အချိန်ကျရောက်ခြင်း (၂)
Vol. 114 Ch. 1586
“နောက်ဆုံးတော့ ငါတို့ အိမ်ပြန်ရတော့မှာလား...”
အပြာရောင် ခါးသီးမှု လမ်းကြောင်းကို မပြီးမြောက်သေးသည့် ရွေးချယ်ခံ မိန်းမငယ်လေး တစ်ဦးက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
“နတ်မိမယ် နာ့ရှင်းရီက ရွေးချယ်ခံ ဧကရာဇ် ဖြစ်သွားတာလား...”
ခန္ဓာကိုယ်အား အာကာသ စွမ်းအင်လှိုင်းများ တဖြည်းဖြည်း လွှမ်းခြုံလာသည်ကို ခံစားလိုက်မိလေရာ လုံကွာက မေးလိုက်သည်။ ပြိုင်ပွဲမှာ အဆုံးသတ်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ယခင်ပြိုင်ပွဲ မှတ်တမ်းများ အရ ဆိုလျှင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ထာဝရ လမ်းစဉ် ခရီးလမ်း၏ ရှစ်ဆယ့် တစ်ရက်မြောက် နေ့တွင် အဆုံးသတ်သည်။ သူတို့ကို ပြန်မပို့ခင် ကျပန်း ဆုလာဒ်များ ချီးမြှင့်သည့် အဆင့် တစ်ခုတော့ ရှိလိမ့်ဦးမည် ဖြစ်ပြီး ရွေးချယ်ခံ တစ်ဦးချင်းစီမှာ အဆင့်နှစ်ဆင့်တွင် စုဆောင်းခဲ့သည့် အမှတ်များကို သုံးစွဲကာ မိမိ အလိုရှိရာ ဆုလာဒ်များကို လဲလှယ် ရယူနိုင်လိမ့်မည် ဖြစ်သည်။
များစွာသော ရွေးချယ်ခံများမှာ မည်သည့် ဆုလာဒ်များ ရရှိမည်ကို တွေးတောကာ စိတ်လှုပ်ရှား နေခဲ့ကြ၏။ အထူးသဖြင့် အတိတ် မှတ်တမ်းများကို ချိုးဖျက်ကာ အဖြူရောင် လမ်းကြောင်းကို သိမ်းပိုက်နိုင်ခဲ့ကြသည့် ရွေးချယ်ခံများပင်။ သူတို့မှာ ရှေးယခင် ပြိုင်ပွဲဝင်များ ရရှိခဲ့သည်ထက် များစွာ သာလွန်ကာ မယုံကြည်နိုင်စရာ ကောင်းလှသည့် ဆုလာဒ်များကို သေချာပေါက် ရရှိကြလိမ့်မည် ဖြစ်သည်။
“ငါရခဲ့တဲ့ အမှတ်တွေက ဘွားဘွား အတွက် အသက်မီး ကြာပန်းရဖို့ လုံလောက်ပါ့ မလား”
ရွေးချယ်ခံအချို့မှာ သူတို့ ကိုယ်တိုင် အတွက် သို့မဟုတ် ရင်းနှီး ချစ်ခင်ရသူများအတွက် ထုတ်ကုန်အချို့၊ ရင်းမြစ် အချို့ ရရှိဖို့ စိတ်ထဲတွင် ထားရှိ၍ လာခဲ့ကြခြင်း ဖြစ်သည်။ အချို့ကိုလည်း သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများက မည်သည့် အရာများ ရရှိရမည် ဆိုသည့် စာရင်းများ ပေးအပ်ကြသည်။ ထိုအထဲမှ ပစ္စည်းအများအပြားမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် ကျင့်ကြံခြင်းတွင် အထောက်အကူပြုနိုင်သည့် လျှို့ဝှက် ရင်းမြစ်များ ဖြစ်သည်။
များလှစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထာဝရ တိုက်ပွဲမှ ရရှိလာမည့် ဆုလာဒ်များကို မျှော်ကိုးကာ သူတို့၏ တပည့်သားမြေး၊ မျိုးဆက်များကို အတတ်နိုင်ဆုံး ပြုစု ပျိုးထောင် ပေးခဲ့ကြခြင်း ဖြစ်သည်။ ထာဝရ ဧကရာဇ်မှာ အနာဂတ်ကို ကြိုတင် မြင်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်နည်း။ သင့်တင့်မျှတသည့် လှုံ့ဆော်မှုများသာ မရှိပါက လူငယ် ကျောက်ရိုင်းလေး များစွာမှာ အသွေးပင် မခံလိုက်ရပဲ ရွံ့နွံ အတွင်း နစ်မြုပ်သွားမည် ဖြစ်သောကြောင့်ပင်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ တည်းဟူသော ဖြစ်တည်မှုကြောင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့် များစွာမှာ လောကအနှံ့အပြားမှ အလားအလာ ရှိသည့် လူငယ် ပါရမီရှင်များကို အပြိုင်အဆိုင် ရှာဖွေကာ မြေတောင်မြှောက် ပေးခဲ့ကြသည်။ အထူးသဖြင့်... အဂ္ဂိရတ် ပညာရှင်များ အတွက် အဂ္ဂိရတ် သူရဲကောင်း ယဉ်ကျေးမှုမှာ ရိုင်းစိုင်းစွာပင် ထွန်းကားလာခဲ့သည်။
လက်ရှိ ရှိနေသည့် ရွေးချယ်ခံများစွာမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ လူငယ် အဂ္ဂိရတ် သူရဲကောင်းလေးများ ဖြစ်ကြသည်။ သူတို့ထဲမှ အချို့မှာ အဖြူရောင်လမ်းကိုပင် အောင်နိုင်ခဲ့ကြသည်။ ထိုအောင်မြင်မှု အတွက် ဝေ့ဝူယင်၏ အဂ္ဂိရတ် ထုတ်ကုန်များနှင့် အာဏာရှင်များမှာ အဓိက ထောက်ပံ့ပေးခဲ့သည် ဆိုသော်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ကို နောက်ခံ အဖြစ် ပိုင်ဆိုင်ခဲ့ခြင်းကလည်း များစွာ အထောက်အကူ ပြုခဲ့ပေသည်။
“နေဦး... ဒီတစ်ခါက မတူသလိုပဲ...”
ချက်ချင်းဆိုသလိုပင် အတွေ့အကြုံရှိသည့် ရွေးချယ်ခံအချို့၏ အမူအရာများမှာ ထူးဆန်း သွားကြ၏။ ပတ်ဝန်းကျင် အတွင်း စိမ့်ဝင်နေသည့် အာကာသ လှုပ်ရှားမှုများမှာ ယခင်ပြိုင်ပွဲများနှင့် သိသိသာသာ ကွဲပြားနေသည်ကို သူတို့ ခံစားနိုင်ပေသည်။ ယခုတစ်ကြိမ်က အဆပေါင်းများစွာ ပိုမို ပြင်းထန်ကာ အားကောင်းလှသည်။ ယခင်တစ်ကြိမ်ကနှင့် သေချာပေါက် ကွဲပြား ခြားနားပေသည်။
“...”
ယီယွင်မှာလည်း အဖြူရောင် လမ်းကြောင်းကို အောင်နိုင်ခဲ့ပေသည်။ ၎င်းမှာ လောကသခင် တစ်ယောက် အတွက် အံ့အားသင့်ဖွယ် အောင်မြင်မှု တစ်ခု ဖြစ်သည်။ သို့သော်လည်း သူက အာဏာရှင် အဖွဲ့သား တစ်ယောက် ဖြစ်လေရာ အလွန် အံ့အားသင့်စရာတော့လည်း မဟုတ်ပါချေ။ ယီယွင် ပတ်ဝန်းကျင်ကို သတိထား ကြည့်လိုက်ရာ ငွေရောင်နှင့် အစိမ်းရောင် အလင်းများ လှည့်ပတ် ကခုန်နေသည်ကို တွေ့လိုက်ရ၏။ မသိပါက ၎င်းတို့မှာ နတ်သူငယ် ကလေးများ၊ လိပ်ပြာကလေးများလိုပင်။
ရုတ်တရက်... ထိုအလင်းများမှာ လူတိုင်း၏ အရေပြားအတွင်း ထိုးဖောက် ဝင်ရောက်သွားလေ၏။ အဖြူရောင် လမ်းကြောင်းအား မဖြတ်သန်းရသေးသူများပင်လျှင် လွတ်ကင်းမှု မရှိခဲ့ပါချေ။
“ဘာလဲ...”
ရွေးချယ်ခံများမှာ ထိုထူးဆန်းသည့် ဖြစ်ရပ်ကြောင့် ထိတ်လန့် တုန်လှုပ် သွားကြ၏။ သို့သော်လည်း... မကြာမီတွင်ပင် သူတို့၏ အရေပြားထက်၌ အစိမ်းရောင် အမှတ်အသားများ ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ အလွန်ပင် လှပကာ နူးညံ့သည့် အလင်းရောင် တစ်ခုကို သယ်ဆောင်ထား၏။ ထိုအမှတ်အသားများမှ တစ်ဆင့် သက်တောင့်သက်သာ ရှိသည့် ခံစားချက် တစ်ရပ်ကို သူတို့ ထူးဆန်းစွာပင် ရလိုက်သည်။
အချို့သော ရွေးချယ်ခံများမှာ ကြယ်တာရာ စွမ်းအင်များကို အသုံးချကာ ထိုအမှတ်အသားများကို ခုခံ တိုက်ဖျက်ဖို့ ကြိုးစားကြသည်။ သို့သော်လည်း... အချဉ်းနှီးသာ ဖြစ်၏။ တဖြည်းဖြည်းနှင့် အမှတ်အသားများမှာ ခြေလက်များ၊ ပေါင်များ၊ လည်ပင်းများနှင့် ဝမ်းဗိုက်များ အထိ ပျံ့နှံ့လာခဲ့လေသည်။ နောက်ဆုံး၌ အရေပြား တစ်ခုလုံး နေရာလွတ် မရှိတော့သလောက်ပင်။
တစ်ချိန်တည်း၌ စန်းလော့ယန်မှာ သူ၏ အဖိုးတန် လျှို့ဝှက် စွမ်းအင်များကို ထာဝရသော့ အတွင်းသို့ အဆုံးမဲ့စွာ လောင်းထည့် နေခဲ့သည်။ သူ၏ မျက်လုံးများက တဖြည်းဖြည်းချင်း နီရဲလာကာ လက်မောင်းများနှင့် နားထင်များရှိ သွေးပြန်ကြောများမှာ ဖောင်းကြွ၍ပင် လာခဲ့၏။ သူ အလွန်အမင်း ရုန်းကန် နေရသည်မှာ ထင်ရှား လှပေသည်။
အခြားတစ်ဖက်တွင်တော့ စန်းယွန်းလီမှာ သူမ၏ အရည်ပြားများ ပေါ်တွင် ထင်ရှားလာနေသည့် အစိမ်းရောင် အမှတ်အသားများကို ကြည့်ရင်း ရင်းနှီးပြီးသား အော်ရာ တစ်ခုကို ခံစားလိုက်ရသည်။ ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများက ထူးဆန်းစွာလင်းလက် သွားခဲ့၏။ ပတ္တမြား ရတနာ အလား ထိုမျက်လုံးများမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မွေးစားဖခင်၏ ရုန်းကန် နေရမှုများကို မြင်နိုင်နေသည့်ပုံ ရပေသည်။
မည်သည့် စကြဝဠာ၌ ဖြစ်စေ၊ အချိန်စီးကြောင်း၌ ဖြစ်စေ... သူမ အတွက်တော့ စန်းလော့ယန်မှာ ဘယ်တော့မှ မပြောင်းလဲသည့် လူတစ်ယောက်၊ ဖြစ်တည်မှု တစ်ခု ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီး၏ အကြောင်းကို တွေးတောရင်း မိန်းကလေး၏ မျက်ဝန်းများ အတွင်းရှိ အလင်းရောင်များက ပိုမို၍ နူးညံ့လာ နွေးထွေးမှု၊ ကျေးဇူးတင်မှု အရိပ်အယောင် တစ်ချို့နှင့် ပြည့်နှက် လာခဲ့လေ၏။
ရွေးချယ်ခံများ စောင့်ဆိုင်းနေကြသည့် အချိန်တွင်ပင် ပတ်ဝန်းကျင် အတွင်း စိမ့်ဝင်နေသည့် ငွေရောင် အလင်းများမှာ ပိုမို၍ တောက်ပလာခဲ့၏။ ၎င်းတို့ နေရာယူလာသည်နှင့် အမျှ အရေပြားပေါ်ရှိ အစိမ်းရောင် အမှတ်အသားများမှာ လျှင်မြန်စွာပင် မှေးမှိန်စ ပြုလာခဲ့သည်။ ထို့နောက်တွင်တော့ လုံးဝ ပျောက်ကွယ် သွားခဲ့တော့၏။
တစ်ချိန်တည်းတွင်ပင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဒုတိယ အဆင့်၏ နားခိုရာ ဆိပ်ကမ်းမှာလည်း လုံးဝ ဗလာ ဖြစ်သွားခဲ့တော့သည်။ အစိမ်းရောင် အမှတ်အသားများ ပျောက်ကွယ်သွားခြင်းနှင့် အတူ သူတို့သည်လည်း ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
....
ထာဝရတိုက်ပွဲ စင်မြင့်ထက်တွင်တော့ ဝေ့ဝူယင်မှာ သစ်အယ်သီး အနည်းငယ်ကို တိတ်ဆိတ်စွာ ကိုက်ဝါးရင်း ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့ကို လှမ်းကြည့် နေခဲ့သည်။ ထျန်းရှောင်လော့၏ အမူအရာက သိသိသာသာပင် မည်းမှောင် နေ၏။ သူမက ရလဒ်များ အပေါ် လွန်စွာပင် မကျေမချမ်း ဖြစ်နေသည့်ပုံ ရလေသည်။
မျှော်လင့်ထားသည့် အတိုင်းပင် သူတို့ နှစ်ဦး စလုံးမှာ ပြိုင်ပွဲ၏ နောက်ဆုံး အဆင့်ကို ရောက်ရှိခဲ့ကြသည်။ နောက်ဆုံးအဆင့်တွင် ချင်ကူးယဉ်မှာ ပြိုင်ပွဲမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကာ ထျန်းရှောင်လော့ကတော့ စိန်ခေါ်မှုကို လက်ခံခဲ့သည်။
သို့သော်လည်း... သူမ ကျရှုံးခဲ့ပေသည်။ ထျန်းရှောင်လော့ အစွမ်းကုန် ကြိုးစားခဲ့သည်ကို သူ မြင်နိုင်ပေသည်။ မိန်းကလေးမှာ သတ်မှတ်ထားသည့် အတိုင်း အကောင်းဆုံး လုပ်နိုင်ခဲ့ကာ အနီးစပ်ဆုံး အထိ ရောက်ရှိခဲ့သည်။ သို့သော်လည်း... တစ်စုံတစ်ရာက ချို့ယွင်းနေခဲ့၏။ နောက်ဆုံးအဆင့်သို့ အရောက်၌ မှော်သန့်စင် ဆေးအိုးက ရုတ်ချည်း ပေါက်ကွဲကာ ကြိုးစားမှု အားလုံးကို ပြာဖြစ် သွားစေခဲ့သည်။
“သူ့မှာ ပိုကောင်းတဲ့ ဆေးအိုးရှိခဲ့ရင် အခွင့်အရေး ပိုများနိုင်တယ်”
ဝေ့ဝူယင် အရသာရှိသည့် သစ်အယ်သီးများကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ အကယ်၍ သူမထံတွင် သာလွန်ခြင်း အဆင့် သင်္ကေတ တစ်ခု ရှိခဲ့လျှင်... သို့မဟုတ် ၎င်းနှင့် ဆင်တူသည့် တစ်စုံတစ်ရာကို မှော်သန့်စင် ဆေးအိုး ဝင်္ကပါ အတွင်း ထည့်သွင်းနိုင်ခဲ့လျှင် ဆေးဖော်စပ်မှုက အောင်မြင်ဖို့ အလွန် အခွင့်အလမ်း များပေလိမ့်မည်။ ထိုအရေးကြီးသည့် ပဟေဠိ တစ်ပိုင်းတစ်စကို သူမ လွဲချော်ခဲ့ပေသည်။
သို့သော်လည်း... ကျရှုံးမှုမှာ ပြောင်းလဲ၍ မရသည့် ရလဒ်တစ်ခု ဖြစ်သည်။ မိန်းကလေးမှာ ကိုယ့်အရည်အချင်းကို အဆမတန် အထင်ကြီးလွန်းခဲ့သောကြောင့် ဆုလာဘ်များအားလုံးကို ဆုံးရှုံးခဲ့ရသည်။
အခြားတစ်ဖက်၌ ချင်ကူးယဉ်၏ မျက်နှာလေးကတော့ ပျော်ရွှင်သည့် အပြုံးများနှင့် ပြည့်နှက် နေခဲ့လေသည်။ သူမမှာ ကျပန်း ဆုလာဒ် ခုနစ်ခုကို ရရှိခဲ့သည်။
ဝေ့ဝူယင် ခေါ်လာခဲ့သည့် အာဏာရှင် အဖွဲ့သား အဂ္ဂိရတ် ပညာရှင်များမှာလည်း ပျော်ရွှင် မြူးထူး နေကြသည်။ ထျန်းရှောင်လော့နှင့် ခြားနားစွာပင်... သူတို့ထံတွင် နောက်ဆုံးအဆင့် အကြောင်း သတင်းပေး ပြောပြနိုင်သည့် အင်ပါယာ ရှိနေခဲ့သည်။ သူတို့အားလုံး နောက်ဆုံး အဆင့်ကို စိန်မခေါ်ပဲ ဆုလာဒ်များကိုသာ ရယူခဲ့ကြသည်။ ကိုယ့်အကန့်အသတ်ကို နားလည်သည့် လူငယ်များအား ပြုစုပျိုးထောင်နိုင်ခဲ့သည့် အတွက် ဝေ့ဝူယင် ကျေနပ် နေခဲ့မိသည်။ သူတို့မှာ အဂ္ဂိရတ် လမ်းစဉ်တွင် သူ့နည်းသူ့ဟန်ဖြင့် ပါရမီရှင်များ ဖြစ်ကြသော်လည်း အသစ် တီထွင် ဖန်တီးခြင်းကတော့ သူတို့၏ အားသာချက်များ မဟုတ်ပါချေ။
ထုတ်ကုန်အသစ်တစ်ခု ဖန်တီးခြင်းမှာ ရူးသွပ်ဖွယ်ရာ ကောင်းလောက်အောင်ပင် ခက်ခဲသည်။ အထူးသဖြင့်... အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တစ်ခုမှာ ပိုမို၍ ခက်ခဲသည်။ သူတို့အတွက် ရင်းမြစ်နှင့် အချိန် အလုံအလောက် ရှိလျှင် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း... ထာဝရ တိုက်ပွဲမှာ ထိုမျှ မရက်ရောပါချေ။
“အချိန်ကျပြီ”
ဝမ်ယုထျန်းက ဝေ့ဝူယင်အား ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ သတိပေးလိုက်သည်။ ဝေ့ဝူယင် သစ်အယ်သီး တစ်ဆုပ်ကို ပါးစပ်အတွင်း ပစ်ထည့်လိုက်၏။ နောက်တစ်ဆင့် အတွက် လုံးဝ စိတ်မပူဘဲ သူ အရသာကိုသာ ခံစားနေခဲ့သည်။
လျှို့ဝှက် အဆင့် အစားအစာများကို သရေစာ အဖြစ် စားသုံးခြင်း အလေ့အထအား သူ့ထံ ယူဆောင်လာခဲ့သည့် လူအိုကြီး (အရှင် အစားကျူးသူ) ကို ဝေ့ဝူယင် စိတ်ထဲမှ ကျိန်ဆဲ လိုက်မိသည်။ အရသာရှိသော အစားအစာများကို စားသုံးရင်း ကျင့်ကြံခြင်းမှာ အလွန်ပင် စွဲမက်ဖွယ် ကောင်းလှသည့် လုပ်ဆောင်ချက် တစ်ခုပင် ဖြစ်သည်။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ နောက်ထပ် အဆင့် တစ်ခု အကြောင်း မှတ်ဉာဏ်များကို ဝေ့ဝူယင် ပြန်လည်၍ တူးဆွလိုက်သည်။
“ထာဝရ သရဖူ...”
သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ၎င်းမှာ ပြိုင်ပွဲကြီး တစ်ခုလုံး၏ တတိယမြောက်နှင့် နောက်ဆုံး အဆင့် ဖြစ်ပေသည်။
***