← Chapters

အချိန်ကျရောက်ခြင်း

Vol. 114 Ch. 1585

အချိန်ကျရောက်ခြင်း

Vol. 114 Ch. 1585

စက္ကန့်များ၊ မိနစ်များ၊ နာရီများမှာ တရွေ့ရွေ့ပင် ရွေ့လျား နေခဲ့၏။ နေ့ရက်များ၊ ရက်သတ္တပတ်များနှင့် လများ ကုန်ဆုံးသွားချိန်တွင်တော့ ထာဝရ လမ်းစဉ် ခရီးလမ်းမှာ အဆုံးသတ်ဖို့ ပိုမို နီးကပ်လာခဲ့တော့သည်။ ယခင်ကာလက ချိပ်ပိတ် နယ်မြေ အတွင်းရှိ ကျင့်ကြံသူများ အတွက် အတားအဆီး တစ်ခု သဖွယ် ဖြစ်ခဲ့သော ခါးသီးမှု နံရံများ၏ စံချိန်မှာ ယခုအခါတွင်တော့ ကျိုးပျက် သွားခဲ့ရပြီ ဖြစ်သည်။ ၎င်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် အတွင်း တဟုန်ထိုး ကြီးထွားလာခဲ့သည့် ခေတ်သစ်တစ်ခု၏ ပြရုဂ်ပင် ဖြစ်လေသည်။

အဖြူရောင် လမ်းစဉ်ကို ဖြတ်ကျော်ပြီးနောက် နားခိုရာ ဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာသည့် နာ့ရှင်းရီကို ကြည့်ရင်း ဆူညံသံများစွာ ပွက်ပွက်ဆူကာ ထွက်ပေါ်လာခဲ့သည်။ မကြာခင်မှာပင် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ် ဝူပိုင်ကျိုးမှာလည်း နာ့ရှင်းရီ နောက်သို့ လိုက်လာခဲ့သည်။ သူမမှာ အာရုဏ်ဦး မဟာ သူရဲကောင်းနှင့် ချိတ်ဆက်နေသူ တစ်ဦး အဖြစ် လူသိများသည်။ အချို့က သူမကို ဝူယု၏ တိုက်ရိုက် မျိုးဆက်ဟုပင် ဆိုကြသည်။ မကြာခင်မှာပင် ဝေ့ဝူယင်၏ တရားဝင် ကိုယ်လုပ်တော် ဖြစ်သည့် နဂါး နတ်မိမယ်လည်း ပူးပေါင်း လာခဲ့သည်။

ထို့နောက်တွင်တော့ အာဏာရှင် အဖွဲ့သားများ...

သူတို့ထဲမှ အများစုမှာ အဖြူရောင် လမ်းကြောင်းမှ ထွက်လာချိန်တွင် ပင်ပန်း နွမ်းနယ်ကာ နွမ်းလျ နေခဲ့သော်လည်း တစ်ယောက်မှ ရှုံးနိမ့်ခြင်း မရှိခဲ့ချေ။

အာရုဏ်ဦး ကြယ်ကွင်းပြင်မှ လူများသည် အာဏာရှင်အဖွဲ့များ ဝင်ရောက်လာသည့်အခါ ချက်ချင်းဆိုသလို အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ အများစုမှာ အဖြူရောင်လမ်းမှ ထွက်ခွာလာချိန်တွင် လုံးဝ ပင်ပန်းနွမ်းနယ်နေပြီး မောပန်းနွမ်းလျနေသော်လည်း တစ်ယောက်မျှ ရှုံးနိမ့်ခြင်း မရှိခဲ့ချေ။ လောကသခင်များ ပင်လျှင် အောင်မြင်ခဲ့ပေသည်။ ထိုအချက်က လူအုပ်ကြီးကို အံ့ဩမှင်သက် သွားစေခဲ့သည်။

စန်းယွန်းလီ တစ်ယောက် အဖြူရောင် လမ်းကြောင်း တတိယ အသုတ် အောင်နိုင်သူများနှင့် ရောနှော၍ ထွက်လာစဉ်တွင် စန်းလော့ယန်ကလည်း ထိုအရာ အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့် နေခဲ့သည်။ ထိုအသုတ်ထဲ၌ ယွီစွန်းလီ၏ တပည့်၊ မာ့လုလင်းနှင့် ယီယွင်တို့ပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြပေသည်။

“အောင်မြင်သွားတဲ့လူ အများစုက အာဏာရှင် အဖွဲ့သားတွေပဲ...”

စန်းလော့ယန် တိတ်တဆိတ် မှတ်ချက်ချလိုက်၏။ အာဏာရှင် တစ်ဦး တစ်ယောက်မှ ကျရှုံးခြင်း မရှိခဲ့လေရာ ဝေ့ဝူယင်၏ ပြုစုပျိုးထောင်မှုများက အလွန်ပင် ထိရောက်လှကြောင်း ဖော်ပြနေသည်။ ထိုအချက်က သူ့ကို ထိတ်လန့် စေခဲ့သည်။

ကံကောင်း ထောက်မစွာပင် သူတို့မှာ အောင်မြင်ခဲ့သည့် တစ်ဦးတည်းသော လူများ မဟုတ်ပါချေ။ အဖြူရောင် လမ်းကြောင်းကို ဖြတ်ကျော်ခဲ့သည့် အခြား ရွေးချယ်ခံ သုံးရာနီးပါးလည်း ရှိနေခဲ့သည်။ ပြောရလျှင် ၎င်းမှာ အံ့မခန်း များပြားလှသော အရေအတွက် ဖြစ်သည်။ ထိုရွေးချယ်ခံများထဲမှ အများစုမှာ ထိပ်တန်း တန်ခိုးရှင် အင်အားစုများ... အထူးသဖြင့် ဝေ့ဝူယင်နှင့် မဟာမိတ် ဖွဲ့ထားသည့် အင်အားစုများမှ ဖြစ်ပေသည်။

“အင်ပါယာ မင်းသားတွေလည်း တစ်ယောက်မှ မကျရှုံးခဲ့ဘူး... ဒါကတော့ မျှော်လင့်ထားတဲ့ ရလဒ်ပါပဲ”

စန်းလော့ယန်၏ မျက်လုံးများမှာ တောက်ပ နေခဲ့၏။ တစ်ချိန်တစ်ခါတုန်းက ထာဝရ လမ်းစဉ် ခရီးလမ်းမှာ ဒဏ္ဍာရီ တစ်ခု သဖွယ် ဖြစ်ခဲ့သည်။ ၎င်းမှာ ပါရမီရှင် များစွာကို မမေ့ဖျောက်နိုင်သည့် စိတ်ဒဏ်ရာ၊ အမာရွတ်များ ပေးခဲ့သည်။ အချို့က ကျရှုံးမှုကို အောင်မြင်မှု အဖြစ် ခံယူနိုင်ကာ ဧကရာဇ် ရှောင်ချွမ်း ကဲ့သို့ နာမည်ကြီး လာခဲ့သည်။ အချို့မှာလည်း ခလုတ်တိုက် လဲကျကာ ခေါင်းပင် မထောင်နိုင်တော့ပဲ အချိန် ဆိုသည့် ဒီရေလှိုင်းများ အကြား မှေးမှိန်သွားခဲ့သည်။ အများစုမှာ လျှို့ဝှက် အာဏာရှင် အဆင့်ကိုပင် မရောက်ခဲ့ပဲ ဘဝ တစ်ပါးသို့ ကူးပြောင်း သွားခဲ့ရသည်။

သို့သော်လည်း... ထိုပုဂ္ဂိုလ်များ၏ မျိုးဆက်များမှာ ယနေ့ ဤနေရာတွင် ရှိနေကြသည်။ သူတို့မှာ ဘိုးဘေးများ၏ နောင်တများကို ဖြည့်ဆည်းပေးနိုင်သည့် ခေတ်တစ်ခေတ်တွင် ကြီးပြင်းခွင့် ရခဲ့သည်။ နောင်လာနောင်သားများ တကယ့်ကို ကံကောင်းလှပေသည်။

စန်းလော့ယန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ အလင်း မျက်နှာပြင်ထက်၌ စုံတွဲတစ်ဦး၏ ပုံရိပ်က ထင်ဟပ် လာခဲ့သည်။ သူတို့ နှစ်ယောက်မှာ အဖြူရောင် လမ်းကြောင်းကို ဖြတ်သန်းပြီးနောက် ပင်ပန်း နွမ်းနယ်စွာဖြင့် အတူတကွ ထိုင်နေကြခြင်း ဖြစ်ပေသည်။

“လုံကွာ...”

ဝေးကွာလှသည့် အတိတ်တစ်ခုကို ပြန်လည် အမှတ်ရနေသကဲ့သို့ စန်းလော့ယန်၏ မျက်လုံးများက လွမ်းဆွတ်မှု အလင်းရောင်များနှင့် ပြည့်နှက် သွားခဲ့သည်။ ထိုမျက်ဝန်းများက ဖြည်းညင်းစွာပင် လှပသည့် ကျူးထန်ထန်ဘက်သို့ ရွေ့လျားသွားကာ ကျေနပ်ဖွယ်ရာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။

နားခိုရာ ဆိပ်ကမ်းတွင်တော့ လုံကွာမှာ ပက်လက်လှန် လှဲနေခဲ့၏။ အလွန်တရာ မောကြီးပန်းကြီး ဖြစ်နေသည့် အလား သူ့ ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့သည်။ သူ အော်ရာမှာ ဗြောင်းဆန်ကာ ပရမ်းပတာ ဖြစ်နေခဲ့၏။

“ဟူး... ဘယ်လောက်တောင် ခက်ခဲလိုက်တဲ့ နံရံလဲ...”

သူက တဟွတ်ဟွတ် ချောင်းဆိုးလိုက်ရင်း မောပန်း နွမ်းနယ်စွာ ညည်းညူလိုက်၏။ ကျူးထန်ထန်ကတော့ တင်ပျဉ်ချိတ် ထိုင်နေကာ မျက်လုံးများကို မှိတ်ထားခဲ့သည်။ သူမ၏ အမူအရာက တည်ငြိမ်နေသော်လည်း ဖြူရော်နေသည့် မျက်နှာက ဖုံးကွယ်လို့ မရသည့် အမှန်တရား တစ်ခုကို ဖော်ပြနေသည်။ သူမ အလွန်ပင် ပင်ပန်း နွမ်းနယ်နေပေသည်။

လုံကွာနှင့် ကျူးထန်ထန် တို့နှစ်ယောက်မှာ ဒုတိယ အသုတ် အောင်မြင်သူများထဲ၌ ပါဝင်ပေသည်။ သူတို့ နှစ်ယောက်မှာ အပြာရောင်လမ်း၊ မဲနယ်ရောင်လမ်းနှင့် ခရမ်းရောင်လမ်းတို့တွင် အာဏာရှင်များ၏ နောက်မှ လိုက်ကာ သူတို့ ဖောက်သည့် လမ်းကြောင်းများအား အဆင်သင့် ဝင်ရောက် လျှောက်လှမ်းခဲ့သည်။ ကံဆိုးစွာပင် ခရမ်းရောင် လမ်းကြောင်း တစ်ဝက်ခန့်သို့ အရောက်တွင်တော့ ကိုယ်တိုင် စတင် တိုက်ခိုက်ခဲ့ရသည်။

အဆိုးထဲမှ အကောင်း တစ်ခုက တစ်ခုက သူတို့လို အခြားလူများလည်း ရှိနေသေးခြင်း ဖြစ်သည်။ လုံကွာနှင့် ကျူးထန်ထန်တို့မှာ သူတို့ကို တိုက်ခိုက်ကာ ခါးသီးမှတ်များကို စုဆောင်းခဲ့သည်။ ဤသို့ဖြင့် ခရမ်းရောင် လမ်းကြောင်းကို သူတို့ ကျော်လွန်နိုင်ခဲ့ကြသည်။

ခရမ်းရောင်လမ်းကို ကျော်လွန်ခဲ့ပြီးနောက်၊ အဖြူရောင် လမ်းကြောင်းကို ဖြေရှင်းရာတွင်တော့ ကိုယ်ပိုင် စွမ်းအားများကို သုံးခဲ့ရသည်။ သူတို့ နှစ်ယောက် တစ်ယောက် ရှာဖွေကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ သူတို့၏ စွမ်းအား အများစုကို အဆင့်နိမ့် နံရံများတွင် အသုံးမချခဲ့ရတာ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ နားခိုရာ ဆိပ်ကမ်းတွင် ပြန်လည် နာလန်ထူရန် မလိုအပ်ခဲ့ချေ။ သို့မဟုတ်ပါက... ပေးထားသည့် အချိန် ရှစ်ဆယ့်တစ်ရက် အတွင်း သူတို့ ဘယ်လိုနည်းနှင့်မျှ အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။

အခြားလူများစွာ အတွက်လည်း အတူတူပင် ဖြစ်သည်။ အာဏာရှင်များမှာ သူတို့၏ အောင်မြင်မှုများ အတွက် များစွာ အထောက်အကူ ပြုခဲ့ပေသည်။ ထိပ်တန်း ရွေးချယ်ခံများ အနေဖြင့် သူတို့၏ ကြယ်တာရာ စွမ်းအင်များကို သန့်စင်ရန် အလွန် ခက်ခဲသော်လည်း ဆုံးရှုံးရန်မှာ လွယ်ကူပေသည်။ နံရံများကို ချိုးဖျက်ရန် အတွက် အဆင့် ဝိညာဉ် ကျင့်စဉ်များကို အားကိုးရလေရာ ၎င်းမှာ အမှန်တကယ်ပင် ပင်ပန်း နွမ်းနယ်ရသည့် ကိစ္စတစ်ခု ဖြစ်သည်။

နောက်ဆုံး နံရံဆိုလျှင် အလွန့် အလွန်ပင် ခက်ခဲလွန်းလှသည်။ အာဏာရှင် အဖွဲ့ဝင် အချို့ပင်လျှင် မနည်း ရုန်းကန် ခဲ့ကြရသည်။

လုံကွာ ဘေးသို့ ကြည့်လိုက်ရာ ရွေးချယ်ခံ အုပ်စု တစ်စုမှာ ရွှယ်ရီဖေး၏ ပတ်လည်တွင် စုဝေးကာ စကားပြောဆိုနေသည်ကို တွေ့လိုက်ရသည်။ နတ်ဘုရားများနှင့် မိစ္ဆာများပင်လျှင် လှုပ်ခတ် သွားစေနိုင်သည့် သူမ၏ အလှအပကို ကြည့်ရင်း လုံကွာ တစ်ယောက် သက်ပြင်းချလိုက်မိသည်။

လုံကွာ၏ အတွေးများကို ဖတ်မိသည့် အလား ကျူးထန်ထန်၏ မျက်လုံးများက ပွင့်လာကာ သူ့ကို ကြည့်လိုက်သည်။ လှပသည့် ထိုမျက်ဝန်းများ အတွင်းတွင် အန္တရာယ် ရှိသည့် အေးစက်စက် အလင်းရောင် တစ်ခု ရှိနေခဲ့လေ၏။

သို့သော်လည်း... လုံကွာမှာ သူမ၏ တုန့်ပြန်မှုကို သတိပြုမိလောက်အောင်ပင် စွမ်းအင် မရှိခဲ့ပါချေ။ ထို့အစား... ရွှယ်ရီဖေး၏ လှပသည့် မျက်နှာကလေးကိုသာ ဆက်လက် ငေးကြည့် နေမိသည်။

“တစ်ခါတစ်လေတော့ ငါလည်း မိန်းကလေး တစ်ယောက် ဖြစ်ချင်တယ်... မင်းလို အရမ်း လှပတဲ့ မျက်နှာလေးနဲ့ပေါ့... အဲဒါဆို ဘာမှ ရုန်းကန်စရာ မလိုပဲ ကောင်းတဲ့အရာတွေ အားလုံးကို ရနိုင်တယ်”

သူက ကျူးထန်ထန်ကို ပြောသည့် အလား ခပ်တိုးတိုး ရေရွတ်လိုက်၏။

“...”

မိန်းကလေးမှာ တစ်ခဏမျှ ဆွံ့အသွားခဲ့၏။ သူမ၏ မျက်ဝန်းများ အတွင်းမှ အလင်းရောင်များမှာ ပျောက်ကွယ် သွားခဲ့ကာ ရွှယ်ရီဖေးကို လှမ်းကြည့်လိုက်သည်။ လုံကွာ၏ စကားလုံးများက သူမနှင့် ရွှယ်ရီဖေးတို့ကို တန်းတူထားကြောင်း ရည်ညွှန်းနေလေရာ သူမ ခံစားနေရသည့် မလုံခြုံမှု၊ သိမ်ငယ်မှု အားလုံးက လွင့်စဉ် ပျောက်ကွယ် သွားခဲ့သည်။

“ဒါပေမဲ့”

လုံကွာက လှဲနေရာမှ ပြန်လည် ထလိုက်ရင်း လက်မောင်းများကို ဆန့်တန်း လိုက်သည်။

“ကောင်းမွန်တဲ့ ဘဝ တစ်ခု ရဖို့ အတွက် ရုပ်ရည်လှပတာက တစ်ခုတည်းသော နည်းလမ်းလို့ တွေးတာက မိုက်မဲလွန်းရာ ကျတယ်... မင်းပဲ ဖြစ်ဖြစ် ရွှယ်ရီဖေးပဲ ဖြစ်ဖြစ် နာ့ရှင်းရီ ဒါမှမဟုတ် မာ့လုလင်းပဲ ဖြစ်ဖြစ် အားလုံးက လက်ရှိ အဆင့်ကို ပိုင်ဆိုင်ဖို့ ကိုယ်ပိုင် နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ကြရတာချည်းပဲ... အခက်အခဲတွေ၊ အတားအဆီး‌တွေ အဆင့်ဆင့်ကို ကျော်ဖြတ်ကြရမှာပဲ... ဒါပေမဲ့ ယုံကြည်စိတ်ချလို့ ရတဲ့ ယောက်ျား တစ်ယောက်ကို ပိုင်ဆိုင်ထားတာက ကောင်းမွန်တဲ့ ဘဝ တစ်ခုကို တည်ဆောက်ဖို့ အားဖြည့်ဆေးတစ်လုံးလိုပဲ... ယုံကြည်စိတ်ချရတဲ့ မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရတာလည်း အတူတူပါပဲ”

“...”

ကျူးထန်ထန် တိတ်ဆိတ် ငြိမ်သက်သွား၏။ ယခုလို အခိုက်အတန့်များက သူမကို တစ်ချို့သော အကြောင်းအရာများအား ပြန်လည်၍ အမှတ်ရစေသည်။ နေဦး...။

“ဒါဆို ရှင်က မိုက်မဲတယ်လို့ ဝန်ခံလိုက်တာလား...”

ကျူးထန်ထန်က အနည်းငယ် ပြုံးလိုက်၏။ လုံကွာ၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွားကာ သူ့ အမှားကို သဘောပေါက်လိုက်သည်။ သူ အဆင်မပြေစွာပင် နှာခေါင်းကို ပွတ်သပ်လိုက်မိ၏။ ထို့နောက် ချောင်းတစ်ချက် ဆိုးလိုက်ရင်း...

“ငါ့ဘဝမှာ မိုက်မဲဖူးတာ တစ်ခုပဲ ရှိတယ်... အဲဒါက မင်းကို အရူးအမူး ချစ်နေခဲ့တာပဲ”

“ကောင်းလိုက်တဲ့ ကာကွယ်မှု...”

ကျူးထန်ထန် လက်မကို ထောင်ပြလိုက်၏။ ထို့နောက် သူမ မထိန်းချုပ်နိုင်ပဲ ရယ်မောလိုက်တော့သည်။

စန်းလော့ယန်မှာ သူတို့ နှစ်ယောက်ကို တိတ်တဆိတ် ကြည့်ရင်း လုံကွာ၏ ဘိုးဘေး အကြောင်း ပြန်လည် တွေးတော လိုက်မိသည်။ သူတို့နှစ်ယောက်က အတော်လေးကို တူညီသည်။ ထူးဆန်းစွာကို တူညီသည်။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ စန်းယွန်းလီမှာ သူတို့ နှစ်ယောက်ကို ချဉ်းကပ်ကာ အစီအစဉ် တစ်စိတ်တစ်ပိုင်းကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ သူ၏ ထိုမွေးစားသမီးလေးမှာ ကျင့်ကြံခြင်း ဆိုသည့် အဆုံးမဲ့ စစ်တုရင်ခုံကြီး ပေါ်တွင် စစ်မှန်သည့် ကစားသမား တစ်ဦး ဖြစ်လာနေခဲ့ပြီ ဖြစ်လေရာ ထိုအတွက် သူ ကျေနပ် နေမိသည်။

...

ရှစ်ဆယ့်တစ်ရက် ဆိုသည့် အချိန် လျှင်မြန်စွာ ကုန်ဆုံးလာသည်နှင့် အမျှ ထာဝရ လမ်းစဉ် ခရီးလမ်း၏ ရလဒ်များမှာလည်း ပေါ်လွင်လာခဲ့သည်။ သောင်းပေါင်းများစွာသော ရွေးချယ်ခံများမှာ အဖြူရောင် လမ်းစဉ်ကို သိမ်းပိုက်ကာ ဒုတိယ အဆင့်ကို ပြီးမြောက် စေခဲ့ကြသည်။

“နောက်ဆုံးတော့ အချိန်ရောက်ပြီ”

စန်းလော့ယန်က တည်ငြိမ်စွာပင် ကြေညာလိုက်၏။ လွန်ခဲ့သည့် နှစ်များ တစ်လျှောက် ချိပ်ပိတ် နယ်မြေသား တစ်ဦး တစ်ယောက်မှ ဒုတိယ အဆင့်ကို ဖြတ်ကျော်ကာ တတိယ အဆင့်နှင့် နောက်ဆုံး အဆင့် ဖြစ်သည့် “ထာဝရ သရဖူ စိန်ခေါ်ပွဲ” အဆင့်ကို ရောက်ရှိခြင်း မရှိခဲ့ကြချေ။ စန်းလော့ယန် ထာဝရသော့ကို ကိုင်ဆောင်ရင်း လျှို့ဝှက် စွမ်းအင်များစွာကို ဖြည့်တင်း ပေးနေခဲ့၏။ ၎င်းမှာ တဖြည်းဖြည်းချင်း ပိုမို၍ အားကောင်းလာကာ တုန်ခါသည့် အသံများကို ထုတ်လွှတ် လာခဲ့သည်။

စန်းလော့ယန် စိတ်ထဲမှ ဂုဏ်ယူမှုများကို ခံစားနေခဲ့ရ၏။ နောက်ဆုံး၌ သူ၏ ကမ္ဘာမှ ကျင့်ကြံသူများမှာ အစစ်အမှန် ရွေးချယ်ခံများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထိုလူများမှာ အလွှာအပြင်ဘက်မှ လာကြသူများ ဖြစ်ပေသည်။

***

All Chapters