုဖြစ်ခဲ့သည်။
လက်တွေ့တွင် ကျို့ယင်သည် မည်မျှပင် နှစ်ပေါင်းများစွာကြာအောင် ချုပ်နှောင်ထားခံခဲ့ရသော်လည်း သွေးဘိုးဘေး၏ အဆင့်နှင့် ရင်ဆိုင်နိုင်သူမဟုတ်ပေ။
“ပြောစမ်း..ငါ့ရဲ့ ဝိညာဉ်တစ်ခု ဘယ်မှာလဲ..”
လဲကျနေသည့် ကျီထျန်းရှစ်ကို မေးခွန်းထုတ်လိုက်၏။ ကျီထျန်းရှစ်သည် သွားကြားထဲမှလေသံနှင့် ပြောလိုက်သည်။
“ကျုပ်ဖြေရင် ကျုပ်တို့ မျိုးနွယ်ကို အသက်ရှင်ခွင့်ပေးမှာလား..”
“မင်းမှာ ငါ့နဲ့ ညှိနှိုင်းလို့ရတဲ့ အရည်အချင်းမရှိဘူး..”
ကျို့ယင်သည် ကျီထျန်းရှစ်၏ လည်မျိုကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ သူ၏ တတိယဝိညာဉ်သည် အချုပ်အနှောင်မှ လွှတ်မြောက်သွားသည်ကို ခံစားမိထား၏။ သို့သော် ရှာဖွေ၍ မရချေ။
“သူတို့ရဲ့ နန်းတော်သခင်ဆီမှာ..”
ကျီထျန်းရှစ်သည် ချုးယွီဟွာတို့ကို ညွှန်ပြပြီး သစ္စာမဲ့စွာပြောဆိုလိုက်သည်။ သူ၏ အသက်ရှင်ရေးအတွက် သိက္ခာကိုပင် ဂရုမစိုက်ချေ။ ခေါင်းမာမှုသည် သူ၏ အသက်ကို သေဆုံးစေနိုင်၏။
ချုးယွီဟွာတို့သည် ကျီထျန်းရှစ်၏ အပြုအမူကြောင့် မျက်မှောင်ကြုတ်သွားရ၏။ ထိုလူများ၏ အခက်အခဲ အတွက် လာရောက်ကူညီပေးခဲ့သော်လည်း တစ်ကိုယ်ကောင်းဆန်စွာပြုမှုသွားသည်။
သူမသည် ခေါင်းခါယမ်းမိလိုက်၏။
“ဘုန်း..”
ကျို့ယင်သည် ကျီထျန်းရှစ်ကို လွင့်ပစ်လိုက်၏။ ထိုအရှိန်သည် အတော်ပြင်းလှသည်။ သေသလားရှင်သလားတော့ဂရုမစိုက်ပေ။ သူသည် ချုးယွီဟွာတို့ရှိရာသို့ ကြည့်လိုက်၏။
သို့သော် သူ၏ တတိယဝိညာဉ်အကြောင်းမေးရမည့်အစား မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဓားဧကရာဇ်..၊ နတ်ဆိုးဧကရာဇ်..၊ မင်းတို့ပြန်လည်မွေးဖွားလာပြီလား..”
ကျို့ယင်သည် မော့ရွှယ်အာနှင့် ပိုင်ကျန့်ယွီကို ကြည့်ကာ ရေရွတ်လိုက်၏။ သူ၏ အမူအယာသည် ပျော်ရွှင်နေသည်လား..၊ ဒေါသထွက်နေသည်လားတော့ ဝေခွဲ၍မရပေ။
ထိုအချင်းအရာကြောင့် သူတို့နှစ်ဦးအပါအဝင် ချုးယွီဟွာတို့ပင် အံ့အားသင့်သွားတော့သည်။ ထိုမကောင်းဆိုးဝါးပြောသည့်အရာများကို နားမလည်ချေ။
“ဟားဟား..ကောင်းတယ်၊ ကောင်းတယ်..၊ မင်းတို့ကို သတ်ဖို့ ထပ်ပြီး အခွင့်အရေးရခဲ့ပြီ..”
ကျို့ယင်သည် အူလှိုက်သဲလှိုက်ရယ်မောကာ ပြောဆိုလိုက်သည်။