၇၆ ယောက်မြောက် မင်းသား
Vol. 114 Ch. 1595
"..."
တရှန်းမှာ လူငယ်ကို လျစ်လျူရှုထား၏။ သူမက ဆလင်ဒါကို ဖွင့်ဖို့ မဖွင့်ဖို့ ဆက်လက် စဉ်းစားနေဟန် ရလေသည်။
ရွှေရောင်ဝတ်ရုံနှင့် သရဖူဆောင်းထားသည့် လူငယ်မှာ အလျစ်လျူရှုခံရသော်လည်း အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ ဆက်၍ လျှောက်သွားခဲ့သည်။ နောက်ဆုံး၌ သူက တရှန်းနှင့် မတူညီသည့် ဆလင်ဒါ၏ အခြားဘက်ဆီသို့ ရောက်သွားသည်။ ထို့နောက်... ဆလင်ဒါကို ညင်သာစွာ ထိလိုက်ရာ သူ၏ သပ်ရပ်လှပသော မျက်ခုံးများမှာ အံ့အားသင့်စွာ အနည်းငယ် မြင့်တက်သွား၏။
“သန်းနှစ်ဆယ်... ဟုတ်လား”
တစ်ခဏမျှ စဉ်းစားပြီးနောက် သူက ဝိညာဉ်အလင်းတန်း ဖြာထွက်နေသော မျက်လုံးများဖြင့် ဆလင်ဒါကို ကြည့်လိုက်သည်။
“ရှင်းပါတယ်... အထဲမှာ ရှိနေတာ မကောင်းဆိုးရွား စောင့်ကြပ်သူ တစ်ဦးပါပဲ”
သူက သေချာရေရာသည့် အချက်အလက်တစ်ခုကို ပြောနေသကဲ့သို့ပင် ပြောလိုက်သည်။ ၎င်းကို လူတစ်ဦးတည်းဖြင့် ဖွင့်လို့ ရမည် မဟုတ်ပါချေ။ ကြိုတင် သဘောတူညီမှု ရရှိထားသော ထိပ်တန်း ရွေးချယ်ခံများ၏ ပူးပေါင်း အားထုတ်မှုဖြင့်သာ ဖွင့်နိုင်လိမ့်မည်။
“မဟုတ်ဘူး... အဲဒါက အဂ္ဂိရတ် ပညာရှင်”
တရှန်းက ရှင်းလင်းစွာပင် ပြောလိုက်၏။ လူငယ်က တရှန်းအား လှည့်ပင်မကြည့်ချေ။ သူ့ အကြည့်ခံရခြင်းကပင် သူမ အတွက် ကံကောင်းမှုများ ပေးအပ်နိုင်သလို ပြုမူနေသည်။
သူ့အတွက် တရှန်းမှာ နတ်ဆိုးမှ ပေါက်ဖွားလာသူ တစ်ဦးမျှသာ ဖြစ်ပြီး မိုက်မဲသည့် နည်းလမ်းများဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအတွင်းသို့ ခိုးဝင်လာသူ ဖြစ်သည်။ သူမက နတ်ဆိုး မျိုးနွယ် ခံစားနေရသည့် မတရားမှုများအတွက် တရားမျှတမှုကို ကြိုးစားရှာဖွေနေသည့် သေမျိုး တစ်ဦးမျှသာဖြစ်သည်။
သမိုင်းကြောင်းတစ်လျှောက်၌ နတ်ဆိုးများနှင့် အခြားသော မျိုးနွယ်စုတို့မှ ပေါက်ဖွားလာသည့် သွေးနှောပေါင်းများစွာမှာ သူတို့၏ ကံကြမ္မာကို ပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။ ကောင်းကင်ဘုံ၏ အတိတ် မှတ်တမ်းဟောင်းများတွင် ပို၍ပင် များပြားလှပေသည်။
သို့သော်လည်း... ယနေ့အထိ မည်သူမှ မအောင်မြင်ခဲ့ကြ။ အနာဂတ်တွင်လည်း မည်သူမှ အောင်မြင်လိမ့်မည် မဟုတ်ပေ။
လူငယ်မှာ ဆလင်ဒါနှင့် တရှန်းတို့ကို ကျောခိုင်းကာ လှည့်ထွက်သွား၏။ ထိုဖြစ်တည်မှု နှစ်ခုမှာ လေးလေးနက်နက် တွေးတောစဉ်းစားရန်နှင့် ပြန်လည်အမှတ်ရရန် မထိုက်တန်ပဲ ချက်ချင်း မေ့ပစ်သင့်သည့် အမှတ်တရများလိုပင်။
သို့သော်လည်း လူငယ်၏ လုပ်ဆောင်ချက်များတွင် သတ်ဖြတ်လိုစိတ် သို့မဟုတ် အန္တရာယ်ပြုလိုစိတ် အစအနမျှပင် မပါဝင်ပါချေ။ ၎င်းက လုံးလုံးလျားလျား လျစ်လျူရှုထားခြင်း တစ်မျိုးသာ ဖြစ်ပေသည်။
တရှန်းသည်လည်း ထလူငယ်ကို ကြည့်မနေခဲ့ပေ။ သူက သူမကို မတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည့် အတွက် သူမသည်လည်း သူ၏အသက်ကို နှုတ်ယူရန် မလိုအပ်ဟု ခံစားရသည်။ မိန်းကလေးမှာ ခန္ဓာကိုယ်အတွင်းရှိ အမှတ်အသား၏ လှုပ်ရှားမှုကို ပြန်လည် အာရုံစိုက်လိုက်၏။
ထိုအမှတ်အသားမှာ အာဏာရှင် အဖွဲ့ဝင် တစ်ဦး အနီးအနားတွင် ရှိနေသည်ဟု ဖော်ပြနေပေသည်။ စမ်းသပ်ပွဲ ကြီးကြပ်သူက အလုံပိတ် အရာဝတ္ထုများ အတွင်း အဂ္ဂိရတ် ပညာရှင်များနှင့် မကောင်းဆိုးရွား စောင့်ကြပ်သူများ ရှိနေကြောင်း ပြိုင်ပွဲဝင် အားလုံးကို သတိပေးထားပြီး ဖြစ်ရော ဆလင်ဒါ အတွင်း ရှိနေသူက အာဏာရှင် အဖွဲ့၏ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် တပ်ဖွဲ့မှ အဂ္ဂိရတ် ပညာရှင် တစ်ဦး ရှိနေကြောင်း သူမ သိရှိလိုက်သည်။
ရွှေရောင်ဝတ်ရုံနှင့် သရဖူဆောင်းထားသည့် လူငယ်၏ ခြေလှမ်းများက ရပ်တန့်သွားကာ နောက်ဘက်သို့ လှည့်လိုက်သည်။
ဝှစ်... ဝှစ်... ဝှစ်...
ရုတ်ချည်းဆိုသလိုပင် တရှန်းမှာ အော်ရာ သုံးခု လျှင်မြန်စွာ နီးကပ်လာနေသည်ကို အာရုံခံလိုက်မိသည်။ သူမ၏ မျက်လုံးများက ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။
ကျင့်ကြံသူ သုံးဦးမှာ တည်ငြိမ်သော ခြေလှမ်းများဖြင့် သဲကန္တာရကို အရှိန်အဟုန်ဖြင့် ဖြတ်ကျော်ကာ လာနေကြသည်။ သူတို့၏ ခြေထောက်များက သဲကန္တာရကို ထိလိုက်တိုင်း သဲများသည် စုရုံးပြီး မြဲမြံသည့် ကျောက်ဖြာများ သဖွယ် ဖြစ်လာသည်။ ထို့နောက် သူတို့ကို ဆယ်မီတာခန့် အကွာ အထိ ရောက်အောင် တွန်းထုတ်ပေးနေ၏။
သူတို့က အလွန်မြန်ဆန်လှသည်။ စက္ကန့် အနည်းငယ် အတွင်းမှာပင် ဆလင်ဒါမှ မီတာ ရာဂဏန်းခန့် အကွာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
“တိုက်တန် မျိုးနွယ်လား”
ထိုသုံးဦးထဲမှ တစ်ဦးက ပြောလိုက်၏။ သူမမှာ ကြယ်ပုံသဏ္ဌာန် သူငယ်အိမ်နှင့် အပြာရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ကောင်းကင်မျိုးနွယ်ဝင် မိန်းကလေး ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ အခြား နှစ်ဦးမှာလည်း မိန်းကလေးများ ဖြစ်ကြ၏။ သူတို့ သုံးဦးမှာ တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှု ရှိနေသည့်အလား ဆင်တူကြသည်။
သို့သော်လည်း သူတို့၏ ကြယ်ပုံသဏ္ဌာန်သူငယ်အိမ်များသည် သိသိသာသာ ကွဲပြားသော အရောင်များရှိကြပြီး တစ်ဦးတွင် အနီရင့်ရောင်နှင့် အခြားတစ်ဦးတွင် အဝါရင့်ရောင် ရှိကြသည်။ သူတို့၏ ဆံပင်များမှာလည်း မျက်လုံးအရောင်များနှင့် လိုက်ဖက်ကာ အရောင် ကွဲပြား နေပေသည်။ ထိုအရာတို့နှင့် အတူ မျက်နှာသွင်ပြင်နှင့် အရပ်အမောင်း မဆိုသလောက် ကလေး ကွဲပြားမှုများကလည်း သူတို့မှာ အမွှာမဟုတ်ကြောင်းကို ဆုံးဖြတ်ပေးနိုင်ပေသည်။
သူတို့မှာ ထူးထူးခြားခြား လှပသည့် မိန်းကလေးများ ဖြစ်ကြသည်။ သူတို့မှာ ရုပ်ရည်ပိုင်းအရ တရှန်းနှင့် အပြိုင် ဖြစ်ကာ ထျန်းရှောင်လော့၏ အလှတရားကိုပင် အလွယ်တကူ ယှဉ်ပြိုင် နိုင်ကြသည်။ သို့သော်လည်း သူတို့မှာ ခန္ဓာကိုယ်၏ တစ်ချို့သော အစိတ်အပိုင်းများကို ဖုံးကွယ်ကာ ဖုံဖော် ပြုပြင်ထားကြ၏။
ထိုကဲ့သို့ မိန်းကလေး များအား မြင်တွေ့ရတိုင်း တရှန်း အထင်အမြင်သေးခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ အလှအပ လိုက်စားခြင်းမှာ ပိုမို မြင့်မားသည့် ကျင့်ကြံခြင်းကို လိုက်စားခြင်းကဲ့သို့ပင် ထိုက်တန်သည့် စိတ်အား ထက်သန်မှု တစ်ခု ဖြစ်ကြောင်း သူမ သိရှိသောကြောင့်ပင်။
သို့သော်လည်း... လူငယ်၏ ရွှေရောင်မျက်လုံးများကတော့ မိန်းကလေး သုံးဦးကို ကြည့်ကာ စိတ်ရှုပ်ထွေးသည့် အလင်းရောင် တစ်ချို့ ဖြတ်ပြေးစွားခဲ့သည်။ ထိုမိန်းကလေးများမှာ အမွှာများကဲ့သို့ ဖြစ်နေသော်လည်း အမွှာများ မဟုတ်ကြချေ။ ဆက်စပ်နေပုံရသော်လည်း ဆက်စပ်မှု မရှိကြပေ။
“ကုန်းပျန့်ချီ အိမ်တော်က ကိုယ်လုပ်တော်တွေလား... ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ”
လူငယ်က ယောက်ျားသားများ၏ နှလုံးသားကိုပင် ဆွဲဆောင်နိုင်သည့် အပြုံးဖြင့် ပြုံးလိုက်သည်။ ထိုအပြုံးက မြင်ရသူတိုင်းအား ကောင်းချီးပေးနေ သကဲ့သို့ပင် ခံစားစေနိုင်သည်။
မိန်းကလေး သုံးဦးမှာ ထိုရွှေရောင်ဝတ်ရုံဝတ် လူငယ်ကို သူ စကားမပြောမီအထိ သတိပင် မထားမိကြပေ။ ယခုတွင်တော့ လှည့်ကြည့်လိုက်ရုံမျှဖြင့်ပင် သူတို့ အလွန် ထိတ်လန့် တုန်လှုပ်သွားကြ၏။ သူတို့၏ မျက်လုံးများက ပြူးကျယ်နေကာ လူငယ် တစ်ယောက်တည်းကိုသာ မြင်တွေ့တော့သည့် အတိုင်းပင်။ တရှန်းအား ပြောဆိုတော့မည့် စကားလုံးများကိုပင် သူတို့ မေ့လျော့ သွားကြ၏။
“၇၆ ယောက်မြောက် မင်းသား... ရှင် ဘာလို့ ဒီမှာ ရောက်နေတာလဲ”
အဝါရင့်ရောင် မျက်လုံးများနှင့် ဆံပင်များကို ပိုင်ဆိုင်ထားသည့် မိန်းကလေးက တုန်ရီစွာဖြင့် မေးလိုက်၏။ အပြာရင့်ရောင် မျက်လုံးများ ပိုင်ရှင် ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးကတော့ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။ သူမက ကျင့်ကြံခြင်း အခြေခံကို စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲလိုက်ကာ အစွမ်းကုန် ခုန်ထွက် ပြေးလွှားသွားတော့သည်။
အခြား မိန်းကလေး နှစ်ယောက်မှာ အနည်းငယ် တုန်လှုပ်သွားကြသော်လည်း သူတို့၏ တုံ့ပြန်မှုများမှာ နှေးကွေးခြင်း မရှိကြပါချေ။ သူတို့က လေထုထဲသို့ ပျံတက်ကာ မတူညီသည့် အရပ်မျက်နှာများသို့ ပျံသန်း ထွက်ခွာ သွားကြ၏။
အနီရောင် မျက်လုံးများနှင့် မိန်းကလေးမှာ လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က ဆလင်ဒါသို့ ဦးစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဆလင်ဒါအား ဖွင့်ရန် လိုအပ်သည့် အခြေအနေများကို သိရှိပြီးနောက်တွင် သူမမှာ ညီအစ်မများ ထံ အကူအညီတောင်းခံရန် သွားခဲ့ခြင်းဖြစ်သည်။ အလုံပိတ် အရာဝတ္ထုများမှာ ရှာဖွေ တွေ့ရှိရန် ခက်ခဲလှပြီး သာမန်နည်းလမ်းများဖြင့် အာရုံခံနိုင်ခြင်း မရှိသည့်အပြင် မီတာတစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာမှသာ မြင်နိုင်ပေသည်။
မိန်းကလေးမှာ သူမ၏ မဟာမိတ်များနှင့်အတူ ပူးပေါင်း၍ ဖွင့်နိုင်မည့် ဆလင်ဒါ တစ်ခုကို ကြုံတွေ့ခဲ့ရလေရာ ကံကောင်းလှသည်ဟု ခံစားခဲ့ရသည်။ ညီအစ်မ နှစ်ယောက်ကို ခေါ်ဆောင်၍ တက်တက်ကြွကြွပင် ပြန်လာခဲ့သည်။ သို့သော်လည်း... ၇၆ ယောက်မြောက် မင်းသား ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူမ မည်သို့ ခန့်မှန်းနိုင်မည်နည်း။ နောက်ပြီး သူက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။ လွန်ခဲ့သည့် ၂၃ နှစ်ကတည်းက ပြိုင်ပွဲဝင်ရန် အရွယ်ကျော်လွန်ခဲ့သင့်သည် မဟုတ်ပါလော။
“ဒီ ၈၁ ရက်အတွက် ငါ့ကို အဖော်ပြုပေးမယ့် မိန်းကလေးအချို့ ရှာနေတာ... မင်းတို့ရဲ့ သန့်စင်တဲ့ ခန္ဓာကိုယ်လေးတွေက အနည်းဆုံး သုံးရက်တော့ အဖော်ပြုပေးနိုင်ပါတယ်... နေရာ သုံးခုပေါ့...”
၇၆ ယောက်မြောက် မင်းသားက ညင်သာ နွေးထွေးစွာ ပြုံးလိုက်၏။
တရှန်းမှာ မိန်းကလေး သုံးဦး၏ အလွန်တရာ ထိတ်လန့်နေသည့် အငွေ့အသက်များကို သတိထားလိုက်မိ၏။ သူတို့မှာ လျှို့ဝှက်ဝိညာဉ်အဆင့်တွင် ရှိနေကြကာ အလွန်သန့်စင်သည့် ယင် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသည်။
သူတို့မှာ ယင်မီးပြင်းဖို နည်းလမ်းကို ကျင့်ကြံကြသည်မှာ ရှင်းလင်းလှသော်လည်း သူတို့၏ အရည်အချင်းနှင့် ခွန်အားတို့ကတော့ လုံးဝမနိမ့်ကျပေ။ ထို့အပြင် သူတို့မှာ ထိပ်တန်း အဆင့် ပါရမီကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။
တရှန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း... သူမက အကြည့်ကို လွှဲလိုက်ကာ ဆလင်ဒါဘက်သို့ အာရုံပြန်စိုက်လိုက်သည်။ ထိုအရာများက သူမနှင့် မသက်ဆိုင်ပါချေ။
ထိုအခိုက်တွင်ပင် ၇၆ ယောက်မြောက် မင်းသားက လက်ယာဘက်လက်ကို အသာအယာ ဆုပ်ကိုင်၍ လှုပ်ရှားလိုက်၏။ တစ်ချိန်တည်း၌ တရှန်းကလည်း ဆလင်ဒါကို ညင်သာစွာ ထိတွေ့လိုက်ကာ သူမ၏ ဝိညာဉ် အင်အားများကို အတွင်းသို့ ဖြည်းညှင်းစွာ သွန်းလောင်းလိုက်သည်။ ထို့နောက် သူမမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေထံမှ နောက်ထပ် စွမ်းအားများကိုပါ ရယူလိုက်သည်။
“ခွေးမသားကြီး... ကုန်းပျံ့ချီ အိမ်တော်သာ ဒီအကြောင်းကို သိသွားရင် နင့်ကို သင်းကွပ်လိမ့်မယ်... သင်းကွပ်လိမ့်မယ်”
မိန်းကလေးများမှာ ထိတ်လန့် တုန်လှုပ်မှု၊ ပြင်းထန်သည့် ဒေါသများနှင့် အတူ အော်ဟစ် နေကြ၏။ သူတို့၏ ခြေလက်များမှာ မမြင်ရသည့် စွမ်းအင်နှောင်ကြိုးများနှင့် ချုပ်နှောင်ခံထားရကာ လေထဲ၌ တန်းလန်းဆွဲခံရသည့် သေမျိုးများလိုပင် ဖြစ်နေခဲ့သည်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ”
၇၆ ယောက်မြောက် မင်းသားကတော့ မိန်းကလေးများ၏ ကြမ်းတမ်း ခက်ထန်သော ခြိမ်းခြောက်မှုများကို လုံးဝ ဂရုမစိုက်သည့်ပုံ ရလေသည်။
ဂျိန်း... ဂျိန်း...
ရုတ်တရက် ဆိုသလိုပင် လေးပင်သည့် တုန်ခါမှုများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့လေသည်။ မိန်းကလေး သုံးဦးလုံးမှာ အံ့အားသင့်သွားကြကာ တရှန်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ၇၆ ယောက်မြောက် မင်းသားပင် ကြည့်လိုက်သည်။
ဆလင်ဒါမှာ... ပွင့်ဟ လာနေခဲ့ပြီ ဖြစ်လေသည်။
***