မီးလမ်းစဉ်၏ ကလေးငယ်
Vol. 114 Ch. 1590
“အစ်မကြီး... ဒါက နည်းနည်း ယဉ်ကျေးမှုမရှိဘူးလို့ မထင်ဘူးလား”
ရုတ်တရက် အသံ တစ်ခု နောက်နားမှ ထွက်ပေါ်လာရာ မိန်းကလေး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ အလွန်တရာ လန့်ဖျပ်သွားရကား လျှို့ဝှက် အော်ရာမှာ ခန္ဓာကိုယ် အတွင်း ပေါက်ကွဲလုနီးပါးပင် ဖြစ်သွားခဲ့သည်
“အစ်မကြီးက ငါ့ခန္ဓာကိုယ်ကို မထိခင် နှုတ်ဆက်စကားလေးတောင် မပြောခဲ့ဘူး”
ဟူး... ဟူး...
ရုတ်တရက် လူငယ်လေး၏ ပြန့်ကျဲနေသည့် အသွေး၊ အသားနှင့် အရိုးများမှာ မီးတောက်များအဖြစ်သို့ ပြောင်းလဲကာ စတင်လောင်ကျွမ်းလာ၏။
“အစ်မကြီးက ငါ့ကို ညစာစားဖို့ ဒါမှမဟုတ်လည်း ရှုခင်းတွေ ကြည့်ဖို့ အရင်ဆုံး ခေါ်သွားရင် ငါ သဘောကျမိမှာ... ငါက သိပ်ပြီး ခရီးမသွားဖူးဘူးလေ... သိလား”
မိန်းကလေး၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာ၏။ ထိုမီးတောက်များ အတွင်းတွင် ထူးခြားသည့် အသက်စွမ်းအင် တစ်ခုမှာ လောင်ကြွမ်းနေကာ ပြန်လည် နိုးထခြင်းနှင့် ရှင်သန် ထမြောက်ခြင်း အော်ရာများကို ထုတ်လွှတ် နေခဲ့သည်။ ၎င်းကို ကြည့်ရင်း တစ်ခါက အကြီးအကဲများ ပြောခဲ့ဖူးသည့် နိဗာန မီးတောက် ရည်ရွယ်ချက်ကိုပင် သူမ ပြန်လည်၍ အမှတ်ရလိုက်မိသည်။
မိန်းကလေးမှာ ထောင်ချောက်များ ရှိနေမည်ကို စိုးရိမ်သည့် အလား နောက်သို့ ခုန်ဆုတ်သွားကာ သူတို့ကြားတွင် အကွာအဝေး တစ်ခု ခြားနားလိုက်သည်။
ဝှစ်...
သေမျိုး တစ်ယောက်၏ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် လူငယ်မှာ သူ မူလ ရပ်ခဲ့သည့် နေရာတွင် ပြန်လည်၍ ပေါ်လာခဲ့သည်။ သူ၏ အဝတ်အစားများမှာ မပျက်မစီးပင် ဆက်လက် ရှိနေ၏။ သူက မည်သည့် ဒဏ်ရာ၊ အနာတရမှ မရခဲ့သလိုမျိုးပင်။
လူငယ်လေး၏ အနီရောင် ဆံပင်များတွင်တော့ မှိန်ဖျော့ဖျော့ မီးတောက် တစ်ချို့က လောင်ကြွမ်းနေသည်။ သူက အနည်းငယ် ပြုံးလိုက်၏။
“ဒီနေ့ ကျုပ် ရွှေဖုန်းပေါင် စော်ကားခံလိုက်ရသလို ခံစားရတယ်... အစ်မကြီး... ကျုပ် နစ်နာကြေးတောင်းခံတယ်”
မိန်းကလေးမှာ ရွှေဖုန်းပေါင်ထံမှ လောကသခင် အဆင့် ကျင့်ကြံခြင်း အခြေခံကိုသာ အာရုံခံနိုင်လေရာ တစ်စက္ကန့်ချင်းစီတိုင်းတွင် စိတ်ပိုမို၍ ရှုပ်ထွေးလာခဲ့သည်။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ အချိန် နောက်ပြန်လှန်ခြင်း စွမ်းအားတော့ မဖြစ်နိုင်ပါချေ။ အနီးအနားတွင် မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့်၏ အော်ရာကိုမှ သူမ မခံစားမိချေ။ တကယ်တမ်း ရှိနေပါက လက်ရှိ အချိန်တွင် သူမ တိုက်ခိုက် ခံနေရလောက်ပြီ ဖြစ်သည်။
သို့တည်းမဟုတ်... ထိုလူငယ်လေး၏ မူလ ဝိညာဉ် အတွင်းတွင် ပြန်လည် ရှင်သန်ရေး အဆောင် တစ်ခုကို ထည့်သွင်းထားသည်လား။ ထိုအရာက များစွာ အဓိပ္ပာယ် ရှိပေသည်။
လျှင်မြန်စွာပင်... မိန်းကလေး၏ ထိတ်လန့်မှုများမှာ လျော့ကျသွားခဲ့၏။ သူမ၏ အသက်ရှူသံများမှာလည်း ပြန်လည်၍ တည်ငြိမ် သွားခဲ့သည်။
မိန်းကလေးက ရွှေဖုန်းပေါင်ကို အေးစက်စက် မျက်လုံးများနှင့် နောက်တစ်ကြိမ် ပြန်လည်၍ ကြည့်လိုက်၏။ ထိုပိုးကောင်ကို သူမ နောက်တစ်ကြိမ် သတ်ဖြတ်ရပေဦးမည်။ သူမ ချက်ချင်းပင် လှုပ်ရှားဖို့ ပြင်လိုက်၏။
သို့သော်လည်း... ရွှေဖုန်းပေါင်မှာ ပြုံးနေဆဲ ဖြစ်သည်။
“ရပါတယ်... ဟဲဟဲ... ကျုပ်ဘာသာကျုပ် ယူပါ့မယ်”
သူက မိန်းမငယ်လေး၏ ရင်ဘတ်ကို စိုက်ကြည့်ရင်း အရှက်မရှိ ပြောလိုက်လေ၏။ မိန်းကလေး၏ ဒေါသများမှာ ချက်ချင်းပင် ပေါက်ကွဲထွက် လာခဲ့တော့သည်။ ၎င်းမှာ ပုရွက်ဆိတ် တစ်ကောင်က သူမကို ကိုက်ခဲရန် ကြိုးပမ်း နေခြင်းနှင့် ဆင်တူသည်။
သူမမှာ မည်သူ့ကို မဆို ပေါ့ပေါ့ဆဆ သဘောထားလေ့ ရှိသူ မဟုတ်ချေ။ အကယ်၍ ပြင်ပလောကတွင် ဆိုပါက လူငယ်လေး၏ နောက်ခံကို တွေးတောကာ သူမ ရှောင်ထွက်ကောင်း ရှောင်ထွက်သွားနိုင်သည်။ သို့သော်လည်း... ဤသည်က ထာဝရ သရဖူ အခမ်းအနား ဖြစ်သည်။ ပြင်ပ အင်အားစုများ ဝင်ရောက် စွက်ဖက်ခြင်းကို တားမြစ်ထားသည့် ရှင်းလင်း ပြတ်သားသော စည်းမျဉ်းများ ရှိကာ ဖောက်ဖျက်ရဲသူ မည်သူမဆို ပြင်းထန်သည့် အကျိုးဆက်များကို ခံစားရလိမ့်မည် ဖြစ်သည်။ သို့ဖြစ်လေရာ သူမလို လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ဦး အနေဖြင့် လောကသခင် အဆင့် ပိုးကောင် တစ်ကောင်နှင့် ရင်ဆိုင်ရာတွင် ရှောင်ထွက်သွားစရာ အကြောင်း မရှိပါချေ။
“နင်က ငါ့နှလုံးသားကို လိုချင်တာလား”
မိန်းကလေးက ရင်ဘတ်ကို ပြန်ကိုင်လိုက်ရင်း ထူးဆန်းသည့် မေးခွန်းကို မေးလိုက်၏။ သူမမှာ ရင်သားများမှာ အလွန် ကြီးမားခြင်း မရှိလှသော်လည်း လုံးဝန်းကာ စွဲမက်ဖွယ် ကောင်းသည့် ကောက်ကြောင်း တစ်ခုကို ပိုင်ဆိုင်ထားသည်။
မိန်းကလေး၏ စကားက အဓိပ္ပာယ် နှစ်ခွ ဖြစ်လေရာ ရွှေဖုန်းပေါင်၏ မျက်နှာက အနည်းငယ် နီရဲလာကာ ရှက်ရွံ့သည့်ပုံ ဖြစ်သွားခဲ့၏။
“အစ်မကြီးသာ ပေးရင် ငါ ဂုဏ်ယူမိမှာပါ”
မိန်းမငယ်လေး၏ ကျစ်ကျစ်ဆုပ်ထားသော ညာဘက် လက်သီးပေါ်တွင် သွေးပြန်ကြောများပင် ထောင်ထလာခဲ့၏။ ထိုလူငယ်အား ဖျစ်ညှစ် ဆုတ်ဖြဲ ပစ်လိုသည့် ခံစားချက်က သူမ၏ နှလုံးသား အတွင်း လောင်ကြွမ်း နေခဲ့သည်။
ထိုလူငယ်လေးမှာ ရိုင်းစိုင်းလွန်းသည်။ အရှက်မဲ့လွန်းသည်။ မိန်းကလေး၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်... သူမမှာ သတိရှိသူ ဖြစ်သည်။
သူတို့ နှစ်ယောက်၏ စကားဝိုင်းမှာ ပုံမှန်အတိုင်း ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်လေရာ စက္ကန့် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ထိုအချိန်အတွင်း သူမမှာ အမျိုးမျိုးသော ဝိညာဉ် အစီအရင်များကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေး နေခဲ့သည်။ ပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေကြောင်း သူမ သေချာဖို့ လိုအပ်ပေသည်။
သူမ ရွှေဖုန်းပေါင်ကို အကဲခတ် လိုက်ပြန်၏။ သူက လုံးဝ မကြောက်လန့်သည့်ပုံ ရသည်။ သကောင့်သား ပြန်လည် ရှင်သန်လာပြီး ကတည်းက သူမမှာ လျှို့ဝှက် ဝိညာဉ် အဆင့် အော်ရာကို ထုတ်ဖော်ထားခဲ့ခြင်း ဖြစ်သည်။ တကယ်ဆိုလျှင် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်နှင့် ထိပ်တိုက် တွေ့ရသည့် လောကသခင် အဆင့် တစ်ယောက်မှာ ကြောက်လန့်တကြား ထွက်ပြေးသင့်သည်။ သို့သော်လည်း လူငယ်လေးမှာ လုံးဝ ခြားနားသည်။
သူ့တွင် ယုံကြည်လောက်စရာ အကြောင်းရင်း တစ်ခု ရှိနေသလော။ သို့မဟုတ်... ၎င်းက ကြောက်ရွံ့မှုကို ဖုံးကွယ်ဖို့ ကြိုးစားသည့် လုပ်ရပ် တစ်ခုလော။
မိန်းကလေးမှာ ယခင်ကလည်း အလားတူ အခြေအနေ တစ်ခု ကြုံခဲ့ဖူးလေရာ လွန်စွာပင် သတိထား နေခဲ့သည်။ သူမက ရွှေဖုန်းပေါင်၏ နောက်ဘက်ရှိ ကုဗတုံးကို လှမ်းကြည့်လိုက်၏။ သူမ မျက်ဝန်းများ အတွင်း အတွေးများက ပြင်းထန် နေလေသည်။
“အစ်မကြီး... ခင်ဗျားက အရမ်းကို သတိထားတာပဲ...”
ရွှေဖုန်းပေါင်က မှိန်ဖျော့ဖျော့ အပြုံးဖြင့် ပြောလိုက်သည်။
“အကိုကြီးယောင်ကိုတောင် ပြန်သတိရမိမယ်... ဒါပေမဲ့ သူကတော့ ခင်ဗျားကို သဘောကျမှာ မဟုတ်ဘူး ထင်တယ်... သူက နည်းနည်း ပိုပြီး ပြတ်ပြတ်သားသား ရှိတယ်လေ”
ရွှေဖုန်းပေါင်မှာ ရိုးရိုးသားသား ပြောနေခြင်း ဖြစ်သော်လည်း မိန်းကလေး၏ အတွေး ဖြစ်စဉ်ကတော့ အလွန်ပင် ရှုပ်ထွေး နေပေသည်။ သူမ၏ အမြင်တွင် ရွှေဖုန်းပေါင် ယောင်ဟုန်ရီ၏ နာမည်ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းက ပုန်းကွယ်နေသည့် နောက်တစ်ယောက် ရှိနေသည်ဟု တွေးထင်စေရန် ဖြစ်ပေသည်။ သို့သော်လည်း အမှန်တကယ်တွင် မည်သူမှ မရှိပါချေ။
မိန်းကလေးမှာ ကြိုတင် ကာကွယ်မှု တစ်ချို့ ပြုလုပ်လိုက်ပြီးနောက် အဝေးမှ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။ ဤသည်မှာ ထာဝရသရဖူ အခမ်းအနား ဖြစ်ကာ လူငယ်မှာ ရှန့်ထို လက်စွပ် တစ်ကွင်းကို ပိုင်ဆိုင်ထားသည်။ ထိုလက်စွပ်မှာ အလွှာအပြင်က လောကတွင်ပင် တန်ဖိုး မြင့်မားလေရာ သတ်ဖြတ်ရန် လုံလောက်သည့် အကြောင်းပြချက် ဖြစ်ပေသည်။
လျှို့ဝှက် အရှင်သခင်များမှ လွဲလျှင် အလွန့် အလွန် ရှားပါးသည့် ထိပ်တန်း ပါရမီရှင် ကျင့်ကြံသူများသာ ရှန့်ထို လက်စွပ်များကို ဖန်တီးနိုင်ကြသည်။ ၎င်းတို့အား ဖန်တီးရန် ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကိုပင် စတေးဖို့ လိုအပ်သည်။ နည်းမှန်းလမ်းမှန်နှင့် အသုံးချနိုင်ပါက ရှန့်ထို လက်စွပ်များမှာ သတ်ဖြတ်နိုင်စွမ်းပင် ရှိသည်။
ဖန်တီးသူ၏ အတွင်းပိုင်း လောကက ပိုမို၍ အားကောင်းလေလေ ရှန့်ထို လက်စွပ်၏ အရည်အသွေးနှင့် စွမ်းအားက ပိုမို၍ မြင့်မားလေလေ ဖြစ်သည်။ အမှန်စင်စစ် အားဖြင့် လက်စွပ်မှာ သိမ်းဆည်းရန် နေရာသက်သက် မဟုတ်ပါချေ။
ထို့ပြင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ဖြစ်ပေါ်လာသော မကျေနပ်မှုများကို ပြင်ပတွင် လက်စားချေ၍ မရနိုင်ပေ။ ထာဝရ သရဖူ အခမ်းအနားတွင်လည်း ပြင်ပ စွက်ဖက်မှုများကို လုံးဝ တားမြစ်ထားသည်။ အတိတ်မှာတုန်းက လျှို့ဝှက် အရှင်သခင်မှာ ပြိုင်ပွဲ၏ စည်းမျဉ်းများကို ချိုးဖောက်သူများ အတွက် အထင်ရှားဆုံး ဥပမာဖြစ်လေရာ သူမ လုံးဝမကြောက်ပေ။
မိန်းကလေးက ရွှေဖုန်းပေါင်ဘက်သို့ ဦးတည်ကာ လက်ညိုးထိုးလိုက်ရင်း လျှို့ဝှက် စွမ်းအင် အနည်းငယ်ကို ပစ်လွှတ်လိုက်သည်။ လျှို့ဝှက် စွမ်းအင်များမှာ အလွန်ပင် အဖိုးတန်ပေသည်။ ထိပ်တန်း ရင်းမြစ်များ၊ အဂ္ဂိရတ် ထုတ်ကုန်များ မရှိပဲ ပြန်လည် ဖြည့်တင်းဖို့ ခက်ခဲလှပေသည်။
သို့သော်လည်း... အနည်းငယ်သော လျှို့ဝှက် စွမ်းအင် အပိုင်းအစ ကလေးကပင် အနီးအနားရှိ သစ်ပင်များ၊ သစ်ရွက်များကို ပြင်းထန်သည့် မုန်တိုင်း တစ်ခုလို လွင့်စဉ် သွားစေဖို့ လုံလောက်ခဲ့ပေသည်။ ကျောက်တုံးများနှင့် မြေမှုန်များမှာ ဝဲပျံနေကာ စိမ်းလန်သည့် ပတ်ဝန်းကျင်မှာ ချက်ချင်းပင် အပျက်အစီး နယ်မြေ တစ်ခုလို ပြောင်းလဲ သွားခဲ့၏။ ၎င်းက မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဂြိုဟ်များနှင့် သေမျိုး ဘီလျံပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်သည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။
ရွှေဖုန်းပေါင်ကတော့ မူလ နေရာတွင်ပင် ရပ်တည်နေဆဲ ဖြစ်သည်။ သူက တိတ်တဆိတ်ပင် နယ်ပယ် မျိုးစေ့နှင့် ဆက်သွယ်နေလေရာ မမြင်နိုင်သည့် စွမ်းအား တစ်ခုမှာ လောကကို တိုက်စား လာခဲ့၏။ လေထုက တဖြည်းဖြည်း ပူလာခဲ့လေ၏။
***