နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်
Vol. 16 Ch. 240
ဟွမ်း၏ စကားကြောင့် ချုးယွီဟွာသည် သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ရာ စွမ်းအင်များ ပြည့်လျှံနေသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် ဝိညာဉ်ပင်လယ်သည် အလွန်ပင် ကြီးမားကျယ်ပြန့်လာသည်။ ကျင့်ကြံသူတိုင်းအတွက် နတ်အမြူတေသည် အရေးကြီးသော်လည်း ဝိညာဉ်ပင်လယ် သေးငယ်ပါက လိုသလောက်စွမ်းအင်များ သိမ်းဆည်း၊ သုံးစွဲ နိုင်မည်မဟုတ်ပေ။
ထို့နောက် သူမ၏ ဝိညာဉ်ပင်လယ်တွင် အိပ်မောကျနေသည့် ရွှေရောင်အမွှေးများနှင့် တောက်ပနေသည့် ဖီးနစ်တစ်ကောင်၏ တည်ရှိမှုကိုပင် တွေ့ရှိသွား၏။
‘ဒါအိမ်မက်မဟုတ်ဘူးလား..’
ထို့နောက် စိတ်ရှုပ်ထွေးနေသည့် လေသံနှင့် ပြောလိုက်သည်။
“အစ်ကို..၊ ကျွန်မဝိညာဉ်ပင်လယ်ထဲ မှာ ဖီးနစ်ငှက်တစ်ကောင်ရှိနေတယ်..”
“ဟုတ်လား..”
ဟွမ်းသည် ချုးယွီဟွာ၏ ခွင့်ပြုချက်ကြောင့် ထိုဖီးနစ်ငှက်ကို စစ်ဆေးကြည့်လိုက်သည်။
“ဒီလိုသားရဲမျိုး..၊ နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ မတွေ့ဖူးဘူး..ဒါ ဖီးနစ်ဆိုတာ ဘယ်လိုသိတာလဲ..”
ဟွမ်းသည် ထိုဖီးနစ်ကို မမြင်တွေ့ဖူးပေ။ ထို့အပြင် ဖီးနစ်ဆိုသည့် ငှက်ကိုကြားပင်မကြားဖူးချေ။ သို့သော် ထိုဖီးနစ်ငှက်မှ မြင့်မြတ်သည်ဟု ယူဆရသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
“ကျွန်မလဲ မသေချာဘူး..၊ ဒါပေမဲ့ အဆင့်တက်ပြီး ဒီငှက်လေး ထွက်ပေါ်လာတာနဲ့ ဖီးနစ်ဆိုတာ စိတ်အလိုလိုပေါ်လာတယ်..”
ချုးယွီဟွာသည် တွေဝေစွာပြောလိုက်၏။ သူမ အံ့ဩရသည်မှာ ဟွမ်းကဲ့သို့ တည်ရှိမှုပင် ဖီးနစ်ငှက်ကို သိမနေချေ။ သူမသည် ဆက်လက်ပြောဆိုလိုက်သည်။
“ပြီးတော့ ဖီးနစ်ငှက်နဲ့ ဆက်နွယ်မှုကို ခံစားမိပေမဲ့..၊ ကျွန်မနဲ့ ပဋိညာဉ်ရေးထိုးထားတဲ့ အခြေအနေမှာ မရှိဘူး..”
“ဒီဖီးနစ်ကို ခေါ်ထုတ်လိုက်ရလား..”
ဟွမ်းသည် မေးမြန်းလိုက်၏။ သို့သော် ချုးယွီဟွာသည် ခေါင်းကို ညင်သာစွာ ယမ်းကာ ဖြေလိုက်သည်။
“သူက အိပ်မောကျတဲ့ အခြေအနေမှာ..ပြီးတော့ ကျွန်မရဲ့ ဝိညာဉ်ပင်လယ်ထဲက စွမ်းအင်တွေကို စုပ်ယူနေတယ်..”
ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။ ထိုထူးဆန်းသည့် အခြေအနေသည် နားလည်ရခက်နေသည်။ ထိုငှက်သည် သူမ၏ ပဋိညာဉ်သားရဲလည်း ဖြစ်မနေချေ။ သို့သော်သူမ၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေပြန်သည်။
‘သူမက အဲ့ဒီငှက်သားရဲနဲ့ ဆက်နွယ်နေတာလား..’
ဟွမ်းသည် ထိုအဖြေတစ်ခုသာ ထွက်ပေါ်လာသည်။ ထို့အပြင် ထိုသားရဲသည် အင်အားကြီး မျိုးနွယ်တစ်ခုမှ ဖြစ်နိုင်ပေ၏။ အကြောင်းမှာ ထိုဖီးနစ်သည် အဆင့်အတန်းမြင့်ဟန်ရှိပြီး သူပင် မကြားဖူးသောကြောင့်ပင်။
ဟွမ်းနှင့် ချုးယွီဟွာသည် ထိုသားရဲ၏ အခြေအနေကို စောင့်ကြည့်ရန်သာ တက်နိုင်တော့သည်။ အန္တရာယ်ပေးဟန်မရှိသောကြောင့် လွပ်လွပ်လပ်လပ်နေစေလိုက်၏။
ထို့နောက် ဟွမ်းသည် ချုးယွီဟွာ၏ အိပ်ခန်းမှ ထွက်ခွာရန်ပြင်လိုက်သည်။
ထိုအချိန်တွင် သူ၏လက်အား နူးညံ့သိမ်မွေ့သည် လက်ချောင်းလေးများနှင့် အလျှင်အမြန် ဖမ်းဆုပ်ခံလိုက်ရ၏။
ဟွမ်းသည် ထိုအထိအတွေ့ကြောင့် သူ၏ လက်ကို ဆွဲထားသည့် ချုးယွီဟွာကို လှည့်ကြည့်လိုက်၏။
ထိုအချိန်တွင် သူ၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာသည်။
ချုးယွီဟွာသည် ဟွမ်း၏လက်ကို ဆွဲကိုင်ထားသော်လည်း မျက်ဝန်းများသည် အကြည့်လွှဲထား၏။
သူမ၏ မျက်နှာကို ဟွမ်းမမြင်စေလိုသည့်အလား အောက်သို့ စိုက်ထားသည်။ သူမ၏ မြင်လွှာတွင် ခန္ဓာကိုယ်အား လွှမ်းခြုံထားသည် ပါးလွှာသည့် အဖြူရောင်စောင်တစ်ထည်သာရှိနေ၏။
သို့သော် ထိုအရာကို စိတ်ဝင်စားသည့် ပုံမပေါ်ချေ။ သူမ၏ မျက်ဝန်းများသည် ရောက်ယက်ခပ်နေသောကြောင့်ပင်။
သူမ မျက်နှာသည် မက်မွန်သီးကဲ့သို့ နီရဲနေပြီး သူမ၏ နှုတ်ခမ်းပါးလေးသည် လှုပ်ရှားနေဟန်ရှိသော်လည်း အသံထွက်မလာပေ။ တစ်စုံတစ်ခု ပြောလိုသော်လည်း ပြောမထွက်သည့်အလားပင်။
ဟွမ်းသည် ထိုမိန်းကလေး၏ လုပ်ရပ်ကို မည်သို့ ပြောရမည်မှန်းမသိတော့ပေ။ သို့သော် သူ၏ အသက်ရှုသံသည် သာမန်ထက် အနည်းငယ်မြန်နေသည်ကို ခံစားမိနေ၏။
ထို့နောက် တိုးလျသည့် လေသံလေးနှင့် ချုးယွီဟွာ၏ နှုတ်မှ စကားသံထွက်ပေါ်လာသည်။
“အစ်ကို..၊ ဒီည ကျွန်မအခန်းမှ အိပ်ပါ့လား..”
ချုးယွီဟွာသည် ထိုစကားပြောပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။ ရှက်ရွံ့မှုများစွာလည်း ခံစားနေရ၏။ သူမသည် ခေါင်းပင်မဖော်ရဲတော့ချေ။ ထို့အပြင် သူမ သည်လိုအကြောင်းအရာမျိုးစတင်ပြောဆို မည်ဟု တစ်ခါမျှပင် မတွေးခဲ့ဖူးချေ။
သူမသည် ထိုသို့အရာများနှင့် ရင်းနှီးချင်းမရှိသော်လည်း ဟွမ်းပြင်ပသို့ ထွက်ခွာသွားချိန်တွင် ဝမ်မုန့်ယွင်သည် သူမအား သင်ကြားပေးခဲ့သည်။
သူမကဲ့သို့ အဖြူထည်သက်သက်နှင့် ယှဉ်လျှင်တော့ ဝမ်မုန့်ယွင်သည် ပို၍ အသိပညာကြွယ်ဝ၏။ သူမကိုယ်တိုင် မကြုံဖူးသော်လည်း သိရှိထားသည့် မရာများကို ပြန်လည်ဝေမျှပေးခဲ့သည်။
ထို့အပြင် ဟွမ်းကဲ့သို့ ရုပ်ရည်နှင့် စွမ်းအားကြောင့် သူ့အနားတွင် အမျိုးသမီးများစွာ ရှိလာလိမ့်မည်ဟုပင် သတိပေးခဲ့သေး၏။
ချုးယွီဟွာသည် ထိုစဉ်က သူမသည် ထိုသို့ပြုမည်မဟုတ်ကြောင်း ယတိပြတ် ငြင်းဆိုခဲ့သော်လည်း ယခုအချိန်တွင် မည်သို့ပြောထွက်သွားမှန်း မသိတော့ချေ။
ချုးယွီဟွာ၏ အတွေးများ ရောက်ယက်ခပ်နေစဉ် ဟွမ်း၏ စကားသံထွက်ပေါ်လာသည်။
“ကောင်းပြီလေ..”
“တ..တကယ်လား...”
ချုးယွီဟွာ စကားသံများပင်ထစ်အလာသည်။ မှင်သက်သွားပြီး ဟွမ်းကို ကြည့်လိုက်မိ၏။
ဤတိတ်ဆိတ်နေသည့် အခန်းတွင် သူမ၏ နှလုံးခုန်သံသည် ပြင်ပမှပင် ကြားနိုင်လောက်အောင် ဆက်တိုက်ခုန်ပေါက်နေသည်။ သူမ၏ အသက်ရှုနှုန်းများသည်လည်း အဆမတန် မြန်ဆန်လာ၏။
ဟွမ်းသည် သူမ၏ အသွင်ကို တွေ့လိုက်ရသောကြောင့် မှင်သက်သွားသည်။ ထို့နောက် စနောက်ခြင်း မဟုတ်ကြောင်း အတည်ပြု ပြောဆိုလိုက်၏။
ဆယ့်မိနစ်ခန့်ကြာပြီးနောက်တွင် ချုးယွီဟွာ၏ မျက်နှာသည်စိတ်ဓာတ်ကျနေဟန်ရသည်။
ဟွမ်းသည် သူမ၏ ဘေးတွင် တကယ် အိပ်ပျော် နေသောကြောင့်ပင်။ သူ၏ ပုံစံသည် တစ်ခါမျှ အိပ်စက်ဖူးခြင်းမရှိသည့်အလား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ထို့အပြင် သက်တောင့် သက်သာဖြစ်နေဟန်ရ၏။
‘သူမဆိုလိုရင်းက ဒီလိုမဟုတ်လောက်ဘူးမလား..’ ဟွမ်းကို ဝေါဟာရများ သင်ကြားပေးရန်လိုအပ်နေပြီဖြစ်သည်။
ချုးယွီဟွာသည် ဘာမျှပင် ပြောဆိုနိုင်စွမ်းမရှိတော့ပေ။ သို့သော် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေသည့် ဟွမ်း၏ မျက်နှာကို ကြည့်လိုက်မိ၏။ ထိုသို့ကြည့်နေရင်းပင် သူမ၏ စိတ်သည် ကြည်နူးမှုကို ခံစားနေရသည်။
သူမသည် ဟွမ်း၏ မျက်နှာကို တစိမ့်စိမ့်ကြည့်နေရင်း စတင်တွေ့ဆုံခဲ့ပုံများကို အမှတ်ရနေ၏။ ဟွမ်းနှင့် ရင်းနှီးမှု အနည်းငယ်ရှိလာပြီးနောက်တွင် သူမ၏ စိတ်တွင်း သူသည်နေရာယူလာခဲ့သည်။
ထိုညသည် ဟွမ်းအတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သော ညတစ်ည ဖြစ်ခဲ့သော်လည်း ချုးယွီဟွာ အတွက်တော့ ထိုသို့ မဟုတ်ပေ။ ဟွမ်းကိုကြည့်နေရင်း နောက်တစ်ရက်သို့ပင် ကူးပြောင်းသွားတော့၏။
နောက်ရက်တွင် ဟွမ်းသည် လန်းဆန်းနေသည်ဟု ခံစားရ၏။ သူနောက်ဆုံးအိပ်စက်ခဲ့ခြင်းမှာ ထျန်းယွမ်ကုန်းမြေ၏ အဆုံးမဲ့တောင်တန်းတွင်ဖြစ်သည်။ ထို့နောက်တွင် တစ်ခါမှပင် မအိပ်စက်ခဲ့ချေ။ သူ၏ အိပ်စက်ခြင်း၏ အနှစ်သာရကို ခံစားမိသွားပြီဖြစ်သည်။
ထို့နောက်တွင် သူ၏ မျက်နှာသည်တည်ကြည်သွားကာ လင်းရှန်နယ်မြေမှ ပျောက်ကွယ်သွားတော့၏။
အလင်းရောင်နွမ်းပါးသည့် တည်နေရာတစ်ခုတွင် ဟွမ်း ပေါ်ထွက်လာ၏။ တည်နေရာတစ်ခုလုံးတွင် နီဆွေးဆွေးအရောင်များသာ ထင်ဟပ်နေသည်။
သူထွက်ပေါ်လာသည့် တည်နေရာတွင် လက်နက်ပေါင်းများစွာ ရှိနေပြီး ၎င်းတို့မှ အရှိန်အဝါမျိုးစုံထွက်ပေါ်နေသည်။ ကျိုးပဲ့ပျက်စီးနေသည့်ဓားများ၊ လှံများနှင့် နတ်ဘုရားအဆင့် လက်နက်ပေါင်းစုံသည် ပြန့်ကျဲနေ၏။ ထို့အပြင် နတ်ဘုရားအဆင့်ထက်ပင် ကျော်လွန်နေသည့် လက်နက်အချို့လည်းရှိနေသည်။
သို့သော် ဝိညာဉ်ကျောက် တစ်တုံးတစ်လေမျှပင်မရှိချေ။ ထိုလက်နက်များကို ရောင်းစားလိုက်လျှင်တောင် အဆင့်သုံးနယ်မြေတစ်ခုလုံးတွင် အချမ်းသာဆုံးစာရင်းဝင်နိုင်ပေမည်။
သို့သော် ဟွမ်းသည် ထိုသို့ရည်ရွယ်ချက် ရှိဟန်မရချေ။
သူသည် ထိုအရာများကို ဖြတ်ကျော်ကာ အခန်းတစ်ခုဟု ယူဆရသည့် နေရာသို့ဝင်ရောက်သွားသည်။
“ဒါဘယ်နေရာလဲ..”
ဝိညာဉ်အဖြစ်သာရှိတော့သည့် သွေးဘိုးဘေးသည် ဟွမ်းကိုတွေ့ရှိလိုက်သောကြောင့် တုန်ယင်နေသည့် လေသံနှင့် ခက်ခက်ခဲခဲ အားထုတ်ကာ မေးလိုက်၏။
သူ၏ ဝိညာဉ်သည် ဖောက်ထွင်းလုနီးပါးကြည်လင်နေပြီဖြစ်သည်။ ထို့အပြင် ဤအခန်းတွင်းမှ ဖိနှိပ်ထားသည့် စွမ်းအင်များကြောင့် သူသည် နေ့နေ့ညည နာကျင်မှုဒဏ်များကို ခံစားနေရ၏။
ထိုစွမ်းအင်များသည် သူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် နှိပ်စက်ခဲ့ခြင်းပင်။ မကြုံတွေ့ဖူးသည် ဖိနှိပ်ခြင်းနည်းလမ်းများကြောင့် သူ၏ ဝိညာဉ်ပင် ပြိုကွဲလုနီးပါးဖြစ်နေ၏။
သူသည် မဟာ နတ်အင်ပါယာအဆင့်ဖြစ်သူမို့ သူ၏ စိတ်စွမ်းအင်သည် အားကောင်းလွန်းသည်။ သို့သော် ဤစွမ်းအင်များကို ထိတွေ့ရမည်ကို ကြောက်ရွံ့နေပြီဖြစ်၏။ ထိုစွမ်းအင်များသည် ငရဲတစ်ခုအလားပင်။
“ခင်ဗျားနဲ့ လိုက်ဖက်တဲ့ နေရာတစ်ခု...”
ဟွမ်းသည် အေးစက်သည့်လေသံနှင့် ပြောဆိုလိုက်၏။
“နတ်ဘုရားချုပ်နှောင်ခြင်းဗိမာန်..”