အပြောင်းအလဲများ
Vol. 16 Ch. 239
နောက်ရက်များတွင် ကျီယွမ်ကုန်းမြေ၏ ကျန်ရှိနေသည့် ကျန်းမျိုးနွယ်သည် လက်ကျန် သွေးမျိုးနွယ်ဝင်များကို ရှာဖွေကာ ရှင်းလင်းသုတ်သင်ခဲ့သည်။
ထို့အတူ ကျီယွမ်ကုန်းမြေတွင် ထိပ်သီးမျိုးနွယ်သုံးခု ပျက်သုဉ်းသွားသည့် သတင်းသည် တောမီးအလားပျံ့နှံ့သွားတော့၏။ အားလုံးသည် ထင်ကြေးမျိုးစုံနှင့် ပြောဆိုနေကြတော့သည်။
ခေါင်းဆောင်နှင့် အကြီးအကဲများမရှိတော့သည့် သွေးမျိုးနွယ်သည် အဆင့်နိမ့်ကျင့်ကြံသူများသာ ကျန်ရစ်တော့၏။ ထို့ကြောင့်ပင် ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် ဝိုင်းဝန်းကာ သတ်ဖြတ်လိုက်ကြတော့သည်။ ထို့ကြောင့် ကျီယွမ်ကုန်းမြေတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပေါ်နေ၏။
တစ်လခန့်ကြာပြီးနောက် သွေးမျိုးနွယ်အကြွင်းအကျန်များ အားလုံးသုတ်သင်ခံလိုက်ရသည်။ ထို့ကြောင့် ကျီယွမ်ကုန်းမြေသည် တဖြည်းဖြည်းပြန်လည်ငြိမ်သက်လာ၏။
သို့သော် ဟွမ်းရှန့်နန်းတော်မှ သတိပေးကြေညာချက်ကြောင့် ကျီယွမ်ကုန်းမြေ၏ ကျင့်ကြံသူများသည် မငြိမ်မသက်ဖြစ်လာကြပြန်သည်။
ဝမ်မုန့်ယွင်သည် ကျင့်ကြံသူများ၏ စိတ်ကို ဖောက်ပြားစေသည့် အမှောင်စွမ်းအင်များအကြောင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်၏။
ထိုအရာနှင့် ပတ်သတ်ပြီး သတိထားစေရန်နှင့် ရှာဖွေတွေ့ရှိလျှင် ဟွမ်းရှန့်နန်းတော်သို့ သတင်းပေးပို့ရန်ဖြစ်သည်။
ထို့ကြောင့်ပင် ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲ ဖြစ်လာကြ၏။ ဘာမှန်းသေချာမသိရသည့် အရာကြောင့် သူတို့၏ စိုးရိမ်စိတ်များ မြင့်တက်လာကြသည်။ သို့သော် သူတို့သည် ဤကုန်မြေတွင် ဟွမ်းရှန့်နန်းတော်၏ ခွန်အားကို ပို၍ ယုံကြည် လက်ခံလာကြ၏။
အကြောင်းမှာ ကျန်းမျိုးနွယ်သည် ဟွမ်းရှန့်နန်းတော်၏ လက်အောက်သို့ ဝင်ရောက်ခဲ့ပြီး ကောင်းကင်တံခါးဂိုဏ်းမှလည်း ကြည်ကြည်ဖြူဖြူနှင့် လက်ခံခဲ့သောကြောင့်ပင်။
ထို့အပြင် မိစ္ဆာသူတော်စင်ဂိုဏ်းသခင်မဖြစ်သူသည် ဟွမ်းရှန့်နန်းတော်သို့ ဝင်ရောက်ခဲ့ပြန်သည်။ ထိုသတင်းက သူတို့အား ထိတ်လန့်စေခဲ့၏။
မိစ္ဆာသူတော်စင်ဂိုဏ်းသခင်မသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ကျော်ကြားသည်။ ကျင့်ကြံသူများအတွက် သတင်းပေါင်းစုံကြားရပြီး အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ရသည့် လ တစ်လပင်။
ဤတစ်လအတွင်းတွင် စုန့်ချင်းသည် သူမ၏ကုန်းမြေမှ ကျင့်ကြံသူများကို ကျီယွမ်ကုန်းမြေသို့ ရွှေ့ပြောင်းခိုင်းခဲ့သည်။ သူမ၏ လက်အောက်တွင် ကျင့်ကြံသူအရေအတွက် သောင်းဂဏာန်းအထိရှိသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများသာဖြစ်၏။
ထို့နောက် သူမသည် မြို့တစ်မြို့ တည်ဆောက်စေခဲ့ပြီး သူမ၏ လက်အောက်ငယ်သားဖြစ်သည့် ကျောင်းရုံကို မြို့သခင်အဖြစ် လုပ်ဆောင်စေခဲ့သည်။
ကုန်းမြေတွင်း ရှုပ်ထွေးကာ ဆူညံနေကြသော်လည်း ဟွမ်းရှန့်နန်းတော်တွင် တိတ်ဆိတ်ငြိမ်သက်နေ၏။
တပည့်သစ်များသည် သူတို့၏ သက်ဆိုင်ရာ အဆောင်များတွင် ကျင့်ကြံနေကြပြီး ကျီးဟူကျိသည် အဆင့်သုံးကျင့်ကြံသူဖြစ်လာခဲ့ပြီး အခြားတပည့် နှစ်ဆယ့်နှစ်ဦးသည် အဆင့်နှစ်ကျင့်ကြံသူများ ဖြစ်လာကြတော့သည်။
ထို့အပြင် လုရှင်းယန်တို့သည်လည်း ဒဏ်ရာများကို ကုသပြီးသည့်နောက် လင်းရှန်နယ်မြေအတွင်း မနားမနေ ကျင့်ကြံနေကြ၏။
ဟွမ်းသည် တပည့်များ၏ ခန္ဓာကိုယ်အခြေအနေများကို စစ်ဆေးပေးနေ၏။ သူတို့သည့် သွေးစွမ်းအင်များစွာသက်ရောက်ခံခဲ့ရသော်လည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာမရရှိပေ။
ထိုအချိန်တွင် အေးစက်စက်မျက်နှာသာ ဖော်ပြလေ့ရှိသည့် ယွဲ့ဝူယောင်သည် ပြုံးရွှင်စွာနှင့် သူမ၏ ခရမ်းလဓားကို ထုတ်ပြလိုက်သည်။
“ယောင်အာရဲ့ ဖခင်သိရင် ဂုဏ်ယူနေမှာ ကျိန်းသေတယ်..”
ဟွမ်းသည် သဘောကျသည့် အကြည့်များနှင့် ဆိုလိုက်၏။ ခရမ်းလဓားကို ယွဲ့ဖုန်းချန်ပင် အဆင့်ခြောက်ကျင့်ကြံသူဖြစ်မှ ကိုင်ဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
“ဒါပေမဲ့ ဆရာ..၊ ဒီကောင်က မာနကြီးတယ်..၊ အခုထိ ပေါင်းစပ်ဖို့ လက်မခံသေးဘူး..”
ယွဲ့ဝူယောင်သည် စိတ်ဓာတ်ကျစွာ ပြောဆိုလိုက်သည်။ သူသည် အသက်သွေးရတနာအဖြစ် ပဋိညာဉ်ပြုလိုသော်လည်း ခရမ်းလဓားသည် ငြင်းဆန်နေသေး၏။ ထို့ကြောင့် သူမသည် ခရမ်းလဓားကို အသုံးပြုနိုင်သော်လည်း စွမ်းအားကုန် ထုတ်နိုင်ခြင်ူမရှိသေးချေ။
“ဒီဓားထွက်ပေါ်လာတာက အရမ်းအံ့အားသင့်စရာကောင်းနေပြီ..၊ ဒါကြောင့် သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရေးရအောင်အရင်ကြိုးစား..”
ဟွမ်း၏ အကြံကြောင့် ယွဲ့ဝူယောင်သည် သဘောပေါက်သွားကာ သူမ၏ အိမ်တော်သို့ အလျှင်အမြန်ပြေးဝင်သွားတော့သည်။
ဟွမ်းသည် ထိုမိန်းကလေးငယ်လေးကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိ၏။ သို့သော် သူမျက်နှာတွင် အပြုံးများရှိနေသည်။
ဟွမ်းသည် လင်းရှန်နယ်မြေတွင် အားလုံးအတွက် အိမ်တော်များစွာ တည်ဆောက်ပေးခဲ့ပြီး ဟွမ်းရှန့်နန်းတော်အတွင်း ဝင်ရောက်လာမည့် တပည့်များအတွက်လည်း အဆောင်များ တည်ဆောက်ပေးထားသည်။
ဤ အတိုင်းဆိုလျှင် လင်းရှန်နယ်မြေသည် ဟွမ်းရှန့်နန်းတော်၏ အခြေစိုက်တည်နေရာပင် ဖြစ်လာတော့မည်။
ဟွမ်းသည် ရွှီယင်းအာကိုလည်း လင်းရှန်နယ်မြေအတွင်း ကျင့်ကြံခွင့်ပေးခဲ့သည်။ သူမသည် မိတ်ဆွေဟောင်းတစ်ဦး၏ သမီးတစ်ယောက်ဖြစ်သည့်အပြင် ကျင့်ကြံရေးပါရမီလဲ မဆိုးလှချေ။
သူသည် ကျီးဟူကျိ အတွက်လည်း လင်းရှန်နယ်မြေအတွင်း ကျင့်ကြံစေရန် စဉ်းစားပြီးဖြစ်သည်။ ထိုလူငယ်သည် ထူးချွန်လှသည့် လူငယ်တစ်ဦး ဖြစ်နေ၏။ သို့သော် ဟွမ်းသည် သူတို့၏ သစ္စာရှိမှုကို မသိရှိရသေးပေ။ ထို့ကြောင့် ခဏတာ ဆိုင်းငံ့ထားသည်။
ထို့အပြင် သူရွေးချယ်ထားသည့် တပည့်များမှ ကျင့်ကြံရေးတွင် ကြိုးစားပမ်းစား လေ့ကျင့်ကာ အရည်အချင်းရှိသူများကို လင်းရှန်နယ်မြေအတွင်း ကျင့်ကြံခွင့်ပေးမည်ဖြစ်သည်။
ဟွမ်းရှန့်နန်းတော်အတွင်းရှိသည့် ဝိညာဉ်စွမ်းအင်များသည် ပြင်ပလောကထက် သာလွန်နေသော်လည်း လင်းရှန်နယ်မြေမှ ဝိညာဉ်စွမ်းအင်များနှင့် နှိုင်းယှဉ်၍ မရပေ။
ရွှေရောင်သစ်ပင်ငယ်လေးသည် မလှုပ်မယှက်သာ ရှိနေပြီး ထပ်မံကြီးထွားမလာတော့သော်လည်း ၎င်း၏ စွမ်းအင်များသည် တစ်နေ့တစ်ခြား ပို၍ တိုးတက်လာနေသည်။ ဟွမ်းသည် လင်းရှန်နယ်မြေအတွင်းမှ စွမ်းအင်များသည် အဆင့်နှစ်ကုန်းမြေထက်ပင် သာလွန်သွားသည်ဟု ခံစားမိ၏။
သို့သော် ထိုသစ်ပင်လေး၏ ထူးခြားချက်ကို ယနေ့အထိ စူးစမ်းရဖြစ်နေသည်။
ချုးယွီဟွာသည် သတိမေ့မြောနေသည်မှာ တစ်လခန့်ပင် ရှိနေ၏။ ဟွမ်းသည် သူမ၏အိမ်တော်သို့ စောင့်ကြပ်နေကာ သူမ သတိရလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။
ဤကာလတွင် သူမ၏ မျက်နှာလေးသည် သွေးရောင်သမ်းလာပြီး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူမ၏ အသွင်သည် အိပ်မောကျနေသည့် နတ်သမီးတစ်ပါးအလား ကျော့ရှင်းနေဆဲပင်။
သူမသည် စွမ်းအင်ကုန်ခမ်းသွားရုံမျှသာဖြစ်သော်လည်း ဤမျှကြာသည် အထိမေ့မြောနေရသည့် အကြောင်းအရင်းကို ဟွမ်းသည် စဉ်းစား၍ မရချေ။
ဟွမ်းသည် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သော်လည်း မည်သည့်မှားယွင်းမှု တစ်စုံတစ်ရာမျှ ရှိမနေချေ။
သို့သော် သူမ၏ ခန္ဓာကိုယ်သည် လင်းရှန်နယ်မြေအတွင်းမှ ဝိညာဉ်စွမ်းအင်များကို တစ်လလုံးလုံး အဆက်မပြတ် စုပ်ယူနေခဲ့သည်။
“ကြည့်ရတာ အဆင့်တက်ပြီးပြီးချင်း သက်ရောက်ခံရတဲ့ ဖိအားက သူမရဲ့ အခြေခံအုတ်မြစ်ကို ပိုပြီး ကျစ်လစ်အောင် လုပ်ပေးသလိုဖြစ်သွားပုံပဲ..”
ဟွမ်း တီးတိုးရေရွတ်လိုက်၏။
ချုးယွီဟွာသည် အဆင့်ခြောက်သို့ တက်ရောက်လိုက်ပြီးနောက်တွင် ကျို့ယင်၏ ကြမ်းတမ်းသည် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးသုံးစွဲခဲ့ရ၏။
ထိုအရာသည် သူမ၏ မသန့်စင်သည့် စွမ်းအင်ဟောင်းများကို ဖယ်ရှားပေးလိုက်ပင်။ ယခုတွင် သူမ၏ ဗလာဖြစ်နေသည့် ဝိညာဉ်ပင်လယ်သည် လင်းရှန်နယ်မြေမှ သန့်စင်သည့် ဝိညာဉ်စွမ်းအင်များကို ပြန်လည်စုပ်ယူနေ၏။
ဟွမ်းသည် သူမ၏ ဆံပင်လေးကို သပ်ပေးလိုက်၏။ သို့သော် တိုးလျစွာ ထွက်ပေါ်လာသည့် အသံလေးကြောင့် သူ၏ လက်သည် အေးခဲသွားသည်။
“အစ်ကို..”
ချုးယွီဟွာ၏ မျက်ဝန်းများ ပွင့်ဟလာပြီးနောက်တွင် ဟွမ်း၏ လက်သည် သူမ၏ နဖူးပေါ်ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ဟွမ်းသည် အလျှင်အမြန် သူ၏ လက်ကို ရုတ်သိမ်းလိုက်သည်။ သူ၏ တည်ကြည်သည့် မျက်နှာတွင် သူခိုးလူမိသွားသကဲ့သို့ ကရောက်ကယက်ဖြစ်နေပုံပေါ်၏။
သို့သော် ချက်ချင်း သူ၏ မျက်နှာကို ထိန်းလိုက်ပြီး နွေးထွေးသည့် လေသံနှင့် ဆိုလိုက်သည်။
“နိုးလာပြီလား..”
ချုးယွီဟွာသည် ခေါင်းကို ညင်သာစွာညိတ်လိုက်၏။ သူမ ပြောမည်အပြုတွင် ဟွမ်း၏ နောက်ဆက်တွဲစကားကို ကြားလိုက်ရသည်။
“မင်းရဲ့ အဆင့်က ပိုပြီး ခိုင်မာလာပြီ..၊ ပြီးတော့ နောက်တစ်ဆင့်တက်မယ်ဆိုရင်တောင် အသင့်ဖြစ်နေပုံပဲ..”
ချုးယွီဟွာသည် ထိုစကားကြောင့် သူမ၏ မျက်ဝန်းများသည် လတစ်စင်းကဲ့သို့ ဝိုင်းစက်သွား၏။ မနေ့တစ်နေ့ကမှပင် အဆင့်တက်ထားသူဖြစ်သည်။ သို့သော် နောက်တစ်ဆင့် တက်ရောက်လုနီးပါးဖြစ်နေပြီလား..။