← Chapters

ဆလင်ဒါ အတွင်းရှိ ပုဂ္ဂိုလ်

Vol. 114 Ch. 1596

ဆလင်ဒါ အတွင်းရှိ ပုဂ္ဂိုလ်

Vol. 114 Ch. 1596

ဂျိန်း... ဂျိန်း...

ဆလင်ဒါထံမှ တုန်ခါသံမှာ အလွန် နက်ရှိုင်းလှသည့် တံပိုးမှုတ်သံ တစ်ခု ကဲ့သို့ပင် ဖြစ်လေသည်။ ၎င်းမှာ ကန္တာရာ တစ်ခုလုံးကို ပဲ့တင်ထပ်သွားကာ သဲမှုန်များပင်လျှင် ခုန်ချီပျံလွှား ဖြစ်လာခဲ့၏။ အသံမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ကျယ်လောင်လှသည်။

အစပိုင်း၌ တရှန်းမှာ ထိုနေရာတွင် ရှိနေသူများ၏ မျက်လုံးများထဲတွင် အရေးမပါသည့် နတ်ဆိုးမျိုးဆက် တစ်ယောက်မျှသာ ဖြစ်သည်။ သူတို့၏ အလွန်တရာ ကြီးမြတ်သော ကျင့်ကြံခြင်း ခရီးလမ်းတွင် ထူးဆန်းသော သဲမှုန် တစ်မှုန်မျှသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု အချိန်တွင်တော့ သူမသည် အဓိက အာရုံစိုက်ခံရသူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

မိန်းကလေး သုံးဦးနှင့် ၇၆ ယောက်မြောက် မင်းသားတို့မှာ သူမဘက်သို့ လှည့်လာခဲ့ကြသည်။ သူတို့၏ မျက်လုံးများက အံ့အားသင့်ခြင်း၊ ထူးဆန်းခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် မသေချာ မရေရာခြင်း စသည့် ခံစားချက် အမျိုးမျိုဖြင့် ပြည့်နှက် နေကြ၏။

အခြားတစ်ဖက်၌ တရှန်း၏ လုပ်ဆောင်ချက်များကတော့ အဟန့်အတားမရှိ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ သူမက အလွန်သန့်စင်သည့် ဝိညာဉ်အင်အား အနည်းငယ်ကိုပင် သွန်းလောင်းလိုက်၏။ သူမ၏ ခေါင်းထက်၌ ခရမ်းရောင် တောင်ကြီးတစ်ခုမှာ ဝိုးတိုးဝါးတားဖြင့် ဖြတ်သန်းသွားခဲ့သည်။ ၎င်းမှာ အလွန်တရာ ကြီးမားလွန်းရကား ကောင်းကင် တစ်ခုလုံးကိုပင် အုပ်မိုးနေသယောင် ထင်ရ၏။

၎င်းမှာ သိသာ ထင်ရှားခြင်း မရှိလှသော်လည်း အသံကတော့ အလွန်တရာမှပင် ကျယ်လောင်လှလေရာ သဲကန္တာရအတွင်းရှိ လူတိုင်း၏ အာရုံများကို ဆွဲဆောင် သွားခဲ့လေသည်။

ထာဝရသရဖူ အခမ်းအနားမှာ နာရီ အနည်းငယ် ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း ဤသည်က အလွန်တရာ ကျယ်လောင်လှသည့် အသံကို ပထမဆုံး အကြိမ် ကြားခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ ၎င်းမှာ ထာဝရ သရဖူ အခမ်းအနား အတွင်း ပထမဆုံး အကြိမ် ပွင့်လာသည့် ပုံးဖြစ်ကြောင်း ဖော်ပြနေပေသည်။

တရှန်းပင်လျှင် မိုးခြိမ်းသံကဲ့သို့ နက်ရှိုင်းလှကာ ပဲ့တင်ထပ်နေသော အသံကြောင့် အံ့အားသင့် သွားခဲ့၏။ ၎င်းမှာ အာရုံစိုက်မှုများစွာကို ဆွဲဆောင်လာနိုင်လေရာ သူမ စိတ်ထဲမှ အနည်းငယ် ကျိန်ဆဲ လိုက်မိသည်။

“သူ ဘာလုပ်လိုက်တာလဲ”

လေထဲတွင် လေးဖက်လေးတန်မှ ချုပ်နှောင် ချိတ်ဆွဲခံထားရသည့် အဝါရင့်ရောင် မျက်လုံး ပိုင်ရှင် မိန်းကလေးက သူမ၏ ရုန်းကန်နေမှုကို ခဏတာ ရပ်တန့်လိုက်ရင်း စိတ်ရှုပ်ထွေးမှု များစွာဖြင့် မေးလိုက်သည်။ အပြာရောင် မျက်လုံးပိုင်ရှင် မိန်းကလေးကလည်း သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း မျက်လုံး ကျင့်စဉ်တစ်ခုကို သုံးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း... သူမအား ချုပ်နှောင်ထားသည့် စွမ်းအားက ဝိညာဉ်စွမ်းအား အသုံးပြုမှုကို အတင်းအကျပ် ဖိနှိပ်ထားသည်။ မိန်းကလေးက ဒေါသတကြီး ဆဲဆိုလိုက်ရင်း ၇၆ ယောက်မြောက် မင်းသားကို သေဒဏ်ချမည့် အလား စိုက်ကြည့်လိုက်သည်။

အနီရင့်ရောင် မျက်ဝန်းပိုင်ရှင် မိန်းကလေးမှာ သုံးဦးထဲတွင် အတည်ငြိမ်ဆုံး ဖြစ်သည်။

“သူက ဆလင်ဒါကို ဖွင့်ဖို့ အတွက် လိုအပ်တဲ့ စွမ်းအင်ကို ထည့်သွင်းလိုက်တဲ့ပုံ ရတယ်...”

သူမက ကောက်ချက်ချလိုက်၏။ အဝါရင့်ရောင် မျက်လုံး ပိုင်ရှင် မိန်းကလေးက သူမဘက်သို့ လှည့်လိုက်သည်။ ချုပ်နှောင်မှုကြောင့် လှုပ်ရှားရခက်ခဲနေသဖြင့် သူမ၏ လည်ပင်းက အနည်းငယ် အစ်သွား၏။

“ဘယ်လိုမျိုးလဲ”

မိန်းကလေးက ရုန်းကန်ရင်း တိုးလျသော အသံဖြင့် မေးလိုက်သည်။ ဆလင်ဒါ၏ တည်ရှိမှုနှင့် ပတ်သက်၍ ၎င်းအား ဖွင့်ရန် ဝိညာဉ်ယူနစ် နှစ်သန်း လိုအပ်ကြောင်း အနီရင့်ရောင် မျက်လုံး ပိုင်ရှင် မိန်းကလေးက သူတို့ကို အသိပေးခဲ့ပြီး ဖြစ်သည်။ အတွင်း၌ ရှိနေသူမှာ အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်နေနိုင်သည်ဟု မျှော်လင့်ချက်ဖြင့် သူတို့ အတူတကွ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထာဝရ သရဖူ အခမ်းအနားမှာ မည်ကဲ့သို့ ဖြစ်လာမည်ကို မသိသေးသော်လည်း အဂ္ဂိရတ် ပညာရှင်များကို ရသလောက် စုစည်းထားနိုင်ပါက အကောင်းဆုံး ဖြစ်သည်။

သို့သော်လည်း... သူတို့၏ ကြီးမားသည့် ကံကောင်းခြင်းမှာ ၇၆ ယောက်မြောက် မင်းသား ပေါ်လာခြင်းနှင့် အတူ ကြောက်မက်ဖွယ် ကောင်းလှသည့် ကံဆိုးခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တကယ်တမ်း ဆိုလျှင် ထိုပုဂ္ဂိုလ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များကတည်းက ပြိုင်ပွဲမှ ထွက်ခွာခဲ့သင့်သူ ဖြစ်သည်။

“...”

အနီရင့်ရောင် မျက်လုံးပိုင်ရှင် မိန်းကလေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ သူငယ်အိမ်များ အတွင်း တွက်ချက်မှု၊ စဉ်းစားမှု စသည့် အလင်းတန်း အမျိုးမျိုး လင်းလက်သွားခဲ့သည်။ မကြာခင်မှာပင် ဆလင်ဒါမှာ ပိုမို၍ ကြည်လင်လာကာ ထင်သာမြင်သာ ရှိလာခဲ့၏။

“...”

၇၆ ယောက်မြောက် မင်းသားနှင့် အမွှာသုံးဦးတို့မှာ အတွင်း၌ ရှိနေသည့် အရာကြောင့် အံ့ဩ တုန်လှုပ်သွားကြသည်။

တရှန်းမှာ အစပိုင်းတွင် အံ့အားသင့်သွားခဲ့သော်လည်း မကြာခင်မှာပင် ညင်သာစွာ ပြုံးလိုက်သည်။ သူမ၏ ရွှေရောင်မျက်လုံးများ အတွင်းရှိ နွေးထွေးမှုများက တိုးလာခဲ့ကာ နွေရာသီ၏ ကျက်သရေနှင့် နွေဦး၏ ထိတွေ့မှုတို့ကို ပေးစွမ်းလာခဲ့သည်။ သူမ၏ မျက်ဝန်းများ အတွင်း၌ ရာသီ နှစ်ခု၏ အညင်သာဆုံးသော ကာလများ ပါရှိနေသကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့က ခရမ်းရောင် နတ်ဆိုး မိန်းကလေး၏ ခံစားမှု အခြေအနေကို လုံးဝ ထင်ဟပ်နေသည်။

မိန်းမလေး တစ်ဦး...

အလွန် ငယ်ရွယ်သည့် မိန်းကလေးငယ်တစ်ဦးမှာ မွေးကင်းစ ကလေးငယ်ကဲ့သို့ ခန္ဓာကိုယ်ကို ကွေး၍ ညင်သာ နူးညံ့စွာ အိပ်ပျော်နေခဲ့သည်။ သူမ၏ အသက်ရှူသံများက လုံးဝ တည်ငြိမ်၏။ အစောပိုင်းက ထွက်ပေါ်ခဲ့သည့် ကျယ်လောင်လှသော အသံကြောင့် အနှောင့်အယှက် မဖြစ်ခဲ့ပေ။ သူမက အရောင် ခုနစ်ရောင်ပါရှိသည့် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမ၏ ဝတ်ရုံ နောက်ကျောပိုင်းတွင်တော့ ငွေရောင် ကြယ်ခုနစ်လုံး ထည့်သွင်း ထားသည့် ရွှေရောင် ကြေးအိုးခုနစ်လုံးကို လှပစွာ ထိုးထားခဲ့သည်။

သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့...

မိန်းမငယ်လေးမှာ လေးနှစ်ထက် ပို၍ မကြီးသေးသကဲ့သို့ အလွန်ပင် သေးငယ်လှသည်။ သူမ၏ အသားအရေမှာ အလွန်ပင် ချောမွေ့လှကာ နွေးထွေးသည့် အညိုရောင် အဆင်းက သူမ၏ သိမ်မွေ့ထူထဲသော မျက်ခုံးမွှေးများ၊ ခါးအထိရှည်သော အနက်ရောင်ဆံပင်များကို ပေါ်လွင်စေသည်။ သူမ၏ ပါးကလေးများကတော့ လှပစွာ ဖောင်း နေခဲ့၏။

မိန်းကလေး၏ အော်ရာက ညင်သာစွာ၊ ဖြည်းညှင်းစွာ၊ သိမ်မွေ့စွာနှင့် စည်းချက်ညီစွာ လှုပ်ရှားနေသည်။ သူမ၏ အော်ရာကို ထိုနေရာတွင် ရှိနေသူ အားလုံး သတိပြုမိကြကာ ပြင်ပသို့ ပျံ့လွင့်ထွက်လာသော အငွေ့အသက်များတွင်ပင် အဂ္ဂိရတ်နှင့် အသက် စွမ်းအင်များ ပါဝင်နေသည်။ မိန်းကလေး၏ အသက် အော်ရာမှာ ငါးနှစ်ထက် ပိုမို၍ ကြီးပုံ မပေါ်ပဲ အများဆုံးမှ လေးနှစ်ခန့်သာ ဖြစ်နိုင်ကြောင်း ဖော်ပြနေသည်။ သူမ၏ အသက်ရှူသံများမှာလည်း မယုံကြည်နိုင်လောက်အောင်ပင် သန့်စင်နေ၏။

“ကလေးမလေးလား...”

ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေး သုံးဦးမှာ အံ့အားသင့်မှု၊ မရေရာမှု၊ မယုံကြည်နိုင်မှုတို့ ရောထွေးနေသည့် အသံဖြင့် တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။

“ဟင်း...”

မိန်းမငယ်လေး၏ မျက်တောင်များက တဖျတ်ဖျတ် ခတ်သွားကာ နိုးထလာပုံ ရ၏။ သူမက လေထဲသို့ လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည်။ သူမ၏ နှုတ်ခမ်းလေးများက ပေါ့ပေါ့ပါးပါး လှုပ်ရှားလာကာ မျက်လုံးဝိုင်းလေးများမှာလည်း အသစ်ရရှိလာသည့် အလင်းရောင်နှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနေသည်။

သူမ ပထမဆုံး မြင်လိုက်ရသူကတော့ အလွန်တရာ ထွားကြိုင်းလှသည့် ခရမ်းရောင် မိန်းကလေး တစ်ဦး ဖြစ်သည်။ တရှန်း၏ မြင့်မားလှသော အရပ်နှင့် ကြီးမားလှသော ပုံသဏ္ဌာန်ကြောင့် မိန်းကလေးငယ်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။

“အစ်...အစ်မကြီး”

မိန်းမငယ်လေးက သူမ၏ သေးငယ်သော လက်ချောင်းလေးများဖြင့် တွန့်ကြေနေသည့် ဝတ်ရုံကို ပွတ်သပ်ရင်း ဖြည်းညှင်းစွာ ထလိုက်သည်။

တရှန်းမှာ နှလုံးသား အတွင်းမှ ကူရာကယ်ရာမဲ့မှုနှင့် အတူ အနည်းငယ် မဲ့ပြုံး ပြုံးလိုက်၏။ ထို့နောက် သူမက မိန်းမလေးငယ်ဆီသို့ လျှောက်သွားလိုက်သည်။ မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သူမ ဆလင်ဒါ အတွင်းကို ရောက်ရှိသွားခဲ့၏။

“ပေ့ယင်ယင်... မင်း ဒီမှာ ဘာလုပ်နေတာလဲ”

သူမက လက်တစ်ဖက်လက်ဖြင့် မိန်းမငယ်လေး၏ လက်ဖောင်းဖောင်းလေးများကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်း အခြားတစ်ဖက်လက်ဖြင့် ပါးကို ပွတ်သပ်ပေးလိုက်သည်။ သူမ၏ ကြီးမားသော ခရမ်းရောင် လက်ဝါးသည် မိန်းကလေးငယ်၏ မျက်နှာလေးထက်၌ အထူးပင် သိသာထင်ရှားနေသော်လည်း လှုပ်ရှားမှုများကတော့ အလွန် ညင်သာလှသည်။

“ဟိုဟာ...”

မိန်းမငယ်လေးမှာ သူမ လက်ပူးလက်ကြပ် အဖော်ခံလိုက်ရပြီ ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။ သူမက အကြောင်းပြချက်တစ်ခုခု ပေးရန် အလျှင်အမြန်ပင် ကြိုးစားလိုက်၏။ သူမ၏ တောက်ပသော မျက်လုံးဝိုင်းလေးများက အလွန်ဉာဏ်ရည်ထက်မြက်သူ တစ်ယောက် ဖြစ်ကြောင်း ထုတ်ဖော်ပြသနေသည်။

တရှန်းမှာ နှလုံးသားအတွင်းမှ သက်ပြင်းကိုသာ ဖွဖွလေးချနိုင်တော့သည်။

ပေ့ယင်ယင်...

လက်စသတ်တော့...

“ကလေးလေး တစ်ယောက်လား...”

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာလေရာ တရှန်း၏ အတွေးစများက လမ်းခုလတ်တွင်ပင် ပြတ်တောက် သွားခဲ့သည်။ သူမ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ သို့သော်လည်း ပေ့ယင်ယင် ရှိနေလေရာ သူမ အတွေးနှင့် အမူအရာများကို အလျှင်အမြန်ပင် ဖုံးကွယ်ရင်း ပြုံးလိုက်သည်။ မိန်းမငယ်လေးမှာလည်း အဆူမခံရစေရေး အတွက် အကြောင်းပြချက် တစ်ခု ပေးဖို့ အသည်းအသန် ကြိုးပမ်းနေလေရာ တရှန်း၏ ကြောက်မက်ဖွယ် အမူအရာကို မမြင်တွေ့လိုက်ပါချေ။

“ဒီမိန်းကလေးငယ်လေးက အလွန် သန့်စင်တဲ့ အဂ္ဂိရတ် စွမ်းအင် အော်ရာကို ပိုင်ဆိုင်ထားတယ်... သူက အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားတာ သေချာတယ်... ဒါပေမဲ့ သူ အဓိက ကျင့်ကြံထားတဲ့ စွမ်းအင်က အသက်စွမ်းအင်ပဲ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့... နောက်ပြီး ဒီဆလင်ဒါထဲမှာ ရှိနေတာကို ထောက်ရင် သူက သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်နေတာလား...”

အနီရင့်ရောင် မျက်လုံးပိုင်ရှင် မိန်းကလေးက အလွန်တရာ အံ့ဩနေသည့် လေသံဖြင့် ရေရွတ်လိုက်၏။ သူမ၏ လေသံက ထူးဆန်းစွာပင် ကျယ်လောင် နေခဲ့သည်။

“...”

အခြား မိန်းကလေး နှစ်ဦး၏ အမူအရာများမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ်သာ ရှိသေးသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးလား။ ၎င်းက ရူးသွပ်နေရုံမျှသာ မကဘဲ ကောင်းကင်ဘုံကိုပါ စိန်ခေါ်နေခြင်း ဖြစ်သည်။ သူမ၏ အသက်အရွယ် တစ်ခုတည်းကပင် အခြားသော အဂ္ဂိရတ် ပညာရှင် အားလုံးကို ရှက်ရွံ့စေလိမ့်မည်။

ထို့အပြင် သူမက အသက် စွမ်းအင်ကိုပါ ကျင့်ကြံနေသည်လား။ သူမက အဂ္ဂိရတ် သူတော်စင် တစ်ယောက် ဖြစ်နေသည်လား။

***

All Chapters