မျှော်စင်၏ တတိယအထပ်ကို ဖြတ်ကျော်ခြင်း....
Vol. 33 Ch. 498
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ခက်ခဲသော်လည်း အောင်မြင်သွားသည်နှင့် ရွှေဥဥသော ငန်းတစ်ကောင်ဖြစ်လာပေလိမ့်မည်။ စကြာဝဠာသလင်းကျောက်များက ကောင်းမှုအမှတ်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ပမာဏ လုံလောက်နေသရွေ့ စကြာဝဠာရတနာအများစုကို ဝယ်ယူနိုင်လေသည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့ ဆင့်ကဲပြောင်းလဲသူတွေ များလာရင် ငါ့ရဲ့ အန္တိမအသိအမြင်ကို ပြုလုပ်တဲ့အခါ ရရှိမယ့်အကျိုးကျေးဇူးတွေက မနည်းလောက်ဘူး။ " လင်းယွမ်က တွေးလိုက်၏။
လူသားမျိုးနွယ်က နယ်မြေများကို ဆက်တိုက်တိုးချဲ့နေပြီး မျိုးနွယ်ခြားများနှင့် ဆင်နွှဲနေခဲ့သည့်အပြင် လူဦးရေတိုးပွားရန်လည်း ကြိုးစားနေခဲ့သည်။ ပိုမိုများပြားသော လူဦးရေနှင့် ပါရမီရှင်များစွာ ထွက်ပေါ်လာနိုင်သည့်အပြင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကျင့်ကြံသည့် အရေအတွက်ကလည်း တိုးလာမည်ဖြစ်သည်။
အထွတ်အထိပ်မျိုးနွယ်များကြားတွင် လူသားမျိုးနွယ်က ကြီးမြတ်သူအများဆုံးဖြစ်လေသည်။ ၎င်းက စုစုပေါင်းကိုးယောက်ရှိပြီး ပိုမိုများပြားသော လူဦးရေနှင့် ဆက်စပ်နေလေသည်။
အချို့သက်ရှိများက အလွှာဆယ့်တစ်ထိ အလွယ်တကူ ကျင့်ကြံနိုင်လျှင်တောင် ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန် ယုံကြည်မှုမရှိကြပေ။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားများက ကြယ်စကြာဝဠာ၏ အနက်ရှိုင်းဆုံးတွင် နေထိုင်ပြီး သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖြန်ကျက်နေကြခြင်းဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။
လင်းယွမ်က လေဟာနယ်အလွှာများကြားတွင် ပြေးလွှားနေသည်။
" ငါ ပင်မဒေသနဲ့ နီးကပ်လာပြီ။ လဝက်လောက်တော့ ကြာလိမ့်မယ်။ " လင်းယွမ်က ပင်မဒေသနှင့် နီးကပ်လာသည်နှင့်အမျှ ခေါ်သံကို ပို၍ ရှင်းလင်းစွာ ကြားလိုက်ရသည်။
" အရှင်ရွှမ်ဟွမ်လား။ " လင်းယွမ်က ခေါ်သံ၏ အဓိပ္ပါယ်ကို နားလည်လိုက်သည်။ " အဲ့ဒါက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဧကရာဇ်ကို ပြောတာလား။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဧကရာဇ်က လူသားမျိုးနွယ်၏ နှစ်ပေါင်းများစွာ စုဆောင်းထားသော အချက်အလက်များအရ ဤနယ်မြေ၏ အုပ်စိုးသူဖြစ်နိုင်လေသည်။ ထို့အပြင် ကြီးမြတ်သူတစ်ယောက်လည်း ဖြစ်နိုင်၏။
" ကြီးမြတ်သူတစ်ယောက်နဲ့ ပက်သက်နေတဲ့ ခေါ်ဆိုမှုလ။ " လင်းယွမ်က စဉ်းစားနေရင်း ရုတ်တရက် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အဲ့ဒါက..." လင်းယွမ်က ပုန်အောင်းနေသော အော်ရာတစ်ခုကို ခံစားလိုက်ရသည်။
ဝုန်း...
မိုင်တစ်သိန်းကျော် ကြီးမားသော အင်းဆက်မျိုးနွယ်အသိုက်တစ်ခုက ရုတ်တရက် မြင့်တက်လာပြီး အဝေးသို့ ထွက်ပြေးသွားသည်။
" အင်းဆက်မျိုးနွယ်လား။ " လင်းယွမ်က ပြုံးလိုက်သည်။ လမ်းတစ်လျှောက်တွင် နဝမအလွှာ မျိုးနွယ်ခြားများက သူ့ကို ရှောင်ရှားနေကြသော်လည်း ယခု အင်းဆက်မျိုးနွယ်တစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကျယ်ပြောလှပြီး လင်းယွမ်သွားနေသော လမ်းကြောင်းက အရေးမပါသော အစိတ်အပိုင်းမျှသာဖြစ်သည်။ ထို့ကြောင့် အင်းဆက်မျိုးနွယ်နှင့် တွေ့ရသည်က အံ့ဩစရာကောင်းလှသည်။
" နေခဲ့စမ် " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်။ လေဟာနယ်အလွှာ သန်းနှစ်ရာကျော်၏ စွမ်းအားက ပျံ့နှံ့သွားပြီး လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော်ဖွင့်ထားသော အင်းဆက်မျိုးနွယ်က လင်းယွမ်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
" နဂါးငွေ့တန်းကြယ်သခင်။ " အင်းဆက်မျိုးနွယ်က စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့ကိုသူ ဖျက်ဆီးလိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးက ပေါက်ကွဲသွားသည်။
" ပြတ်သားလိုက်တာ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
အင်းဆက်မျိုးနွယ်အသိုက်က ကြီးမားလေသည်။ သူတို့၏ ကိုယ်ပွားဆုံးရှုံးမှုက ရှီလန်လို နဝမအလွှာများထက် ပို၍ တန်ဖိုးကြီးမားလေသည်။
" ငါ့မှာ မှတ်ဉာဏ်အဆိပ်ရှိတာ သူသိနေတာလား။ " လင်းယွမ်က အကြောင်းရင်းကို ခန့်မှန်းလိုက်သည်။
အခြားနဝမအလွှာမျိုးနွယ်ခြားများ၏ အတွေးမှာ လင်းယွမ်က သူတို့ကို အရှင်ဖမ်းပြီး လူသားမျိုးနွယ်၏ အစွမ်းထက်သော နည်းလမ်းများကို စမ်းသပ်ရန် လူသားမျိုးနွယ်ဆီသို့ ပြန်ခေါ်သွားမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။
အင်းဆက်မျိုးနွယ်က လင်းယွမ်ကို လုပ်ကြံရန် အဋ္ဌမအလွှာ တားဆီးမရသူ လေးယောက်ကို စေလွှတ်ခဲ့ပြီး အစွမ်းထက်သော လူတစ်ယောက်ကို လုံးဝ ဖျက်ဆီးနိုင်သော မှတ်ဉာဏ်အဆိပ်ကိုလည်း သူတို့နှင့်အတူ ထည့်ပေးလိုက်သည်။ ၎င်းက ပြန်လည်ရှင်သန်ရန်လည်း မဖြစ်နိုင်ပေ။ အင်းဆက်မျိုးနွယ်က ထိုအဋ္ဌမအလွှာ တားဆီးမရသူ လေးယောက် သေဆုံးပြီးနောက် မှတ်ဉာဏ်အဆိပ်က လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားသည်ကို သိကြလေသည်။
" မဆိုးပါဘူး။ စကြာဝဠာသလင်းကျောက် လေးသန်းလောက် တန်ဖိုးရှိတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။
" ငါ နတ်ဆိုးကျောက်စိမ်းမျှော်စင်က တတိယအထပ်ကို စိန်ခေါ်လို့ရပြီပဲ။ " လင်းယွမ်က တွေးလိုက်သည်။
အနက်ရောင်မျှော်စင်မှ ဆုလာဘ်များက သူ့ကို အတော်လေး ဆွဲဆောင်နိုင်လေသည်။ သူက ဒုတိယအထပ်ကို ဖြတ်ကျော်ချိန်တွင် ရရှိခဲ့သော ဖရိုဖရဲသလင်းကျောက်က သူ့ကို ထိုးထွင်းသိမြင်မှုများစွာ ပေးခဲ့လေသည်။
လင်းယွမ်က နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှတစ်ဆင့် နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်သွားသည်။
" ငါ ဒီကိုမရောက်တာတောင်ကြာပြီပဲ။ " လင်းယွမ်က မြူခိုးများဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အချိန်ကြာသည်ဆိုသည်မှာ နတ်ဘုရားကမ္ဘာမှ နှစ်တစ်ထောင်ကို ထည့်တွက်ခြင်းဖြစ်သည်။
မကြာမီ လင်းယွမ်က အနက်ရောင်မျှော်စင်ရှေ့သို့ ရောက်သွားသည်။
" မင်းလာပြီလား။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" မင်းက တတိယအထပ်ကို နောက်တစ်ခါ စိန်ခေါ်ဦးမလို့လား။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်၏ ရည်ရွယ်ချက်ကို သိလေသည်။ သို့သော် နတ်ဆိုးကျောက်စိမ်းနေရာတွင် တတိယအထပ်ကို စိန်ခေါ်ခြင်းအပြင် လင်းယွမ်အတွက် လုပ်စရာမရှိပေ။
" ဟုတ်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
ယခင် ကြိုးစားမှုများတွင် သူက ကျရှုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ရပြီး အောင်မြင်မှုက မဖြစ်နိုင်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် ယခုတော့ လင်းယွမ်က ယုံကြည်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
" သွား " ကျောက်ရုပ်တုရှန်းကျိက ဘာမှမပြောဘဲ အနက်ရောင်မျှော်စင်၏ ဝင်ပေါက်ကို ဖွင့်ပေးလိုက်သည်။
မျှော်စင်၏ တတိယအထပ်တွင် မမြင်နိုင်သော ဖိအားက နေရာအနှံ့ ပြည့်နှက်နေသည်။ ပထမအထပ်နှင့် ဒုတိယအထပ်တို့က မျှော်စင်မှ ဖိအားကို ခုခံနိုင်ရန်သာ လိုအပ်လေသည်။
သို့သော် တတိယအထပ်မှ ဖိအားက လူတိုင်း ခုခံနိုင်သော အရာမဟုတ်ပေ။ တတိယအထပ်၏ စမ်းသပ်မှုက လေဟာနယ်အလွှာများ သိမ်းပိုင်ခြင်းကို စမ်းသပ်ခြင်းဖြစ်သည်။ သို့မှသာ ဖိအားကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
" ငါ နောက်ဆုံးတစ်ကြိမ်လာတုန်းက လေဟာနယ်အလွှာ တစ်သိန်းအောက်ပဲ ဖွင့်ထားပြီး အကွာအဝေးရဲ့ တစ်ရာခိုင်နှုန်းပဲ ရောက်ခဲ့တယ်။ " လင်းယွမ်က တွေးလိုက်သည်။
သူ၏ ခန့်မှန်းချက်အရ မျှော်စင်၏ တတိယအထပ်ကို ဖြတ်ကျော်ရန် လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို ဖွင့်ထားရန် လိုအပ်လေသည်။ ယနေ့ခေတ် ကြယ်စကြာဝဠာထဲရှိ အစွမ်းထက်ဆုံး နဝမအလွှာများပင် မျှော်စင်၏ တတိယအထပ်ကို ဖြတ်ကျောက်နိုင်စွမ်းမရှိဟု သူက တွေးခဲ့သည်။
သို့သော် ယခု လင်းယွမ်က လေဟာနယ်အလွှာ တစ်ခုပြီးတစ်ခုကို နေရာယူပြီး ရှေ့သို့ ပေါ့ပါးစွာ လျှောက်သွားသည်။
မျှော်စင်၏ အပြင်ဘက်တွင် ကျောက်ရုပ်တုရှန်းကျိက စိတ်အားထက်သန်စွာ ကြည့်ရှုနေသည်။
" ဒီကောင်လေး နောက်ဆုံးအကြိမ်တုန်းက အကွာအဝေးရဲ့ တစ် ရာခိုင်နှုန်းကို ရောက်ဖို့ နာရီဝက်နီးပါး အချိန်ယူခဲ့ရတယ်။ အဲ့ဒါက သူ့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့တဲ့ပုံပဲ။ " ကျောက်ရုပ်တု ရှန်းကျိက တွေးလိုက်သည်။ ပါရမီရှင်များက မာနကြီးလှသည်။ အထူးသဖြင့် လင်းယွမ်လိုလူမျိုး ဖြစ်သည်။
" ဒီကောင်လေးက တတိယအထပ်ကို နောက်တစ်ကြိမ် စိန်ခေါ်တာကို ကြည့်ရင် တိုးတက်မှုတစ်ခု ရှိလာတဲ့ပုံပဲ။ သူက အခု အကွာအဝေးရဲ့ နှစ် ရာခိုင်နှုန်း ဒါမှမဟုတ် ငါး ရာခိုင်နှုန်းလောက် ရောက်နိုင်မလား။ " ကျောက်ရုပ်တုရှန်းကျိက တွေးလိုက်သည်။
သူက တတိယအထပ်မှ လင်းယွမ်ကို ကြည့်နေချိန်တွင်....
ဝှစ်....
လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။
" ဟမ် " ကျောက်ရုပ်တုရှန်းကျိက မတုန့်ပြန်နိုင်မီ တတိယအထပ်၏ ပန်းတိုင်ဧရိယာထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းက လင်းယွမ်ပင်ဖြစ်သည်။
" ဘာ..." ကျောက်ရုပ်တုရှန်းကျိက အံ့အားသင့်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။
" သူ သူ ဖြတ်ကျော်နိုင်သွားတာလား။ " ကျောက်ရုပ်တုရှန်းကျိက တတိယအထပ်၏ အဆုံးမှ လင်းယွမ်၏ ပုံရိပ်ကို ကြည့်ပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။
" ဘယ်လိုလုပ် အဲ့လောက်တောင်မြန်ရတာလဲ။ " ကျောက်ရုပ်တုရှန်းကျိက ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
လင်းယွမ်က တိုးတက်မှုတစ်ခု ရှိလိမ့်မည်ဟု သူက ခန့်မှန်းခဲ့သည်။ ထို့ကြောင့် လင်းယွမ်က တတိယအထပ်ကို နောက်တစ်ကြိမ် စိန်ခေါ်သည့် အကြောင်းရင်းလည်း ဖြစ်သည်။ ပထမထပ်နှင့် ဒုတိယအထပ်တို့က ဖိအားကို ခုခံရန်သာ လိုအပ်သော်လည်း တတိယအထပ်က ထိုကဲ့သို့ မဟုတ်ပေ။
ကျောက်ရုပ်တုရှန်းကျိက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ခေတ်ကို ဖြတ်သန်းခဲ့သော်လည်း လင်းယွမ်၏ အမြန်နှုန်းက သူ့ကို ထိတ်လန့်စေတုန်းဖြစ်သည်။
လင်းယွမ်က နဝမအလွှာတွင် ရှိနေဆဲ ဖြစ်သည်ကို သူသိလေသည်။ သို့သော် နဝမအလွှာနှင့် တတိယအထပ်ကို ချက်ချင်း ဖြတ်ကျော်နိုင်ခဲ့လေသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့သော စံနှုန်းများအရ တတိယအထပ်ကို နဝမအလွှာတွင် လေဟာနယ်အလွှာ သန်းရှစ်ဆယ်ကျော် ဖွင့်ထားသော အထူးနဝမအလွှာများသာ ဖြတ်ကျော်နိုင်လေသည်။
နဝမအလွှာတွင် လေဟာနယ်အလွှာ သန်းတစ်ရာနီးပါး ဖွင့်ထားသူများပင် မျှော်စင်၏ တတိယအထပ်ကို ဖြတ်ကျော်သောအခါ သတိထားရန် လိုအပ်လေသည်။ လေဟာနယ်အလွှာများကြားတွင် ဆက်တိုက်ရွေ့လျားပြီး ဖိအားကို ရှောင်တိမ်းရန် လိုအပ်လေသည်။
ကျောက်ရုပ်တုရှန်းကျိက တတိယအထပ်ကို ဖြတ်ကျော်ခဲ့သည့် လင်းယွမ်၏ အရှိန်ကို ဘယ်လိုဖော်ပြရမှန်းမသိတော့ပေ။ လင်းယွမ်က တစ်လှမ်းတည်းနှင့် ပန်းတိုင်သို့ ရောက်သွားသည်ဟု ပြောနိုင်လေသည်။