← Chapters

မီးလမ်းစဉ်၏ ကလေးငယ် (၂)

Vol. 114 Ch. 1591

မီးလမ်းစဉ်၏ ကလေးငယ် (၂)

Vol. 114 Ch. 1591

“လောကနယ်မြေလား...”

နယ်မြေ၏ တည်ရှိမှုကို ခံစားမိလေရာ မိန်းကလေးက ပြုံးလိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး အတွက်တော့ လောကနယ်မြေမှာ မလိုအပ်တော့ချေ။ သူတို့က နယ်မြေကို အမြဲတမ်း ဗဟိုပြုနေသည်။ သူတို့ အာရုံခံစားနိုင်သည့် အကွာအဝေး မှန်သမျှက သူတို့၏ လောကနယ်မြေ ဖြစ်သည်။ ထို့ကြောင့်ပင် ရွှေဖုန်းပေါင်က လောကနယ်မြေအား ထုတ်ဖော်လိုက်သည်ကို သူမ ချက်ချင်း သိပေသည်။

“ပျက်စီးစမ်း...”

မိန်းကလေးက လျှို့ဝှက် ဘာသာစကားဖြင့် အမိန့်ပေးလိုက်၏။ လောကနယ်မြေမှာ သေမျိုးများ အတွက် အလွန်ပင် အစွမ်းထက်သည်မှာ မှန်သော်လည်း လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦးနှင့် ရင်ဆိုင်ချိန်တွင်တော့ စက္ကူတစ်စနှယ် ကျိုးပဲ့လွယ်သည်။ ယနေ့၌ မိန်းကလေးမှာ ရွှေဖုန်းပေါင်၏ ဘဝ အတွက် နောက်ဆုံးတော့ သင်ခန်းစာကို ပေးဖို့ ရည်ရွယ်ထားသည်။

အသံက ဟင်းလင်းပြင်ကိုပင် ရိုက်ခတ်နိုင်သည့် လှိုင်းများ အဖြစ် နေရာတိုင်းကို ပျံ့လွင့် သွားခဲ့၏။ သို့သော်လည်း ရုတ်တရက် မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် အသံလှိုင်းများမှာ ပိုမို၍ မှိန်ဖျော့လာခဲ့သည်။ လေထုက ပို၍ ပူလာ၏။ အသံက အဝေးသို့ ပိုမို၍ ရောက်လေလေ သက်ရောက်မှု ပိုမို၍ နားပါးလေလေ ဖြစ်လာခဲ့သည်။ မိန်းကလေး၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် လာခဲ့၏။ မကောင်းသည့် ခံစားချက် တစ်ခုက သူမကို လွှမ်းခြုံ၍ လာခဲ့သည်။

ဝေ့ဝူယင်မှာ ထိုအရာ အားလုံးကို သူ၏ ကုဗတုံး အတွင်းမှ ကြည့်နေခဲ့သည်။ ငွေရောင် ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အရာအားလုံးကို ရှင်းလင်းစွာပင် မြင်နေရ၏။ သူ ခေါင်းကို အနည်းငယ် ခါလိုက်မိသည်။

မိန်းမငယ်လေး၏ အလွန် သတိထားတတ်သည့် သဘာဝ၊ နှောင့်နှေးလှသည့် ဗျူဟာများနှင့် ပြတ်သားမှု မရှိခြင်းတို့မှာ ထိုထိပ်တိုက် တွေ့ဆုံမှု၏ ရလဒ်ကို ရှင်းလင်း သွားစေခဲ့ခြင်း ဖြစ်သည်။

ရှဲ.. ရှဲ...

မိန်းကလေး၏ လျှို့ဝှက် အလင်းတန်းမှာ ရွှေဖုန်းပေါင်နှင့် ဆယ်မိုင်ခန့် အကွာကို ရောက်သည်နှင့် လျှင်မြန်စွာပင် အခိုးအငွေ့များ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ၎င်းတို့က အလွန် ပြင်းထန်သည့် အပူချိန်နှင့် ထိပ်တိုက် တွေ့ဆုံချိန်တွင် ရေများ အငွေ့ပျံ သွားသကဲ့သို့ ဖြစ်သည်။ တစ်ခဏ အတွင်းမှာပင် လျှို့ဝှက် စွမ်းအင် အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ရွှေဖုန်းပေါင်၏ နီရဲသော ဆံပင်များမှာ ပြင်းထန်သည့် လေမုန်တိုင်းများ အောက်တွင် တဖျပ်ဖျပ် ခပ်နေခဲ့၏။ သို့သော်လည်း... သူ၏ မျက်လုံးများကတော့ လုံးဝ ငြိမ်သက်နေသည်။

“ဆိုတော့ အခုက ငါ့အလှည့်ပေါ့ အမကြီး...”

သူက မိန်းကလေးကို ကြည့်ကာ ပြုံးရင်း လက်ညိုးကို ဆန့်ထုတ်လိုက်သည်။ သူ၏ ကိုယ်နေဟန်ထားနှင့် ရပ်နေပုံတို့က မိန်းကလေးနှင့် အတိအကျ အတူတူပင်။ ချက်ချင်းပင်... မိန်းမငယ်လေး၏ ကြယ်တာရာ မျက်လုံးများမှာ အဆုံးစွန်ထိ ကျဉ်းမြောင်း သွားခဲ့၏။

ရုတ်တရက်... အနီးအနားရှိ စွမ်းအင်၊ အမတေနှင့် မန်နာ အားလုံးမှာ တွန်းလှန်ရန် မဖြစ်နိုင်သည့် ဆန္ဒ တစ်ခုအောက်သို့ ကျရောက်သွားပုံ ပေါ်သည်။ မီးတောက် ဆန္ဒ၏ ကလေးငယ်သည် ကောင်းကင်နှင့် မြေပြင် တစ်လျှောက် ပဲ့တင်ထပ်စေမည့် ကြေညာချက် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်လေ၏။

“လောင်ကျွမ်းစေ”

ရှဲ... ရှဲ...

ရုတ်ချည်း ဆိုသလိုပင် ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးမှာ ပတ်ဝန်းကျင်ရှိ အချိန်နှင့် အာကာသ စွမ်းအင်များပင် လောင်ကြွမ်းနေသည်ကို ခံစားလိုက်ရ၏။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် သေဆုံးခြင်း အာရုံက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ လာခဲ့သည်။

မိန်းကလေးက ခန္ဓာကိုယ်ကို လှုပ်ရှားဖို့ ကြိုးစား လိုက်သော်လည်း အမျိုးအမည် မသိ လှောင်အိမ် တစ်ခု အတွင်းကျရောက်နေသည်ကို တွေ့ရှိ လိုက်ရသည်။ အလွန်တရာ ပြင်းထန်လှသည့် လောကဖိအားမှာ သူမ၏ အရေပြားကို ပတ်ပတ်လည်မှ စွဲကပ်ကာ ဖိနှိပ်ထား၏။ မျှော်လင့် မထားသည့် နှောင့်နှေးမှုက သူမကို ဖမ်းမိစေခဲ့ပြီ ဖြစ်သည်။

ရှဲ... ရှဲ...

လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ စွမ်းအင်၊ အမတေနှင့် မန်နာ အားလုံးမှာ တောက်ပသည့် မီးတောက်များ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေတော့သည်။

ဘုန်း... ဘုန်း...

ပေါက်ကွဲသံများနှင့် အတူ ထိုမီးတောက်များမှာ ဆင့်ကဲ ပေါက်ကွဲကာ ကြီးထွားလာခဲ့၏။ နောက်ထပ် တဒင်္ဂ အတွင်းမှာပင် ၎င်းတို့မှာ မီးမုန်တိုင်းများ သဖွယ် ပတ်ဝန်းကျင်ကို လွှမ်းခြုံ သွားခဲ့သည်။ ၎င်းတို့မှာ အလွန်ပင် ပြင်းထန်လွန်းရကား အထက် ကောင်းကင်ယံသို့ အမြင့်ပေ သောင်းနှင့်ချီ ရောက်ရှိကာ လေထု အလွှာကိုပင် ဖြတ်ကျော် သွားခဲ့လေသည်။

ဘုန်း... ဘုန်း...

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ တတိယ အဆင့်သို့ ရောက်ရှိနေသူ အများစုမှာ ထိုမြင်ကွင်းကို အံ့အားသင့်ဖွယ် လှမ်း၍ မြင်တွေ့လိုက်ကြရ၏။ အချို့မှာလည်း မမြင်တွေ့ရသည့်တိုင် ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။ လေထု၏ အပူချိန်က ပိုမို၍ မြင့်မား လာနေခဲ့သည်။

“အား...”

အလွန်တရာ ပြင်းထန်လှသည့် နာကျင်မှုများကို ကိုယ်စားပြုနေသည့် အော်ဟစ်သံ တစ်ခုမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ၎င်းက ကောင်းကင်ကိုပင် ထိုးဖောက်ကာ ကြားနိုင်သူ အားလုံး၏ ဝိညာဉ်များကိုပင် လှုပ်ခါ သွားစေခဲ့သည်။

ကုဗတုံး အတွင်းတွင်တော့ ဝေ့ဝူယင်မှာ မီးတောက်များ၏ ဝါးမြိုမှုကို ခံစားနေရသည့် မိန်းကလေးအား စောင့်ကြည့် နေခဲ့သည်။ သူမက ထွက်ပြေးရန် ကြိုးပမ်းနေသည်ကို သူ မြင်နိုင်ပေသည်။ သို့သော်လည်း မီးတောက်များက သူမကို ခိုင်မြဲစွာ ချုပ်နှောင်ထားသည်။ မိန်းကလေးမှာ လျှို့ဝှက် အကာအကွယ်ကို ထုတ်ဖော်ဖို့ ကြိုးစားလိုက်သော်လည်း... မီးတောက်မှာ အရာအားလုံးကို လောင်ကြွမ်း ပြာချပစ်နေခဲ့၏။

မိန်းကလေးမှာ အာကာသ ရွှေ့ပြောင်းဖို့ ကြိုးစားနေသည်ကိုလည်း ဝေ့ဝူယင် မြင်နိုင်ပေသည်။ သို့သော်လည်း သူမ အသုံးပြုလိုက်သည့် အာကာသ စွမ်းအင်များမှာ လောင်စာကို အားဖြည့်ပေးနေသ‌ယောင် ရှိလေရာ မီးတောက်များသာလျှင် ပိုမို၍ ကြီးလာခဲ့လေသည်။

ရှဲ... ရှဲ...

မီးတောက်များမှာ ပြင်းထန်သည့် လောကဖိအားနှင့် အတူ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ကျူးကျော် ဝင်ရောက်လာကာ အသိစိတ် ပင်လယ် အထိ ပျံ့နှံ့သွားခဲ့သည်။ စွမ်းအင် သွေးကြောများ၊ ထျန်းတျန်နှင့် လျှို့ဝှက် ဝိညာဉ်တို့မှာလည်း တိုက်ခိုက် ခံလာရ၏။ မီးတောက်များ၏ တိုက်ခိုက်မှုက စစ်မျက်နှာ စုံလင်လှလေရာ မိန်းကလေး၏ ခုခံမှုများမှာ ပိုမို၍ ရှုပ်ထွေးလာခဲ့လေသည်။ အလားတူပင် ကျရှုံးမှုများမှာလည်း ပိုမို၍ မြန်ဆန်လာခဲ့လေ၏။

မိန်းကလေးမှာ မည်သည့်အရာကိုမဆို ကြိုးစားခဲ့သည်။ အရာအားလုံးကို ကြိုးစားခဲ့သည်။ နာကျင်မှုစွာ အော်ဟစ်သံမှာ သူမ၏ နောက်ဆုံးအားထုတ်မှုဖြစ်သည်။ သူမက ရွှေဖုန်းပေါင်ကို ကရုဏာပြသပေးရန် တောင်းပန် နေသကဲ့သို့ ရှိသည်။ သို့သော်လည်း... လောင်ကြွမ်းနေသည့် အသံများမှာ သူမ၏ အသံကို တစ်ခဏချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။

ဝေ့ဝူယင် ထိုမြင်ကွင်းကို ကြည့်ရင်း အတိတ်ကိုပင် ပြန်လည်၍ သတိရလိုက်မိသည်။ လောကီမျက်လုံး အဆင့်မှာတုန်းက သူ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံကို စမ်းသပ်ရန် အတွက် တိမ်ပြာ၊ ခွန်ရီမင်၊ ခုတ်ပိုင်းခြင်းဓားတို့ သုံးယောက်နှင့် စမ်းသပ်ခဲ့သည်။ ထိုစဉ်အခါက သူတို့သည်လည်း သူ့အား လောကနယ်မြေ ဖြန့်ကျက်ခွင့် ပြုခဲ့ကာ တူညီသည့် အမှားကို ကျူးလွန် ခဲ့ကြသည်။ တုန့်ပြန်ရန် အချိန် မရခင်မှာပင် သူတို့ ရှုံနိမ့်ခဲ့ကြသည်။

ယခုတစ်ဖန် ကောင်းကင် မျိုးနွယ် မိန်းမငယ်လေးသည်လည်း ရွှေဖုန်းပေါင်၏ လောကနယ်မြေ အတွင်း၌ ပိတ်မိနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... တိမ်ပြာတို့တုန်းကနှင့် ခြားနားစွာပင်... ရွှေဖုန်းပေါင်မှာ သူ၏ စွမ်းအားများကို စမ်းသပ်ရန် သက်သက် ကြိုးပမ်းနေခြင်း မဟုတ်ပါချေ။ သူက သတ်ဖြတ်ရန် ရည်ရွယ်နေခြင်း ဖြစ်ပေသည်။

ရွှေဖုန်းပေါင်မှာ သာမန် လောကသခင် အဆင့် တစ်ယောက် မဟုတ်ချေ။ သူက မီးဥပဒေသ၏ ချစ်မြတ်နိုးခြင်း ခံရသည့်၊ ရွေးချယ်ခြင်း ခံထားရသည့် ကလေးငယ် ဖြစ်သည်။ လုံလောက်သည့် အချိန်တစ်ခု ရပါက မီးနှင့် သက်ဆိုင်သည့် မည်သည့် ရည်ရွယ်ချက်ကို မဆို သူ နားလည်နိုင်သည်။ ပိုင်လင်၏ နိဗာန မီးတောက် ရည်ရွယ်ချက်ကိုပင် သီးသန့် ဖန်တီးထားသည့် နည်းလမ်းများ မရှိပဲ နားလည်ခဲ့သည်။ မီးလမ်းစဉ်နှင့် ပတ်သက်ပါက သူက ပါရမီရှင်များထဲတွင် ထိပ်သီး ပါရမီရှင် တစ်ယောက် ဖြစ်သည်။

ဝေ့ဝူယင် ရွှေဖုန်းပေါင်၏ လောကနယ်မြေကို စစ်ဆေးလိုက်၏။ ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေမှာ အလွန်တရာ အပြောကျယ်လွန်းလှကာ မိုင်ပေါင်း ၂၀၀၀,၀၀၀ ကျော် အထိ ရှိပေသည်။ သို့သော်လည်း ထိုဧရိယာ တစ်ခုလုံးမှာ ရွှေဖုန်းပေါင်၏ လောကနယ်မြေ အကွာအဝေး အတွင်းတွင် ရှိနေခဲ့သည်။ မီးဥပဒေသနှင့် မီးဝိညာဉ် အလင်းများမှာ လောကနယ်မြေ၏ အစိတ်အပိုင်းတိုင်း၊ နေရာတိုင်း၌ ပျံ့နှံ့နေကာ လောကဖိအားနှင့် ရောယှက် နေခဲ့သည်။

ရှဲ... ရှဲ...

မီးတောက်များမှာ ရွှေဖုန်းပေါင်၏ ထိန်းချုပ်မှု အောက်တွင် တဖြည်းဖြည်း ပြန်လည်၍ လျော့ကျလာခဲ့၏။ မီးတောက်လောင်နေသည့် သွေးတစ်စက်မှာ ရွှေဖုန်းပေါင်၏ နှုတ်ခမ်းမှ စီးကျလာခဲ့သည်။ နယ်မြေ မျိုးစေ့၏ မျက်နှာပြင်ထက်တွင် အက်ကြောင်းများကို ခံစားလိုက်မိလေရာ သူ ထျန်းတျန်ကို ဖြည်းညင်းစွာ ထိလိုက်သည်။

“အဟွတ်... အဟွတ်...”

သူ ချောင်းခြောက် အနည်းငယ် ဆိုးလိုက်ရင်း နောက်ထပ်သွေးများကို အန်ထုတ်လိုက်ရ၏။ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်နှင့် တိုက်ခိုက်ရသည်မှာ လုံးဝ လွယ်ကူသည့် အလုပ် တစ်ခု မဟုတ်ပါချေ။ ဝေ့ဝူယင် ချီးမြှင့်သည့် နယ်မြေ မြှင့်တင်ရေး အဂ္ဂိရတ် ထုတ်ကုန်များကိုသာ သုံးမထားပါက သူ၏ နယ်မြေ မျိုးစေ့မှာ ပြိုကွဲ၍ပင် သွားကောင်း သွားနေလောက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် မိန်းကလေးဘက်ကို လှမ်းကြည့်လိုက်၏။ အံ့ဩစရာ ကောင်းစွာပင် သူမ၏ ပတ်ဝန်းကျင်မှာ ယခင်ကတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ သစ်ပင်များက မားမားမတ်မတ် ရပ်နေဆဲ ဖြစ်သလို ချုံနွယ်များမှာလည်း စိမ်းလန်းနေဆဲ ဖြစ်သည်။ တစ်ခုတည်းသော အပြောင်းအလဲက မိန်းကလေးပင်။

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက လုံးဝ မည်းမှောင်နေကာ အရေပြားများမှာ ကြွပ်ရွနေခဲ့ပြီ ဖြစ်သည်။ ဆံပင်များမှာလည်း မရှိတော့လေပြီ။ ပိုမို တင်စား၍ ပြောရပါက သူမမှာ အချက်ပြုတ် လွန်၍ ခြစ်တူးသွားသည့် ကြက်ကောင်လုံးကင် တစ်ခုလိုပင်။

တစ်ချိန်က သူမထံတွင် ရှိခဲ့သည့် အလှပဆုံးသော အသွင်အပြင် အားလုံးမှာ ပျောက်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ အမွေးပွ အမြီးမှာလည်း ဘယ်ဆီဘယ်ဝယ် ရောက်သွားမှန်း မသိ။

“ချီးပဲ...”

မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို အသေးစိတ် လေ့လာရင်း ရွှေဖုန်းပေါင် တစ်ယောက် အော်ဆဲလိုက်၏။ ဝေ့ဝူယင် ကုဗတုံး အတွင်းမှ ကြည့်ရင်း ပြုံးလိုက်မိသည်။ ကောင်းကင် မျိုးနွယ်ဝင်များတွင် အလွန် ထူးခြားသည့် စွမ်းအင်များ ရှိပေသည်။

“နောက်ပြီး ကောင်းချီးခံ တစ်ယောက်ကို သတ်ဖို့က မလွယ်ဘူး”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ သူ ကြည့်နေစဉ်မှာပင် ရွှေဖုန်းပေါင်မှာ မိန်းကလေး၏ နှလုံးသားကို ထုတ်ယူကာ ဆေးရည်ဖြင့် မွမ်းမံ နေခဲ့သည်။ အကယ်၍ ရွှေဖုန်းပေါင် နေရာတွင် အခြား သာမန်လူ တစ်ယောက်သာ ဆိုပါက ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးမှာ သေဆုံးသွားပြီဟု တွေးလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ရွှေဖုန်းပေါင်မှာ မူလ အာဏာရှင် တစ်ဦး ဖြစ်သည်။ ဝေ့ဝူယင်မှာ တိုက်တန် မျိုးနွယ်၊ ကောင်းကင် မျိုးနွယ်တို့နှင့် သက်ဆိုင်သည့် အချက်အလက်များကို သူ၏ မူလ အာဏာရှင်များအား ပြောပြထားခဲ့ပေသည်။

ထို့ကြောင့်ပင် ကောင်းကင် မျိုးနွယ်ဝင်တို့၏ ထျန်းတျန်မှာ ရင်ဘတ် အတွင်းတွင် မရှိပဲ အမြီးတွင်သာ ရှိကြောင်း သူတို့ အားလုံး သိရှိထားကြပေသည်။

***

All Chapters