← Chapters

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခု...

Vol. 33 Ch. 502

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခု...

Vol. 33 Ch. 502

" ဘာပဲဖြစ်ဖြစ် တစ်ချက်လောက် ဝင်ကြည့်ရအောင်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။

သူ့အတွက် အဆိုးဆုံးအခြေအနေမှာ ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ဆုံးရှုံလိုက်ရုံသာဖြစ်သည်။ သူ၏ မူလခန္ဓာကိုယ်အတွက် ကြီးမြတ်သူ ရှချင်ပေးခဲ့သော စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲနှင့်ဆိုလျှင် အလွှာဆယ့်နှစ်တစ်ယောက်က သူ့ကို ချက်ချင်းသတ်ချင်လျှင်တောင် မဖြစ်နိုင်ပေ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဆန်းကြယ်ပြီး ကြီးမြတ်သူများပင် ၎င်း၏ တည်နေရာကို မဖော်ထုတ်နိုင်သော်လည်း ၎င်းက ကြီးမြတ်သူတစ်ယောက်ထက် ပို၍ ကြောက်စရာကောင်းသည်ဟု မပြောနိုင်ပေ။

ကျောက်ရုပ်တုရှန်းကျိ၏ ပြောစကား မှန်ကန်ခဲ့လျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဧကရာဇ်က ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်ပြီး နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ခေတ်တွင် အားလုံးနီးပါး မေ့ပျောက်နေကြပြီဖြစ်သည်။

သို့သော် လင်းယွမ်က သူ၏ သွေးအဆီအနှစ်တစ်စက်ကို ထုတ်ပြီးနောက် လျို့ဝှက်နယ်မြေအတွင်း ရရှိခဲ့သော ရတနာများကိုလည်း သိုလှောင်လက်ကောက်တစ်ခုအတွင်းထည့်လိုက်သည်။

ထို့နောက် သူက ပစ္စည်းနှစ်ခုလုံးကို လေဟာနယ်အလွှာတစ်ခုအတွင်းသို့ ပို့လိုက်သည်။ သူက နန်းတော်ထဲတွင် သေဆုံးခဲ့လျှင်တောင် သွေးအဆီအနှစ်တစ်စက်က သွေးပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်လေသည်။ ထို့နောက် သိုလှောင်လက်ကောက်အတွင်းမှ အကျိုးအမြတ်များကို ယူပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှ ထွက်သွားနိုင်ပေလိမ့်မည်။

အားလုံးပြီးသောအခါ လင်းယွမ်က နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် ဝင်ပေါက်တံခါးက ပြန်ပိတ်သွားခဲ့သည်။ ထို့နောက် လေဟာနယ်အတွင်း ထွက်ပေါ်နေသော နန်းတော်ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

" ငါ အခု ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရှိတဲ့ လေဟာနယ်အလွှာရဲ့ အဝေးကို ရောက်နေတာဖြစ်ရမယ်။ ဒါပေမယ့် ဘယ်အလွှာမှာ ရှိတယ်ဆိုတာ မသိရဘူး။ " လင်းယွမ်က လေဟာနယ်အတက်အကျများကို ခံစားပြီး တွေးလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှ လေဟာနယ်အလွှာက နတ်ဘုရားကမ္ဘာထက် များစွာ ကျော်လွန်လေသည်။ အနည်းဆုံး လင်းယွမ် မြင်နိုင်သော လေဟာနယ်အလွှာ နှစ်ဘီလီယံထက် ကျော်လွန်လေသည်။

လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက လွင်ပြင်တစ်ခုထဲတွင် ရှိနေပြီး လွင်ပြင်၏ အလယ်တွင် နန်းတော်တစ်ခုလည်း ရှိလေသည်။

" ရွှမ်ဟွမ်နန်းတော်..." လင်းယွမ်က နန်းတော်၏ မျက်နှာပြင်ပေါ်မှ ရှုပ်ထွေးသော စာလုံးများကို သတိပြုမိလိုက်သည်။

၎င်းက သူသိထားသော ဘာသာစကားတစ်ခုမဟုတ်သော်လည်း တစ်ချက်ကြည်လိုက်ရုံနှင့် အဓိပ္ပါယ်ကို သိနေလေသည်။

" ဒါက ဧကရာဇ်ရွှမ်ဟွမ်ရဲ့ အမွေအနှစ်လား။ " လင်းယွမ်က အနည်းငယ် စိတ်သက်သာရာရသွား၏။

သူရရှိခဲ့သော အချက်အလက်များက အများကြီးမဟုတ်လျှင်တောင် ဧကရာဇ်ရွှမ်ဟွမ်က မကောင်းသော လူတစ်ယောက်မဟုတ်သည်ကို သိနိုင်လေသည်။ ထို့အပြင် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြည့်ခြင်းဖြင့် ဧကရာဇ်ရွှမ်ဟွမ်က အလွန်စွမ်းအားကြီးသော လူတစ်ယောက်ဖြစ်မည်မှာ ထင်ရှာလေသည်။ ထိုကဲ့သို့သော လူတစ်ယောက်က နောက်ပိုင်းမျိုးဆက်များကို အဓိပ္ပါယ်မရှိ ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။

လင်းယွမ်က ရွှမ်ဟွမ်နန်းတော်ရှေ့သို့ ရောက်သွားသော်လည်း ဖိနှိပ်မှုတစ်ခုမှ မခံစားရပေ။

" ကလေး အထဲကို ဝင်လာခဲ့။ " ရှေးကျသော အသံတစ်သံက နန်းတော်အတွင်းမှ ထွက်ပေါ်လာသည်။

လင်းယွမ်က တွေဝေခြင်းမရှိဘဲ နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။ နန်းတော်၏ အတွင်းပိုင်းနေရာက မီတာအချို့ ကျယ်ဝန်းပြီး အလယ်တွင် ပုံရိပ်တစ်ခုက ထိုင်နေသည်။

" ကလေး မင်းရဲ့ စိတ်ထဲမှာ မေးခွန်းတွေအများကြီး ရှိမယ်ထင်တယ်။ " ကြီးမားသော ပုံရိပ်က လူနှင့်တူသော်လည်း လက်ခြောက်ဖက်ရှိနေသည်။

" ငါ တစ်ဖက်လူရဲ့ တည်ရှိမှုကို လုံးဝမခံနိုင်ဘူးပဲ။ " လင်းယွမ်က လေးနက်စွာ ကြည့်လိုက်သည်။ အလွှာဆယ့်တစ်ရှိသူကိုပင် လင်းယွမ်က ထိုကဲ့သို့ ခံစားရမည်မဟုတ်ပေ။

" သူက အလွှာဆယ့်နှစ်ဖြစ်နိုင်လား။ "

လင်းယွမ်က ကြီးမြတ်သူရှချင်နှင့် တွေ့ဖူးသော်လည်း ၎င်းက VR ကမ္ဘာတွင် ဖြစ်လေသည်။ လက်တွေဘဝတွင် သူက တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

" ကလေး စိတ်လှုပ်ရှားဖို့မလိုဘူး။ မင်းက ဧကရာဇ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံတဲ့အတွက် ဧကရာဇ်ရဲ့ အမွေဆက်ခံသူတစ်ယောက်ပဲ။ ပြီးတော့ ငါက မင်းကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က ပြုံး၍ ပြောလိုက်သည်။

" ဧကရာဇ်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ " လင်းယွမ်က ၎င်းကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်။

သူက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခဲ့သောကြောင့် ခေါ်ဆိုမှုကို ခံစားခဲ့ရခြင်းဖြစ်သည်။ ထို့အပြင် ကျောက်ရုပ်တုရှန်းကျိဆီမှ ဧကရာဇ်အကြောင်းသိခဲ့ရပြီး ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိုဧကရာဇ်နှင့် သက်ဆိုင်သည်ဟု ကောက်ချက်ချနိုင်လေသည်။

" ငါက နှစ်ပေါင်းများစွာအတွင်း လျို့ဝှက်နယ်မြေအတွင်းမှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပထမတစ်ဝက်ကို ချန်ထားခဲ့တယ်။ ဒါပေမယ့် ဒီနေ့အထိ အဲ့ဒီပထမတစ်ဝက်ကို ကျင့်ကြံပြီး လျို့ဝှက်နယ်မြေထဲ ဝင်နိုင်တဲ့လူ တစ်ယောက်မှ မရှိသေးဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခံစားချက်များနှင့် ပြောလိုက်သည်။

" တစ်ယောက်မှမရှိသေးဘူး။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နက်နဲပြီး နားလည်ရခက်ခဲလျှင်တောင် နဝမအလွှာတစ်ယောက်က ၎င်းကို အတင်းအကျပ် ခံစားပြီး နားလည်နိုင်လေသည်။ လင်းယွမ်ပင် ကြယ်ခုနှစ်လုံးလှိုဏ်ဂူတွင် ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အချိန်များစွာ မပေးရဘဲ နားလည်ခဲ့လေသည်။

" အရှင်မင်းကြီး ဖန်တီးခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခြေခံ မသတ်မှတ်ရသေးတဲ့လူတွေပဲ နားလည်နိုင်တယ်။ အခြေခံသတ်မှတ်ပြီးတာနဲ့ ကြီးမြတ်သူတစ်ယောက်ဖြစ်ရင်တောင် နားလည်နိုင်မှာမဟုတ်ဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။

အခြေခံသတ်မှတ်ခြင်းဆိုသည်မှာ လူသားမျိုးနွယ်၏ အယူအဆအရ ၎င်းက ဆဋ္ဌမအလွှာဖြစ်လေသည်။ ဆဋ္ဌမအလွှာသို့ ဝင်ရောက်ရန်အတွက် လူတစ်ယောက်က အဓိကဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆုံးဖြတ်ပြီး ၎င်းကို သူတို့၏ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းရလေသည်။

ဆဋ္ဌမအလွှာပြီးနောက် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲချင်လျှင်တောင် တန်ဖိုးတစ်ခုကို ပေးဆပ်ရလေသည်။ သို့သော် လက်ခြောက်ဖက်နှင့် ပုံရိပ်၏ ပြောစကားအရ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အခြေခံသတ်မှတ်ပြီးသည်နှင့် နားလည်နိုင်မည်မဟုတ်တော့ပေ။

" အဲ့ဒါကြောင့်ကို။ " လင်းယွမ်က တွေးလိုက်သည်။ ချီခွန်ကြယ်သခင်က ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီး ရလဒ်တစ်ခုမှမရှိသည်မှာ အံ့ဩစရာမရှိပေ။

" တကယ်တော့ လျို့ဝှက်နယ်မြေရဲ့ အပြင်ဘက်မှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အစပိုင်း ကျင့်ကြံခဲ့တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် သူတို့က အရမ်းအားနည်းလွန်းတော့ ခေါ်ဆိုမှုကို ခံစားဖို့တောင် အရည်အချင်းမရှိကြဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သက်ပြင်းချလိုက်သည်။

လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သူ ပထမဆုံး နားလည်ခဲ့ခြင်းမဟုတ်ပေ။ လွန်ခဲ့သော နှစ်တစ်သောင်းက ချီခွန်ကြယ်သခင်၏ တပည့်တစ်ယောက်လည်း ၎င်းကို နားလည်ခဲ့သည်။

သို့သော် စွမ်းအားကြီးသူတစ်ယောက်၏ တိုးတက်မှုက အခက်အခဲများနှင့် ပြည့်နှက်နေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဝင်နိုင်ရန် အနည်းဆုံး အဋ္ဌမအလွှာ ဖြစ်ရပေလိမ့်မည်။ ထို့အပြင် လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သူအများစုမှာ နဝမအလွှာများ ဖြစ်ကြသည်။

ချီခွန်ကြယ်နယ်မြေတွင် အသက်ဂြိုလ်သန်းပေါင်းများစွာ ရှိလေသည်။ လူဦးရေကို ခန့်မှန်းခြေတွက်ကြည့်လျှင် နိုင်ငံသားပေါင်း ငါးထရီလီယံ ကျော်ပေလိမ့်မည်။ သို့သော် ချီခွန်ကြယ်နယ်မြေကို ဖွင့်လှစ်ပြီးနောက်တွင် နဝမအလွှာတစ်ယောက်မှ ထွက်ပေါ်လာခြင်းမရှိပေ။

ထို့အပြင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာရန် လိုအပ်ချက်များရှိပြီး သူတို့၏ နားလည်နိုင်စွမ်းက အဋ္ဌမအလွှာ သို့မဟုတ် နဝမအလွှာသို့ ရောက်ရန်လည်း လိုအပ်လေသည်။ ၎င်းက ကောင်းကင်သို့တက်သလောက် ခက်ခဲသည်ဟု ပြောခြင်းမှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။

အရေးကြီးဆုံးမှာ စွမ်းအားကြီးသူများက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်နိုင်ခြင်းမရှိမှန်းသိလျှင် ၎င်းကို အာရုံစိုက်တော့မည်မဟုတ်ပေ။ ချီခွန်ကြယ်သခင်ကဲ့သို့ အလေးထားသူများမှာ အလွန်နည်းပါးပေလိမ့်မည်။

" ဒါပေမယ့် ကံကောင်းစွာနဲ့ ငါမင်းကို တွေ့ခဲ့ရတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ခင်ဗျားက ကြီးမြတ်သူတစ်ယောက်လား။ " လင်းယွမ်က ခဏစဉ်းစားပြီး မေးလိုက်သည်။

" ငါက ကြီးမြတ်သူတစ်ယောက်မဟုတ်ပါဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခေါင်းခါလိုက်သည်။ " ငါက ဒီလျို့ဝှက်နယ်မြေကနေ ဖွဲ့စည်းထားတဲ့ စိတ်အသိတစ်ခုပဲ။ "

" လျို့ဝှက်နယ်မြေကနေ ဖွဲ့စည်းထားတဲ့ စိတ်အသိတစ်ခုလား။ " လင်းယွမ်က နားလည်သွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက လျို့ဝှက်နယ်မြေဟု ခေါ်သော်လည်း ကမ္ဘာတစ်ခုဟု ပြောနိုင်လေသည်။ လျို့ဝှက်နယ်မြေ၏ စိတ်အသိဆိုသည်မှာ ကမ္ဘာ၏ စိတ်အသိ ကောင်းကင်တာအိုနှင့် ဆင်တူလေသည်။

ထျန်းချင်းကမ္ဘာတွင် လင်းယွမ်က ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်အသိနှင့် ကမ္ဘာစိတ်အသိကို အစားထိုးခဲ့ပြီး ၎င်းက ကောင်းကင်တာအိုဖြစ်လာခဲ့သည်။ နှစ်များတစ်လျှောက် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ စိတ်အသိက လင်းယွမ်၏ အမိန့်များကို ဆက်လက်ဆောင်ရွက်နေခဲ့သည်။

လက်ခြောက်ဖက်နှင့် ပုံရိပ်ကလည်း အလားတူပင်ဖြစ်ပြီး ဧကရာဇ်ရွှမ်ဟွမ်၏ အမိန့်များကို ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။

" အမှန်တော့ အရှင်မင်းကြီးက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခုကို ဖန်တီးခဲ့ပြီး သက်ဆိုင်ရာ အမွေအနှစ်တွေကို ချန်ထားခဲ့တယ်။ အခုတော့ ဘယ်နှစ်ခုကျန်သေးလဲဆိုတာ သိဖို့ ခက်တယ်။ "

၎င်းကို ကြားသောအခါ လင်းယွမ်က အံ့အားသင့်သွားမိသည်။ ကြီးမြတ်သူများပင် နေရာအတိအကျကို မသိနိုင်သော လျို့ဝှက်နယ်မြေက ၃၃၃၃၃ ပင် ရှိလေသည်။ထို့အပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ရွှမ်ဟွမ်ကမ္ဘာသာဖြစ်ပြီး နတ်ဘုရားကမ္ဘာထက်ပင် သာလွန်လေသည်။

" ဒါပေမယ့် အဲ့ဒါတွေက အတိတ်မှာကျန်ခဲ့ပါပြီ။ အရှင်မင်းကြီး ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွေက သူတို့ရဲ့ စွမ်းအားအရင်းအမြစ်ကို ဆုံးရှုံးလိုက်ရတယ်။ မင်းရောက်မလာရင် နှစ်ပေါင်းဆယ်ဘီလီယံ ဒါမှမဟုတ် စကြာဝဠာခေတ်တစ်ဝက်လောက်မှာ ငါလည်း အိပ်မောကျသွားလိမ့်မယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်ကပြောလိုက်သည်။

All Chapters