နဝမအလွှာ မျိုးနွယ်ခြားများ၏ စိုးရိမ်မှု...
Vol. 33 Ch. 508
" တကယ်လို့ ငါ ဆယ်နှစ်အတွင်း ဒသမအလွှာကို တက်လှမ်းနိုင်ရင် ဒါက အချိန်အများကြီး လိုအပ်တော့မှာ မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက သူ၏ အဆင့်ပေါ်တွင် မူတည်လေသည်။ နဝမအလွှာနှင့် ဒသမအလွှာတို့က လုံးဝ တူညီမည်မဟုတ်ပေ။
သူက နဝမအလွှာတွင် ရှိနေစဉ် ရွှမ်ဟွမ်တိုက်ကွက်ကို နားလည်ရန် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာမြင့်လျှင် ဒသမအလွှာသို့ ရောက်သည်နှင့် နှစ်အနည်းငယ် သို့မဟုတ် လအချို့သာ လိုအပ်ပေလိမ့်မည်။
" ဖြည်းဖြည်းပေါ့။ ငါ့မှာ အချိန်တွေအများကြီး ရှိသေးတယ်။ " လင်းယွမ်က ရွှမ်ဟွမ်တိုက်ကွက်၏ အချက်အလက်များကို တွေးပြီး ကျင့်ကြံမှုထဲတွင် နစ်မြှုပ်သွားသည်။
အချိန်များကုန်လွန်လာပြီး လေးနှစ်ကြာသွားခဲ့သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းရှိ နေရာတစ်ခုတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။ အောက်တွင် ဒေသခံသက်ရှိများစွာရှိသော်လည်း သူ၏ တည်ရှိမှုကို မသိကြပေ။
" ငါ လျို့ဝှက်နယ်မြေရဲ့ အမြုတေကို လုံးဝ သန့်စင်နိုင်ဖို့အတွက် အများဆုံး နောက်ထပ်တစ်နှစ်လောက်ပဲ လိုတော့တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
လျို့ဝှက်နယ်မြေ ပိတ်မည့်အချိန်ရောက်လာလျှင်တောင် သူက အခြားသူများကဲ့သို့ ထွက်သွားရန် မလိုအပ်ပေ။ သို့သော် သူက လျို့ဝှက်နယ်မြေ၏ အမြုတေကို ပို၍ မြန်မြန်သန့်စင်နိုင်ခြင်းက ပိုကောင်းလေသည်။
" ဒီလေးနှစ်အတွင်းမှာ ရွှမ်ဟွမ်တိုက်ကွက်ရဲ့ ဒုတိယအဆင့်က ပြည့်စုံလုနီးပါး ဖြစ်သွားပြီ။ " လင်းယွမ်က အနည်းငယ် ခေါင်းခါလိုက်သည်။
အမှန်တော့ ထိုကျင့်ကြံမှုအရှိန်က ကြောက်စရာကောင်းလှသည်။ ရွှမ်ဟွမ်မျိုးနွယ်၏ သမိုင်းတစ်လျှောက်မှာပင် လျို့ဝှက်နည်းစနစ်တစ်ခုကို ဒုတိယအဆင့်ထိရောက်အောင် ဆယ်စုနှစ်တစ်ခုအောက် ကျင့်ကြံနိုင်သူများ မရှိပေ။ လူတစ်ယောက်၏ ကိုယ်ပိုင်ခွန်အားကို သုံးဆမြှင့်တင်ပေးခြင်းက ထိုမျှ လွယ်ကူမည်မဟုတ်ပေ။ သို့သော် လင်းယွမ်အတွက် ထိုအရှိန်က နှေးကွေးနေဆဲ ဖြစ်သည်။
" လူသားမျိုးနွယ်ရဲ့ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတွေက အပြင်ဘက်ဒေသကို စတင်ပိတ်ဆို့နေပြီလား။ " လင်းယွမ်၏ အကြည့်က လေဟာနယ်အလွှာများစွာကို ထိုးဖောက်သွားပြီး နောက်ထပ်နယ်မြေတစ်ခုပေါ်သို့ ကျရောက်သွားသည်။
လင်းယွမ်က သူ၏ ကြောက်စရာကောင်းသော ခွန်အားနှင့် ထျန်ယုမျိုးနွယ်၏ အသန်မာဆုံး နဝမအလွှာဖြစ်သော ဟွမ်ယိကို မသတ်ခင်ကတည်းက သော်ခဲဦးဆောင်သော နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ရန်ဘက် နဝမအလွှာ မျိုးနွယ်ခြားများကို ရှင်းလင်းရန် ကြံစည်နေကြခြင်းဖြစ်သည်။
ယခုက ရှားပါးသော အခွင့်အရေးဖြစ်လေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် အဆင့်မြင့်သော အင်အားကြီးသူများကလည်း ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိသည့်အပြင် လူသားမျိုးနွယ်တွင် လင်းယွမ်ကဲ့သို့ အင်အားကြီးသူတစ်ယောက်လည်း ရှိနေလေသည်။
" အဲ့ဒီနဝမအလွှာ မျိုးနွယ်ခြားတွေ လွတ်မြောက်ဖို့ မလွယ်ဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
လူသားမျိုးနွယ်၏ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက နဝမအလွှာ မျိုးနွယ်ခြားများကို လုံးဝ ရှင်းပစ်ရန် ရည်ရွယ်ထားကြသည်။ သို့မဟုတ် သူတို့က မျိုးနွယ်ခြားများကို အတွင်းပိုင်းဒေသထိ မောင်းထုတ်ပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေပိတ်ချိန်တွင် ပြန်မထွက်နိုင်အောင် စီစဉ်ထားကြသည်။
" သူတို့ ပိုပြီး ကြိုးစားအားထုတ်နိုင်မလားမသိဘူး။ "
လူသားမျိုးနွယ်မှ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများ၏ အစီအစဉ်ကို မျိုးနွယ်ခြားများကလည်း သတိထားမိနေလောက်ပြီဖြစ်သည်။ ထို့နောက် သူတို့က တန်ပြန်တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်ထားပေလိမ့်မည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်သော နဝမအလွှာတိုင်းက နှစ်တစ်ရာကြာမှ အပြင်သို့ ပြန်ထွက်နိုင်မည်ဖြစ်သည်။ သို့သော် ထိုနှစ်တစ်ရာအတွင်း အပြင်တွင်ရှိသူများက ဝင်ရောက်နိုင်လေသည်။ ထို့နောက် သူတို့က အတွင်းရှိ နဝမအလွှာများနှင့် ဆက်သွယ်ပြီး လျို့ဝှက်ရတနာများ ယူဆောင်လာနိုင်လေသည်။
VR ကမ္ဘာတွင် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက စုဝေးနေကြသည်။
" နဂါးငွေ့တန်းကြယ်သခင် ရောက်လာပြီ။ "
" နဂါးငွေ့တန်းကြယ်သခင် " နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက မတ်တပ်ရပ်ပြီး လင်းယွမ်ကို နှုတ်ဆက်လိုက်ကြသည်။
ထိုနေရာတွင် ရှိသူတိုင်းက မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးများမှာပင် အားနည်းသည်ဟု မသတ်မှတ်နိုင်ျပ။ ထို့အပြင် အချို့ အထူးနဝမအလွှာများက ဒသမအလွှာသို့ တက်လှမ်းရန် အခွင့်အလမ်းများ ရှိလေသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင် ရောက်လာချိန်တွင် သူတို့အားလုံး မှေးမှိန်သွားရလေသည်။
" နဂါးငွေ့တန်းကြယ်သခင် " သော်ခဲကလည်း လင်းယွမ်ကို နှုတ်ဆက်လိုက်သည်။
သူက လေဟာနယ်အလွှာ သန်းလေးဆယ်နီးပါးကို ဖွင့်လှစ်ထားသော လူသားမျိုးနွယ် ယနေ့ခေတ်၏ အသန်မာဆုံး နဝမအလွှာဖြစ်သည်။ သို့သော် ယခုအချိန်တွင် လူသားမျိုးနွယ်၏ အသန်မာဆုံး နဝမအလွှာဟူသော ဂုဏ်ပုဒ်က နဂါးငွေ့တန်းကြယ်သခင်ဆီသို့ ရောက်သွားပြီဖြစ်သည်။
အခြားသူများဖြစ်လျှင် သော်ခဲက မကျေမနပ်ဖြစ်နိုင်သော်လည်း လင်းယွမ်က ဟွမ်ယိကို သတ်ခဲ့သည်အား ကြည့်ပြီးနောက် သူက မည်သည့်မကျေနပ်မှုမှ မရှိတော့ပေ။
" အားလုံးပဲ ထိုင်ကြပါ။ " လင်းယွမ်က ပြုံးပြီး အဓိကနေရာတွင် ဝင်ထိုင်လိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင် လျို့ဝှက်နယ်မြေရဲ့ အပြင်ဘက်ဒေသက ချိပ်စည်းက အခုပြီးလုနီးပါးဖြစ်နေပြီ။ ပြီးရင် ကျုပ်တို့က အဲ့ဒီမျိုးနွယ်ခြားတွေရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရနိုင်တယ်။ " သော်ခဲက ပြောလိုက်သည်။ " အဲ့ဒီအချိန်ကျရင် နဂါးငွေ့တန်းကြယ်သခင် လှုပ်ရှားဖို့ လိုလိမ့်မယ်။ မဟုတ်ရင် ကျုပ်တို့က မျိုးနွယ်ခြားတွေရဲ့ တိုက်ခိုက်မှုကို ထိန်းထားနိုင်မှာမဟုတ်ဘူး။ "
လူသားမျိုးနွယ်၏ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ဒေသကို ပိတ်ဆို့ခဲ့သော်လည်း နဝမအလွှာ မျိုးနွယ်ခြားများက လှုပ်ရှားခြင်းမရှိခဲ့ပေ။
အကြောင်းပြချက်က အချိန်မရွေး ပေါ်လာနိုင်သော နဂါးငွေ့တန်းကြယ်သခင်ကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ နဝမအလွှာ မျိုးနွယ်ခြားများက ပုန်းအောင်းနေကြခြင်းဖြစ်သည်။ သို့သော် အပြင်ဘက်ဒေသက သေးငယ်သော နေရာတစ်ခုဖြစ်ပြီး သူတို့မည်မျှ ထွက်ပြေးသည်ဖြစ်စေ နောက်ဆုံးတွင် ချောင်ပိတ်မိသွားကြပေလိမ့်မည်။
ထိုအချိန်က နဝမအလွှာ မျိုးနွယ်ခြားများ တန်ပြန်တိုက်ခိုက်မည့်အချိန်လည်း ဖြစ်သည်။ သူတို့ထဲတွင် အင်းဆက်မျိုးနွယ်မဟာမိတ်၊ ထျန်းယုမျိုးနွယ်မဟာမိတ်နှင့် အခြားမျိုးနွယ်ဝင်များ ပါဝင်ကြလေသည်။ အကယ်၍ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို စိုးရိမ်နေခြင်းသာမရှိလျှင် လူသားမျိုးနွယ်၏ ပိတ်ဆို့မှုကို ချိုးဖျက်ပစ်မည်မှာ ကြာပြီဖြစ်သည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒီအခါ ကျုပ်တို့က နဂါးငွေ့တန်းကြယ်သခင်ကို အနှောက်အယှက် ပေးရပါဦးမယ်။ " သော်ခဲက ပြုံး၍ ပြောလိုက်သည်။
" နဂါးငွေ့တန်းကြယ်သခင်က အခု ဘယ်ဒေသမှာ ရှိနေလဲမသိဘူး။ "
" ငါက အပြင်ဘက်ဒေသမှာ ရှိပါတယ်။ ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။
အမှန်တော့ သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် ရှိနေဆဲ ဖြစ်သည်။ သို့သော် လျို့ဝှက်နယ်မြေအပေါ် လင်းယွမ်၏ ထိန်းချုပ်မှုအရ သူက အတွေးတစ်ချက်နှင့် မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်လေသည်။
" ကောင်းတယ်။ "
" နဂါးငွေ့တန်းကြယ်သခင်ရှိနေရင် အဲ့ဒီမျိုးနွယ်ခြားတွေ ရှုံးနိမ့်မှာ သေချာတယ်။ "
" ဟားဟား ငါ ဒီလိုစိတ်မလှုပ်ရှားဖူးတာတောင် ကြာပြီ။ "
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက စိတ်ဓာတ်များ တက်ကြွလာကြသည်။ ယခင် လျို့ဝှက်နယ်မြေဖွင့်ချိန်တွင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက မျိုးနွယ်ခြားများကို တတ်နိုင်သမျှ ရှောင်ရှားပေလိမ့်မည်။ သူတို့က ရတနာများကို အပြင်သို့ ယူသွားနိုင်ရန်သာဖြစ်ပြီး လျို့ဝှက်နယ်မြေအတွင်း သေသည်အထိ တိုက်ခိုက်ခြင်းက အဓိပ္ပါယ်မရှိပေ။
သို့သော် ယခု နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက နဝမအလွှာ မျိုးနွယ်ခြားများကို အမဲလိုက်ကြတော့မည်ဖြစ်သည်။
အခြားတစ်နေရာရှိ မှောင်မိုက်သော နေရာတစ်ခုတွင် စိတ်အသိရာနှင့်ချီ ဆင်းသက်လာကြသည်။ လူသားမျိုးနွယ်တွင် ဆင့်ကဲပြောင်းလဲသူများ ဆက်သွယ်ပြောဆိုနိုင်ရန် VR ကမ္ဘာရှိလေသည်။ အခြားမျိုးနွယ်များက လူသားမျိုးနွယ်ကဲ့သို့ VR ကမ္ဘာကို တည်ဆောက်နိုင်ခြင်းမရှိခဲ့လျှင်တောင် သတင်းအချက်အလက်များ ယာယီဖလှယ်ရန် နေရာတစ်ခုကို ဖန်တီးနိုင်ကြလေသည်။
ဆင်းသက်လာသော စိတ်အသိများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းရှိ နဝမအလွှာ မျိုးနွယ်ခြားများ၏ စိတ်အသိများ ဖြစ်ကြလေသည်။ သူတို့က လူသားမျိုးနွယ်နှင့် ကြီးမားသော ရန်ငြိုးရှိသည့် မျိုးနွယ်များမှ လာခြင်းဖြစ်ကြသည်။
လူသားမျိုးနွယ်နှင့် ထင်ရှားသော ပဋိပက္ခမရှိသည့် နဝမအလွှာ မျိုးနွယ်ခြားများနှင့် အချို့ အထူးသက်ရှိများက လူသားမျိုးနွယ်၏ ဝန်းရံမှုအတွင်း မရှိခဲ့ကြပေ။
နဝမအလွှာ မျိုးနွယ်ခြားများက ကြောက်ရွံ့နေကြပြီဖြစ်သည်။ သူတို့အလုံးက နဂါးငွေ့တန်းကြယ်သခင် ဟွမ်ယိအား သတ်ခဲ့သည်ကို အားလုံး မြင်တွေ့ခဲ့ရပြီး သူတို့အားလုံး နဂါးငွေ့တန်းကြယ်သခင်အား ခုခံနိုင်စွမ်းမရှိသည်ကို နားလည်ကြလေသည်။
" မင်းတို့အားလုံး ဘာကို စိုးရိမ်နေကြတာလဲ။ "
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က သန်မာရင်တောင် ငါတို့အားလုံးကို သတ်နိုင်မှာလား။ " ဦးဆောင်သူတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။