ကောင်ကင်မျိုးနွယ် မိန်းကလေး
Vol. 114 Ch. 1589
“ဆိုတော့ ဒါတွေပေါ့လေ”
ဝေ့ဝူယင် တစ်ယောက် ကုဗတုံး သဏ္ဌာန် လှောင်အိမ်ထဲတွင် ပျင်းရိစွာ ရှိနေခဲ့သည်။ သူ၏ ခြေထောက်များကို ပျော့ခွေစွာ ဆန့်တန်းထားကာ တံတောင်တစ်ဖက်ဖြင့် ကြမ်းပြင်ကို ထောက်၍ ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ လှဲထားခဲ့သည်။ သူ၏ မျက်လုံးများက မှိတ်လုမတတ် ငိုက်မြည်းကျနေခဲ့သည်။
အကယ်၍ အာရုဏ်ဦး အာဏာရှင် အင်ပါယာ လောကရှန့်ထို ဝေ့လို ဂုဏ်သိက္ခာ ကြီးမားသည့် လူတစ်ယောက် ထိုကဲ့သို့ ဆိုးဆိုးရွားရွား ကိုယ်နေဟန်ထားမျိုးဖြင့် လှဲလျောင်းနေသည့် သတင်းသာ ပျံ့နှံ့သွားပါက မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်နှင့်ပတ်သက်သော အချက်အလက်များမှာ အရှိန်အဟုန်ပြင်းစွာ စီးဆင်း ကျနေသော ရေတံခွန် တစ်ခုကဲ့သို့ သူ့ အသိစိတ် ပင်လယ် အတွင်း ဝင်ရောက်လာနေခဲ့သည်။ ၎င်းတို့မှာ စန်းလော့ယန်နှင့် ဝမ်ယုထျန်းတို့ထံမှ မြစ်ဖျား ခံလာခြင်း မဟုတ်လေရာ၊ ဤလောကနယ်မြေတွင်လည်း အခြား ကြီးကြပ်ရေးမှူး တစ်ဦး ရှိနေကြာင်း ထင်ရှားပေသည်။
အဆိုပါ စည်းမျဉ်းများကို ပုံမှန် အသံဖြင့် ရိုးရှင်းစွာ ကြားခဲ့ရခြင်း ဖြစ်သော်လည်း ဝေ့ဝူယင်ကတော့ အနက် အဓိပ္ပာယ် တစ်ခုချင်းစီကို အလွယ်တကူပင် မျတ်သားနိုင်ခဲ့သည်။ ဝမ်ယုထျန်းက သူ့အား မပို့လွှတ်ခင် အဘယ်ကြောင့် တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်ခဲ့သည်ကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်မိသည်။ သူ့အနေဖြင့် ထိုကုဗတုံးထဲတွင် ရှစ်ဆယ့်တစ်ရက်တာလုံး စောင့်ဆိုင်းရနိုင်သည့် အခွင့်အရေးပင် ရှိနေပေသည်။
ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို အသက်သွင်းကာ ကုဗတုံး အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ သူ ရွေးချယ်ခံများစွာကို အလွယ်တကူပင် မြင်နိုင်ပေသည်။ ပတ်ဝန်းကျင် အနေအထားကလည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းပေသည်။ မြေပြင်မှာ ထူထဲသည့် သစ်ရွက်များ၊ နွယ်ပင် ခြုံပုတ်များနှင့် ဖုံးအုပ်လို့ နေ၏။ ကြည့်ရသည်က မိုးသစ်တောလို နေရာ တစ်ခုထဲ၌ သူ ရောက်ရှိနေခြင်း ဖြစ်ပေသည်။
“အိုး...”
မိန်းကလေး တစ်ယောက်...။ ခပ်ပိန်ပိန်နှင့် စွဲမက်ဖွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဆံပင်များမှာ အပြာတွင် အဖြူရောင် ဖောက်ထား၏။ မိန်းကလေးမှာ သတိကြီးစွာဖြင့် ရှေ့သို့ ရွေ့လျားနေခြင်း ဖြစ်ပေသည်။ အော်ရာအရ ဆိုလျှင် သူမမှာ ချိပ်ပိတ်နယ်မြေ အတွင်းမှ မဟုတ်ချေ။ မိန်းကလေး၏ အဖျားချွန်ချွန် ပန်းနုရောင် နားရွက်များနှင့် ကြယ်တာရာ မျက်လုံးများက ဝေ့ဝူယင်၏ မူလ ယူဆချက်ကို အတည်ပြုပေးနေ၏။ သူမက ကောင်းကင် မျိုးနွယ်ဝင် တစ်ဦး ဖြစ်ပေသည်။
မိန်းကလေးမှာ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို အပြည့်အဝ အသက်သွင်းထားကာ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူမမှာ ဝေ့ဝူယင်၏ ကုဗတုံးကို ရှာတွေ့ သွားခဲ့သည်။
မီတာ တစ်ရာ အကွာအဝေး အတွင်းသို့ မရောက်မချင်း မိန်းကလေးမှာ ကုဗတုံးကို မမြင်ခဲ့သလို ရှိလေရာ ဝေ့ဝူယင် အနည်းငယ် စိတ်ရှုပ်ထွေး သွားမိသည်။
ဝှစ်... ဝှစ်...
မိန်းကလေးမှာ လျှင်မြန်သည့် ကြောင်သားရဲလေး တစ်ကောင်လို ကုဗတုံးဆီသို့ ချဉ်းကပ်လာခဲ့၏။ သို့သော်လည်း... အနီးသို့ မရောက်ခင် ထောင်ချောက်များ ရှိ၊ မရှိ သူမ အရင် စစ်ဆေး နေခဲ့သည်။ နှစ်မိနစ်ကြာ စစ်ဆေးပြီး နောက်မှ သူမက ရှေ့ကို တိုးလာခဲ့၏။
ဝေ့ဝူယင် ထိုင်ရာမှ ထရပ်လိုက်ရင်း ကုဗတုံး၏ နယ်နိမိတ် အစွန်းတွင် ရပ်ကာ သူမကို တိတ်တဆိတ် လေ့လာ အကဲခတ် နေခဲ့သည်။ သို့သော်လည်း မိန်းကလေးမှာ ထူးထူးခြားခြား တုန့်ပြန်မှု မရှိလေရာ အတွင်းရှိ သူ့ကို မမြင်နိုင်ကြောင်း သိသာပေသည်။ အချက်အလက် တစ်ချို့ကို စုဆောင်းဖို့ အတွက် မိန်းကလေး၏ လက်ချောင်းမှ လျှို့ဝှက် စွမ်းအင်များ စီးထွက်လာကာ ကုဗတုံးကို ညင်သာစွာ ထိလိုက်၏။
ဝေ့ဝူယင် အနည်းငယ် အံ့ဩသွားခဲ့၏။ မိန်းကလေးမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည်။ ကုဗတုံးထံ သူမ ပို့လွှတ်နေသည့် လျှို့ဝှက် စွမ်းအင်များထဲတွင် မတူ ကွဲပြားသည့် လျှို့ဝှက် လမ်းစဉ် သင်္ကေတများ ပါဝင်နေပေသည်။ ၎င်းတို့ကို ကြည့်ခြင်းဖြင့် သူမ၏ လမ်းစဉ် အဆင့်ကို အလွယ်တကူပင် ခန့်မှန်းနိုင်ပေသည်။
လမ်းစဉ် ခုနစ်ခု...
သူမမှာ လမ်းစဉ် ခုနစ်ခုဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းထားသူ ဖြစ်သည်။ အသက် ငါးရာ မပြည့်ခင် ထိုမျှ များပြားလှသော သင်္ကေတများဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းထားနိုင်ခြင်းက လွန်စွာ အံ့ဩဖို့ ကောင်းလွန်းလှသည်။ သူမက ဝေ့ဝူယင် တွေ့ဖူးသမျှ အသက်ငါးရာအောက် ကျင့်ကြံသူများထဲတွင် အမြင့်မားဆုံးသော ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
လမ်းစဉ် ခုနစ်ခု ဆိုသည်မှာ ထာဝရ ဧကရာဇ်၏ အကူအညီဖြင့် ဝူယု လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့သည့် သင်္ကေတ အဆင့် ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ထိုအဆင့်ဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့ပါက ထိပ်သီး ပါရမီရှင် တစ်ဦး အဖြစ် ဝိုင်းဝန်း မြှောက်ပင့်ကြလိမ့်မည် ဖြစ်ပေသည်။ သို့သော်လည်း... ၎င်းမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွက်သာ ဖြစ်ပေလိမ့်မည်။
ဝမ်... ဝမ်...
မကြာခင်မှာပင် ကုဗတုံးမှာ ထူးဆန်းသည့် အသံတစ်ချို့ကို စတင် ထုတ်လွှတ်လာ၏။ ကုဗတုံးကို ဆက်လက် စိုက်ကြည့်နေရင်း မိန်းမငယ်လေး၏ မျက်လုံးများမှာ မယုံကြည်နိုင်ခြင်း၊ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက် လာခဲ့သည်။
တစ်ခဏ ကြာပြီးနောက် သူမက လျှင်မြန်စွာ နောက်ဆုတ်သွားကာ ဖုံးကွယ်ခြင်း အစီအရင်ကို နှစ်ဆ တိုးမြှင့်လိုက်၏။ ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ အောက်တွင်ပင် သူမ၏ ပုံရိပ်က အနည်းငယ် ဝါးတားတား ဖြစ်သွားခဲ့သည်။ မိန်းကလေး အသုံးပြုနေသည့် ဖုံးကွယ်ရေး အစီအရင်မှာ ရိုးရှင်းခြင်း မရှိလှကြောင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။
ဝှစ်...
စက္ကန့် အနည်းငယ် အတွင်းမှာပင် နောက်ထပ် ပုံရိပ် တစ်ခုမှာ အနီးအနားသို့ ရောက်လာခဲ့သည်။ မီတာ တစ်ရာ အကွာအဝေး အတွင်းသို့ အရောက်၌ သူက ကုဗတုံးကို သတိထားမိသွားကာ ချဉ်းကပ်လာခဲ့သည်။ အဝေးမှာ ကတည်းက ဝေ့ဝူယင် ထိုပုဂ္ဂိုလ်၏ အော်ရာကို သတိပြုမိပေသည်။ သူက ချိပ်ပိတ်နယ်မြေ အတွင်းမှ ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။
ချိပ်ပိတ်နယ်မြေသားတိုင်းတွင် ချိပ်ပိတ် အစီအရင်ကြီး၏ ဖိနှိပ်မှုအား ကာကွယ် တားဆီးပေးနိုင်သည့် ထူးခြားသော အမှတ်အသား တစ်ခု တစ်ခု ရှိသည်။ လောကရှန့်ထို အဆင့်ကို ရောက်ရှိပြီး နောက်မှသာ ထိုအမှတ်အသားက အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပေသည်။
အသစ်ရောက်ရှိလာသူမှာ လူငယ်လေး တစ်ဦး ဖြစ်သည်။ ကုဗတုံးကို တွေ့မြင်လိုက်ရသော အခါ သူ့ မျက်လုံးများက ပုံမှန် မဟုတ်စွာ တောက်ပလာခဲ့လေ၏။
“အဂ္ဂိရတ် ပညာရှင်လား...”
မျှော်လင့်ချက် အလင်းရောင်များနှင့် အတူ သူ ရှေ့သို့ အလောတကြီး တိုးလာခဲ့သည်။ ဝေ့ဝူယင် လူငယ်လေးကို ကြည့်ရင်း ပြုံးလိုက်မိသည်။ မိန်းကလေးနှင့် ချဉ်းကပ်ပုံ ကွာခြားခြင်းကို ကြည့်ပါက သူတို့ နှစ်ယောက်၏ အတွေ့အကြုံများကို ချိန်ထိုး မြင်နိုင်ပေလိမ့်မည်။
လူငယ်က ကုဗတုံးကို ထိတွေ့လိုက်ရင်း ကြယ်တာရာ အင်အားများကို သွန်းလောင်းထည့်လိုက်၏။
ဝမ်... ဝမ်...
မကြာခင်မှာပင် ထူးဆန်းသော အသံများ ဖြစ်ပေါ်လာရာ လူငယ်မှာ လန့်ဖျပ်ကာ နောက်သို့ ခုန်ဆုတ်သွားခဲ့မိသည်။ သို့သော်လည်း.. ချက်ချင်း ဆိုသလိုပင် အသိစိတ် ပင်လယ် အတွင်း အချက်အလက်သစ်များ ပေါ်ထွက်လာသည့် အလား သူ့ မျက်လုံးများက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် သွားခဲ့၏။
“နှလုံးသား ခုနစ်ခု... နောက်ပြီး လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူတွေဆီက... သောက်ချီးပဲ... အဓိပ္ပာယ် မရှိလိုက်တာ”
ကုဗတုံးအား ဖွင့်ရန် လိုအပ်ချက်ကို ဖတ်ရင်း လူငယ်က ထကာ အော်ဟစ်လိုက်သည်။ ၎င်းက လုံးဝ အခြေအမြစ် မရှိသော တောင်းဆိုမှု ဖြစ်သည်။ သူက လောကသခင် အဆင့် တစ်ယောက်သာ ဖြစ်သည်။ လျှို့ဝှက်ဝိညာဉ် အဆင့် ခုနစ်ယောက်ထံမှ နှလုံးသားကို မည်ကဲ့သို့ ရယူနိုင်မည်နည်း။
လူငယ်က ကျေနပ်ခြင်း မရှိပဲ ဆက်လက်၍ ကျိန်ဆဲ နေခဲ့သည်။ သူ၏ စကားလုံး အသုံးပြုမှုများက အတော်လေး အရောင်စုံလင်လှသည်။ သူက လူရည်သန့် အသိုင်းအဝိုင်းတွင် ကြီးပြင်လာသူ တစ်ယောက် မဟုတ်ကြောင်း ထင်ရှားပေသည်။
ဝေ့ဝူယင် လူငယ်လေး ထံမှ အကြည့်ကို ဖယ်ခွာကာ နောက်ဖက်ကို လှမ်းကြည့်လိုက်သည်။
“ဘာထာဝရသရဖူ အခမ်းအနားလဲ... ချီးပဲ... ဘာပဲဖြစ်ဖြစ် ဒီကုဗတုံးထဲမှာ မိစ္ဆာ စောင့်ကြပ်သူ တစ်ယောက်လည်း ပါနေနိုင်တာပဲလေ... ငါ ပိုလွယ်တာကိုပဲ ရှာလိုက်တော့မယ်”
လူငယ်က ထွက်ခွာဖို့ မဆုံးဖြတ်ခင် ကိုယ့်ကိုယ်ကို အကြောင်းပြချက် တစ်ခု ပေးလိုက်သည်။
ဝှစ်..
ရုတ်တရက် နူးညံ့သော လက်နှစ်ဖက်မှာ လူငယ်လေး၏ ခေါင်းကို ဆုပ်ကိုင်လိုက်၏။ လက်တစ်ဖက်က သူ၏ ခေါင်းနောက်ပိုင်းတွင် ရှိကာ ကျန်တစ်ဖက်သည် မေးစေ့ကို ဆုပ်ကိုင်ရင်း ပါးစပ်အောက်ပိုင်းကို ချုပ်ကိုင် ထားသည်။ လူငယ်လေး၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် အနည်းငယ် ပြူးကျယ်သွားခဲ့၏။
ခရက်...
ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးမှာ လျှင်မြန် တိကျပြီး ပြတ်သားသည့် လှုပ်ရှားမှုမျိုးဖြင့် လူငယ်လေး၏ လည်ပင်းကို တစ်ရာ့ရှစ်ဆယ် ဒီဂရီ လှည့်လိုက်၏။ ထိုရက်စက် ကြမ်းကြုတ်သည့် လှုပ်ရှားမှုက လူငယ်လေး၏ ကျောရိုးနှင့် ဦးခေါင်း ဆက်သွယ်မှုကို တစ်ခါတည်း အပြတ်ဖြတ် ပစ်လိုက်သည်။ မိန်းကလေးမှာ ထိုသို့သော လှုပ်ရှားမှုများကို အသားကျနေပုံ ရပေသည်။
ဟူး... ဟူး...
ထို့နောက်တွင်တော့ သူမက လူငယ်လေး၏ ကျောရိုးကို ထိတွေ့ကာ လျှို့ဝှက် စွမ်းအင် အနည်းငယ်ကို ပို့လွှတ် လိုက်သည်။ လူငယ်လေး၏ ခန္ဓာကိုယ်မှာ ဖောင်းကြွလာ၏။ ထိုနောက်တွင်တော့...
ဘုန်း...
ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးစများ၊ အရိုးအပိုင်းအစများ၊ ကြွက်သားများနှင့် အရေပြား အရည်များ အဖြစ် ကြမ်းတမ်းစွာ ပေါက်ကွဲ သွားခဲ့တော့၏။ သို့သော်လည်း သွေးစတစ်စမျှ မိန်းကလေးကို ပေကျံခြင်း မရှိပါချေ။
လူငယ်လေး၏ သေဆုံးမှုကို ဝိညာဉ်အာရုံဖြင့် အတည်ပြုပြီးနောက် မိန်းကလေးက မျက်မှောင်ကြုတ် လိုက်၏။
“ဘာလို့ လောကသခင်တစ်ဦးက ဒီကို ရောက်နေတာလဲ”
၎င်းက ကိုယ့်ကိုယ်ကို သတ်သေသည်နှင့် ဆင်တူသည့် လုပ်ရပ် တစ်ခု ဖြစ်လေရာ သူမ ခေါင်းခါ လိုက်မိသည်။ သူမ ကုဗတုံးကို တစ်ချက် ပြန်ကြည့်လိုက်၏။ ၎င်းအား ဖွင့်ရန် လိုအပ်ချက်ကို ပြန်လည် တွေးတောရင်း သူမ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယခုလို နေရာမျိုးတွင် သူမနှင့် ကျင့်ကြံခြင်း အဆင့်တူ လူခုနစ်ယောက်ကို သတ်ဖြတ်ရန် ကြိုးပမ်းရခြင်းမှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း... ၎င်းမှာ သူမ ကြားဖူးခဲ့သည့် အဆိုးဆုံး အခြေအနေ မဟုတ်ပါချေ။ တစ်ခါတုန်းက ဆိုလျှင် သေမျိုးတစ်ပိုင်း အရှင် တစ်ဦးထံမှ လျှို့ဝှက် ဝိညာဉ် အပိုင်းအစကို တောင်းဆိုသည့် တစ်ကြိမ်တစ်ခါပင် ရှိခဲ့ဖူးသည်။
ကုဗတုံးကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် မိန်းကလေးမှာ ထိုနေရာမှ ထွက်ခွာကာ အခြား တစ်ခုကိုသာ ရှာဖွေဖို့ ဆုံးဖြတ်လိုက်၏။ မထွက်ခွာခင် မိန်းကလေးမှာ တည်နေရာကို ဝိညာဉ် ကျောက်စိမ်းပြားထဲတွင် မှတ်သားလိုက်သည်။ ၎င်းမှာ ပြိုင်ပွဲဝင်များ အတွက် ပုံမှန် လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်ပေသည်။
“အစ်မကြီး... ဒါက နည်းနည်း ယဉ်ကျေးမှုမရှိဘူးလို့ မထင်ဘူးလား”
***