← Chapters

အိမ်မက်ထဲက အနိမ့်အမြင့် အတက်အကျ

Vol. 19 Ch. 253

အိမ်မက်ထဲက အနိမ့်အမြင့် အတက်အကျ

Vol. 19 Ch. 253

"အိပ်မက်ထဲကို ရောက်သွားတဲ့အခါမှာ လူတွေအများကြီးကို မြင်ခဲ့ရတယ်။ သူတို့တွေက မှောင်နေတဲ့ အခန်းရဲ့ ထောင့်တွေမှာ ထိုင်နေကြတယ်၊ ဖယောင်းတိုင်ထွန်းပြီး မှန်တစ်ချပ်ကို ထားထားကြတယ်။ သူတို့လက်ထဲမှာ ဖယောင်းတိုင်ကိုင်ထားပြီး မှန်ထဲက ကိုယ့်ကိုယ်ကို ကြည့်နေကြတယ်"

"အစက သူတို့ဘာလုပ်နေကြတာလဲမသိဘူး၊ ဒါပေမယ့် ဒီအိပ်မက်ထဲမှာ ရက်ပေါင်းများစွာ နေခဲ့ရတယ်၊ နတ်ဘုရားရဲ့ အမြင်လိုပဲ လူတိုင်းကို အထက်ကနေ ကြည့်နေခဲ့တယ်။ ဒီလိုနဲ့သူတို့ ကြည့်ပြီးတဲ့အခါမှာ သူတို့တွေ အင်မတန်အောင်မြင်လာကြတယ်။

တစ်ချို့က ချမ်းသာလာပြီးလူနေအိမ်တွေ၊ ဇိမ်ခံကားတွေ ဝယ်ကြတယ်၊ တစ်ချို့က ရာထူးတွေတက်ပြီး ကြွယ်ဝလာကာ သူတို့မိန်းမတွေကို စွန့်ပစ်ကြတယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မယားအသစ်တွေကို ကြိုဆိုကြတယ်"

"ငယ်ရွယ်တဲ့သူတွေကတော့ ပညာရေးမှာ အောင်မြင်လာကြတယ်။ ကျောင်းမှာ အခြေခံအားဖြင့် ညံ့ဖျင်းတဲ့သူ တစ်ယောက် ဖြစ်ပေမယ့် အမြန်ဆုံး အချိန်အတွင်းမှာပဲ ထိပ်တန်းကျောင်းသားဖြစ်လာခဲ့ကြတယ်"

"အဲဒီလူက ကျွန်တော့်နဲ့ တော်တော်ဆင်တယ်၊ ကျောင်းမှာ စာတော်ပြီး အတောက်ပဆုံးဖြစ်ဖို့ သူ့လိုဖြစ်ချင်တဲ့ဆန္ဒက ကျွန်တော့်မှာ အရမ်း ပြင်းပြတယ်။ ကျောင်းက မပြီးသေးဘူး ကုမ္ပဏီပေါင်းများစွာရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တယ်၊ အလုပ်ဝင်တဲ့အခါမှာလည်း ရွှေရောင်လိုပဲ တောက်ပနေတယ်။ ဘယ်လောက်ကြီးတဲ့ ကုမ္ပဏီပဲဖြစ်ဖြစ် ကျွန်တော့်ဆီကို ပြုံးပြီးတော့ပဲ လာရတယ်"

"ကျွန်တော်စိတ်ဝင်စားမိသွားတယ်၊ စိတ်ဝင်စားမိတဲ့ အခိုက်မှာပဲ ရုတ်တရက် နိုးလာခဲ့တယ်။ အဘွားအိုက ကျွန်တော့်ဘေးမှာ ထိုင်နေတုန်းပဲ၊ ဒါပေမယ့် ဘာမှမပြောဘူး။ ရထားက နောက်ဆုံး ဘူတာကို ရောက်လာခဲ့တယ်၊ သူမက တုတ်ထောက်ပြီးဖြေးဖြေးချင်းလမ်းလျှောက်ကာ ကျွန်တော်ဆင်းသွားတဲ့အချိန်မှာ ပျောက်ကွယ်သွားတယ်၊ ကျွန်တော်လည်း မြေအောက်ရထားဘူတာကနေ ထွက်သွားလိုက်တယ်။ ထွက်လာတဲ့ အခါမှာကိုယ်က အစကနေရာမှာပဲ ရပ်နေတာကို တွေ့လိုက်ရတယ်။ ဘယ်ကိုမှမသွားပဲ အဲဒီမှာ ကြာကြာကြီး ရပ်နေသလိုမျိုး"

"အဲ့ဒီအိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့အရာတွေက ကျွန်တော့်စိတ်ထဲ စွဲကျန်ရစ်ခဲ့တယ်၊ ကျောင်းကို ပြန်ရောက်တဲ့အခါ အခန်းဖော်တွေ ပြန်မလာသေးဘူး၊ ဒါနဲ့ကျွန်တော် ဖယောင်းတိုင်ဝယ်ဖို့ ချက်ချင်း ထသွားလိုက်တယ်။ ကျောင်းအဆောင်ထဲက ကုလားကာတွေကိုပိတ်လိုက်တယ်။ ထောင့်တစ်ခုမှာမှန်တစ်ချပ်ထားတယ်။ မီးပိတ်ပြီး မီးခြစ်နဲ့ ဖယောင်းတိုင်ထွန်းကာ မှန်ရှေ့မှာထိုင်ပြီးဖယောင်းတိုင်ကိုင်ကာ မှန်ထဲကကိုယ်ကိုယ်ကို ကြည့်နေလိုက်တယ်"

"အချိန်ကြာလာတော့ ကျွန်တော့်မျက်လုံးတွေ မှုန်ဝါးလာတာကို သတိထားမိလိုက်တယ်။ ဒါပေမယ့် ပြန်ရှင်းလင်းလာတဲ့အခါ မှန်ထဲကလူက ကျွန်တော်ပဲ ဖြစ်နေပေမယ့် ကျွန်တော်လို့ မခံစားရတော့ဘူး။

ဒီလိုခံစားရတာက ထူးဆန်းပေမယ့် ဖယောင်းတိုင်ကို ဆက်ကိုင်ထားသေးတယ်။ ဘယ်လောက်ကြာသွားမှန်း မသိခဲ့ဘူး၊ ရုတ်တရက်လက်ထဲက ဖယောင်းတိုင်ရဲ့ မီးက ယိမ်းယိုင်နေတာကို သတိထားမိလိုက်တယ်၊ နောက်ဆုံးမှာတစ်စုံတစ်ခုက နောက်မှာ ရပ်နေသလို ခံစားလာရတယ်"

"နောက်ကို ပြန်မကြည့်ခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ မှန်ထဲကနေ နောက်က အရာရာတိုင်းကို မြင်နေရလို့ပါ။ ဘယ်သူမှ မရှိဘူးဆိုတာသိလိုက်ရတယ်၊ ဒါပေမယ့် အတော်လေးကို အမှန်တကယ် ရှိနေတယ်လို့ ခံစားရတယ်။ နောက်ဆုံးတော့ မနေနိုင်တော့ဘူး နောက်ပြန်ကြည့်လိုက်တယ်၊ ဒါပေမယ့် မှန်ကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ သူက မှန်ထဲကနေ နောက်ပြန်ကြည့်နေတာပါ။ သူ့ရဲ့ ချို့ယွင်းချက်ကို သူသိသွားတော့ ကျွန်တော့်ကို အေးစက်စက်နဲ့ ရယ်ပြခဲ့တယ်"

"အဲဒီအချိန်မှာ ကျွန်တော့်နှလုံးခုန်သံကိုတောင် ပြန်ကြားနေရတယ်၊ ပေါက်ကွဲမလိုလိုတောင် ဖြစ်နေတယ်၊ ဒါပေမယ့်စိတ်ထဲက အလန့်တကြား ဖြစ်နေမှုကို ထိန်းချုပ်ပြီး ဖယောင်းတိုင်ကို ဆက်ကိုင်ထားခဲ့တယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့မရတော့ဘဲ မှန်ထဲကကိုယ်နဲ့အတူ ခေါင်းညိတ်မိတဲ့အခါ ဒါက ပြီးဆုံးသွားပြီဆိုတာ သိလိုက်ရတယ်"

"အဲဒီညကစပြီး အရင်က နားမလည်တဲ့ အရာတွေအားလုံးကို ကျွန်တော် နားလည်လာတယ်ဆိုတာ သတိထားမိတယ်။ ဦးနှောက်က ရုတ်တရက်ဖွံ့ဖြိုးလာသလိုပဲ၊ ပြဿနာအားလုံးဟာ ကျွန်တော့်ရှေ့မှာ ပြဿနာမဟုတ်တော့ဘူး။ ပထမဆုံး စာမေးပွဲ ရောက်လာတဲ့အခါမှာ အံ့သြစရာမရှိပဲ ကျွန်တော်နံပါတ်တစ်ရတယ်။

ရုတ်တရက်ဆိုသလို ကျောင်းတစ်ကျောင်းလုံး အံ့သြသွားကြတယ်။ သူတို့က ကျွန်တော့်ကို မေးခွန်းထုတ်ကြတယ်၊ ကျွန်တော့်ကို မနာလို ဖြစ်ကြတယ်၊ ဒါပေမယ့် ကျွန်တော်မှာ ဘာမှားနေလည်း ဆိုတာကို သူတို့ ရှာမတွေ့ကြဘူး။ ကျွန်တော်က တကယ်ကို တော်နေတာ။ သူတို့က ကျွန်တော့်ကို မုန်းပေမယ့် ကျွန်တော့်ကို ထိခိုက်အောင် လုပ်လို့မရတဲ့ ခံစားချက်ကို နှစ်သက်လာတယ်"

"ဒါပေမယ့် ကျွန်တော်မျှော်လင့်မထားတာက နံပါတ်တစ် ရပြီး နောက်တစ်ရက်မှာ အိမ်က ဖုန်းဆက်လာတယ်။ အမေက ဖုန်းဆက်တာ၊ အဘွားက ရုတ်တရက်ကွယ်လွန်သွားတယ်လို့ ပြောတယ်။ ကျွန်တော် ဂရုမစိုက်ခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဘွားက အသက်အရမ်းကြီးနေပြီးသားမို့လို့ပဲ။

ကျွန်တော်အိမ်ပြန်ပြီးဈာပနကိုတက်တယ်၊ ပြန်လာတဲ့အခါမှာ ကျောင်းထဲမှာ ပိုပြီး တောက်ပတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာတယ်။ ပညာရေးနဲ့ ဆိုင်တဲ့ ပြဿနာအားလုံးကို တဖြည်းဖြည်း ဖြေရှင်းနိုင်လာတယ်၊ စီးပွားရေးကိစ္စတွေထဲကိုလည်း တဖြည်းဖြည်းနဲ့ စဝင်လာခဲ့တယ်။

"ဒါနဲ့ပဲ ကျွန်တော်ရဲ့ပထမဆုံး စီးပွားရေးလုပ်ငန်းကို ကျောင်းထဲမှာစခဲ့တယ်၊ အောင်မြင်ခဲ့ပြီးတော့ ပထမဆုံး ရင်းနှီးမြှုပ်နှံသူတွေကို အခက်အခဲ မရှိသလောက်နဲ့ ရခဲ့တယ်။ ဒုတိယအကြိမ် စတင်တဲ့အချိန်မှာ ယွမ် သောင်းဂဏန်းကနေ သိန်းဂဏန်း၊ သန်းဂဏန်းအထိ ရလာခဲ့တယ်၊ကျောင်းသားတွေက ကျွန်တော့်ကို နာမည်နဲ့ မခေါ်တော့ပဲ မစ္စတာစန်း ဒါမှမဟုတ် သူဌေးစန်း ခေါ်ကြတယ်"

"ကျွန်တော့်ဘဝက တကယ့်ကို ထိပ်ဆုံးကို ရောက်သွားသလိုပါပဲ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ပထမဆုံး စီးပွားရေးလုပ်ငန်းကို တန်ဖိုးမြင့်မြင့်နဲ့ ရောင်းပြီးနောက်မှာ ကျွန်တော့်ရဲ့ ဆွေမျိုးထဲက တစ်ယောက် ထပ်သေဆုံးသွားတယ်။

ဒီတစ်ခါကတော့ အမေပါ! ကားဘီးအောက်မှာ သေဆုံးသွားတယ်... ခေါင်းက ကွဲသွားတယ်၊ ကျွန်တောရောက်တဲ့အချိန်မှာ သူမရဲ့ မျက်လုံးတွေက ကျွန်တော့် ခြေထောက်နားမှာ ရှိနေခဲ့တယ်၊ ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်းနဲ့ ကြည့်နေသလိုပဲ"

"ဒါက ကျွန်တော်သတိထားမိခဲ့တဲ့ ပထမဆုံး အကြိမ်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကျောင်းမှာ နာမည်ကြီးလာတဲ့အခါ အဘွားကွယ်လွန်သွားခဲ့တယ်။ အခု ကျွန်တော့်ရဲ့ ပထမဆုံး စီးပွားရေး အောင်မြင်မှုနဲ့အတူ ပိုမြင့်တဲ့ အဆင့်ကို ဝင်ရောက်တော့မယ်ဆိုတဲ့ အချိန်မှာ အမေကွယ်လွန်သွားခဲ့တယ်။ ဒါပေမယ့် ဒါကို ကျွန်တော်အတည်ပြုလို့မရခဲ့ဘူး၊ ထပ်ပြီး ရှေ့ကိုပဲသွားလို့ရတယ်! မကြာခင်မှာပဲ ကျွန်တော့်ရဲ့ဒုတိယ စီးပွားရေးလုပ်ငန်းက ထပ်အောင်မြင်သွားတယ်။

ဒီတစ်ခါတော့ကျွန်တော် တစ်နိုင်ငံလုံးထိ နာမည်ကြီးလာခဲ့တယ်၊ ဒါပေမယ့် ဘာဖြစ်လို့လဲ... ဘာဖြစ်လို့ ကျွန်တော့်ကုမ္ပဏ်ရဲ့ အောင်ပွဲအခမ်းအနားနေ့မှာ အဖေက ကွယ်လွန်သွားရတာလဲ?"

"သူက ရေမြောင်းထဲ ကျသွားတယ်။ မြောင်းထဲက ရေက ဒူးအထိပဲရှိတယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ?သူ့ခန္ဓာကိုယ်ကို မြင်တဲ့အခါမှာ ကျွန်တော် အကြောင်းပြချက်မရှိဘဲ ကြောက်လန့်သွားခဲ့တယ်။

အထူးသဖြင့် ညဘက်တွေ ရောက်တဲ့အခါမှာ အဘွား၊အမေ၊ အဖေတို့အားလုံးက ကျွန်တော့် အခန်းထဲမှာရှိနေသလိုမျိုး ခံစားရတယ်။ သူတို့မျက်လုံးတွေမှာ သွေးတွေနဲ့ နီရဲနေပြီး ကျွန်တော့်ကို စိုက်ကြည့်ကာ ဆဲဆိုနေကြတယ် "

"မဟုတ်ဘူး၊ ကျွန်တော်သူတို့ရဲ့ အသက်တွေနဲ့ မပေးဆပ်ခဲ့ဘူး။ ကျွန်တော့် အောင်မြင်မှုအတွက် သူတို့ရဲ့အသက်တွေကို ဘယ်တုန်းကမှ အလဲအထပ်မလုပ်ခဲ့ဘူး၊ ဘယ်သူ့ကိုမှ ဒီလိုသဘောတူညီမှုမျိုး မလုပ်ခဲ့ဘူး။

အဲဒီညမှာကျွန်တော် အိမ်မှာနေလို့မရခဲ့ဘူး၊ ကျွန်တော် ပြေးထွက်ခဲ့လိုက်တယ်၊ အဲ့ဒီ မြေအောက်ရထားဘူတာကို ရှာခဲ့တယ်၊ ဒါပေမယ့်မတွေ့ဘူး... မနက်နီးလာတဲ့အထိ ဆက်ရှာတယ်၊ ဒါပေမယ့်မတွေ့သေးဘူး"

"မျှော်လင့်ချက်မဲ့နေတဲ့အတွက် ဆေးရုံက လူသေအလောင်း သိမ်းဆည်းရာနေရာကို သွားလိုက်တယ်၊ အဖေရဲ့ခန္ဓာကိုယ်ကို အဲဒီမှာထားတယ်၊ သူ့ကိုခွင့်လွှတ်ဖို့ တောင်းပန်ချင်တယ်။ ဒါပေမယ့် လူသေအလောင်း သိမ်းဆည်းတဲ့ အခန်းရဲ့တံခါးကို ဖွင့်လိုက်တဲ့အခါမှာ အဖေက လူသေအလောင်း သိမ်းဆည်းတဲ့ အခန်းထဲမှာထိုင်နေပြီး မျက်လုံးထဲမှာလည်း သွေးတွေနဲ့ ကျွန်တော့်ကို 'မင်းအောင်မြင်သွားပြီ...ဒါပေမယ့် ငါတို့အားလုံးက ပျောက်ကွယ်သွားပြီ၊ သိပ်မကြာခင်မှာ မင်းကို ငါလာခေါ်မယ်' လို့ ပြောခဲ့တယ်"

ဒီနေရာမှာပဲ လောင်စွန်းရဲ့ဇာတ်လမ်းက ရပ်သွားတယ်၊ ဒါကသူ့ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

ဇာတ်လမ်းရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီဇာတ်လမ်းက သိပ်လည်း ထိတ်လန့်စရာ မကောင်းသလို သိပ်လည်း စိတ်ဝင်စားစရာ မကောင်းပါဘူး။

ဒါပေမယ့် လောင်စွန်းပြောသလိုပဲ ဒီဇာတ်လမ်းကို ရေးသားခဲ့တာက စိတ်ကို အကောင်းမြင်တက်စေဖို့ပါပဲ။

အောင်မြင်မှုအတွက် ကိုယ့်ရဲ့သဘာဝ စိတ်ကို မဆုံးရှုံးစေပါနဲ့၊ ကိုယ့်ဘေးနားက ချစ်ရတဲ့ သူတွေကို ပိုဂရုစိုက်ပါ၊

ချစ်ရတဲ့သူတွေဟာ ကိုယ့်ရဲ့ အဖိုးထိုက်တန်ဆုံး စည်းစိမ် တွေပါပဲ။

ဒါကတော်တော် ရိုးရှင်းတဲ့ အမြင်ပါပဲ၊ ဒါပေမယ့် ​လောင်စွန်း ရေးထားတဲ့ ဂိမ်းကို တစ်ခြားသူတွေ သတိရမိသွားပြီး စမ်းကြည့်ဖို့ ကြိုးစားလာကြတယ်။

All Chapters