ထာဝရသရဖူ အခမ်းအနား
Vol. 114 Ch. 1587
ဝေ့ဝူယင်သည် မေးစေ့ကို ပွတ်သပ်ရင်း ထာဝရ သရဖူ အဆင့်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ပြန်လည်၍ စဉ်းစားလိုက်၏။
ပထမ အဆင့်မှာ အမှိုက်များကို စစ်ထုတ်သည့် ဆန်ခါ တစ်ခု ဆိုလျှင် ဒုတိယ အဆင့်မှာ ရွေးချယ်ခံများ၏ စိတ်ဆန္ဒ၊ စွမ်းအား၊ ခန့်မှန်းနိုင်စွမ်းနှင့် အခြေအနေဆိုးများ အောက်မှ ရုန်းထွက်နိုင်သည့် ခွန်အားကို စမ်းသပ်ရန် ရည်ရွယ်သည်။
ဤသို့ဆိုလျှင် နောက်ဆုံးအဆင့်ကရော...။ ၎င်းက ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ ဧကရာဇ် သရဖူး အတွက် ရုန်းကန်မှု တစ်ခု ဖြစ်ပေသည်။
ဝမ်ယုထျန်း တစ်ယောက် စိမ်းပြာရောင် လက်ချောင်းများနှင့် အတူ လက်ဟန် ချိပ်စည်း အမျိုးမျိုးကို ဖော်ထုတ်ရင်း နေရာ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်ကို အသက်သွင်း နေစဉ်မှာပင် ဝေ့ဝူယင်မှာ သူ့နံဘေးတွင် ပေါ်လာခဲ့သည်။
ဝမ်ယုထျန်းက လှည့်ကြည့်လိုက်၏။
“တတိယမြောက် အဆင့်ရဲ့ အသေးစိတ်အချက်အလက်တွေကို မင်း သိလား”
သူက မေးလိုက်သည်။ ဝေ့ဝူယင် သိနှင့်ပြီးသား အရာများကို ထပ်ခါတလဲလဲ ပြောဆိုခြင်းဖြင့် အချိန်ဖြုန်းသည့် အလုပ်မျိုးကို သူ မလုပ်ချင်ပေ။
ဝေ့ဝူယင်မှာ အသေးစိတ် အချက်အလက် တစ်ချို့ကို သိရှိပြီး ဖြစ်သည်။ သို့သော်လည်း... သူ မသိသေးသည့် အရာများ ရှိကောင်း ရှိနိုင်ကြောင်း သူ သဘောပေါက်ပေသည်။
“ကျုပ်ကို ပြောပြပါ...”
သူက သစ်အယ်သီး အချို့ကို ကမ်းပေးရင်း ပြောလိုက်သည်။ ဝိညာဉ်ရုပ်သေးများ အတွက် အစာစားရန် မလိုအပ်လေရာ ဝမ်ယုထျန်း ငြင်းဆန်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း... သစ်အယ်သီးများကို တွေ့လိုက်ရသော အခိုက်၌ သူ့ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။အဘယ်ကြောင့်နည်း။ ၎င်းတို့ထဲ၌ အလွန် ထူးခြားသော နည်းလမ်းများဖြင့် သန့်စင်ထားသည့် ဝိညာဉ် စွမ်းအင်များ ပါဝင်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့မှာ သူ့လို ဝိညာဉ် စွမ်းအင်နှင့် သက်ဆိုင်နေသည့် တည်ရှိမှုတိုင်း အတွက် အလွန်ပင် အကျိုးရှိပေသည်။
ဝိညာဉ်အသွင် တစ်ယောက် ဖြစ်လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ဆာလောင်မှုကို ဝမ်ယုထျန်း ခံစားလိုက်ရ၏။ သတိမထားမိခင်မှာပင် သူ လက်လှမ်းကာ သစ်အယ်သီး အချို့ကို ပါးစပ် အတွင်း ထည့်သွင်းခဲ့ပြီး ဖြစ်သည်။ ၎င်းက အလွန်ပင် အရသာ ရှိလှသည်။ ချက်ချင်းပင်... သူ့ အရေပြားထက်တွင် ဝိညာဉ် အလင်းရောင်စဉ်များမှာ တဖျပ်ဖျပ် တောက်ပလာခဲ့သည်။ ဝိညာဉ်စွမ်းအင်များမှာ သူ၏ မမြင်နိုင်သည့် သွေးပြန်ကြောများ တစ်လျှောက် စီးဆင်း နေသကဲ့သို့ပင်။ ဝမ်ဗိုက်အတွင်း ရောက်ရှိသွားပြီး နောက်တွင်ပင် သစ်အယ်သီး အပိုင်းအစများမှာ ကောင်းမွန်စွာ အစာကြေ သွားသကဲ့သို့ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့လေ၏။
ထူးဆန်းစွာပင် ဝမ်ယုထျန်း၏ ဝိညာဉ် အသွင်မှာ ပိုမို၍ ထင်ရှားလာကာ မှိန်ဖျော့ဖျော့ လျှို့ဝှက်မြေကြီး အဆင့် အော်ရာ အချို့ကိုပင် ထုတ်လွှတ်လာခဲ့၏။
ပြောင်းလဲမှုများကို အနီးကပ် စစ်ဆေးရင်း ဝေ့ဝူယင် ခေါင်းညိတ်လိုက်မိ၏။ ဧဒင် စကြည့်တိုက် အတွင်းတွင်တော့ သူ၏ ဒုတိယမြောက်စိတ်မှာ လုပ်ငန်းစဉ် တစ်ခုလုံးနှင့် သီအိုရီ အမျိုးမျိုးကို စာလိပ် တစ်ခု ပေါ်တွင် မှတ်တမ်းတင် နေခဲ့သည်။ သူ၏ သီအိုရီများကို ကြည့်ရင်း ကောင်းကင် စစ်ဝိညာဉ်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားလာပုံ ရလေ၏။
ဝမ်ယုထျန်းက မျက်လုံးများကို ဖွင့်လိုက်၏။ ယခင်ကနှင့် ခြားနားစွာပင် ၎င်းတို့မှာ အံ့ဩမှုဖြင့် တဖိတ်ဖိတ် တောက်ပ နေခဲ့သည်။
“ခင်ဗျား ကျုပ်ကို ပြောပြဖို့ ကိစ္စ...”
ဝေ့ဝူယင်က ထိုတုန့်ပြန်မှုကို လျစ်လျူရင်း မေးလိုက်၏။
“ဪ... ဟုတ်သား...”
ထိုအခါတွင်မှ ဝမ်ယုထျန်းမှာ သူ စိတ်လွတ်သွားကြောင်း သတိထားမိသွားကာ ရှက်ပြုံး ပြုံးလိုက်ရင်း စတင်ကာ ရှင်းပြလိုက်လေ၏။
“ထာဝရ သရဖူ စိန်ခေါ်ပွဲက ထာဝရ ဧကရာဇ် ချန်ထားတဲ့ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး အပိုင်းပဲ... လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ချိပ်ပိတ် နယ်မြေသားတွေ တစ်ယောက်မှ မပါဝင်နိုင်ခဲ့တဲ့ အတွက် မင်း ကြားဖူးချင်မှ ကြားဖူးလိမ့်မယ်... အဲဒီ တိုက်ပွဲ အတွင်း ချိပ်ပိတ်နယ်မြေသားတွေ ပါဝင်ဖို့ အတွက် ထာဝရ ဧကရာဇ်က စည်းမျဉ်း တစ်ခုကို ချမှတ်ထားခဲ့တယ်... အဲဒါက အဖြူရောင် လမ်းကြောင်းကို အောင်နိုင်ရမယ် ဆိုတာပဲ”
“အဖြူရောင် လမ်းကြောင်းကို အောင်နိုင်မှသာလျှင် အဲဒီ အဆင့် အတွက် ချိပ်ပိတ်နယ်မြေရဲ့ တံခါးကို ဖွင့်ပေးမှာ... မင်း ပြုစုပျိုးထောင် ပေးထားတဲ့ ကလေးတွေက အဖြူရောင် လမ်းကြောင်းကို အောင်နိုင် နိုင်တယ် ဆိုတာတော့ မင်းလည်း သိပြီးသား မလား... ဆိုတော့ ချိပ်ပိတ်နယ်မြေ အတွက် တံခါးပေါက်က ပွင့်သွားပြီ ဆိုပါတော့...”
“ထာဝရ သရဖူ အဆင့်က သွေးလွှမ်းမယ့် ပွဲတော် တစ်ခုလို့ ပြောလို့ရတယ်... အဲဒီ အဆင့်ရဲ့ ရည်ရွယ်ချက်က သတ်မှတ်ထားတဲ့ အချိန် အတွင်းမှာ ထာဝရ သရဖူရဲ့ အပိုင်းအစ ခုနစ်ခုလုံးကို ရယူဖို့၊ အခမ်းအနား ပလ္လင်ထက်မှာ ပေါင်းစပ်ဖို့နဲ့ အဲဒီနောက်မှာ ကိုယ့်ခေါင်းထက်မှာ တင်ဖို့ပဲ... လုပ်ငန်းစဉ်ကြီး တစ်ခုလုံးက ပါးစပ်နဲ့ ပြောတာထက်တော့ အများကြီး ပိုရှုပ်ထွေးတာပေါ့... ဒါပေမဲ့ အခြေခံအားဖြင့်တော့ အဲဒီ သဘောပဲ...”
“အဲဒီတာဝန်ကို အောင်မြင်မှသာလျှင် ရွေးချယ်ခံ ဧကရာဇ်ဟာ ပေါ်ထွက်လာလိမ့်မယ်...”
ဝမ်ယုထျန်းမှာ ဝိညာဉ်အာရုံ ဆက်သွယ်မှုမှ တစ်ဆင့် ရှင်းပြနေခြင်း ဖြစ်သည်။ ထိုအကြောင်းအရာ အားလုံးကို ပြောရန် သူ့အတွက် အသက် တစ်ရှိုက်စာပင် မကြာခဲ့ပါချေ။
“ကျွန်တော်တို့ကရော...”
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကြီး၏ တတိယ အဆင့်တွင် ထာဝရတိုက်ပွဲ စင်မြင့်ထက်ရှိ အဂ္ဂိရတ် ပညာရှင်များကိုလည်း ပါဝင်ရန် အခန်းကဏ္ဍတစ်ခု ပေးထားကြောင်း သိထားလေရာ ဝေ့ဝူယင်က မေးလိုက်သည်။
ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။
“မင်းတို့ တိုက်ခိုက်ခံရလိမ့်မယ်”
“တိုက်ခိုက်ခံရလိမ့်မယ်”
ထူးဆန်းသည့် အဖြေတစ်ခုပင်။ ဝေ့ဝူယင် မျက်ခုံးပင့်လိုက်၏။ ထို့နောက် သူက လက်ထဲရှိ စားစရာ တစ်ခုကို ကောက်ယူကာ ဝါးလိုက်သည်။ ဝမ်ယုထျန်း မသိလိုက်ခင်မှာပင် ဝေ့ဝူယင်၏ လက်ထဲရှိ စာစရာများမှာ သစ်အယ်သီးများ မဟုတ်တော့ပဲ ရွှေရောင် ရင့်မှည့်နေသည့် စပျစ်သစ်များ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ အလွန် အရည်ရွှမ်းလှကာ ကိုက်လိုက်တိုင်း သွားရည်ယိုဖွယ် အသံတစ်ခု ထွက်ပေါ် နေခဲ့သည်။
ရုတ်တရက် ဝမ်ယုထျန်းမှာ ပါးစပ် အတွင်း တံတွေးဂလင်းများ ပြန်လည်ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။ ဝေ့ဝူယင် စားသောက်နေသည့် အသံများမှာ သူ့ အစာအိမ်ကို ဆွပေးနေသည်။ သူ ထိုထူးဆန်းသည့် ဆန္ဒများကို ဖိနှိပ်လိုက်ရင်း...
“ပြိုင်ပွဲက မရိုးရှင်းဘူး... သရဖူ အစိတ်အပိုင်း တစ်ခုစီကို ထူးခြားတဲ့ ဘုရားကျောင်းတစ်ခုစီမှာ ချိပ်ပိတ် ထားတယ်... အဂ္ဂိရတ် ပညာရှင် တစ်ဦးကသာ အဲဒီဘုရားကျောင်းတွေကို ဝင်ရောက်နိုင်တယ်... အဂ္ဂိရတ် ပညာရှင်တွေသာ သရဖူ အပိုင်းအစတွေကို သူတို့ရဲ့ အဂ္ဂိရတ် စွမ်းအင်တွေနဲ့ ပေါင်းစပ်နိုင်တယ်... နောက်ပြီးတော့...”
“အဂ္ဂိရတ် ပညာရှင်တွေသာလျှင် သရဖူကို ရွေးချယ်ခံရဲ့ ခေါင်းပေါ် တင်ပေးနိုင်တယ်... ဟုတ်တယ်မလား...”
ဝေ့ဝူယင်က စပျစ်သီးတစ်လုံးကို လှမ်းပေးလိုက်ရင်း ဝမ်ယုထျန်း၏ ဝါကျကို အဆုံးသတ် ပေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ ဝိညာဉ်အသွင်မှာ ချက်ချင်း လက်ခံယူလိုက်သည်။ ထို့နောက် သူက ၎င်းကို ပါးစပ် အတွင်း ထည့်လိုက်၏။ ချက်ချင်းပင်... သူ့ ခံတွင်း၌ အရသာရှိသည့် အရည်တစ်မျိုး ပန်းထွက်လာကာ သူ့အာရုံများကို လွှမ်းခြုံသွားသည်။ ၎င်းသည် ထူးဆန်းစွာပင် လန်းဆန်းစေသည်။
ဧဒင်စာကြည့်တိုက် အတွင်းတွင်တော့ ဒုတိယမြောက် စိတ်မှာ ကြောက်မက်ဖွယ် အလျှင်အမြန်ဖြင့် စာလိပ်များကို ရေးသား နေခဲ့၏။ သူ့ ငွေရောင် မျက်လုံးများက ရူးသွပ်မှုများနှင့် တဖိတ်ဖိတ် တောက်ပနေခဲ့လေသည်။
ဝေ့ဝူယင် ဝမ်ယုထျန်းကို လှမ်းကြည့်လိုက်၏။
ဝမ်... ဝမ်...
သူ နောက်ထပ် မေးခွန်းများ မမေးရသေးခင်မှာပင် ပတ်ဝန်းကျင်ရှိ အာကာသလှိုင်းများမှာ ထိန်းချုပ်၍ မရအောင် ပြင်းထန်လာကာ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရွေ့လျားသွားသလို ခံစားလိုက်ရသည်။ သူ့ မျက်စိရှေ့၌ အရာအားလုံးမှာ ပျောက်ကွယ်သွားခဲ့၏။
ထို့မတိုင်ခင် အလွန့်အလွန် တိုတောင်းလှသည့် အခိုက်အတန့် ကလေးတွင် ဝမ်ယုထျန်းမှာ သတိလက်လွတ် ဖြစ်နေရာမှ ပြန်လည် အသက်ဝင်လာကာ အနည်းငယ် တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်ကို ဝေ့ဝူယင် သတိထားလိုက်မိသည်။
မကြာမီတွင်ပင်...
ဝေ့ဝူယင်မှာ လေးထောင့် နံရံများနှင့် ဝန်းရံထားသည့် အလုံပိတ် အခန်း တစ်ခု အတွင်း ရောက်ရှိနေကြောင်း ကိုယ့်ကိုယ်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်ရော၊ မျက်နှာကျက်ပါ နံရံတစ်ခုချင်းစီမှာ ငါးမီတာခန့်သာ ရှည်လျားသည်ကို သူ သတိထားလိုက်မိ၏။
“နေဦး... ငါ သေတ္တာ တစ်ခုထဲကို ရောက်နေတာလား...”
...
ထာဝရ သရဖူ အခမ်းအနား...
ထာဝရ သရဖူ အခမ်းအနား၏ စည်းမျဉ်းများကို မယုံနိုင်လောက်အောင် ရိုးရှင်းသည် ဟူ၍ လည်းကောင်း၊ အလွန်အမင်း ရှုပ်ထွေးသည် ဟူ၍ လည်းကောင်း အများအားဖြင့် ယူဆကြသည်။ ထိုနှစ်ခုမှာ ဆန့်ကျင်ဘက် ဖြစ်သည့် အယူအဆများ ဖြစ်သော်လည်း... ထာဝရ သရဖူ အခမ်းအနားတွင် ပါဝင်ခဲ့ဖူးပြီး အသက်ရှင် ကျန်ရစ်သူများ အားလုံးကတော့ ၎င်းကို ထိုနှစ်စကားလုံးဖြင့်သာ ဖော်ပြကြသည်။
မယုံနိုင်လောက်အောင် ရိုးရှင်းသည်။
အလွန်အမင်း ရှုပ်ထွေးသည်။
တတိယမြောက် အများဆုံး အသုံးပြုသည့် နောက်ထပ် ဝေါဟာရ တစ်ခုကတော့ “အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်” ဟူ၍ပင် ဖြစ်သည်။
***