ဝိညာဥ်ပျောက်ဆုံးခြင်း
Vol. 19 Ch. 258
"အိပ်ရာပေါ်ကလူက ဘယ်သူလဲ"
“မမြင်ခဲ့ဘူး၊ ငါသူ့ခေါင်းရဲ့ နောက်ဘက်ကိုပဲ မြင်ခဲ့တာ။ ငါအရမ်းကြောက်သွားပြီး ထွက်ပြေးခဲ့တယ်။ အဲဒီတုန်းက ငါ မီးခိုးရောင်ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေတာကိုပဲ မြင်ခဲ့တယ်။ အဲဒီတုန်းကငါသေသွားခဲ့ရင်တော့ ဒီလောက်ကြောက်မှာမဟုတ်ဘူး၊ ဒါပေမယ့် အဲဒါဖြစ်ပျက်ခဲ့တဲ့ အချိန်မှာငါက လူသားတစ်ယောက်ပဲလေ"
အဖိုးအို စကားပြောလို့ပြီးတဲ့နောက် ကျန်းရီက တိတ်တဆိတ်ပဲ ခေါင်းညိတ်ခဲ့တယ်။ သူပြောတဲ့အတိုင်းဆိုရင် အခန်းက တကယ့်ကို အဓိကကျတဲ့ နေရာတစ်ခုဖြစ်လာခဲ့သလိုပဲ။
"အဲဒီဖြစ်ရပ်က ဘယ်တုန်းကလဲအဖိုး"
“ဒီအခန်းကို လာငှားတဲ့ လူလေးယောက် မလာခင်တစ်လ၊ နှစ်လလောက်ကပါ။ ကံမကောင်းခဲ့တာက ငါတို့ ပြန်ငှားတဲ့အချိန်မှာ ငါကအိပ်ရာပေါ်လဲနေပြီ။ ဒါပေမယ့် ငါ စကားတော့ ပြောနိုင်သေးတယ်။ အဲဒီတုန်းကငါက တန်ရှင်းကို မငှားဖို့ပြောခဲ့တယ်၊ ဒါပေမယ့်သူက ဒီအတိုင်းထားရင်လည်း အလကားပဲ၊ ငှားရင်တော့ ဝင်ငွေနည်းနည်း ရမယ်ဆိုပြီးပြောတယ်။ ငါသိခဲ့တယ်၊ အဲဒီတုန်းက သူ ငါ့စကားကိုနားမထောင်ခဲ့ဘူး၊ ငါကလည်းသူ့ကိုတားလို့မရခဲ့ဘူး။ အဲ့ဒီအခန်းမှာ နောက်ဆုံး တစ်ခုခုဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး"
အဖိုးအိုမျက်နှာမှာ နောင်တရတဲ့ အမူအရာပေါ်နေခဲ့ပြီး ကျန်းရီရဲ့ မျက်လုံးတွေက လီကျင့်ဟိုင်ကို ကြည့်ကာ သူက- " မစ္စတာလီ ထတော့" လို့ အော်ခေါ်လိုက်တယ်။
လီကျင့်ဟိုင်က ခေါင်းမော့ကြည့်လိုက်တယ်၊ အိပ်ရေးမဝခဲ့သလို ပုံစံနဲ့။ ကျန်းရီက သူ့ကိုကြည့်ရင်း ပြုံးလိုက်ပြီး "မစ္စတာလီ အိပ်ရတာ ဘယ်လိုနေလဲ" လို့မေးလိုက်တယ်။
"ဟေး…၊အိပ်ရတာ အရမ်း သက်သောင့်သက်သာရှိတာပဲ၊ ဒါပေမယ့် အိပ်ရေးက မဝသေးဘူး။ ဘယ်နှရက် ကြာပြီလဲဆိုတာတောင် မမှတ်မိတော့ဘူး၊ ဒီလိုမျိုး သက်သောင့်သက်သာအိပ်ရတာမျိုး"
လီကျင့်ဟိုင်က တိတ်တဆိတ် သက်ပြင်းချလိုက်တယ်၊ ကျန်းရီက ခေါင်းညိတ်ပြီး သူ့ကိုပြုံးပြလိုက်တယ်- "မစ္စတာလီ၊ ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ ခင်ဗျားကို သက်သောင့်သက်သာ အိပ်ခွင့်ပေးခဲ့တယ်၊ နောက်လည်း အိပ်မက်ဆိုးတွေ မက်တော့မှာမဟုတ်ဘူး၊ ဒီတော့ ကျွန်တော့်ကို ကျေးဇူးပြုပြီး တစ်ခုခုလုပ်ပေးဖို့ တောင်းဆိုလို့ရမလား"
“ဒါကတော့ ပြဿနာမရှိပါဘူး။ ဆရာ ဘယ်သူလဲဆိုတာ မသိရသေးဘူး၊ ဒါပေမယ့် အမှန်အတိုင်းပြောရရင် ဒီလိုမျိုး စွမ်းအားကြီးတဲ့လူကို မတွေ့ဖူးသေးဘူး။ ကျွန်တော် ကြွားပြောနေတာမဟုတ်ဘူး၊ အရင်က ကျွန်တော် မျက်လုံးပိတ်လို့မရဘူး၊ မျက်လုံပိတ်လိုက်ရင် ထပ်ပြီး အိပ်မက်ဆိုး မက်မှာကြောက်လို့"
"ကောင်းပြီ၊ ဒီလိုဆိုရင် မစ္စတာလီ မှန်ထဲကို အရင်ကြည့်လိုက်ပါ၊ ဒါပေမယ့်မကြောက်ပါနဲ့၊ အဖိုးတန်က မင်းနောက်ကလိုက်မှ အဲ့ဒီအခန်းဆီပြန်သွားမှာ"
ကျန်းရီရဲ့သတိပေးချက်အရ လီကျင့်ဟိုင်က မှန်ထဲကို ကြည့်လိုက်တယ်။ မကြည့်ရသေးခင်ကတည်းက လီကျင့်ဟိုင် ကြောက်လွန်းလို့ သေးထွက်လုနီးပါး ဖြစ်သွားခဲ့တယ်။
"အဖိုးကြီး...ဒီအဖိုးကြီး...သူက ဘာလို့မှန်ထဲမှာရှိနေတာလဲ"
အဖိုးတန်က ပြုံးပြလိုက်ပြီးကျန်းရီက ရှင်းပြလိုက်တယ်- "မစ္စတာလီက အဲ့ဒီဖြစ်ရပ် ဖြစ်ပျက်ခဲ့တဲ့ အခန်းဆီကိုပဲ သွားရမှာ၊ အဖိုးကိုတော့ လုံးဝဂရုစိုက်စရာမလိုဘူး"
"မဟုတ်ဘူး၊ သူငါ့ကိုသတ်မှာမဟုတ်ဘူးလား"
"သူကအဖိုးအို တစ်ယောက်ပဲ၊ သူကမင်းကို ဒုက္ခပေးမှာမဟုတ်ဘူး"
"တကယ်လား"
"တကယ်ပါ"
"အင်း...ဒါဆိုကောင်းပြီ"
လီကျင့်ဟိုင်က အဖိုးတန်ကို သံသယဝင်စွာ နောက်တစ်ခါကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ နက်ရှိုင်းစွာ အသက် ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်တယ်။
အဲ့ဒီအခန်းက သရဲအိမ်လို ဖြစ်နေပြီ၊ အဲဒီအခန်းထဲမှာ လူလေးယောက်သေဆုံးခဲ့ပြီး သေဆုံးမှုတွေကလည်းရှင်းရှင်းလင်းလင်းမရှိခဲ့ဘူး။ လီကျင့်ဟိုင်က ဘယ်လိုမှ မစိုးရိမ်ဘဲ နေနိုင်မှာလဲ။ ဒါပေမယ့် ကျန်းရီက ဒီလိုပြောနေတော့ သူအတွက် ငြင်းဖို့က ခက်ခဲနေခဲ့တယ်။
နောက်ဆုံးမှာတော့ သူ့အခန်းတံခါးကို ဖွင့်လိုက်ပြီး ဘေးကအခန်းဆီကို ဖြေးဖြေးချင်း ချဉ်းကပ်သွားလိုက်တယ်။ အခန်းနားကို ရောက်တာနဲ့ သူ့စိတ်ထဲမှာ တုန်ခါသွားစေတဲ့ အေးစက်တဲ့ အထိအတွေ့တစ်ခုကို ခံစားလိုက်ရတယ်။ သူ့ဖုန်းထဲက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ကျန်းရီကို ကြည့်လိုက်ပေမယ့် သူ မပြောခင်မှာပဲ ကျန်းရီက ပြုံးပြလိုက်ပြီး "မစ္စတာလီ၊ မကြောက်ပါနဲ့၊ တံခါး သော့ခတ်ထားလား မခတ်ထားလားဆိုတာကို ဂရုမစိုက်ပါနဲ့၊ တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းကိုဝင်လိုက်ပါ" လို့ပြောလိုက်တယ်။
"ဟုတ်...ဟုတ်ကဲ့... အားလုံး မင်းအပေါ်မှာပဲ မူတည်နေတယ်"
လီကျင့်ဟိုင်က လက်ကိုဆန့်ထုတ်လိုက်ပြီး တံခါးပေါ်ကို တင်လိုက်တယ်။ သေချာပေါက် သော့ခတ်ထားတဲ့ တံခါးဟာ ဒီလိုပဲ ပွင့်သွားခဲ့တယ်၊ ဒါက လီကျင့်ဟိုင်ကို အံ့အားသင့်သွားစေခဲ့တယ်။
အခန်းထဲကို ဝင်လိုက်တဲ့အခါ သေဆုံးမှုရဲ့ လက္ခဏာတွေကို တွေ့နိုင်သေးတယ်၊ ပြီးတော့ အခန်းထဲမှာ အပုပ်နံ့တွေလည်း ရှိနေသေးတယ်။
အခန်းကို မသန့်ရှင်းရသေးဘူး၊ အခန်းတစ်ခုလုံးမှာ အလောင်းရည်တွေကိုတောင် တွေ့နိုင်သေးတယ်၊ အထူးသဖြင့် ထောင့်လေးထောင့်နေရာတွေမှာပေါ့။
ဒီလိုမြင်ရတဲ့အခါ ကျန်းရီမျက်ခုံးကျုံ့သွားပြီး "တန်ရှင်း ဆိုတဲ့လူက တကယ်ပဲ ငပျင်းပဲကွာ" လို့ ပြောလိုက်တယ်။
အဖိုးတန်က ရှက်ရွံ့သလို ခေါင်းငုံ့လိုက်ပြီး-"သားကိုမသင်ကြားနိုင်ခဲ့တာက ဖခင်ရဲ့ အပြစ်ပါ၊ ဒါကငါ့အပြစ်ပါပဲ" လို့ ပြောလိုက်တယ်။
"အခု ဒီစကားကိုပြောနေတာက အဓိပ္ပာယ် မရှိတော့ဘူး၊ ဒီအခန်းထဲမှာ လူတွေသေဆုံးခဲ့တယ်၊ ဒါပေမယ့် ဘာကြောင့်မှန်း မသိတာက ဒီအခန်းထဲမှာ ဝိဉာဉ်တစ်ခုမှ ကျန်ရစ်ခဲ့တယ်လို့ မခံစားရဘူး"
"ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလား"
“အဲ့လိုမဟုတ်ဘူး၊ ဒါပေမယ့် မကြာခင်ကမှ ထွက်ခွာသွားတဲ့ပုံပဲ"
ကျန်းရီက တစ်ချက်ကြည့်ရုံနဲ့ပဲ ဒီအိမ်က သရဲခြောက်တဲ့အိမ်လား၊ ဒါမှမဟုတ် သရဲဆိုးတဲ့နေရာလားဆိုတာကိုပြောနိုင်တယ်။
ဒီအခန်းက တကယ်ပဲ သရဲဆိုးတဲ့ အိမ်ဖြစ်ပေမယ့် အခုထိ ဆက်ဖြစ်နေတာတော့ မဟုတ်ဘူး။
"အချိန်ရတဲ့အခါ အိမ်ရှင်တန်ရှင်းကို အသိပေးပြီး သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ၊ ဒီနေရာကိုမသန့်ရှင်းးရင် နောက်ပိုင်းမှာ လူတွေနေထိုင်ဖို့တကယ်ကိုမဖြစ်နိုင်တော့ဘူး"
ကျန်းရီက ပြောလိုက်တယ်၊ "တန်ရှင်းက တကယ် သန့်ရှင်းရေး လုပ်မလား ဆိုတာကတော့ သူ့ကိစ္စပဲ"
အခန်းထဲမှာ ထူးခြားတာ တစ်ခုမှ မတွေ့ခဲ့ဘူး၊ ဒါပေမယ့် ကျန်းရီက အချိန်ကို ပိုပြီးတော့ မကုန်စေချင်တော့ဘူး...
သူသိဖို့လိုအပ်တဲ့ အရာအားလုံးကို သိပြီးသားဖြစ်နေပြီ၊ ဒီပြဿနာကို ဖြစ်စေတဲ့သူကလည်း အဖိုးတန်ရဲ့ ဆွေမျိုးကို ညွှန်းနေတယ်။
ဒါဆိုလောင်စွန်းရဲ့ စာဖတ်ပရိသတ် လေးယောက်က ဒီနေရာကို ဘာလို့ ရွေးချယ်ပြီး ဒီလိုကစားနည်းကို ကစားခဲ့တာလဲ။ တန်ရှင်းက မှတ်တမ်းတင်တုန်းက ပြောခဲ့တာက သူတို့လေးယောက်က အချင်းချင်း အကြာကြီး သိခဲ့ကြသလိုပဲ၊ ပထမဆုံးအကြိမ် တွေ့ဆုံကြတာမဟုတ်ဘူး။
ဒီနေရာမှာ မေးခွန်းတွေ အများကြီး ရှိနေသေးတယ်၊ ဒါပေမယ့် လောင်စွန်းရဲ့ စာဖတ်ပရိသတ်လေးယောက်ရဲ့ ဝိဉာဉ် အငွေ့အသက်က မရှိနေခဲ့ဘူးလို့ထင်ရတယ်။ သူတို့ရဲ့ ဝိဉာဉ်တွေ ဘယ်ရောက်သွားတာလဲ?။
ကျန်းရီက ခဏလောက်စဉ်းစားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲကို ပြောလိုက်တယ်- " လီအိုချောင်က ရဲတပ်ဖွဲ့က သေဆုံးသွားတဲ့ လူလေးဦးရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်မလား? သူတို့ထဲကတစ်ယောက်ယောက်က လီအိုချောင်မြို့မှာ ရှိနေသေးလား"
"အားလုံးက ဒီမှာပါပဲ၊ ရုပ်အလောင်းကို တွေ့ရှိခဲ့တာက ရက်အနည်းငယ်ပဲ ရှိသေးတယ်။ မိသားစုဝင်တွေက အိမ်ရှင်နဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းနေဆဲပါ။ ဒီလိုသေဆုံးမှုမျိုးက သေဆုံးသူရဲ့ မိသားစုအတွက် လက်မခံနိုင်စရာဖြစ်နေလို့ပါ"
"ကောင်းပြီ၊ သူတို့အားလုံးကို ခုချက်ချင်း ဒီကိုခေါ်လာပါ၊ ကျွန်တော် သူတို့လေးယောက်စလုံးကို ပြန်ခေါ်လာနိုင်မလားဆိုတာ ကြိုးစားကြည့်မယ်"လို့ ကျန်းရီက ပြောလိုက်တယ်၊ ရဲတွေက တစ်ယောက်ပြီး တစ်ယောက်ဖုန်းခေါ်ခဲ့ကြတယ်။
သူက နာရီဝက်လောက်စောင့်ပြီး လူတိုင်းရောက်လာခဲ့တယ်။ သူတို့ကတော့ လောင်စွန်း စာဖတ်ပရိသတ်တွေရဲ့ ဆွေမျိုးသားချင်းတွေပါပဲ၊ ဇနီးသည်တွေ ရှိတယ်၊ မိဘတွေ ဒါမှမဟုတ် ညီအစ်ကိုတွေရှိတယ်။
လူတစ်စုရောက်လာပြီးနောက် ကျန်းရီက စတင်ပြောလိုက်တယ်- "ကျွန်တော်က မစ္စတာလီကို စားပွဲပေါ်မှာနံ့သာတိုင်၊ ဖယောင်းတိုင်တွေ ပြင်ထားပေးဖို့ ပြောပြီးသားပါ။ မီးထွန်းပြီးတဲ့အခါ လူတိုင်းက ဖယောင်းတိုင်တစ်တိုင်ကိုင်ပြီး နံ့သာတိုင် သုံးတိုင်ထွန်းကာ မှန်ရှေ့မှာထိုင်လိုက်ပါ။ ပြီးရင်တော့ သင်တို့ရဲ့ ချစ်ရသူတွေကို ခေါ်လိုက်ပါ။ နာမည်ခေါ်တဲ့အခါ အသံရှည်ရှည်ခေါ်ပြီး သုံးကြိမ်ခေါ်ပြီးတဲ့နောက် ရပ်လိုက်ပါ"
ထိုလူတွေက ခေါင်းညိတ်ပြီး စားပွဲပေါ်က နံ့သာတိုင်၊ ဖယောင်းတိုင်တွေကိုထွန်းညှိကာ ပြင်ဆင်ထားတဲ့မှန်ရှေ့မှာထိုင်ပြီး သေဆုံးသွားတဲ့ လူလေးယောက်ကို ခေါ်ခဲ့ကြတယ်။
"........................!"
မိသားစုဝင်တွေ ပထမဆုံးအကြိမ် ခေါ်တဲ့အခါ အသံတွေက ဆို့နင့်နေခဲ့ပြီး တတိယအကြိမ် ခေါ်တဲ့အခါမှာတော့ ငိုကြွေးခဲ့ကြတယ်။
ဒီဖြစ်ရပ်က တော်တော် ဝမ်းနည်းစရာ ကောင်းတယ်၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာလည်း မျက်ရည်တွေ ကျနေကြတဲ့ ကြည့်ရှုသူတွေ အများကြီးရှိမှာပါ။
ဒါပေမယ့် မှန်ထဲမှာတော့ မိသားစုဝင်တွေသာ ပေါ်နေခဲ့ပြီး သေဆုံးသွားတဲ့ လူ လေးယောက်ကတော့ လုံးဝမပေါ်လာခဲ့ဘူး။
သုံးကြိမ်ခေါ်ပြီးတဲ့နောက် ကျန်းရီရဲ့ မျက်လုံးတွေကျဉ်းမြောင်းသွားပြီး တိတ်တဆိတ်ပြောလိုက်တယ်- "ကောင်းပြီ၊ မိသားစုဝင်တွေ အခန်းထဲက ထွက်သွားနိုင်ပါပြီ"
"မစ္စတာကျန်း၊ သူတို့ကရော"
ကျန်းရီကဘာမှမပြောခဲ့ဘူး...