အခန်း (၃၅၈-၃၆၀)
Vol. 24 Ch. 358-360
အခန်း ၃၅၈ - ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ချိုးဖြတ်ခြင်း ....
~ကျန်းရူယွီကမူ မည်သို့မျှ တွေးမနေဘဲ
လျိုနင်ရွှမ်းအား ပြေးဝင်ပွေ့ဖက်လိုက်၏။
"မတွေ့တာကြာပြီနော် နင်ရွှမ်း၊ ငါကတော့ တံခါးပိတ်ကျင့်ကြံနေတာ၊ နင်ရော ဘာတွေလုပ်နေလဲ။"
ဤသို့ အပွေ့ဖက်ခံရသည်ကို လျိုနင်ရွှမ်းတစ်ယောက် မလုံမလဲ ခံစားလိုက်ရသည်။
အထူးသဖြင့် ဂျူနီယာမောင်လေးတစ်ယောက် ရှေ့တွင်ဖြစ်ရာ သူမသည် ကျန်းရူယွီ၏ လက်မောင်းများကြားမှ ရုန်းထွက်လိုက်ရင်း၊
ပြန်ဖြေသည်။
"ငါလည်း ကျင့်ကြံနေတာပါပဲ။"
ထို့နောက် လျိုနင်ရွှမ်းသည် တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် မျက်လုံးများ ဝိုင်းစက်သွားလေသည်။
သူမ၏ အေးစက်တည်ငြိမ်သော မျက်ဝန်းများထဲတွင် လှိုင်းထန်သော ခံစားချက်တို့ ဖြတ်ပြေးသွားကာ ကျန်းရူယွီကို ကြည့်၍ မေးမြန်းလိုက်၏။
"...နင့်ရဲ့ ကျင့်ကြံမှုအဆင့်က...။"
ထိုအခါ ကျန်းရူယွီက ပြုံးလျက် ခွန်းတုံ့ပြန်သည်။
"ငါ ဟင်းလင်းပြင်ဥမင် နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီ။"
ဤစကားကိုကြားသော် လျိုနင်ရွှမ်း အတန်ငယ် အံ့အားသင့်သွားရ၏။
"နင် ဟင်းလင်းပြင်ဥမင် နယ်ပယ် အဆင့်တက်သွားပြီ ဟုတ်လား။ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် မြန်ဆန်ရတာလဲ။"
ကျန်းရူယွီ၏ မျက်နှာထက်တွင် သိမ်မွေ့သော ပြုံးရိပ်အနည်းငယ် သန်းသွားပြီး လုရီဘက်သို့ မသိမသာတစ်ချက် ကြည့်လိုက်၏။ ထို့နောက်မှ ရှင်းပြသည်။
"ဒါတွေအားလုံးက ဂျူနီယာမောင်လေးရဲ့ ကျေးဇူးကြောင့်ပါပဲ။ သူက ငါ့ကို ဓားနှလုံးသားသစ်သီးတစ်လုံး ပေးခဲ့လို့ အင်မော်တယ်ခန္ဓာကို ပြောင်းလဲနိုင်ခဲ့တာ။"
လျိုနင်ရွှမ်းမှာ ကြောင်ငေးသွားပြီးနောက် လုရီဘက်သို့ စိမ်းစိမ်းကြည့်လိုက်လေသည်။
"ဂျူနီယာမောင်လေး... ဒီကိစ္စကို ဘယ်လိုဖြစ်ပြီး ငါတစ်ခါမှ မကြားဖူးရတာလဲ။"
ထိုအခါ လုရီက ခေါင်းကိုကုတ်ကာ မလုံမလဲ ရယ်မောလိုက်သည်။
"ဟား ဟား ဟား... အဲ့ဒါကလေ... ပြောပလောက်တဲ့ ကိစ္စကြီးမှ မဟုတ်တာပဲဟာ။"
ရုတ်တရက် လျိုနင်ရွှမ်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးမြန်းလိုက်၏။
"ဒါဆို ယွင်ရှီး အင်မော်တယ်ခန္ဓာ ရရှိသွားတာကရော... မင်းကြောင့်ပဲ မဟုတ်လား။"
ယခင်က လျိုနင်ရွှမ်းသည် ဤအကြောင်းကို ထည့်မစဉ်းစားမိခဲ့ပေ။ သို့သော် ယခု ကျန်းရူယွီ၏ အဖြစ်ကို ကြားသိရသည့်အခါ လုရီက ပန်းတစ်သောင်းဂိုဏ်းသို့ အလည်သွားပြီး မကြာမီမှာပင် ယွင်ရှီးက အင်မော်တယ်ခန္ဓာသို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်ကို ချက်ချင်း သတိရသွားတော့သည်။
"ဘာ... ပန်းတစ်သောင်းဂိုဏ်းက အင်မော်တယ်ခန္ဓာကလည်း ဂျူနီယာမောင်လေးကြောင့် ဟုတ်လား။"
ကျန်းရူယွီသည်လည်း မျက်လုံးများ ဝိုင်းစက်သွားကာ လုရီဘက်သို့ လှည့်ကြည့်လာ၏။
ပန်းတစ်သောင်းဂိုဏ်းမှ အင်မော်တယ်ခန္ဓာတစ်ခု ပေါ်ထွက်လာခြင်းသည် ထျန်းမင်တစ်ခွင်လုံးကို တုန်လှုပ်စေခဲ့သည်။ ထိုအချိန်က နတ်ဓားဂိုဏ်းတွင် တံခါးပိတ်ကျင့်ကြံနေသော ကျန်းရူယွီပင် ဤသတင်းကို ကြားခဲ့ရ၏။ သို့သော် ထိုအင်မော်တယ်ခန္ဓာသည်လည်း သူမ၏ ဂျူနီယာမောင်လေး ဖန်တီးခဲ့ခြင်းဖြစ်မည်ဟု သူမ တစ်ခါမျှ မတွေးထင်ခဲ့ဖူးချေ။
သူတို့နှစ်ဦး၏ စူးစိုက်ကြည့်နေသော အကြည့်များအောက်တွင် လုရီမှာ လည်ပင်းတစ်ခုလုံး အေးစက်လာသလို ခံစားလိုက်ရသည်။ သူသည် ချောင်းတစ်ချက်ဟန့်ကာ ရှင်းပြလိုက်၏။
"ကျွန်တော် ယွင်ရှီးကို ကိုးရောင်ခြယ် ခေါင်းလောင်းပန်း တစ်ပွင့် ပေးခဲ့တာတော့ အမှန်ပါပဲ..."
"ကိုးရောင်ခြယ် ခေါင်းလောင်းပန်း..."
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီ နှစ်ဦးလုံး၏ မျက်ဝန်းတို့မှာ တုန်လှုပ်မှုကြောင့် ကျုံ့သွားကြသည်။
"ထျန်းမင်ရဲ့ သမိုင်းတစ်လျှောက်မှာ သုံးကြိမ်သာ ပေါ်ထွက်ခဲ့ဖူးတဲ့ ကိုးရောင်ခြယ်ခေါင်းလောင်းပန်း ဟုတ်လား။"
ထိုသို့ ကျန်းရူယွီက မျက်လုံးအပြူးသားဖြင့် အော်ဟစ်လိုက်သည်။
"ဒီလောက်တန်ဖိုးကြီးတဲ့ ရတနာကိုတောင်
ဂျူနီယာမောင်လေးက ပေးပစ်လိုက်တယ်ပေါ့။"
လျိုနင်ရွှမ်းကမူ လုရီကို စူးစိုက်စွာ ကြည့်နေလေ၏။
လုရီသည် ချောင်းတစ်ချက်ဟန့်ရင်း ဆက်ပြောလိုက်သည်။
"ကံကောင်းထောက်မစွာနဲ့ ရှာတွေ့ခဲ့တာပါ။ အဲ့ဒါက ကျွန်တော့်အတွက် သိပ်အသုံးမဝင်ပေမဲ့
ယွင်ရှီးအတွက်တော့ အံကိုက်ဖြစ်နေလို့ပါ။"
ဤစကားကို ကြားသော် လျိုနင်ရွှမ်းနှင့်
ကျန်းရူယွီ နှစ်ဦးစလုံး ဆိတ်ငြိမ်သွားကြသည်။ရူယွီ နှစ်ဦးစလုံး ဆိတ်ငြိမ်သွားကြသည်။
အထူးသဖြင့် လျိုနင်ရွှမ်းမှာတော့ ကြီးမားသော ဖိအားကို ခံစားနေရသည်။
မူလက သူမသည် ကျန်းရူယွီထက် အင်အားကြီးမားသော်လည်း ယခုမူ ကျန်းရူယွီက အင်မော်တယ်ခန္ဓာသို့ ပြောင်းလဲပြီး ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ချိုးဖြတ်သွားပြီဖြစ်ရာ သူမထက်ပင် သာလွန်သွားလေပြီ။
ထို့အပြင် အင်မော်တယ်ခန္ဓာသို့ ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် အမီလိုက်လာနေသော
ယွင်ရှီးလည်း ရှိနေသေးသည်။
အရပ်လေးမျက်နှာမှ ဝန်းရံခံထားရသကဲ့သို့ ခံစားလိုက်ရ၏။ ဤအတိုင်းသာ ဆက်သွားပါက သူမ၏ စွမ်းအားမှာ နောက်ကျကျန်ရစ်ခဲ့ပြီး ဂျူနီယာမောင်လေး၏ ခြေရာကို လိုက်မီဖို့မဆိုထားနှင့်၊ ရူယွီနှင့် ယွင်ရှီးကိုပင် ယှဉ်နိုင်တော့မည် မဟုတ်ဟု တွေးကာ လျိုနင်ရွှမ်း စိုးရိမ်စိတ်တို့ ဝင်လာတော့သည်။
လျိုနင်ရွှမ်းသည် ကျန်းရူယွီဘက်သို့ တစ်ချက် ကြည့်လိုက်ရာ ကျန်းရူယွီကလည်း သူတို့၏
ဂျူနီယာမောင်လေးကို မေးခွန်းထုတ်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယွင်ရှီး၏ အခြေအနေကို ပြန်တွေးကြည့်ရင်း လျိုနင်ရွှမ်းသည် ရူယွီမှာလည်း ယွင်ရှီးကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ကာ တိတ်တဆိတ် အံကြိတ်လိုက်မိသည်။
လျိုနင်ရွှမ်း၏ ရင်ထဲတွင် အကျပ်အတည်းဖြစ်နေသော ခံစားချက်တို့ ပြည့်လျှံလာပြီး သူမအနေဖြင့် လုရီအပေါ် အရင် ဦးဆောင်သင့်သည်လားဟု ဆုံးဖြတ်လိုက်မိသည်။ အနည်းဆုံးတော့ ထိုသို့ပြုလုပ်လျှင် သူမ အသာစီးရနိုင်သေးသည် မဟုတ်လော။
ဤအတွေးဝင်လာသည့်အခိုက်တွင် လျိုနင်ရွှမ်းကိုယ်တိုင်ပင် လန့်သွားမိသည်။
..ငါ့ခေါင်းထဲကို ဒီလိုအတွေးမျိုးက ဘယ်လိုရောက်လာရတာလဲ။
ဒါတွေအားလုံးက ဂျူနီယာမောင်လေးကြောင့်ပဲ။..
လျိုနင်ရွှမ်း၏ တည်ကြည်နေသော မျက်နှာကိုမြင်လျှင် လုရီက နှစ်သိမ့်လိုက်သည်။
"စီနီယာအစ်မ၊ နောက်ရက်အနည်းငယ်လောက်နေရင် ကျွန်တော် အပြင်ထွက်ပြီး ကြည့်လိုက်ပါ့မယ်။ ကံကောင်းထောက်မစွာနဲ့ စီနီယာအစ်မအတွက် သင့်တော်တဲ့ အင်မော်တယ်ရတနာတစ်ခုခုကို ရှာတွေ့ခဲ့ရင် စီနီယာအစ်မလည်း အင်မော်တယ်ခန္ဓာဖြစ်လာမှာ သေချာပါတယ်။"
လျိုနင်ရွှမ်းသည် ဤစကားကို ကြားသော် လုရီကို ကြည့်ကာ လေးနက်စွာ တုံ့ပြန်၏။
"အင်မော်တယ်ရတနာတွေဆိုတာ အလွန်ရှားပါးပြီး တန်ဖိုးကြီးမားတာ၊ တစ်ခါတစ်ရံ နှစ်ပေါင်းတစ်သန်းနေလို့တောင် မမြင်တွေ့ရတတ်ဘူး။
ဂျူနီယာမောင်လေးက နှစ်မျိုးတောင် ရထားပြီးပြီ၊ ဒါက မယုံနိုင်လောက်အောင် ကံကောင်းတာပဲ။ ဘယ်လိုလုပ် ဆက်တိုက် ရှာတွေ့နိုင်မှာလဲ။"
လုရီကမူ သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ အလုပ်များတွင် ပိုမိုအားကောင်းသော ပစ်မှတ်များနှင့် တွေ့ကြုံရမည် ဖြစ်ရာ အခြား အင်မော်တယ် ရတနာများ ရရှိရန်မှာ သိပ်မခက်ခဲလောက်ဟု တွေးနေမိသည်။
မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူသည်
စီနီယာအစ်မနှင့် ကိုက်ညီသော ကောင်းကင်နှင့်မြေကြီးရတနာများကို ရှာတွေ့မည်မှာ သေချာ၏။
သို့သော် ဤအကြောင်းကို လျိုနင်ရွှမ်းအား ဖွင့်ပြောရန် မသင့်တော်ဟု လုရီ ယူဆသောကြောင့် ပြုံး၍သာ ခွန်းတုံ့ပြန်လိုက်သည်။
"ကျွန်တော့်ကံက တော်တော်ကောင်းနေသေးတယ်လို့ ထင်တာပဲ၊ တကယ်ပဲ ရှာတွေ့ရင် ရှာတွေ့မှာပေါ့၊ ဟုတ်တယ်မလား။"
လျိုနင်ရွှမ်းသည် သဘောတူခြင်း၊ မတူခြင်း မပြဘဲ ခပ်ယဲ့ယဲ့သာ ပြုံးပြလိုက်သည်။
သူမသည် ကျန်းရူယွီဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
"ရူယွီ၊ နင်က ဘယ်လိုဖြစ်ပြီး တိမ်ဖြူဂိုဏ်းကို ရောက်လာတာလဲ။"
ထိုအခါ ကျန်းရူယွီက ပြုံးလျက် ရှင်းပြလာသည်။
"ငါက ပင်လယ်မျိုးနွယ်တိုက်ပွဲမြေပြင်မှာ လေ့ကျင့်မလို့ စီစဉ်ထားတာ၊ အဲ့ဒါနဲ့ အရင်ဆုံး နင်တို့အားလုံးကို လာတွေ့တာ။"
ဤစကားကို ကြားသော် လျိုနင်ရွှမ်း အံ့အားသင့်သွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် ဖြည့်စွက်လိုက်သည်။
"ငါလည်း နင်နဲ့အတူ လိုက်ခဲ့မယ်။"
ဤစကားကြောင့် လုရီနှင့် ကျန်းရူယွီ နှစ်ဦးလုံး မျက်လုံးအပြူးသားဖြင့် ကြောင်ငေးသွားကြ၏။
လုရီက မေးမြန်းသည်။
"စီနီယာအစ်မလည်း သွားမလို့လား။"
လျိုနင်ရွှမ်းက ခေါင်းအသာငြိမ့်ကာ ခပ်ပါးပါးပြုံး၍ တုံ့ပြန်၏။
"ငါမကြာသေးခင်က တံခါးပိတ် ကျင့်ကြံနေတာ အကျပ်အတည်းတွေ၊ တိုက်ပွဲတွေနဲ့ ကင်းကွာနေတော့ အတွေးအမြင်တွေမှာ နည်းနည်း တုံ့နှေးလာတယ်။ ငါလည်း လေ့ကျင့်ရင်းနဲ့ မတူညီတဲ့ မြင်ကွင်းတွေကို ကြည့်ရှုဖို့ လိုအပ်နေပြီ။"
ယခင်ကသာဆိုလျှင် လျိုနင်ရွှမ်းတွင် ဤသို့သော အတွေးမျိုး ရှိမည်မဟုတ်ပေ။
ယခု အတွေးအမြင်များ အနည်းငယ်တုံ့နှေးနေသည့်တိုင် သူမ၏ ကျင့်ကြံမှုအရှိန်မှာ ယခင်ကထက် ပိုမိုမြန်ဆန်နေသေးသည်။ အထူးသဖြင့် လုရီက သူမအား ကောင်းကင်နှင့်မြေကြီးရတနာများစွာ ပေးထားသောကြောင့် ဖြစ်၏။
သို့သော် ယခုအခါ ကျန်းရူယွီနှင့် ယွင်ရှီး နှစ်ဦးစလုံး အင်မော်တယ်ခန္ဓာသို့ ပြောင်းလဲသွားကြပြီဖြစ်ရာ လျိုနင်ရွှမ်းသည် ကြီးမားသော ဖိအားကို ခံစားနေရပြီး သူမ၏ အတွေးအမြင်များ နှေးကွေးသွားခြင်းကို ခွင့်ပြုနိုင်တော့မည် မဟုတ်ချေ။
ကျန်းရူယွီ၏ မျက်လုံးများက အရောင်တောက်သွားပြီး ပြုံးလျက် တုံ့ပြန်သည်။
"ဒါကတော့ အကောင်းဆုံးပေါ့။ တစ်ယောက်နဲ့တစ်ယောက် အဖော်ရတာ ကောင်းတာပေါ့။ ဟိုးအရင်တုန်းကလိုပဲပေါ့။"
လျိုနင်ရွှမ်းက ခေါင်းအသာငြိမ့်သည်။
"အင်း။"
လျိုနင်ရွှမ်း၏ သံန္နိဋ္ဌာန် ချထားသော အမူအရာကို မြင်သော် လုရီမှာ ဆိတ်ငြိမ်သွားသည်။
အမှန်အတိုင်း ဆိုရလျှင် သူသည် လျိုနင်ရွှမ်းအတွက် အတန်ငယ် စိုးရိမ်မိသည်။ အကြောင်းမှာ သူမ၏ ကျင့်ကြံမှုအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၌သာ ရှိသေးသောကြောင့် ဖြစ်၏။ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူကြီး သို့မဟုတ် မဟာယာန ကျင့်ကြံသူကြီးများနှင့် ရင်ဆိုင်ရပါက အလွန်အန္တရာယ်များလှပေမည်။
အခန်း ၃၅၉ - ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ အဆင့် ချိုးဖြတ်ဝင်ေရာက်ခြင်း ...
~ပင်လယ်မျိုးနွယ် တိုက်ပွဲမြေပြင်သည် စီနီယာအစ်မအတွက်ပင်လျှင် အန္တရာယ်များလှသော နေရာတစ်ခု ဖြစ်၏။
သို့သော် လုရီသည် စီနီယာအစ်မ၏ ရွေးချယ်မှုကို သဘာဝကျကျ လေးစားရပေမည်။ သူမတွင် သူမ၏ ကိုယ်ပိုင်အတွေးအခေါ်များ ရှိပြီး သူက သူ၏အသိစိတ်အတိုင်း သူမအား ပြုမူစေရန် အတင်းအကျပ် ဖိအားပေး၍ မဖြစ်ချေ။
သူ ခဏမျှစဉ်းစားပြီးနောက် ပြုံးလျက် ပြောဆိုလိုက်သည်။
"စီနီယာအစ်မနဲ့ စီနီယာအစ်မရူယွီ နှစ်ယောက်လုံး ပင်လယ်မျိုးနွယ်တိုက်ပွဲမြေပြင်ကို သွားကြမှာဆိုတော့ ကျွန်တော့်ဆီမှာ ကောင်းကင်နဲ့မြေကြီးရတနာတစ်ချို့အပြင် အဆောင်လက်ဖွဲ့တွေ၊ ကျင့်ကြံခြင်းရတနာတွေနဲ့ ဆေးလုံးတစ်ချို့ရှိတယ်၊ ခင်ဗျားတို့အတွက် အသုံးဝင်မှာပါ။ ယူသွားသင့်ပါတယ်။"
ဤစကားကို ကြားသော် လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး ငြင်းဆန်ခြင်း မပြုကြပေ။
နှစ်ဦးစလုံးမှာ တိတ်တဆိတ် သဘောတူညီပြီးသားဖြစ်ရာ ငြင်းပယ်ရန် အကြောင်းမရှိတော့ချေ။
လုရီသည် အဆောင်လက်ဖွဲ့အမျိုးမျိုး၊ ဆေးလုံးများ၊ ကောင်းကင်နှင့်မြေကြီးရတနာများနှင့် ကျင့်ကြံခြင်းရတနာများကို ထုတ်ယူလိုက်သည်။
နှစ်များတစ်လျှောက် လုရီသည် အစစ်အမှန်မီး သန့်စင်စွမ်းရည်ကို ကျင့်ကြံခြင်း မရပ်တန့်ခဲ့ပေ။ သူသည် ယခုအခါ အဆင့်နိမ့် ဝိညာဉ်လက်နက်များကိုပင် သန့်စင်နိုင်နေပြီ ဖြစ်သည်။
ကုန်ကြမ်းများအတွက်မူ လစဉ် စမ်းသပ်မျှော်စင်လုပ်ငန်းတာဝန်၊ ဆရာသခင်မှ ချမှတ်သော လုပ်ငန်းတာဝန်များနှင့် ရံဖန်ရံခါ လေ့ကျင့်ရေးလုပ်ငန်းတာဝန်များကြောင့် သူသည် ဟင်းလင်းပြင်ဥမင်နှင့် ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူများအတွက်ပင် သင့်တော်သော ရတနာအမျိုးမျိုးကို ဆုလာဘ်အဖြစ် အဆက်မပြတ် ရရှိခဲ့သည်။
လုရီသည် အဆင့်နိမ့် ဝိညာဉ်လက်နက်များ သန့်စင်ရန်အတွက် ကုန်ကြမ်းများ မရှားပါးဘဲ အနည်းငယ်ကို သန့်စင်ပြီးသားပင် ဖြစ်သည်။
အလုပ်များအတွက် ဆုချီးမြှင့်ခံရသော လက်နက်များနှင့်အတူ လုရီသည် သင့်တော်သော အဆင့်နိမ့် ဝိညာဉ်လက်နက်များကို ရွေးချယ်ကာ ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့အား ပေးအပ်လိုက်သည်။
ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဤမျှများပြားသော ရတနာများကို မြင်တွေ့ရသောအခါ သူတို့၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် ဝိုင်းစက်သွားရသည်။
"ဒါ... ဒါတွေက များလွန်းမနေဘူးလား။"
ကျန်းရူယွီသည် သူမ၏လက်ထဲရှိ လရောင်ကဲ့သို့သော ဓားရှည်ကို ကြည့်ရင်း မြတ်နိုးစွာ ပွတ်သပ်နေမိသည်။
လျိုနင်ရွှမ်းသည် ရွှမ်းပင်းရေခဲဖြင့် ပြုလုပ်ထားသော တံဆိပ်ကြီးတစ်ခုကို ကိုင်ထားပြီး သူမ၏ မျက်နှာတွင်လည်း ချစ်ခင်မြတ်နိုးမှုတို့ ပြည့်နှက်နေ၏။
သူတို့နှစ်ဦးလုံး၏ သိုလှောင်လက်စွပ်များမှာ အကောင်းစားပစ္စည်းများစွာဖြင့် ပြည့်နှက်နေပြီး အချို့မှာ လုရီ၏ လက်ရှိအဆင့်အတန်းအရပင် အလွန်ကောင်းမွန်သော ပစ္စည်းများ ဖြစ်ကြသည်။
လုရီက ပြုံးလျက် ရှင်းပြသည်။
"ပင်လယ်မျိုးနွယ်တိုက်ပွဲမြေပြင်က အန္တရာယ်များတယ်၊ အစ်မတို့နှစ်ယောက်အတွက် အသက်ကယ်ပစ္စည်းလေးတွေ မထည့်ပေးလိုက်ရရင်
ဂျူနိီယာမောင်လေးက စိတ်မအေးနိုင်ဘူးဗျ။"
လုရီ၏ စကားကို ကြားသော် ကျန်းရူယွီနှင့်
လျိုနင်ရွှမ်း နှစ်ဦးလုံး၏ ရင်ထဲတွင် နွေးထွေးမှုနှင့်အတူ ချိုမြိန်မှုတို့ ရောယှက်သွားသည်။
လျိုနင်ရွှမ်းသည် ညင်သာစွာ ပြုံးလိုက်ရင်း၊
"ဒါတွေက အသက်ကယ်ပစ္စည်းတွေ ဟုတ်ရဲ့လား။ ငါတို့အနေနဲ့ မဟာယာန ကျင့်ကြံသူကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် အခုဆို အနိုင်တိုက်နိုင်လောက်တဲ့ အခွင့်အရေးရှိနေပြီ။"
ကျန်းရူယွီကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံသည်။
လုရီက ညင်သာစွာ ပြုံးလိုက်၏။
"လုံခြုံရေးက ပထမပဲလေဗျာ။"
"သိပါပြီ။"
ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှစ်ဦးစလုံး ပြုံးလိုက်ကြသည်။
နှစ်ဦးစလုံးမှာ လုရီ၏ ဂရုစိုက်မှုကို အလွန်ပင် နှစ်ထောင်းအားရဖြစ်နေကြသည်။
မကြာမီပင် သက်တန့်ရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်ကျော်လာပြီး သူတို့သုံးဦးရှေ့သို့ ကျဆင်းလာသည်။ ထိုသူမှာ
ဖန်ထျန်းယောင် ဖြစ်လေသည်။
အင်မော်တယ်ဓားဂိုဏ်း အပျက်အစီးများတွင် အဖွဲ့ကို ဦးဆောင်ခဲ့သော ဤဓားဂိုဏ်း၏ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးသည် လုရီကို
တစ်ချက်၊ ကျန်းရူယွီကို တစ်ချက် ကြည့်ပြီးနောက်ဆုံး လျိုနင်ရွှမ်းကို ကြည့်ကာ မျက်နှာတွင် စိတ်ပျက်အားငယ်ဟန် အချို့ဖြင့် ရေရွတ်လိုက်သည်။
"ရူယွီ၊ ကောင်မလေး.. ငါ့ကို လှည့်စားတုန်းက ကောင်လေးလုနဲ့ နှစ်ကိုယ်တူကျင့်ကြံတော့မယ်များ ထင်နေတာ... ဒါလေးပဲလား။"
ဖန်ထျန်းယောင်၏ ခန့်မှန်းရခက်သော စကားများကြောင့် လုရီမှာ တောင့်တင်းသွားပြီး
ကျန်းရူယွီ၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားသည်။
လျိုနင်ရွှမ်းမှာမူ တစ်စုံတစ်ခုကို ရိပ်မိသွားဟန်ဖြင့် အမူအရာ အေးစက်သွားကာ လုရီနှင့် ကျန်းရူယွီအား စေ့စေ့စပ်စပ် စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ရှုနေတော့သည်။
လုရီသည် ဖန်ထျန်းယောင်မှာ ခန့်မှန်းရခက်သူဖြစ်ကြောင်း စောစောကတည်းက သိထားသော်လည်း သူ၏ခေါင်းထဲတွင် အတွေးဆိုးများ ပြည့်နှက်သွားသည်။ လျိုနင်ရွှမ်း၏ အကြည့်ကို သတိပြုမိသဖြင့် အလျင်အမြန် ဖြေရှင်းချက်ပေးလိုက်ရ၏။
"စီနီယာအစ်မ၊ ကျွန်တော်တို့ တကယ် နှစ်ကိုယ်တူ မကျင့်ကြံပါဘူး။"
ကျန်းရူယွီ၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းနေရင်း ခေါင်းအသာငြိမ့်ပြသည်။
"ဟုတ်ပါတယ်၊ ငါတို့ မဟုတ်ရပါဘူး။"
ထိုအခါမှ လျိုနင်ရွှမ်း၏ အမူအရာမှာ အနည်းငယ် ပျော့ပျောင်းသွားတော့သည်။
ဖန်ထျန်းယောင် နောက်ထပ် တစ်စုံတစ်ခု ထပ်ပြောတော့မည်ကို မြင်သဖြင့် လုရီက အလျင်စလို နှုတ်ဆက်လိုက်ရ၏။
"စီနီယာဖန်ကို နှုတ်ဆက်ပါတယ်။"
ဖန်ထျန်းယောင်သည် လုရီကို ခေါင်းညိတ်ပြပြီးနောက် ပြုံးလျက် တုံ့ပြန်သည်။
" ကလေးလု၊ မတွေ့တာ ကြာပြီပဲ၊ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ရောက်တော့မယ်ဆိုတော့ မင်းရဲ့ ကျင့်ကြံမှုအရှိန်က တကယ်မြန်တာပဲ။ အစွမ်းလည်း ထက်မြက်မှာ သေချာတယ်။ အင်မော်တယ်တစ်ပါးကတောင် ချီးကျူးခဲ့တဲ့ မိစ္ဆာငယ်လေးဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။"
လုရီက ပြုံးလျက် ငြင်းဆိုလိုက်သည်။
"စီနီယာက မြှောက်စားလွန်းပါတယ်။"
ကျန်းရူယွီကလည်း ဆော်ဩလိုက်၏။
"ဘိုးဘေးထျန်းယောင်၊ သွားကြရအောင်။
နင်ရွှမ်းလည်း ကျွန်မတို့နဲ့အတူ လိုက်ခဲ့မှာရှင့်။"
ဖန်ထျန်းယောင်သည် လျိုနင်ရွှမ်းကို တစ်ချက်ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသော်လည်း များများစားစား မပြောဘဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။"
ထို့နောက် ဖန်ထျန်းယောင်သည် လင်းလောင်တောင်ထိပ်ဘက်သို့ နောက်တစ်ချက် လှမ်းကြည့်ကာ လုရီကို ပြုံးလျက် မှာကြားလိုက်၏။
"မင်းဆရာသခင်ကို ငါက နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။"
လုရီမှာ ဖန်ထျန်းယောင်က သူ၏ဆရာသခင်ကို သိနေသည်ကို အနည်းငယ် အံ့အားသင့်သွားသည်။
ခဏမျှ စဉ်းစားပြီးနောက် လင်းလောင်တောင်ထိပ်သခင်မနှင့် နတ်ဓားဂိုဏ်းကြားက ကောင်းမွန်သော ဆက်ဆံရေးအပြင် သူ၏ဆရာသခင်၏ ကြောက်မက်ဖွယ်ကောင်းနိုင်သော စွမ်းအားကို ထည့်သွင်းစဉ်းစားလိုက်သောအခါ ဖန်ထျန်းယောင်က သိနေခြင်းမှာ အဆန်းမဟုတ်တော့ဟု တွေးလိုက်မိသည်။
"ဟုတ်ကဲ့ပါ စီနီယာဖန်၊ ကျွန်တော် ဆရာ့ကို သေချာပေါက် ပြောပြလိုက်ပါ့မယ်။"
လုရီက ခေါင်းညိတ်လိုက်သည်။
လျိုနင်ရွှမ်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှေ့သို့တိုးကာ လုရီကို ပွေ့ဖက်လိုက်ရင်း သူမ၏မျက်နှာထက်တွင် ရှက်သွေးရောင် အနည်းငယ် သန်းသွားသည်။
ထို့နောက် သူမသည် လုရီကို ပြုံးပြရင်း တိုက်တွန်း၏။
"ဂျူနီယာမောင်လေး၊ ကျင့်ကြံတာကို ကောင်းကောင်းဆက်လုပ်နော်။"
လုရီမှာ စီနီယာအစ်မက သူ့အား လာရောက်ပွေ့ဖက်လိမ့်မည်ဟု မထင်ထားခဲ့ရာ အစပိုင်းတွင် ကြောင်ငေးသွားသော်လည်း သတိပြန်ဝင်လာပြီး ပြုံးလျက် တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့၊ စီနီယာအစ်မလည်း ဂရုစိုက်ပါ။"
လျိုနင်ရွှမ်းက ခေါင်းညိတ်ပြပြီးနောက် သူတို့သုံးဦးသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားကြတော့သည်။
လုရီသည် ကောင်းကင်ယံသို့ ပျောက်ကွယ်သွားသော အလင်းတန်းများကို ကြည့်ရင်း စိတ်ထဲတွင် လှုပ်ရှားသွားရသည်။ စီနီယာအစ်မနှင့် စီနီယာအစ်မရူယွီတို့ပင် ပင်လယ်မျိုးနွယ်တိုက်ပွဲမြေပြင်သို့ ဦးတည်သွားကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
လင်းလောင်တောင်ထိပ်မှာ ပို၍ပင် ခြောက်သွေ့သွားခဲ့ပြီ။ ယခုဆိုလျှင် တောင်ထိပ်တွင် သူ၊ ဂျူနီယာညီမလေးနှင့် ဆရာသခင်တို့သာ ကျန်ရစ်တော့သည်။
လုရီသည် ခေါင်းခါလိုက်ပြီး ဂူစံအိမ်သို့ ပြန်ကာ သူ၏ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်လေသည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ အမြန်ဆုံး ချိုးဖြတ်နိုင်အောင် ကြိုးစားရမည်လေ။
ဤသို့ဖြင့် လုရီသည် သူ၏ ပုံမှန် တည်ငြိမ်သော ကျင့်ကြံခြင်းအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
သုံးနှစ်ကြာသော် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ တစ်ဆယ့်တစ်လွှာသို့ ချိုးဖြတ်နိုင်ခဲ့သည်။ ခြောက်နှစ်ကြာသော် တစ်ဆယ့်နှစ်လွှာသို့ ချိုးဖြတ်နိုင်ခဲ့ပြီး ရှစ်နှစ်ကြာသော် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ တစ်ဆယ့်သုံးလွှာသို့ အောင်မြင်စွာ ချိုးဖြတ်နိုင်ခဲ့လေသည်။
နောက်ထပ် တစ်ဆယ့်ငါးနှစ်အကြာတွင် လုရီသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် တစ်ဆယ့်သုံးလွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ယခု အခိုက်အတန့်တွင် သူသည် ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ အဆင့် ချိုးဖြတ်နိုင်နေပြီ ဖြစ်သည်။
လုရီသည် ကျင့်ကြံခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ဘေးတွင်တော့ ရွှယ်ယွိီကျောက်ဖြင့် ထုဆစ်ထားသကဲ့သို့သော ရာရှိုမွန်ရှေးဟောင်းသစ်ပင်ကြီး ရှိနေသည်။
သစ်ပင်ကြီးထံမှ သွေးနီရောင်အလင်းတန်းများ ခပ်ရေးရေး ထွက်ပေါ်နေပြီး အလွန်နက်နဲသော တာအိုရသများ လည်ပတ်နေကာ မယုံနိုင်လောက်အောင် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ပေးနေသဖြင့် ကျင့်ကြံခန်းတစ်ခုလုံးအား အဖြူရောင် မြူခိုးတို့ဖြင့် ဖုံးလွှမ်းသွားစေသည်။
"ငါ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို အဆင့် ချိုးဖြတ်တော့မယ်။"ဟု လုရီ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
[အလုပ်]
ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ အဆင့် ချိုးဖြတ်ပါ။
ဆုလာဘ်: ဉာဏ်အလင်းလက်ဖက်ပင် မျိုးစေ့တစ်စေ့၊ ဉာဏ်အလင်းလက်ဖက်ခြောက် ပေါင် တစ်ရာ၊ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် 'ဟင်းလင်းပြင် ချိုးဖြတ်လှေ'၊
လျှို့ဝှက်နည်းစနစ် 'ဟင်းလင်းပြင်ငယ် သိုင်းနည်းစနစ်' နှင့် သီးသန့်စွမ်းရည်အဆင့် တိုးမြှင့်မှု သုံးခု။
အလုပ်ကို လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
အခန်း ၃၆၀ - ဒီကောင်လေး... ကောင်းကင်ကို အန်တုနေတာပဲ...
~ဉာဏ်အလင်းလက်ဖက်ပင် မျိုးစေ့တဲ့လား။
ထိုအသိက လုရီ၏သွေးကြောများထဲသို့ လျှပ်စီးကြောင်းတစ်ခုအလား စီးဝင်သွား၏။
သူ၏ မျက်ဝန်းတို့သည် စိန်ပွင့်များပမာ ဝင်းလက်တောက်ပသွားခဲ့ပြီး သူ၏ နှလုံးသားတစ်စုံလုံးမှာတော့ မထိန်းချုပ်နိုင်သော ပီတိလှိုင်းလုံးကြီးများက ရိုက်ခတ်သွားတော့၏။
ဉာဏ်အလင်းလက်ဖက်ရွက်ဆိုသည်မှာ သူ့ချည်းသက်သက်ပင်လျှင် အဖိုးဖြတ်ခြင်းငှာ မစွမ်းသာသော ရတနာတစ်ပါး ဖြစ်သည်။
အဆင့်တက်တိုင်း ဆုလာဘ်များစွာ ရရှိခဲ့ဖူးသော်လည်း သူ၏ ကျင့်ကြံမှုအဆင့် မြင့်တက်လာသည်နှင့်အမျှ နယ်ပယ်ကြီးတစ်ခုကို ချိုးဖြတ်ရန် လိုအပ်သောအချိန်သည်လည်း တဆတိုး၍ ကြာမြင့်လာခဲ့ရာ သူသည် အတန်ငယ် လက်မလည်တော့သလို ခံစားလာရသည်။
ယခုမူ... ဉာဏ်အလင်းလက်ဖက်ပင်၏ မျိုးစေ့များသာ ရခဲ့လျှင်...။
"ကိုယ်ပိုင်အပင်ကို စိုက်ပျိုးနိုင်မယ်... ဒါဆိုရင် ဉာဏ်အလင်းလက်ဖက်ရွက်တွေက ငါ့အတွက် အဆုံးမဲ့ ဖြစ်သွားလိမ့်မယ်။ ဒါ... ဒါကတော့
တကယ့်ကို အိပ်မက်ထဲက ဆုလာဘ်ပဲကွ"
ထို့အပြင် ယခုတစ်ကြိမ် ချီးမြှင့်သည့် ဉာဏ်အလင်းလက်ဖက်ရွက် ပမာဏမှာလည်း ပေါင် တစ်ရာအပြည့်ဖြစ်ရာ လုရီအား အတိုင်းထက်အလွန် ဝမ်းမြောက်ကြည်နူးစေတော့သည်။
ဤမျှ များပြားသော လက်ဖက်ရွက်များဖြင့် သူသည် အချိန်ကာလ တစ်ခုအထိ နားလည်သဘောပေါက်မှု၏ နက်ရှိုင်းသော သမုဒ္ဒရာထဲတွင် တစ်ဖန်ပြန်လည် နစ်မြုပ်နိုင်ပေတော့မည်။
အလုပ်ကို လက်ခံပြီးသည်နှင့် လုရီသည် ချက်ချင်းပင် ကျင့်ကြံခြင်းသို့ တန်းဝင်တော့သည်။
သူ၏ကျင့်ကြံမှုအဆင့် မြင့်တက်လာလေလေ၊ အတားအဆီးကိုကာဆီးထားသော ကောင်းကင်တာအို၏ ဖိအားသည်လည်း ထုထည်ကြီးမားသော တောင်ကြီးတစ်လုံးပမာ ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေလေ ဖြစ်ချေသည်။
ဤအခိုက်အတန့်တွင်... နတ်ဘုရားအသွင်ပြောင်းနယ်ပယ်မှ ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ချိုးဖြတ်နေစဉ် လုရီသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး သူ၏အပေါ်သို့ ပြိုကျလုမတတ် ဖိနှိပ်နေဘိသကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရတော့သည်။
သို့သော် လုရီကား လုရီပင်။ အဆင့်ချိုးဖြတ်မှုတိုင်းတွင် ကောင်းကင်စည်းမျဉ်းသုံးခုကို ချိုးဖျက်ခဲ့သောကြောင့် သူ၏စိတ်စွမ်းအားမှာ ကျည်ဆန်မဖောက်နိုင်သော သံမဏိတံတိုင်းကြီးတစ်ခုနှယ် တဖြည်းဖြည်း မာကျောမာလာခဲ့သည်။
ကောင်းကင်နှင့်မြေကြီး ပြိုကျပျက်စီးလုမတတ် ဖိအားကို ရင်ဆိုင်ရသည့်တိုင် သူ၏မျက်နှာထားမှာမူ တည်ငြိမ်အေးဆေးလျက်ပင် ရှိနေသေး၏။
သူ၏ အခြေတည်ဝိညာဉ်မှ ဝိညာဉ်စွမ်းအင်တို့ ဆူနာမီပမာ ထိုးထွက်လာသည်။ အင်မော်တယ်ဓားမျိုးစေ့ကို ဖြတ်သန်းကာ အဆုံးမဲ့ထက်ရှသော ဓားချီအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက်... မမြင်နိုင်သော နယ်ပယ်အဟန့်အတားကို အရှိန်ပြင်းစွာ ထိုးနှက်တိုက်ခိုက်လိုက်သည်။
ဝူး... ဝီ... ဝီ...
ဓားချီစွမ်းအင်၏ တိုက်ခတ်မှုနောက်တွင် ဟိန်းဟောက်သံများက မိုးခြိမ်းသံများနှယ် အဆက်မပြတ် လိုက်ပါလာတော့သည်။
နတ်ဘုရားအသွင်ပြောင်းမှ ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ကူးပြောင်းရာ အဟန့်အတားမှာ ကျောက်သားကဲ့သို့ မာကျောလှ၏။
လုရီ၏ အင်မော်တယ်ဓားချီစွမ်းအင်တွင် အင်မော်တယ်နိယာမ စွမ်းအားမျှင်တစ်ခု ပါဝင်နေပြီး ဓားနယ်ပယ်၏ ငါးဆယ် ရာခိုင်နှုန်းကို နားလည်သဘောပေါက်ထားသော်လည်း၊ သူ၏စွမ်းအားမှာ ကျောက်သားတမျှ မာကျောနေသော အတားအဆီးကို ရေစက်ကလေး တစ်စက်ဖြင့် ပက်ဖြန်းနေရသကဲ့သို့သာ အရာထင်လေသည်။
အဟန့်အတားကို ချိုးဖျက်ခြင်းသည် အချိန်နှင့် စိတ်ရှည်သည်းခံမှုကို ရင်းရသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
လုရီသည် စိုးစဉ်းမျှ စိတ်မလော။ သူ၏စိတ်အခြေအနေမှာ လုံးဝတည်ငြိမ်နေသည်။ ဝိညာဉ်စွမ်းအင်ကို စုပ်ယူသည်။ ဓားချီအဖြစ် ပြောင်းလဲသည်။ အဟန့်အတားကို မရပ်မနား ထိုးနှက်သည်။
ဤသို့ဖြင့်... နေ့ ကုန်လွန်၍ လအလီလီ
ပြောင်းကာ ...
နှစ်လကျော် ကြာပြီးနောက်...
ဂျွတ်..!
ခပ်ဖျော့ဖျော့ အက်ကွဲသံလေးတစ်ခုက လုရီ၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်နိုးထစေခဲ့သည်။
"ဒီအသံ... ဒါပဲ! အဟန့်အတားမှာ အက်ကြောင်းထင်သွားပြီ!"
ယခင်က အဟန့်အတားများစွာကို ချိုးဖျက်ခဲ့ဖူးသော လုရီသည် ဤအသံ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။ တစ်ခါတည်းနှင့် အပြီးသတ် ချေမှုန်းရမည့် အချိန်အခါ ကျရောက်လာပြီ ဖြစ်သည်။
တုံ့ဆိုင်းမနေဘဲ လုရီသည် 'တာအိုအနှစ်သာရ' ကို ချက်ချင်း ထုတ်ယူလိုက်သည်။
၎င်းမှာ တစ်ဖဝါးစာခန့်ရှိသော သလင်းကျောက်တစ်ခုဖြစ်ပြီး သက်တန့်ရောင်အလင်းများဖြင့်
တလက်လက် တောက်ပနေကာ၊ ရှုပ်ထွေးနက်နဲပြီး မွေးရာပါ တာအိုပုံစံများဖြင့် ထုံမွှမ်းလျက် နက်နဲလှသော တာအိုယွင်များကို ထုတ်လွှတ်နေလေသည်။
စဉ်းစားမနေတော့။ တာအိုအနှစ်သာရကို သူ၏ကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူလိုက်သည်။
ဝီ...
မရေမတွက်နိုင်သော မွေးရာပါ တာအိုပုံစံများဖြင့် ပြည့်နှက်နေသည့် သိပ်သည်းသော တာအိုအနှစ်သာရမျှင်တန်းများသည် လုရီ၏ ကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
သူ၏ ခန္ဓာကိုယ်သည် သက်တန့်ရောင်အလင်းများဖြင့် ရုတ်တရက် တောက်ပလာပြီး သူ၏ရုပ်ခန္ဓာသည် ဖန်သားပမာ ကြည်လင်တောက်ပသွားကာ အရိုးအဆစ်များနှင့် အတွင်းအင်္ဂါများကိုပင် ထွင်းဖောက်မြင်နေရတော့သည်။
သူ၏အရိုးများမှာ သလင်းကျောက်များကဲ့သို့ ကြည်လင်တောက်ပနေပြီး၊ သူ၏အတွင်းအင်္ဂါများမှာမူ တစ်လုံးချင်းစီ တောက်ပနေသော ကျောက်မျက်ရတနာများနှယ်ပင်။
သိပ်သည်းသော မွေးရာပါ တာအိုပုံစံများသည် တာအိုအနှစ်သာရနှင့်အတူ ပျံ့နှံ့သွားပြီး လုရီ၏ ခန္ဓာကိုယ်အနှံ့အပြားတွင် အမှတ်အသားများအဖြစ် စွဲထင်ကျန်ရစ်ကာ အခြေခံအကျဆုံး အသွင်ပြောင်းလဲမှုကို စတင်စေတော့သည်။
အဆင့်ချိုးဖြတ်မှုတိုင်းသည် တာအိုအနှစ်သာရမှတစ်ဆင့် လုရီအတွက် ကြီးမားသော ပြောင်းလဲမှုများကို ယူဆောင်လာပေးခဲ့သည်။ ၎င်းမှာ မူလအခြေခံမှစတင်၍ အတွင်းမှအပြင်သို့ အသွင်ပြောင်းလဲခြင်း ဖြစ်ချေသည်။
လုရီ၏ တာအိုဖြင့် လွှမ်းခြုံထားသော ခန္ဓာကိုယ်သည် သာမန်အင်မော်တယ်ခန္ဓာထက် များစွာသာလွန်သော အရာတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲနေလေသည်။
ထိုအရာသည်... 'တာအိုနှင့် သဟဇာတဖြစ်သော ကိုယ်ခန္ဓာ' တစ်ခု ဖြစ်၏။
တာအိုအနှစ်သာရကို စုပ်ယူလိုက်သည်နှင့် သူ၏ ဒန်တျန်ထဲရှိ သက်တန့်ရောင်မြူထုများကလည်း တမဟုတ်ချင်း လှုပ်ခတ်လာသည်။
သိပ်သည်းသော သက်တန့်ရောင်မြူထုများသည် သူ့ ခန္ဓာကိုယ်ပတ်လည်တွင် တဖြည်းဖြည်း ရစ်သိုင်းလာပြီး သူ၏ အခြေတည်ဝိညာဉ်သည် နားမလည်နိုင်သော တာအိုတေးသံများကို ဖမ်းယူနိုင်လာကာ နက်နဲသော တာအိုယွင်များ ပေါ်ထွက်လာတော့သည်။
"ဒီစွမ်းအားနဲ့ဆိုရင်..အခုပဲ. .ချိုးဖျက်နိုင်ရမယ်"
တာအိုယွင်များဖြင့် ပြည့်လျှံလျက် လုရီသည် အဟန့်အတားကို အပြီးသတ် ချေမှုန်းတိုက်ခိုက်လိုက်တော့သည်။
ဝုန်း... ဝူးးးး!
ပြင်းထန်သော ဟိန်းဟောက်သံကြီးများကြားတွင် လုရီသည် သူ၏စိတ်ဝိညာဉ်တစ်ခုလုံး လုံးဝ ကြည်လင်သွားသလို ခံစားလိုက်ရပြီး၊ ကမ္ဘာသစ်တစ်ခုသို့ ခြေချလိုက်ရသကဲ့သို့ပင်။
အရာအားလုံးသည် ယခင်ကနှင့် လုံးဝမတူဘဲ ပြောင်းလဲသွားခဲ့ပြီ။
သူ၏မျက်လုံးများ မှိတ်ထားသော်လည်း
သတ္တကမ္ဘာ၏ သွေးကြောများကို ထွင်းဖောက်မြင်နိုင်စွမ်းရှိပြီး၊ ကောင်းကင်နှင့်မြေကြီး၏ စိတ်ခံစားမှုများကို ခံစားနိုင်ကာ၊ သက်ရှိအားလုံး၏ သွေးခုန်နှုန်းကိုပင် ထောက်လှမ်းနိုင်လေသည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ်။
ယင်းက ဟင်းလင်းပြင်ဥမင်နယ်ပယ်ပင်။
ကောင်းကင်နှင့်မြေကြီးကို ရှင်းလင်းစွာသိမြင်ပြီး ဟင်းလင်းပြင်ကို အမှန်တရားအဖြစ် ပြောင်းပြန်လှန်နိုင်သည့် နယ်ပယ်...ဖြစ်ချေ၏။
ဤနယ်ပယ်သို့ တက်လှမ်းနိုင်သော ကျင့်ကြံသူများအတွက် အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ထင်ဟပ်စေသော အတွေးအမြင်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်း ဖြစ်သည်။
ကျင့်ကြံသူများသည် ဟင်းလင်းပြင်ဥမင်နယ်ပယ်..မှ ပေါင်းစည်းခြင်း နယ်ပယ်၊ ထို့နောက်မှ.. အင်မော်တယ်တာအို မဟာယာနနယ်ပယ်သို့ တိုးတက်လာသည်နှင့်အမျှ သူတို့သည် အတွေးအမြင်ကို နယ်ပယ်တစ်ခုအဖြစ်သို့ အသွင်ပြောင်းကာ ကောင်းကင်နှင့် မြေကြီးနှင့် စတင် ပေါင်းစည်းပြီး ကောင်းကင်နှင့်တစ်သားတည်း ကျမှုကို စတင်နားလည်လာကြ၏။
ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစည်းကာ အနှောင်အဖွဲ့ ကင်းမဲ့သော လွတ်မြောက်ခြင်းတရားကို ရရှိကြလေသည်။
မူလက လုရီသည် ဟင်းလင်းပြင်ဥမင်အဆင့် သို့ မရောက်ရှိသေးချေ။ သူသည် အယူအဆ အမျိုးမျိုးကို ပေါက်မြောက်စွာ နားလည်ပြီး နယ်ပယ် အများအပြားကို အပြည့်အဝ စိုးမိုးနိုင်ခဲ့သော်လည်း၊ သူသည် ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူတစ်ဦးကား မဟုတ်သေးပေ။
ယခု သူ၏ အဆင့် ချိုးဖြတ်သည့်အခိုက်တွင်
လုရီသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးက သူ့အား လက်ကမ်းကြိုနေသလို၊ နွေးထွေးစွာ ပွေ့ဖက်နေသကဲ့သို့၊ အိမ်ပြန်လာသူကို ကြိုဆိုနေသည့်ပုံ ခံစားလိုက်ရသည်။
တိမ်ဖြူတောင်တန်းတစ်ခုလုံး၏ မမြင်ရသော ကြွေးကြော်သံကို ခံစားလိုက်ရပြီး ကောင်းကင်၏ ကြီးမြတ်သော တေးသံများကို ကြားလိုက်ရသည်။
ယင်းမှာ ကြိုဆိုခြင်းပင် ဖြစ်သည်တကား။
လုရီ၏ အတွင်းရှိ အခြေတည်ဝိညာဉ်သည် ဤနယ်ပယ်နှင့်အတူ ပဲ့တင်ထပ်သွားပြီး 'ကိုယ်ပိုင်တာအိုကိုယ်ပွား' သည် တာအိုနှင့် ပိုမိုလိုက်လျောညီထွေဖြစ်လာကာ၊ လုရီ၏အသိစိတ်သည် တာအိုနှင့် နိယာမတို့ဖြင့် ယှက်နွယ်နေသော ရောင်စုံပင်လယ်ထဲတွင် လွတ်လပ်စွာ ကူးခတ်နေလေသည်။
သူ၏ အသိစိတ်ပင်လယ်ထဲတွင် ရွှေရောင်အသိစိတ်ပင်လယ်သည် ဆူပွက်၍ ကျယ်ပြန့်လာပြီး၊ မူလရေကန်ငယ်အရွယ်အစားမှ စဉ်ဆက်မပြတ် ကြီးထွားလာကာ မကြာမီပင် အဆုံးမဲ့သော သမုဒ္ဒရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့တော့သည်။
ထိုသမုဒ္ဒရာ၏ အလယ်ဗဟိုတွင် ကောင်းကင်နှင့်မြေကြီးနှင့် ဆက်သွယ်ထားသည့်အလား ရွှေရောင်တိမ်စိုင်များ စီးဆင်းနေပြီး ရွှေရောင်မိုးကြိုးများ လက်နေလေ၏။
အတွေးတစ်ချက်ဖြင့်....သူ၏ မူလဝိညာဉ်သည် စုစည်းကာ သူ၏ရုပ်ခန္ဓာမှ ထွက်ခွာသွားသည်။
ယခုအခါ လုရီ၏ မူလဝိညာဉ်သည် ထိတွေ့နိုင်သော ပုံသဏ္ဌာန် ရှိနေပြီ ဖြစ်ပြီး သူသည် အစစ်အမှန် အရာဝတ္ထုများကိုပင် ထိတွေ့ခံစားနိုင်နေပြီ ဖြစ်သည်။