အဂ္ဂိရတ်ပညာတွင် ထူးချွန်ခြင်း။ မုန်တိုင်းဝဲဂယက်၏ဗဟို။
Vol. 10 Ch. 141
စူးချန်ခုန်းသည် မောက်မာပြီး အမိန့်အာဏာပေးနေသော အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းကို မလိမ်ချိုးမိအောင် ထိန်းချုပ်ကာ ခေါင်းကို တွင်တွင်ခါလေ၏။ "မဖြစ်ဘူး! အဂ္ဂိရတ်ဆရာတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အခြေခံ ကိုယ်ကျင့်သိက္ခာရှိရမယ်။ ပြီးတော့... ဆေးပြားမှာ ပြဿနာရှိနေရင် ဒုတိယသခင်မလေးက ကျွန်တော့်ကို အလွှတ်ပေးမှာ မဟုတ်ဘူး!"
"စိတ်မပူနဲ့။ ဒုခေါင်းဆောင်က မင်းကိုကာကွယ်မယ့် အချိန်ရောက်လာရင် ဘယ်သူကမှ မင်းကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး" ဟု သူက ရှင်းလင်းစွာ ဆိုလေ၏။ စူးချန်ခုန်းကို သူတို့၏ စစ်ပွဲ လမ်းကြောင်းပေါ်သို့ အတင်းအကြပ်အကြပ်တင်ရန် စီစဉ်နေတာဖြစ်သည်။
အကယ်၍ စူးချန်ခုန်းသည် ဆေးကို အမှန်တကယ် အဆိပ်ခတ်ပြီး ပြဿနာတက်လာပါက မုန့်စန်း၏ အကျင့်စရိုက်အရ စူးချန်ခုန်းကို အမှန်တကယ် ကာကွယ်နိုင်မည် မဟုတ်ပေ။ သူ့ကို ဒီအတိုင်း ရောင်းစားလိုက်မှာ ဖြစ်သည်။
ယခုအချိန်တွင် စူးချန်ခုန်းတွင် ရွေးစရာတစ်ခုသာ ရှိတော့သည်။ အဲ့တာက ဟန်ဆောင် သဘောတူရန်ဖြစ်သည်။ သို့သော် ရည်ရွယ်ချက်ရှိရှိ ကျရှုံးအောင်လုပ်လိုက်ပါက အဆိပ်ခတ်ရန် မလိုတော့ပေ။ ဒီလိုဆိုရင် ဆေးပြားနှင့်ဆိုင်ရာ ပြဿနာများအတွက် စိတ်ပူစရာမလိုတော့ဘဲ မုန့်စန်း၏ဆန္ဒကို ကျေနပ်စေနိုင်သည်။
သို့သော် စူးချန်ခုန်းသည် ထုံးစံအတိုင်း ခေါင်းခါကာ အထပ်ထပ်အခါခါ ငြင်းလေ၏။ “မဟုတ်ဘူး… မဟုတ်ဘူး… ကျွန်တော် မလုပ်နိုင်ဘူး… အဲ့ဒီကိစ္စသာ ပေါ်သွားရင် သူတို့ ကျွန်တော့်ကို သတ်လိမ့်မယ်!”
သူသည် အကြိမ်အနည်းငယ် ငြင်းဆိုရန် ဟန်ဆောင်ပြီးမှ အင်တင်တင်နှင့် သဘောတူချင်ယောင်ဆောင်လိုက်မည်။ ထို့နောက် အဂ္ဂိရတ်ထိုးနေစဉ်တွင် အဆိပ်ခတ်စရာမလိုအောင် ရည်ရွယ်ချက်ရှိရှိ ကျရှုံးစေမည်။ အဲ့ဒါက အကောင်းဆုံး ဖြေရှင်းနည်းပင်။
သို့သော်လည်း စူးချန်ခုန်း၏ ဟန်ဆောင်ငြင်းဆန်မှုကြောင့် စိတ်မရှည်သော အနက်ရောင် ၀တ်စုံနှင့်လူက "ငါ မင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး။ မင်း နာခံလိုက်တာ ပိုကောင်းမယ်။မဟုတ်ရင်တော့ မင်းလည်း အဲဒီ အဘိုးကြီး ကုန်းကျန့်လို အဆုံးသတ်သွားလိမ့်မယ်!"
ကုန်းကျန့်အကြောင်း ပြောသောကြောင့် စူးချန်ခုန်း အံ့အားသင့်သွားလေ၏။
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းသို့ ရောက်လာခဲ့ပြီး ကုန်းကျန့်ထံမှ ညွှန်ကြားချက်ကို ရရှိခဲ့ကာ အဂ္ဂိရတ်ပညာကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာပြီး လျင်မြန်စွာ တိုးတက်အောင်မြင်လာပြီးနောက် ကုန်းကျန့်အား ပျော်ရွှင်စွာ အနားယူစေခဲ့သည်။ သို့တိုင် ကုန်းကျန့် ဝေလငါးကြီးဂိုဏ်းမှ ထွက်ခွာသွားသည့်နေ့တွင် သူတို့နှင့် သိပ်မဝေးသော နေရာ၌ ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး သူ၏ ဦးခေါင်းနှင့် နှလုံးသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ဧရာမဝေလငါးဂိုဏ်းသည် လူသတ်သမားကို ပြင်းပြင်းထန်ထန် စုံစမ်းခဲ့သော်လည်း တရားခံမတွေ့သဖြင့် ထိုကိစ္စကို ရုတ်သိမ်းလိုက်ရသည်။ စူးချန်ခုန်းကလည်း ဒီအဖြစ်အပျက်ကို အာရုံစိုက်ပြီး စောင့်ကြည့်ခဲ့ပေမယ့် အသုံးဝင်တဲ့ အချက်အလက်တွေ မရခဲ့ပါ။
ထိုအချိန်တုန်းက စူးချန်ခုန်းသည် ကုန်းကျန့်အားသတ်သည့် လူသတ်သမား၏ သရုပ်ကို ခန့်မှန်းခဲ့သည်။ သူက ပြိုင်ဘက်ဂိုဏ်းတစ်ခုထဲမှ ဖြစ်နိုင်သလို မိစ္ဆာနတ်ဆိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့မဟုတ် သူရန်စခဲ့မိသော ဂိုဏ်းတွင်းရှိ တစ်ယောက်ယောက်လည်း ဖြစ်နိုင်သည်။
ယခုတော့ စူးချန်ခုန်းကို ဆေးပြားတွင် အဆိပ်ခတ်ရန် သဘောတူဖို့ ဖိအားပေးသည့်အနေနှင့် အနက်ရောင်နှင့်လူက ကုန်းကျန့်၏ အမည်ကို ထုတ်ပြောခဲ့သည်။
"ဆ.. ဆရာကြီးကုန်းကို အပြင်က ဓားပြတွေ သတ်ခဲ့တာ မဟုတ်ဘူးလား" စူးချန်ခုန်းက မျက်နှာအမူအရာပြောင်းကာ မေးလိုက်သည်။
အနက်ရောင်နှင့်လူ၏ မျက်လုံးများက အေးစက်မှုနှင့် လှောင်ပြုံးတို့ အပြည့်။ "ဘယ်ဟုတ်မလဲကွ။ အဲ့ဒါက ဘယ်လိုလုပ် တိုက်ဆိုင်မှု ဖြစ်နိုင်မှာလဲ။ အဲ့ဒီငတုံးက သူ့အတွက် ဘာကောင်းသလဲဆိုတာကို နားမလည်ဘူးလေ။ သူအနားယူချင်ရင် အနားယူလိုက်ပေါ့။ ဒါပေမယ့် ဒုဂိုဏ်းခေါင်းဆောင်က သူ့နေရာကို ဆက်ခံဖို့ စီစဉ်ပေးတဲ့ လူကို ရွေးဖို့ ငြင်းဆန်ခဲ့တယ်။ သူက ဘယ်ဘက်ကိုမှ မရွေးဘဲ သူ့ကိုယ်သူ အရမ်းဉာဏ်ကောင်းနေပြီလို့ ထင်နေတာ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး အဲ့လောက် လွယ်မှာလဲ။"
အနက်ရောင်နှင့်လူက စူးချန်ခုန်း မသိသေးသော လျှို့ဝှက်ချက်အချို့ကို ထုတ်ပြောခဲ့သည်။
စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင် ဖြစ်လာရခြင်းမှာ ကုန်းကျန့်သည် အဖွဲ့နှစ်ဖွဲ့ကို ရန်မစလိုခြင်းကြောင့်လည်းဖြစ်သည်။ အဲဒါကြောင့် သူက အပြင်လူကို ရွေးခဲ့တာပင်။
ကုန်းကျန့်သည် တစ်ဖက်ကိုမှ မစော်ကားမိဘဲ သူ့တစ်ကိုယ်တည်း နဂိုအတိုင်း ထွက်သွားနိုင်မည်ဟု တွေးထားသော်လည်း မုန့်စန်းက ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး သဘောထားသေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ကိစ္စများ ပြေလည်သွားသောအခါ မုန့်စန်းက သူ့ကို လွှတ်ပေးဖို့ ဆန္ဒမရှိခဲ့။ ဧရာမဝေလငါးဂိုဏ်းကနေ ထွက်သွားတဲ့နေ့မှာပဲ သူဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။
မုန့်စန်း၏ လုပ်ရပ်သည် သူစီစဉ်ပေးသော လျိုကန်းကို မရွေးချယ်ခဲ့သည့်အတွက် ကုန်းကျန့်အား လက်တုံ့ပြန်ရန်သာမက ဂိုဏ်းတွင်းရှိ လူအချို့ကို သတိပေးသည့်အနေလည်းဖြစ်သည်။ သူ့အား နာခံသူများသည် တိုးတက်ကြီးပွားပြီး ဆန့်ကျင်သူများက ပျက်ဆီးသွားမည်ဖြစ်ကြောင်း ပြသဖို့ပင်။
သာမာန်ဂိုဏ်းသားများက ဤကိစ္စကို မသိကြသော်လည်း ဧရာမဝေလငါးဂိုဏ်းမှ အဆင့်မြင့်အဖွဲ့ဝင်အချို့သည် သက်သေမရှိသော်ငြား မုန့်စန်းက ကုန်းကျန့် အသတ်ခံရမှု၏နောက်ကွယ်မှဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ခုခံနိုင်စွမ်းမရှိသော အဂ္ဂိရတ်ပညာရှင်ကို သတ်ရန်မှာ အပျက်အစီးမဖြစ်စေဘဲ လွယ်ကူသောအလုပ်ဖြစ်သည်။
လက်စားချေလိုသော ဆန္ဒပြင်းပြမှုသည် စူးချန်ခုန်း၏ အတွင်းထဲ၌ အလိုအလျောက် ကြီးထွားလာလေ၏။
ကုန်းကျန့်က အငြိမ်းစားယူရန် ရည်ရွယ်ထားသော်လည်း သူသည် သူ၏ အဂ္ဂိရတ်ပညာကို စူးချန်ခုန်းအား ထိမ်ချန်ထားခြင်းမရှိပဲ သင်ကြားပေးခဲ့သည်။ ထို့အပြင် ဂိုဏ်း၏အတွင်းရေးကိစ္စများကို သတိထားရန် သူ့ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည်။ သူက စူးချန်ခုန်းကို တော်တော်လေး ချစ်ခင်တွယ်တာသည်ဟု ဆိုနိုင်ပါသည်။
ကုန်းကျန့် ကွယ်လွန်ချိန်တွင် စူးချန်ခုန်းသည် လူသစ်ဖြစ်ပြီး ဘာမှနားမလည်ဘဲ လူသတ်သမား၏အမည်ကို မသိနိုင်သောကြောင့် သူ့ခံစားချက်များကို မျိုသိပ်ထားခဲ့ရသော်လည်း ထိုအဖြစ်အပျက်ကို အမှတ်ရနေခဲ့သည်။ ယခုတော့ အနက်ရောင်နှင့် လူ၏ပါးစပ်မှ ကုန်းကျန့် သေဆုံးရသည့် အကြောင်းရင်းကို ကြားသိရလေပြီ။ သူသည် မုန့်စန်း စီစဉ်ပေးသည့်လူကို မရွေးချယ်ခဲ့ဘဲ မိမိကိုယ်ကို ကာကွယ်လိုသောကြောင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်။
"ပြီးတော့ ငါက ကုန်းကျန့်ကို ခေါ်ထုတ်ခဲ့တဲ့သူလို့ မင်းကို ပြောပြနိုင်တယ်။ သူထွက်သွားတော့ ငါသူ့ကိုတားလိုက်တဲ့အချိန်မှာ သူက ငါ့ ရည်ရွယ်ချက်တွေကို သိသွားတော့ အန္တရာယ်ကို နားလည်သွားပြီး ဒူးထောက်တောင်းပန်ရင်း ချက်ချင်းပဲ နောင်တတွေရနေခဲ့တာလေ။ သူစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ဆေးလုံးတွေကိုတောင် သူ့အသက်နဲ့ လဲလှယ်ဖို့ဆိုပြီး လွှဲပြောင်းပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် ငါက အမြဲတမ်း စေ့စေစပ်စပ် လုပ်တတ်တယ်လေ။ ငါ့နည်းလမ်းကိုတောင် ဒုခေါင်းဆောင်က တော်တော်လေး ကျေနပ်နေခဲ့တာ "
အနက်ရောင်၀တ်စုံနှင့်လူက ဘဝင်လေဟပ်နေပြီး သူ့လေသံက ခြိမ်းခြောက်မှု အပြည့်နှင့်။
စူးချန်ခုန်းကို နာခံရန် အတင်းအကြပ် ခိုင်းစေခြင်းမရှိဘဲ ကုန်းကျန့်ကို သတ်ခဲ့သည့်ဖြစ်စဉ်ကို သူ ထုတ်ပြောခဲ့သည်။
စူးချန်ခုန်းက စကားမပြောဘဲ သူ့မျက်နှာက အလွန် မှုန်မှိုင်းလာလေ၏။
စူးချန်ခုန်း ကြောက်အောင် ခြောက်နိုင်ပြီဟု ထင်ကာ သူက လေသံကို ခပ်ပျော့ပျော့နှင့် ဆိုသည်။ "အဂ္ဂိရတ်ပညာမှာ မင်းရဲ့ အရည်အချင်းက တော်တော်လေး တော်တယ်။ မင်းနေရာမှာ အစားထိုးခံရတဲ့ လျိုကန်းတောင် မကျေမနပ်နဲ့ ချီးကျူးနေသေးတယ်။ ဒုဂိုဏ်းခေါင်းဆောင်က အဲဒီအရည်အချင်းကို အရမ်းတန်ဖိုးထားတာ။ မင်း နာခံလိုက်ရုံနဲ့ အနာဂတ်မှာ ငါတို့အားလုံး မင်းအတွက် အဆုံးအစမရှိတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။"
"ဒါပေါ့။ ဒီနေ့ အဖြစ်အပျက်အကြောင်း ဒုတိယသခင်မလေးကို မင်း သွားပြောပြနိုင်တယ်။ ဒါပေမယ့် ဒုဂိုဏ်းချုပ်က တစ်ယောက်ယောက်ကို ကိုင်တွယ်ချင်ပြီဆိုရင် ဒုတိယသခင်မလေးလည်း မကာကွယ်ပေးနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် စဉ်းစားပေတော့။"