ရွေးချယ်စရာလမ်းများ
Vol. 16 Ch. 238
သွေးဘိုးဘေးသည် နာကျင်မှုများကို သည်းခံလိုက်ပြီးနောက် သူကို ကန်သည့်သူအား ဒေါသတကြီး ကြည့်လိုက်၏။
“မင်း..”
သွေးဘိုးဘေးသည် ထျန်းယွမ်ကုန်းမြေမှ လူငယ်ကို မှတ်မိသွားခဲ့သည်။ သူ၏ မျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့သူပင်။
သို့သော် လက်ရှိအခြေအနေကို မနည်းပင် မှီအောင် လိုက်နေရပြီး ရုန်းကန်နေရပုံပေါ်၏။
သူသည် ကျို့ယန်ဝိညာဉ်နှစ်ခုလုံးကို သိမ်းပိုက်ခဲ့သော်လည်း ခဏအကြာတွင် သူ၏ဝိညာဉ်သည် အမှောင်ထုအတွင်း ကျရောက်သွားခဲ့သည်။
သူသည် ကျို့ယန်ဝိညာဉ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ကြောက်ရွံ့မှုများပြည့်နှက်လာတော့သည်။
သတိရလာချိန်တွင် သူ၏ ခန္ဓာကိုယ်သည် သေလောက်အောင် နာကျင်သည့် ဒဏ်ရာများရရှိနေပြီးဖြစ်၏။ ဤကြားတွင် မည်သည့် အဖြစ်ပျက်များ ဖြစ်ပျက်သွားသည်ကို မသိခဲ့ရပေ။
“ရောင်းရင်း ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို ဒီမှာပဲ အဆုံးသတ်ကြစို့..”
သွေးဘိုးဘေးသည် အသေချာတွေးတောပြီးနောက်တွင် ပြေရာပြေကြောင်းပြောလိုက်၏။ သူသည် ဘာဖြစ်ခဲ့မှန်းမသိသော်လည်း သူ၏ ခန္ဓာကိုယ်သိမ်းပိုက်သွားသည့် ကျို့ယန်ဝိညာဉ်ကို ဖြေရှင်းခဲ့ဟန်ရှိသည်။
“ကောင်းပြီ..”
ဟွမ်း၏ စကားကြောင့် သွေးဘိုးဘေးသည် ပျော်ရွှင်မှုများပြည့်နှက်လာတော့သည်။ သူသည် ဤနေရာတွင်မနေချင်တော့ပေ။ တိတ်ဆိတ်သည့်နေရာတစ်ခုရှာပြီး ပုန်းအောင်းကာ အားအင်များပြည်လည်ဖြည့်တင်းတော့မည်ဖြစ်၏။ သို့သော် ဟွမ်း၏ စကားကြောင့် သူ၏ အပြုံးများ အေးခဲသွားတော့သည်။
“မင်းခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ဒုက္ခတွေကနေ ကင်းလွတ်ခွင့်ပေးမယ်..၊ ဟေးယန် သူ့ရဲ့ ဝိညာဉ်ကို ထိန်းသိမ်းပြီးယူလာခဲ့..”
ဟွမ်းသည် ဟေးယန်ကို အမိန့်ပေးပြီးနောက် ကျီအိမ်တော်သို့ ပြန်လည်ထွက်ခွာသွားသည်။ ချုးယွီဟွာသည် မေ့မြောနေသောကြောင့် ဟွမ်းသည် သွေးဘိုးဘေးကဲ့သို့ အမှိုက်မျိုးနှင့် အချိန်မဖြုန်းတော့ပေ။
ဟေးယန်သည် ချက်ချင်းပေါ်ထွက်လာပြီး သွေးဘိုးဘေးကို လောင်မြိုက်လိုက်၏။
“မင်းဘာလုပ်တာလဲ..”
သွေးဘိုးဘေးသည် ထိတ်လန့်သွားပြီး အသံကုန်ခြစ်ကာအော်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားရန်စွမ်းအင်များကျန်ရှိမနေသောကြောင့် ဟေးယန်၏ လောင်ကျွမ်းမှုကို မတားဆီးနိုင်တော့ချေ။
ဟေးယန်သည် အရင်အချိန်များနှင့် မတူညီပဲ သွေးဘိုးဘေး၏ ခန္ဓာကိုယ်ကိုသာ ဖျတ်ဆီးခဲ့သည်။ ထို့နောက် အနက်ရောင်မီးတောက်များနှင့် သွေးဘိုးဘေး၏ ဝိညာဉ်ကို ထိမ်းသိမ်းလိုက်တော့၏။
“ဟွမ်း..”
ချုးယွီဟွာကို ပွေ့ဖက်ထားသည် မော့ရွှယ်အာသည် ဟွမ်း ပြန်လည်ရောက်ရှိလာပြီကို သိရှိလိုက်၏။
“အရှင်..”
ချုံးမင်နှင့် စုန့်ချင်းလည်း ရောက်ရှိနေပြီဖြစ်သည်။
ချုံးမင်သည် စုန့်ချင်းနှင့် မကျေလည်မှုများရှိသော်လည်း ဟွမ်းသည် စုန့်ချင်းအပေါ်တွင် များစွာမျက်နှာပေးနေသောကြောင့် ထိုအရာများကို ဖြေဖျောတ်လိုက်ပြီဖြစ်သည်။ ထိုသူသည် နတ်နန်းမြို့သခင်ပင် အရိုသေပြုရသူဖြစ်၏။ ထို့ကြောင့် ထပ်မံ၍ မစော်ကားမိစေရန် ကြိုးစားလိုက်သည်။
ကျီအိမ်တော်သည် အပျက်အစီးများနှင့်ပြည့်နှက်နေပြီး ဒဏ်ရာရရှိသူများစွာလည်း ရှိနေ၏။
သွမ့်မုယီနှင့် သွမ့်မုလီလည်း ဒဏ်ရာအချို့ရရှိနေပြီး အားအင်ကုန်ခမ်းနေသည်။
ဟွမ်းသည် ချုးယွီဟွာကို မော့ရွှယ်အာ လက်တွင်းမှ လွှဲပြောင်းယူလိုက်သည်။ ထို့နောက်တွင် ချုံးမင်ကို ကြည့်ကာဆိုလိုက်၏။
“ဒီနေ့ မှာ ကျီအိမ်တော်ကို သုတ်သင်မယ်..၊ ခင်ဗျား ကန့်ကွက်စရာရှိလား..”
ဟွမ်း၏ စကားသံကြောင့် ကျီမျိုးနွယ်ဝင်များ၏ နားတွင် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တုန်ယင်သွားကြ၏။
“နန်းတော်သခင်..ကျုပ်..”
ကျီထျန်းရှစ်၏ ခန္ဓာကိုယ်သည် တဆက်ဆက်တုန်ယင်နေသည်။ သူသည် တောင်းဆိုရန် ကြိုးစားချင်နေ၏။ သို့သော် ဟွမ်းသည် အခွင့်အရေးမပေးချေ။
“တိတ်စမ်း..၊ မင်းဆီက ဖြေရှင်းချက် လိုတယ်များထင်နေလား..”
ဟွမ်းသည် သံမဏိအလား မာထန်နေသည့် လေသံနှင့် ငေါက်လိုက်၏။ သူ၏ စိတ်အာရုံသည် ကျီယွမ်ကုန်းမြေသို့ လွှမ်းခြုံပြီးသားဖြစ်သည်။
ချုးယွီဟွာတို့သည် ကျီအိမ်တော်၏ အခက်အခဲ အတွက် လာရောက်ကူညီပေးသော်လည်း သူ့အသက်ရှင်သန်ရေးအတွက် တစ်ကိုယ်ကောင်းဆန်စွာပြုမှုခဲ့သည်။
“အရှင်..ဒါက..”
ချုံးမင်သည် ထိုအဖြစ်အပျက်ကို သိရှိသွားပြီးဖြစ်သည်။ သို့သော် မည်သို့ဖြေရှင်းပေးရမည် မှန်းမသိချေ။
“ကန့်ကွက်ချင်ရင် မင်းတို့ဂိုဏ်းပါ ကျီမျိုးနွယ်နဲ့အတူ မြှုပ်နှံပေးမယ်..”
ဟွမ်း၏ ဖြတ်ပြောလိုက်သည့်စကားကြောင့် ဖျန်ဖြေရန်မကြိုးစားတော့ပေ။
“ကျုပ်မကန့်ကွက်ပါဘူး..”
“ဂိုဏ်းချုပ်..၊ ကျုပ်က ခင်ဗျားတို့ဂိုဏ်းရဲ့ လက်အောက်ခံနော်..၊ ဒီလိုပဲ လက်ပိုက်ကြည့်နေမှာလား..”
ကျီထျန်းရှစ်သည် အလောတကြီး အော်ဟစ်လိုက်၏။
“မင်းမှာ အဲ့လိုယုတ်ညံ့တဲ့ စိတ်မရှိခဲ့ရင်တော့ ငါကန့်ကွက်မိမှာပဲ..”
ချုံးမင်သည် ဖြောင့်မတ်သည့်လေသံနှင့်ဆိုလိုက်၏။ သူသည် ဟွမ်း၏ ရိုက်နှက်မှုကို ခံရဖူးသူဖြစ်သည်။ ကျီအိမ်တော်အတွက်နှင့် သူ၏ ဂိုဏ်းကို မစတေးနိုင်ပေ။ ထို့အပြင် ဟွမ်း၏ ဒေါသသည် ကျီထျန်းရှစ်၏ အမှားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ဟေးယန်..၊ တစ်ယောက်မှ မချန်နဲ့..”
ဟွမ်းသည် ချုးယွီဟွာကို ပွေ့ချီရင်း တပည့်များနှင့်အတူ ဟွမ်းရှန့်နန်းတော်သို့ ပြန်သွားတော့၏။
ဤအဖြစ်အပျက်သည် ထိုက်ရွှမ်ဂိုဏ်းသို့ သူ၏တပည့်များ ရောက်ရှိချိန်ကနှင့် မတူညီပေ။ ထို့အပြင် ထိုစဉ်က သူကိုယ်တိုင် အနားတွင် ရှိနေပြီး ထိုက်ဟုန်ကျွင်းနှင့် ကျင်းဝူတောက်တို့သည် ဆိုးယုတ်သည့် စိတ်နှင့် အနိုင်ကျင့်ခြင်းမဟုတ်ပေ။
ဟွမ်း ထိုနေရာတွင် မရှိခဲ့လျှင်တောင်မှ သူ၏ တပည့်များသည် အပေါ်ယံဒဏ်ရာအချို့လောက်ပင်ရရှိမည်ဖြစ်သည်။
သို့သော် ယခုတွင် သူသာ အချိန်မှီ ရောက်ရှိမလာပါက ချုးယွီဟွာနှင့် တပည့်များကို ဆုံးရှုံးရတော့မည်ဖြစ်သည်။
ကျို့ယင်သည် ကျင်းဝူတောက်ကဲ့သို့ စမ်းသပ်နေခြင်းမဟုတ်ပေ။ သတ်ဖြတ်ရန်ကြံစည်နေခြင်းပင်။
ထိုအရာက သူ၏ ဒေါသကို မပြေငြိမ်းနိုင်အောင်ပင် တောက်လောင်သွားခြင်းဖြစ်သည်။
သူ၏တပည့်များကို အဆုံးရှုံးမခံနိုင်ပေ။ သူတို့ကြောင့် ဟွမ်းသည် ဤလောကကြီးတွင် နေထိုင်ပေါင်းသင်းတက်လာပြီး လူသားတစ်ဦးအဖြစ် နေထိုင်မှုဘဝနှင့် ရင်းနှီးလာခဲ့ခြင်းဖြစ်သည်။
ဟွမ်းထွက်ခွာသွားပြီးနောက်တွင် ချုံးမင်နှင့် စုန့်ချင်းသည်လည်း ဟွမ်းရှန့်နန်းတော်သို့ လိုက်ပါလာခဲ့သည်။
ကျီအိမ်တော်တွင်တော့ အော်သံများနှင့် ပြည့်နှက်နေပြီး အနက်ရောင်မီးတောက်များအောက်တွင် ရုန်းကန်နေရသည်။
ကျီထျန်းရှစ်သည် ယခုမှပင် သူ၏ လုပ်ရပ်အတွက်နောင်တရလာတော့သည်။
သို့သော် နောက်တစ်ကြိမ် ဤသို့အခွင့်ရေးရလျှင် မည်သို့ရွေးချယ်ရမည်နည်း။
သူသည်မည်သည့်လမ်းကို ရွေးချယ်ပါစေ သေခြင်းနှင့်သာ အဆုံးသတ်မည်လော။
ကျို့ယင် သူ့အား သတ်ဖြတ်ချိန်တွင် ဟွမ်းရောက်ရှိလာမည်ဆိုလျှင် အခြေအနေသည် တစ်မျိုးတစ်မည် ပြောင်းလဲ သွားမည်လော။
သို့သော်လည်း သူ့အတွက် ဒုတိယ အခွင့်အရေးမရှိတော့ပေ။ ကျီထျန်းရှစ်၏ မှားယွင်းသွားသည့် ရွေးချယ်မှုကြောင့် ကျီမျိုးနွယ်ဝင်များပါ ဆွဲချသွားခဲ့တော့၏။
ထူးဆန်းစွာနှင့် ကျီယွမ်ကုန်းမြေတွင် မူလက ရှိခဲ့သည့် ထိပ်သီး မျိုးနွယ်ကြီးသုံးခုသည် အမြစ်ပြတ် သေဆုံးသွားကြပြီး အင်အားချိနဲ့နေသည့် ကျန်းမျိုးနွယ်တစ်ခုသာလျှင် ကျန်ရှိတော့သည်။
သို့သော် ကျင့်ကြံသူအရေအတွက် နည်းပါးသေးသည့် ဟွမ်းရှန့်နန်းတော်သည် ကျီယွမ်ကုန်းမြေ၏ ထိပ်သီး အင်အားစု ဖြစ်လာပေတော့မည်။
ဟွမ်းရှန့်နန်းတော်တွင် ချုံးမင်သည် ခဏတာသာနေထိုင်ခဲ့ပြီး ကောင်းကင်တံခါးဂိုဏ်းသို့ ပြန်သွားခဲ့သည်။ သူ့အနေနှင့် ကျီယွမ်ကုန်းမြေ၏ အခြေအနေကို သိရှိချင်ယုံပင်။ ထို့အပြင် သူ၏ နယ်မြေမှ အမှောင်စွမ်းအင်များကို စစ်ဆေးရဦးမည်ဖြစ်သည်။
“မင်းရဲ့ ဂိုဏ်းက ကျင့်ကြံသူတွေကို ဒီနယ်မြေကို ရွှေ့ပြောင်းခိုင်းလိုက်..”
ဟွမ်းသည် စုန့်ချင်းကို ကြည့်ကာပြောလိုက်၏။
“အစ်ကိုလေး..၊ တကယ်ပြောတာလား..”
စုန့်ချင်းသည် အလွန်ပင် အံ့ဩသွားသည်။ ဟွမ်းအနေနှင့် သူမအပေါ် ဤမျှအထိ သဘောကောင်းမည်ဟု မထင်ထားခဲ့ပေ။
ဟွမ်း၏ အတွေးသည်ရိုးရှင်း၏။ ထိုမိန်းကလေးသည် စိတ်ထားကောင်းသူ ဖြစ်သည်။ သို့သော် အခြေအနေများကြောင့် သူမကို မည်သည့်ကုန်းမြေမှ လက်မခံချင်ကြပေ။
ကျီယွမ်ကုန်းမြေတွင်လည်း ကျင့်ကြံသူဦးရေ လျော့ကျသွားပြီဖြစ်သောကြောင့် နေရာပေးရန် စဉ်းစားမိခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ ကုန်းမြေမှာ အမှောင်စွမ်းအင်တွေ အရမ်းများနေပြီ..၊ ကျင့်ကြံသူတွေကို စပြီး ကူးစက်တာနဲ့ ပြသနာတွေ များလာလိမ့်မယ်..”
ဟွမ်းသည် ဖြေရှင်းချက်ပေးလိုက်၏။
စုန့်ချင်းသည် ဟွမ်း၏ တွေးပေးမှုကြောင့် အလွန်ပျော်ရွှင်နေသည်။ ထို့နောက် အပြုံးများဝေဆာနေသည့် မျက်နှာထားနှင့် မိစ္ဆာသူတော်စင်နယ်မြေသို့ ထွက်ခွာသွား၏။ သူမသည် ကျင့်ကြံသူများကို စတင်ရွှေ့ပြောင်းရန် စီစဉ်တော့မည်ဖြစ်သည်။