← Chapters

တတိယမြောက် ဝှက်ဖဲ

Vol. 114 Ch. 1584

တတိယမြောက် ဝှက်ဖဲ

Vol. 114 Ch. 1584

ဝေ့ဝူယင် အခြား အလင်းလုံးလေးများကို ဆက်လက်၍ စစ်ဆေး နေခဲ့၏။ မကြာခင်မှာပင် အလင်းလုံး တစ်ခုကို တွေ့ရှိသွားကာ သူ့မျက်လုံးများက ငွေရောင် တလက်လက် တောက်ပသွားခဲ့သည်။

“ဒီမှာ အသွင်ပြောင်းလဲခြင်း သင်္ကေတ တစ်ခုလည်း ရှိသေးတယ်...”

သူ ထိုအလင်းလုံးကို ထိတွေ့လိုက်ရာ ရောင်ခြည်များက သူ့ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့သည်။ ၎င်းမှာ သာလွန်ခြင်း အဆင့် အရည်အသွေး၏ ရောင်ခြည် ပါးပတ် တစ်ခု ပုံသဏ္ဌာန် ရှိကာ ကိုယ်ထည်ပေါ်တွင် လျှို့ဝှက် သင်္ကေတများစွာကို ရေးထွင်းထား၏။ အဖြူရောင် မြူခိုးများက ၎င်းကို ဝန်းရံ၍ ကခုန်နေသည်။

၎င်းကို အဂ္ဂိရတ် သင်္ကေတ ခုနစ်မျိုးထဲတွင် အဆင့်နိမ့် သင်္ကေတ အဖြစ် သတ်မှတ်ထားသည်။ စန်းယွန်းလီမှာ တစ်ချိန်တစ်ခါက ရှေးဟောင်း နယ်မြေ တစ်ခုတွင် ထိုသင်္ကေတ ပါဝင်နေသည့် မှော်သန့်စင် ဆေးအိုး တစ်ခုကို ရရှိခဲ့သည်။ သူမက ထိုသင်္ကေတကို အသုံးပြုကာ စန်းလော့ယန်အား မြေကြီး အဂ္ဂိရတ် ရှန့်ထို အဆင့် ရောက်အောင် ကူညီပေးခဲ့သည်။

သို့သော်လည်း... ဤသင်္ကေတမှာ စန်းယွန်းလီ ရရှိခဲ့သည့် သင်္ကေတထက် သိသိသာသာ ပိုမို မြင့်မားသော အဆင့်တစ်ခုတွင် ရှိနေပေသည်။ ၎င်းမှာ လျှို့ဝှက်မြေကြီး အဆင့် ပစ္စည်းများကို တဖြည်းဖြည်းချင်း သန့်စင် ပေးနိုင်ကာ လုံလောက်သည့် ချိန် ရရှိလာကာ မသန့်စင်သည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုပင် အရည်အသွေး အထွတ်အထိပ် အဆင့်သို့ ပြောင်းလဲ ပေးနိုင်သည်။ သို့သော်လည်း... ထိုကဲ့သို့ ပြုလုပ်ရန် နှစ်ပေါင်း ထောင်ချီ ကြာမြင့်နိုင်လေရာ မသန့်စင်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို အရည်အသွေးနိမ့် အဆင့်သို့ ပြောင်းလဲရန်သာ ပိုမို၍ အသုံးပြုလေ့ ရှိကြသည်။

သေမျိုးအဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို သာလွန်ခြင်း အဆင့် အရည်အသွေးသို့ ပြောင်းလဲရန် အတွက်လည်း ထိုကဲ့သို့ အဂ္ဂိရတ် သင်္ကေတများကို အသုံးပြုကြသည်။ အလွှာအပြင်က လောကရှိ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသော အဂ္ဂိရတ် ထုတ်ကုန် အများစုမှာ ထိုကဲ့သို့ နည်းလမ်းများကို အသုံးပြုကာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုနည်းလမ်းအား အသက်သွင်းရန် အတွက် အသန့်စင်ဆုံး အဂ္ဂိရတ် မြူနှင်းများနှင့် အဂ္ဂိရတ် ဝိညာဉ် အလင်းများကို မှန်ကန်စွာ အားဖြည့် အသုံးပြုဖို့ လိုအပ်သော်လည်း ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း လူမှု အဖွဲ့အစည်းများ အတွက်တော့ ပြဿနာ တစ်ခု မဟုတ်ပါဆချ။

“ဒါတွေက တော်တော် ရက်ရောတဲ့ ဆုလာဘ်တွေပဲ”

ကျန်ရှိသည့် အလင်းလုံး တစ်ခုချင်းစီတင်လည်း အဂ္ဂိရတ် တာအိုနှင့်ပတ်သက်သော အရာများ၊ အမျိုးမျိုးသော လျှို့ဝှက်မြေကြီး အဆင့် ဆေးဖော်စပ်နည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့မှာ သူ့အတွက် များစွာ အသုံးမဝင်လှသော်လည်း အချို့မှာ အဆုံးမဲ့ ခရီးသွား နယ်မြေ အတွင်းရှိ စာကြည့်တိုက်များနှင့် ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင်ပင် မပိုင်ဆိုင်ခဲ့ဖူးသော အရာများဖြစ်သည်။ ၎င်းတို့၏ အဆင့်များက အလွန် မြင့်မားခြင်း မရှိသော်လည်း အကြောင်းအရာများကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာရန်အတွက် ဝေ့ဝူယင် ဧဒင်စာကြည့်တိုက်ထဲသို့ ပေးပို့လိုက်သည်။

“ငါ့ အထင် ဒီအမွေခံ ဝိညာဉ် ဉာဏ်ပညာ သင်္ကေတက ထျန်းရှောင်လော့အတွက် ရည်ရွယ်တာ ဖြစ်မယ်”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ထျန်းရှောင်လော့ကို တစ်ချက် လှမ်းကြည့်လိုက်ရင်း သူ စပ်စုလိုစိတ်များ ပေါ်လာခဲ့သည်။ မိန်းကလေး၏ လက်ရှိ စွမ်းရည် အရ ဆိုလျှင် နောက်ဆုံး အဆင့်ကို အောင်မြင်ဖို့ လုံးဝ လုံးဝ မလွယ်ကူပါချေ။

သုံးသပ်ကြည့်ရပါက ကောင်းကင်တာအိုမှာ ထိုကံကောင်းခြင်းကို သူမအား တိုက်ရိုက် ပေးခြင်းမျိုး မဟုတ်ပဲ အခွင့်အရေး တစ်ခု အနေဖြင့်သာ ထားရှိခြင်း ဖြစ်နိုင်ပေသည်။ ၎င်းမှာ ကံတရား တစ်ခုတည်း အပေါ် လုံးဝ မှီခိုနေခြင်း မဟုတ်ဘဲ ရဲစွမ်းသတ္တိ၊ စွမ်းရည်၊ ပါရမီနှင့် စိတ်ဆန္ဒတို့အပေါ်တွင်လည်း မူတည်နေပေသည်။ သို့သော်လည်း...

“စန်းယွန်းလီများလား”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ စန်းယွန်းလီမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း ကောင်းချီးခံများ၏ ကမ္မ ကံကောင်းခြင်းများကို ခိုးယူနေသည့် လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်သည်။ သူမ၏ တည်ရှိမှုက ကောင်းချီးခံများ အတွက်သာ မက သူ့ အတွက်ပါ အန္တရာယ်များပေသည်။

“စန်းယွန်းလီလား”

ထိုနာမည်ကို ကြားလိုက်သော အခါ ဝမ်ယုထျန်း နားစွင့်လိုက်သည်။ ထိုကလေးမမှာ ဝိုင်ကယားကိုင် ကောင်လေး၏ မွေးစားသမီး မလား။

“ဘာမှ မဟုတ်ပါဘူး”

ဝေ့ဝူယင် ခေါင်းခါလိုက်၏။ သူ အတွေးလွန်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထျန်းရှောင်လော့ထံတွင် လျှို့ဝှက် ရတနာ တစ်ခုခု ရှိကောင်း ရှိနေနိုင်ပေသည်။ သူမက ထူးခြားသည့် မှော်သန့်စင် ဆေးအိုး တစ်ခု သို့မဟုတ် အထူး ဖော်စပ်နည်း တစ်ခုကို ရုတ်တရက် ထုတ်ဖော်ကာ နောက်ဆုံး အဆင့်ကို အနိုင်ယူလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

ဝေ့ဝူယင် အတွေးစများကို ခပ်မြန်မြန်ပင် ဖြတ်လိုက်ကာ အလင်းလုံး အားလုံးကို သူ့ ရှန့်ထို လက်စွပ် အတွင်း ထည့်သွင်းလိုက်၏။

“နောက်ဆုံး ဆုလာဘ်က ဘာလဲ”

ဝေ့ဝူယင် စပ်စုလိုသည့် မျက်ဝန်းများဖြင့် ဝမ်ယုထျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ အလင်းလုံးများမှာ အလွန် တန်ဖိုးရှိကာ ထူးခြားလှသော်လည်း အဆင့် ၈၁ ဆင့်ကို ပြီးမြောက်ခြင်းဖြင့် ရရှိနိုင်သည့် ကျပန်း ဆုလာဘ်များသာ ဖြစ်ကာ နောက်ဆုံး အဆင့်ကို အောင်မြင်ခြင်း အတွက် ရရှိနိုင်သည့် ဆုလာဘ်များ မဟုတ်ပါချေ။

“ဒီဟာပဲ”

ဝမ်ယုထျန်းက သူ့လက်ဖဝါး အလွတ်ကို ဖွင့်ပြလိုက်၏။ ဖြည်ညင်းစွာပင် အရည်ပြား အတွင်းမှ ပေါက်ထွက် လာသကဲ့သို့ ပုံရိပ်တစ်ခုမှာ လက်ဖဝါး အလယ်ဗဟိုတွင် ပေါ်လာခဲ့သည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာခဲ့လေ၏။

“ဒီဟာက...”

ဝေ့ဝူယင် ထိုပုံရိပ်ကို အလုံးစုံသော စိတ်ဝင်စားမှုများနှင့် ကြည့်နေခဲ့သည်။ ဝမ်ယုထျန်း တိတ်ဆိတ်စွာပင် စောင့်နေခဲ့၏။ ဝေ့ဝူယင်မှာ ထိုအရာကို သိနေသည့် အပေါ် သူ မအံ့ဩပါချေ။ ဝေ့ဝူယင်နှင့် ပတ်သက်၍ သူ့ထံတွင် နောက်ထပ် အံ့ဩစရာများလည်း မရှိတော့ချေ။

“ဒါက ထွက်ခွင့် အမိန့် သင်္ကေတ အစီအရင်ပဲ... ဒါပေမဲ့ တစ်ကြိမ်သုံးပဲ သုံးလို့ရတယ်... အဲဒါကို သုံးပြီး မင်း အနေနဲ့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ ယန္တရား အစီအရင်ကို ဖွင့်နိုင်တယ်... အစီအရင်က မင်းကို ထာဝရ ဧကရာဇ်ရဲ့ နယ်မြေဆီ တိုက်ရိုက် ပို့ဆောင် ပေးလိမ့်မယ်... ဟိုရောက်ရင် ထာဝရ ဧကရာဇ်က မင်းကို သူ့ရဲ့ တပည့်အဖြစ် လက်ခံလိမ့်မယ်”

ဝမ်ယုထျန်းက စကားလုံး တစ်လုံးချင်းစီကို အလွန်တရာ လေးနက်လှသည့် လေသံဖြင့် ပြောလိုက်သည်။ ၎င်းမှာ လူတိုင်း တိုက်ပွဲဝင်နေခဲ့ကြသည့် အရာ ဖြစ်သည်။ ၈၁ ခုမြောက် အဆင့်ကို ရောက်ရှိလာသည့် လူတိုင်း နောက်ဆုံးအဆင့်ကို မဆိုင်းမတွ စိန်ခေါ်ခဲ့ကြသည့် အကြောင်းရင်း ဖြစ်သည်။ အလွှာအပြင်က လောကမှ အဂ္ဂိရတ် ပညာရှင်တိုင်းမှာ ထိုအခွင့်အရေး အတွက် တောင့်တကြသည်။ ထို့အပြင် ၎င်းမှာ ချိပ်ပိတ်နယ်မြေသားများ အကျိုးဆက် တစ်စုံတစ်ရ မရှိပဲ မှန်ကန်စွာ လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။

“ဟား ဟား...”

ဝေ့ဝူယင် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်၏။ သူ၏ အသံက စစ်မှန်သည့် ပျော်ရွှင် ဝမ်းမြောက်မှုများနှင့် ပြည့်နှက် နေပေသည်။

“အစတုန်းကတော့ ခွန်အားကိုပဲ အားကိုးပြီး လုပ်ရတော့မယ် တွက်ထားတာ... ခု တော်တော်လေး လွယ်ကူသွားပြီ... ကျေးဇူးပဲ”

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ထိုသင်္ကေတဖြင့် ရောင်ပြန်ဟပ် နေခဲ့၏။ သူ၏ အသိစိတ် ပင်လယ်ထဲတွင် အလားတူ သင်္ကေတ တစ်ခု ပေါ်လာခဲ့သည်။ ၎င်းကို ထူးခြားသည့် ဟင်းလင်းပြင် စွမ်းအင်လှိုင်း တစ်ခုက ရစ်သိုင်းထား၏။ နေရာအနှံ့မှ အစစ်အမှန် နဂါး စွမ်းအင်စီးကြောင်းများမှာ ၎င်းထံသို့ တိုးဝင်လာနေကာ တည်ရှိမှုကို အနည်းငယ် ပြောင်းလဲ လာစေခဲ့သည်။

“ဟမ်...”

ဝမ်ယုထျန်းမှာ ဝေ့ဝူယင်၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ လူအိုကြီး၏ စိတ်ရှုပ်ထွေးနေသည့် အမူအရာကို ကြည့်ရင်း ဝေ့ဝူယင် ပြုံးလိုက်သည်။

“ဒီဟာနဲ့ ဆိုရင် ကျုပ်အိမ် အတွက် တတိယမြောက် ဝှက်ဖဲကို ရပြီလေ”

သူ့ မျက်နှာထက်ရှိ အပြုံးမှာ အလွန်ပင် တောက်ပနေလေရာ ဝမ်ယုထျန်းမှာ အကြောင်းပြချက် မရှိ ပြုံးလာခဲ့သည်။ ထို့နောက် သူတို့ နှစ်ယောက် အတူတူ အော်ဟစ် ရယ်မောလိုက်တော့၏။

“ဒီအစီအရင်ကို တစ်ယောက်ယောက်ကို ပေးလို့ ရတယ်”

ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်လိုက်မိ၏။ ဤသို့ဖြင့် မည်သူ့အား ပေးရမည်ကို သူ တွေးတော နေမိခဲ့တော့သည်။

**

All Chapters