ကန္တာရ ဒေသ
Vol. 114 Ch. 1594
“...”
မိန်းကလေး ပျောက်ကွယ်သွားပြီးနောက်၌ မီတာ ရာဂဏန်းခန့် အကွာတွင် ပုံရိပ် တစ်ခုမှာ ထွက်ပေါ်လာခဲ့သည်။
“မင်း သူမကို သတိပေးလိုက်တာလား”
သူက ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့သည့် အစီအရင်ကို ပြန်လည်၍ ရုတ်သိမ်းလိုက်၏။ မိန်းကလေးမှာ ဝင်္ကပါ တစ်ခု အတွင်း ပိတ်လုနီးပါး ဖြစ်နေသည့် အခြေအနေမှ လက်မတင်လေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နောက်ထပ် စက္ကန့် အနည်းငယ်သာ ထပ်မံ ကြာမြင့်ခဲ့ပါက သူမက လှောင်အိမ်ထဲမှ ငှက်တစ်ကောင် သဖွယ် ဖြစ်သွားလောက်ပြီ ဖြစ်သည်။
“...”
ဝေ့ဝူယင် မတုန့်ပြန်ခဲ့ချေ။ ပုံရိပ်မှာ တစ်စုံတစ်ဦးက မိန်းကလေးကို သတိပေးခဲ့ကြောင်း သိကောင်း သိနိုင်သည့်တိုင် မည်သူ ဖြစ်သည်၊ မည်သည့် နေရာမှ ဖြစ်သည်ကိုတော့ သိနိုင်လိမ့်မည် မဟုတ်ပါချေ။ သူက မိန်းကလေးနှင့် အခြေအနေ အတူတူပင် ဖြစ်သည်။
မိန်းကလေးသည်လည်း အမှန်တကယ် သိသောကြောင့် မဟုတ်ပဲ ဆဋ္ဌမ အာရုံနှင့် သတိကြီးမှုတို့ကြောင့်သာ ဝေ့ဝူယင် တည်ရှိရာ အရပ်ကို လှည်ကြည့် နိုင်ခဲ့ခြင်းဖြစ်သည်။
မည်သည့် တုန့်ပြန်မှုမှ မရရှိခဲ့ပြီးသည့်နေက် ပုံရိပ်မှာ စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူက ဝေဝါးကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစည်း၍ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ သူ ပျောက်ကွယ်သွားပုံမှာ အလွန် ထူးခြားလွန်းလှကာ ဝေ့ဝူယင်ပင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့်ပင် ရှာဖွေနိုင်ခဲ့ခြင်း မရှိချေ။
“ထျန်းရီဝူ...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သတ္တမမြောက် မင်းသားမှာ ထာဝရ သရဖူ အခမ်းအနား၌ အောင်ပွဲခံရန် ကောင်းစွာ ပြင်ဆင်ထားပုံ ရသည်။ သူ့ကို စောစောစီးစီး ရပ်တန့်ဖို့ အတွက် တစ်စုံတစ်ယောက်ကို ပို့လွှတ်သင့်သလော၊ သို့မဟုတ် ဖြစ်ရပ်များကို ဝင်ရောက် စွက်ဖက်ခြင်း မပြုပဲ သည်အတိုင်း စောင့်ကြည့်သင့်သလော။
ဝေ့ဝူယင် တွေးတောနေစဉ်မှာပင် အနက်ရောင် ဆံပင်၊ ကြည်လင်သည့် အနက်ရောင် မျက်ဝန်းများနှင့် မိန်းကလေး တစ်ဦးမှာ ကုဗတုံး နံဘေးသို့ ရောက်ရှိလာခဲ့သည်။ သူမ၏ နှုတ်ခမ်းများထက်၌ အပြုံး ခပ်မှိန်မှန် တစ်ခု ရှိနေကာ ကုဗတုံးကို စိုက်ကြည့် နေခဲ့သည်။
“ငါ ဒီမှာ ခဏနေဖို့ တွေးထားတယ်... ဒါကြောင့် ငါ့အတွက် စိတ်မပူနဲ့... နင့် အတွက် အခွင့်အရေးတွေကိုပဲ ရှာပါ”
ဝေ့ဝူယင်က ပြောလိုက်၏။ မိန်းကလေးက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင်တော့ သူမမှာ အလင်းနှင့် ရောနှောသွား သကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူမ မည်သည့် အရပ်မျက်နှာသို့ ဦးတည်သွားကြောင်း ညွှန်ပြဖို့ အတွက် အာကာသ၊ အချိန်နှင့် မန်နာ လှုပ်ရှားမှုများပင် မရှိခဲ့ပါချေ။
ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ရွှေဖုန်းပေါင်မှာ မသေချာ မရေရာ ဖြစ်နေခဲ့သော်လည်း သူမကတော့ သူ့ကို မဆိုင်းမတွပင် ရှာတွေ့ခဲ့သည်။
သူ များများစားစား မတွေးနိုင်ခင်မှာပင် အခြားလူ တစ်ဦးမှာ စိတ်လှုပ်ရှားမှု ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် ကုဗတုံးထံသို့ ရွေ့လျား လာခဲ့ပြန်လေသည်။ ဝေ့ဝူယင် တစ်ယောက် ပျော်ရွှင်မှုကို မထိန်းနိုင်တော့ပဲ ရယ်မောလိုက်၏။ အခြားလူများ၏ အလွန်အမင်း စိုးရိမ်ပူပန်ခြင်းခံရခြင်းက အတော်လေး ကံကောင်းလှသည်ဟု သူ တွေးလိုက်မိသည်။
“ဝမ်မင်ယာ... မင်း ဒီကို ရောက်လာတာ ကောင်းတယ်... ငါ့မှာ မင်းကို ပေးစရာ ရှိတယ်”
...
ထာဝရသရဖူ အခမ်းအနား...
ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေမှာ အနန္တ ပတ်ဝန်းကျင်များနှင့် အတူ အလွှာ အများအပြား ပါဝင်သည့် နေရာတစ်ခု ဖြစ်သည်။ မျက်နှာပြင် တစ်လျှောက်၌ မိုးသစ်တောများ၊ သဲကန္တာရများ၊ ကျောက်တောင်ထူထပ်သော ဒေသများ၊ ချိုင့်ဝှမ်းများ၊ သမုဒ္ဒရာများ၊ ရေခဲပြင်များ နှင့် အခြား အခြေအနေ များစွာလည်း ရှိပေသည်။ ပတ်ဝန်းကျင် တစ်ခုချင်းစီမှာ မိုင်ပေါင်းသောင်းနှင့်ချီ၍ ကျယ်ပြန့်သည်။ ၎င်းတို့မှာ သိသာထင်ရှားစွာ ပိုင်းခြားထားသော နယ်နိမိတ်များတွင် တစ်ခုနှင့်တစ်ခု ရောယှက်နေသည်။
နေကြယ်နှင့် လတို့ မရှိသော်လည်း နေ့နှင့် ည၊ လရောင်နှင့် အမှောင်၊ သိသာထင်ရှားသော အချိန် ကုန်ဆုံးမှုတို့ ရှိနေသည်။ လေထုသည် သန့်ရှင်၏။ စွမ်းအင်မှာလည်း သန့်စင်၏။ မန်နာက တည်ငြိမ်သည်။ ဤသည်မှာ ငြိမ်းချမ်းစွာ ကျင့်ကြံလိုသူများ အတွက် ဖြစ်စေ၊ တိုက်ပွဲများ အတွက် ဖြစ်စေ... မည်သည့် လုပ်ဆောင်မှုအတွက်မဆို သင့်လျော်သည့် ကမ္ဘာတစ်ခု ဖြစ်သည်။
ထိုကဲ့သို့ ကမ္ဘာကြီး အတွင်း၌ ကျင့်ကြံသူပေါင်း များစွာမှာ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ လျင်မြန်စွာ ထွက်ပြေး နေကြသည်။ တိတ်ဆိတ်စွာ ပုန်းအောင်းကြသည်။ အချို့ကလည်း လွတ်လပ်စွာ ခရီးသွားကြသည်။
သဘာဝ ပတ်ဝန်းကျင်များကတော့ မည်ကဲ့သို့ပင် ဆက်ဆံခံရစေကာမူ ပြိုကွဲ သွားခဲ့ခြင်း မရှိပါချေ။ ဂြိုဟ်များကို ပေါက်ကွဲစေနိုင်ပြီး ကောင်းကင်များကိုပင် ဖြိုခွဲနိုင်သည့် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အဖျက်စွမ်းအားသည်ပင် မည်သည့် ပတ်ဝန်းကျင်ကိုမှ ချွတ်ချော်သွားစေခဲ့ခြင်း မရှိချေ။
ရွှေဖုန်းပေါင်နှင့် ခြားနားစွာပင် အချို့သော ကျင့်ကြံသူများမှာ သဘာဝ ပတ်ဝန်းကျင် အတွက် ထည့်သွင်း စဉ်းစားခြင်း မပြုပါပဲ မိမိ၏ အသက်ရှင်သန်ရေး အတွက် အလွန့် အလွန် ပြင်းထန်လှသော တိုက်ခိုက်မှုများကို ထုတ်လွှတ်ကြသည်။ သို့သော်လည်း... မည်သည့် ပတ်ဝန်းကျင်မှ ပျက်စီးသွားခဲ့ခြင်း မရှိပါချေ။ ဂြိုဟ်များကိုပင် ဖျက်ဆီးပစ်နိုင်သည့် တိုက်ခိုက်မှုများမှာ ထိုနေရာတွင်တော့ လူတစ်ကိုယ်စာ အပေါက်ကလေး တစ်ခုလောက်ကိုသာ ဖြစ်ပေါ်စေသည်။
လေထု၏ အခြေအနေကလည်း ထူးခြားလှသည်။ ကျင့်ကြံသူများမှာ သူတို့၏ ရည်ရွယ်ချက်များကို မည်ကဲ့သို့ပင် ထည့်သွင်းစေကာမူ၊ သူတို့၏ စွမ်းအင်များကို လောကတစ်လျှောက် မည်ကဲ့သို့ပင် ပြန့်ကျဲအောင် လုပ်စေကာမူ လေထုမှာ အချိန် အကြာကြီး ညစ်ညမ်းခြင်း မရှိခဲ့ချေ။
မန်နာမှာလည်း မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ပုံမှန် မဟုတ်ပါချေ။ မန်နာ လွှမ်းမိုးနိုင်စွမ်း မရှိသူများမှာ ၎င်းကို တစ်လက်မမျှပင် လှုပ်ရှားအောင် မလုပ်နိုင်ကြချေ။ ထိုအချင်းအရာကပင် သူတို့ကို ပျံသန်းခြင်း အပါအဝင် မန်နာ အသုံးပြုရသည့် ကျင့်စဉ်များကို အသုံးမပြုနိုင်အောင် တားဆီး ထားခဲ့သည်။
မူလ အဆင့်ကို ပိုင်ဆိုင်ထားသူများကတော့ မန်နာကို အနည်းငယ် ထိန်းချုပ်နိုင်ခဲ့ကြပေသည်။ သို့သော်လည်း... လျှို့ဝှက်စွမ်းအား သို့မဟုတ် အလားတူ ခွန်အားများကို ပိုင်ဆိုင် မထားသူများ အတွက် ပျံသန်းခြင်းက ခက်ခဲသည့် အရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင် အာရုံခံနိုင်စွမ်းများမှာလည်း ထူထဲသည့် မြူနှင်းများကို ဖြတ်သန်း၍ ကြည့်ရသလို အလွန် ကန့်သတ်ခံထားရသည်။
ထို့အပြင် မြေဆွဲအားမှာလည်း အလွန်ပင် မြင့်မားလှသည်။ ဒေသပေါ် မူတည်ပြီး ကွဲပြားမှုများတော့ ရှိပေသည်။ ချိပ်ပိတ်နယ်မြေမှ ရောက်ရှိလာသည့် ကျင့်ကြံသူ အချို့မှာ စတင် ရောက်ရှိလာခဲ့သည့် အခိုက်အတန့် ကတည်းက စလို့ တစ်လက်မထက် ပို၍ပင် ရွေ့လျားနိုင်ခြင်း မရှိကြသေးချေ။ အချို့ဆိုလျှင် မြေကြီးနှင့် ပြားကပ်သွားကာ အသားပြားများပင် ဖြစ်သွားခဲ့သည်။ သူတို့က သေဆုံးရန် သီးသန့် ဤနေရာသို့ ရောက်ရှိ လာကြသလိုပင်။
ထာဝရ သရဖူ အခမ်းအနားမှာ သေမျိုးများ အတွက်သာ မက လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်ပါ သွားလာရန် ခက်ခဲသည့် နေရာတစ်ခု ဖြစ်ပေသည်။
...
သဲကန္တာရ ဒေသ အတွင်းရှိ ဆလင်ဒါ တစ်ခုနားတွင်တော့ မိန်းကလေး တစ်ဦး ရပ်နေခဲ့၏။ သူမ၏ မျက်လုံးများက ဆလင်ဒါကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်ရှု နေခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ပေပေါင်းများစွာ ရှည်လျား ကြီးမားသော်လည်း အတွင်း၌ မည်သည့် အရာ တည်ရှိနေသည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။
မိန်းကလေးက ဆလင်ဒါ၏ မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။ တုံ့ပြန်မှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာကာ သူမထံ သတ်မှတ်ထားသည့် လိုအပ်ချက်များ စာရင်းကို ပေးပို့လိုက်သည်။
“ဝိညာဉ်စွမ်းအား... ယူနစ် နှစ်သန်း”
အသံက ကျားမ ခွဲခြားရန် ခက်ခဲလှကာ စက်ယန္တရား ဆန်သည်။
“နှစ်သန်း”
မိန်းကလေးက ညင်သာစွာ ရေရွတ်လိုက်၏။ ဝိညာဉ်ယူနစ်များမှာ ဝိညာဉ်စွမ်းအား၏ ခိုင်မာမှုနှင့် ခွန်အားကို တိုင်းတာရန် အသုံးပြုသည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့မှာ ဝိညာဉ်စွမ်းအင် အစက်အပြောက် တစ်ခုချင်းစီတွင် ပါဝင်သော ‘ဆက်သွယ်မှု ဆဲလ်’ တစ်ခုချင်းစီကို ဖော်ပြသည်။ ဝေ့ဝူယင်မှာ ဝိညာဉ် ဆင်းတု အဆင့်တွင် ရှိစဉ်က ကျင့်ကြံသူ တစ်ဦး အတွက် မကြုံစဖူး ဖြစ်သည့် ဝိညာဉ် ယူနစ် ၄၀,၀၀၀ နီးပါးကို ပိုင်ဆိုင်ခဲ့သည်။
ရှပ်... ရှပ်...
သဲပေါ် လျှောက်လာသည့် ခြေသံများမှာ အဝေးမှ ပဲ့တင်ထပ်လာ၏။ တစ်စုံတစ်ယောက် ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ၎င်းက သူ၏ ခြေလှမ်းများနှင့် တည်ရှိမှုတို့ကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။ ထိုအချက်က မိမိကိုယ်ကိုယ် ယုံကြည်မှု အဆင့်ကို ဖော်ပြနေသည်။ သို့တည်းမဟုတ် သူက အန္တရာယ် ကျရောက်နိုင်ချေကို လုံးဝ မသိတာလည်း ၎င်းသည် အခြေအနေနှင့် အခမ်းအနား၏ အန္တရာယ်များကို လုံးဝ မသိရှိမှုကြောင့် ဖြစ်နိုင်သည်။
“နတ်ဆိုမျိုးဆက်လား...”
ခြေလှမ်းများမှာ ရွှေရောင် သရဖူ ဆောင်းကာ၊ ရွှေရောင်ပိုးထည်ဝတ်စုံဝတ် လူငယ်တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူ့ထံတွင် ဧကရာဇ် တစ်ပါးလို အသွင်အပြင်မျိုး ရှိ၏။ လူငယ်မှာ အလွန် ခန့်ညားခြင်း မရှိလှပဲ ရိုးရိုးရှင်းရှင်း ဖြစ်ပေသည်။ သို့သော်လည်း သူ၏ အသွင်အပြင်က လျစ်လျူရန် ခက်ခဲလှကာ ပုံမှန်ထက် အနည်းငယ် ပိုမို ဆွဲဆောင်မှု ရှိသည့် ထူးခြားသော ဆွဲဆောင်မှု တစ်မျိုးကို ထုတ်ဖော် နေခဲ့သည်။
ဆလင်ဒါ၏ နံဘေးရှိ မိန်းကလေမှ ကြွယ်ဝ စိုဆွတ်သည့် ခရမ်းရောင် အသားအရေနှင့် ရှည်လျားကာ နူးညံ့ ချောမွေ့လှသည့် ခရမ်ရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည်။ သူမ၏ ဆံနွယ် တစ်ချောင်းချင်းစီမှာ ပိုးသားများအလား ထင်မှတ်မှားရလောက်၏။ သူမမှာ ကောင်းကင်မှ ကိုယ်တိုင် ထုဆစ်ထားသည့် အလား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထိုမိန်းကလေးမှာ နတ်ဆိုးနှင့် နတ်ဆိုး မဟုတ်သည့် မျိုးနွယ်ဝင် တစ်ဦး ပေါင်းစပ် ပေါက်ဖွားလာခြင်း ဖြစ်ကြောင်း ရွှေရောင် ဝတ်စုံဝတ် လူငယ် အလွယ်တကူပင် ခန့်မှန်းနိုင်ပေသည်။
မိန်းကလေးမှာ အနက်ရောင် သံချပ်ကာ ဝတ်စုံ၊ ကြေးဝါရောင် လက်ကာ၊ ခြေကာများကို ဝတ်ဆင်ထား၏။ သို့စေကာမူ... အလုံပိတ် ကြပ်ညပ်နေခြင်း မရှိပဲ ချိုင်း၊ တံတောင်ဆစ်နှင့် ဒူးနေရာများမှာ အတားအဆီး မရှိ ရွေ့လျားနိုင်ပေသည်။ ထိုဝတ်စုံအောက်တွင် သားရေ အကာအကွယ်ကို ထပ်မံ၍ ဆင်မြန်းထားသည့်ပုံ ရသည်။ အထူးသဖြင့် ဝမ်းဗိုက်နှင့် ရင်ဘတ် နေရာများတွင်ပင်။ မိန်းကလေးမှာ တိုက်ပွဲ အတွေ့အကြုံ ရှိသည့် ကြေးစား စစ်သည် တစ်ဦးနှင့်ပင် ဆင်တူနေပေသည်။
သူမက အရပ် ရှစ်ပေခန့် ရှည်လျားသော်လည်း ခန္ဓာကိုယ် အချိုးအစားက သာမန်လူများနှင့် ခြားနားခြင်း မရှိပါချေ။
ရွှေရောင်ဝတ်ရုံနှင့် သရဖူဆောင်းထားသည့် လူငယ်လေးမှာ မိန်းကလေး၏ အရပ် ရှည်မားကာ အချိုးကျ လှပသော ခန္ဓာကိုယ်အတွင်း၌ နတ်ဆိုးဆန်သည့် အငွေ့အသက်များ ကိန်းအောင်းနေသည်ကို ချက်ချင်း သတိပြုမိသွားသည်။ ထို့အပြင်... သူမ၏ မျိုးရိုးရာဇဝင်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် အနံ့ခံနိုင်ခဲ့ပေသည်။ ထို့ကြောင့်ပင် သူမကို နတ်ဆိုး မဖြစ် မဖော်ပြဘဲ နတ်ဆိုး မျိုးဆက် အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။
"နတ်ဆိုးတွေကြားမှာ သဘာဝ အတိုင်း ကလေး မွေးဖွားမှုကို ငရဲ အာဏာရှင်က တားမြစ်ထားတာ မဟုတ်ဘူးလား... တိုက်တန်မျိုးနွယ်တွေကတော့ ဆက်ကျဆင်းနေတုန်းပဲ”
လူငယ်၏ စကားထဲတွင် အထင်အမြင်သေးခြင်း၊ မကောင်းကြံစည်ခြင်းတို့ ကဲ့သို့ အနုတ်သဘောဆောင်သည့် သဘောထားများ မပါဝင်ဘဲ ခိုင်လုံသည့် သက်သေအထောက်အထားများမှ ရရှိထားသည့် အချက်တစ်ခုကို ပြောဆိုနေသကဲ့သို့ပင်။
တိုက်တန်-နတ်ဆိုး သွေးနှောတစ်ဦး ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအတွင်း ဝင်ရောက်လာခြင်းမှာ တိုက်တန်မျိုးနွယ်၏ ကျဆင်းလာမှုနှင့် လူမှုစည်းကမ်းများ၊ ဥပဒေများကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်းတို့၏ လက္ခဏာရပ်များပင်ဖြစ်သည်။
***