← Chapters

အဂ္ဂိရတ်ပညာတွင် ထူးချွန်ခြင်း။ မုန်တိုင်းဝဲဂယက်၏ဗဟို။ (၂)

Vol. 10 Ch. 142

အဂ္ဂိရတ်ပညာတွင် ထူးချွန်ခြင်း။ မုန်တိုင်းဝဲဂယက်၏ဗဟို။ (၂)

Vol. 10 Ch. 142

အနက်ရောင်နှင့်လူက စူးချန်ခုန်းကို အညံ့ခံရန် ကြောက်အောင်ခြောက်နိုင်လိုက်ပြီဟု ထင်လိုက်သည်။ သူ့ကို လုံးဝကြောက်လန့်စေကာ ရွေးချယ်နည်းကို သိသွားပြီဟု ထင်ခဲ့သည်။ သို့နှင့် သူက စကားတစ်ခွန်းကို ပြောပြီး အမြန်ထွက်သွားတော့သည်။

အခန်းထဲမှာ စူးချန်ခုန်းက ကုတင်ဘေးမှာ ချထားတဲ့ သံဖြတ်ဓားကို ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီး ဓားအိမ်ကို ပွတ်သပ်ကာ ငြိမ်သက်စွာ တွေးတောနေ၏။

တစ်ချက်တည်းဖြင့် သူသည် ထိုသူကို သတ်ပစ်နိုင်သည်။ ထိုသို့ဆိုလျှင် ကုန်းကျန့်အတွက် လက်စားချေနိုင်ပြီး သူ့ဒေါသကို လည်း ထုတ်ပစ်နိုင်သည်။ သို့သော် ထိုသို့ပြုခြင်းသည် ငြိမ်းချမ်းစွာ ကျင့်ကြံလိုသော သူ၏ဆန္ဒကို လုံးဝ ဖျက်ဆီးရာ ကျပေလိမ့်မည်။ ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းနှင့်လည်း နောက်ပြန်ဆုတ်လို့မရအောင် ပဋိပက္ခများဖြစ်နိုင်သည်။

သူ့စကားကို နာခံပြီးနောက် ဆေးသန့်စင်ရာတွင် တမင်တကာ ကျရှုံးအောင်လုပ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုဟု ထင်ရသော်လည်း သူသည် ယခင်ကကဲ့သို့ပင် ငြိမ်းချမ်းစွာ ဆက်လက်နေထိုင်နိုင်ဦးမည်လား။

ကုန်းကျန့်သည် နှစ်ဖက်စလုံးကို မစော်ကားခဲ့သော်လည်း အချိန်မတန်သေးသော အဆုံးသတ်ကို ကြုံတွေ့ခဲ့ရဆဲဖြစ်သည်။

စူးချန်ခုန်းသည် ယခုအချိန်တွင် အမှန်တကယ်ကို ဒွိဟဖြစ်နေလေ၏။

နောက်ဆုံးတော့ စူးချန်ခုန်းက "ဒါဆို ကံကြမ္မာစေရာအတိုင်း ထားလိုက်တော့မယ်။ ဆေးကို သန့်စင်တဲ့အတောအတွင်း ငါ အစွမ်းကုန်ကြိုးစားပြီး ဒီဆေးပြား နောက်ဆုံးအသုတ် အောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာ စောင့်ကြည့်ရလိမ့်မယ်။"

အကယ်၍ အဂ္ဂိရတ်ပညာ မအောင်မြင်ပါက စူးချန်ခုန်းသည် ဆေးပြားများကို အဆိပ်ခတ်ရန် မလိုတော့သည်ဖြစ်ရာ မုန့်စန်းအား အများကြီး မစော်ကားမိဘဲ ယာယီငြိမ်ချမ်းသွားမည်ဖြစ်သည်။ အောင်မြင်သွားခဲ့ပါက... သူ အဆိပ်ကိုလည်း သေချာပေါက် ခတ်မှာ မဟုတ်ပေ။

ဒါက မုန့်စန်းကို ရန်စလိုက်တာဖြစ်သွားလေပြီ။

"ငါက အဂ္ဂိရတ်ပညာကို တိတ်တိတ်ဆိတ်ဆိတ်ပဲ လုပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ လေ့ကျင့်ချင်တာပါ။ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ" စူးချန်ခုန်းသည် ဓားအိမ်ကို ပွတ်သပ်ကာ သက်ပြင်းချလိုက်လေ၏။

ညနက်လာသည်နှင့် စူးချန်ခုန်း အသင့်ပြင်ပြီး တတိယအသုတ် ဆေးပြားများကို သန့်စင်ရန် စစ်ခုန်းဟွမ်၏နေအိမ်သို့ အချိန်မီသွားလိုက်သည်။

"ဆရာစူး အစွမ်းကုန်ကြိုးစားပါ" စစ်ခုန်းဟွမ်သည် စူးချန်ခုန်း အဂ္ဂိရတ်မထိုးမီ နှစ်သိမ့်ပေးဆဲ ဖြစ်သော်လည်း သူ အရမ်းစိုးရိမ်ပြီး စိတ်လှုပ်ရှားနေတာ သိသာပါသည်။

နှလုံးကာဆေးပြားအတွက် ပါဝင်ပစ္စည်းများသည် အလွန်အဖိုးတန်ပြီး စစ်ခုန်းဟွမ်က သုံးစုံသာ ၀ယ်ယူနိုင်ခဲ့သည်။ အကယ်၍များ ဒီတစ်ကြိမ်ကျရှုံးသွားခဲ့ရင် အခွင့်အလမ်း ရှိတော့မှာ မဟုတ်ပေ။

“အင်း။”

စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး ဆေးပြားသန့်စင်မှု စတင်ရန် လျှို့ဝှက်ခန်းထဲသို့ ဝင်ကာ အနှောင့်အယှက်အားလုံးကို ဖယ်ထုတ်လိုက်ပြီး ပါဝင်ပစ္စည်းများကို သေသေချာချာ ပြင်ဆင်ပြီးနောက် ဆေးမီးဖိုကို ကြိုတင် အပူပေးကာ အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို အချိန်ကိုက် ထည့်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ စူးချန်ခုန်းသည် အခြားကိစ္စများကို လုံးဝမေ့သွားကာ ဤဆေးပြား အောင်မြင်စေရန်အတွက်သာ အာရုံစိုက်ခဲ့သည်။

အဂ္ဂိရတ်ပညာ ( ပဥ္စမနယ်ပယ် ထူးချွန်အဆင့် ၁%)

စူးချန်ခုန်း၏ ပဉ္စမနယ်ပယ်သို့ နီးကပ်နေပြီဖြစ်သော အဂ္ဂိရတ်ပညာစွမ်းရည်သည် သူ မသိလိုက်စဉ်တွင် ထုံးစံအတိုင်း အောင်မြင်သွားကာ ပဉ္စမနယ်ပယ်သို့ တရားဝင် အဆင့်တက်သွားခဲ့သည်။

ထိုအခိုက်တွင် မနက်မိုးသောက် အလင်းရောက်နေပြီဖြစ်သည်။ ဆေးမီးဖိုအောက်မှ မီးတောက်များ မှိန်သွားသည်နှင့် ဆေးရနံ့၏ ကြည်နူးဖွယ် ရနံ့သင်းသင်းက အခန်းထဲသို့ ပျံ့လွင့်လာလေ၏။

"အောင်မြင်သွားပြီလား"

အပြင်မှာစောင့်နေတဲ့ စစ်ခုန်းဟွမ်ဟာ လျှို့ဝှက်ခန်းထဲကို ဝင်သွားပြီး ခပ်ဖျော့ဖျော့ဆေးရနံ့ကို ရှူရှိုက်ရင်း အမြဲတမ်း တင်းမာနေတဲ့ သူရဲ့ မျက်နှာပေါ်မှာ စစ်မှန်တဲ့ ပျော်ရွှင်မှု ပြုံးရိပ်တို့ ပေါ်လာလေ၏။

"တကယ် အောင်မြင်သွားတာလား။" စူးချန်ခုန်းသည် ဖွင့်ထားသော မီးဖိုအတွင်းမှ ဆေးပြားကို ကြည့်လိုက်ရာ ပါးစပ်ထောင့်စွန်းမှ လှောင်ပြုံးလေး ပြုံးလိုက်သည်။

“အင်း… ကံကောင်းတယ်..ဆေးတစ်လုံးတည်း ပေါ်လာတယ်”

စူးချန်ခုန်းက ခေါင်းညိတ်လိုက်သည်။

စစ်ခုန်းဟွမ်၏မျက်နှာထက်တွင် ကျေးဇူးတင်သောအပြုံးတစ်ခု ပျံ့နှံ့သွားလေ၏ " ရပြီ။ အဲ့လောက်ဆိုရပြီ။ ဆရာစူး ဒီရက်အတောအတွင်း ဆရာ့ရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ နောက်ကျရင် ဆရာလိုအပ်တာတစ်ခုခုရှိရင် ကျွန်မဆီ လာလို့ရတယ်။ ကျွန်မ လုပ်နိုင်စွမ်းရှိသရွေ့ ငြင်းမှာမဟုတ်ဘူး။"

"ဒါက ဘာမှမဟုတ်ပါဘူးဗျာ။ ကျွန်တော့်မှာ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်" စူးချန်ခုန်းက သူ့ကိုယ်သူ တိတ်တဆိတ် ခေါင်းယမ်းလိုက်တော့သည်။ စစ်ခုန်းဟွမ်သည် ဆေးလုံပြားသန့်စင်ဖို့ သူ့ကိုလာရှာတာက မုန့်စန်းကို စော်ကားနေပြီဆိုတာ မသိခဲ့ပေ။

သေချာစဉ်းစားပြီးနောက် စူးချန်ခုန်းသည် မုန့်စန်းက သူ့ကို ဆေးထဲတွင် အဆိပ်ခတ်ဖို့ ဖိအားပေးခဲ့သည့်အကြောင်း စစ်ခုန်းဟွမ်အား မပြောပြတော့ပေ။ တကယ်လို့သာ စစ်ခုန်းဟွမ်က သူ့ကို မုန့်စန်းနဲ့ ရင်ဆိုင်ဖို့ တောင်းဆိုခဲ့မယ်ဆိုရင် စူးချန်ခုန်းရဲ့ ဧရာမဝေလငါးဂိုဏ်းကနေ တိတ်တဆိတ် ထွက်ခွာသွားမယ့် အစီအစဉ်ဟာ ပျက်စီးသွားလိမ့်မည်။

ဧရာမဝေလငါးဂိုဏ်းအတွင်းတွင်း ခိုက်ရန်ဖြစ်ပွားမှုများ ပိုမိုပြင်းထန်လာသောကြောင့် ဝင်မပါဘဲ တိတ်တဆိတ် ရုန်းထွက်လိုက်တာက တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။

ဆေးကို သန့်စင်ပြီးနောက် စူးချန်ခုန်းက နှုတ်ဆက်ပြီး သူ့ကို လိုက်ပို့သော စစ်ခုန်းဟွမ်နှင့်အတူ ထွက်လာခဲ့သည်။

စစ်ခုန်းဟွမ်၏ကိစ္စအား ဖြေရှင်းပြီးသော်လည်း မုန့်စန်း၏သတင်းပေးများက သတင်းပြန်တင်ပြရန် အချိန်အတော်ကြာမည်မဟုတ်ကြောင်း စူးချန်ခုန်း နားလည်သည်။ စူးချန်ခုန်းသည် စစ်ခုန်းဟွမ်အတွက် နှလုံးကာဝိညာဉ် အောင်မြင်စွာ သန့်စင်ပေးနိုင်ရုံသာမက ညွှန်ကြားထားသည့်အတိုင်း အဆိပ်မခတ်ခဲ့သောကြောင့် မုန့်စန်းက လက်တုံ့ပြန်မည်ဖြစ်သည်။

သို့သော် ထိုအရာသည် ကံတရားသာဖြစ်ပြီး စူးချန်ခုန်းသည် ကြုံလာသမျှကို ရင်ဆိုင်ရန် အသင့်ပြင်ထာလေ၏။

မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့လေပြီ။

ထိုနေ့နံနက်တွင် စူးချန်ခုန်းသည် ဆေးသန့်စင်ခန်းသို့သွားစဉ် အထဲမဝင်ရသေးသော်လည်း အခန်းထဲမှ ရွှင်မြူးနေသည့် သီချင်းညည်းသံလေးကို ကြားလိုက်ရသည်။

လျိုကန်းသည် ပျော်စရာကောင်းသော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပုံရပြီး သီချင်းလေး တညည်းညည်းနှင့်။

"ဆရာ၊ ရောက်လာပြီလား" လျိုကန်းသည် စူးချန်ခုန်းက အနားသို့ ချဉ်းကပ်လာသည်ကို သတိပြုမိပြီး ချက်ချင်းပင် ရပ်တန့်သွားလေ၏။ သူ့မျက်လုံးများတွင် ထူးဆန်းသည့် အရိပ်အယောင်များ ရှိနေသော်လည်း စူးချန်ခုန်းကို နှုတ်ဆက်သောအခါတွင် သူ့မျက်နှာထက်မှာ ထုံးစံအတိုင်း ရှက်ပြုံးလေး ပေါ်လာ၏။

"အင်း..မင်းဒီနေ့ တော်တော်လေး စိတ်ကောင်းဝင်နေပုံရတယ်။ တစ်ခုခုရှိလို့လား။" စူးချန်ခုန်းက သိလိုစိတ်နှင့် မေးလိုက်သည်။

"မဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး။ အဂ္ဂိရတ်ပညာကို စလိုက်ကြရအောင်လေ။ ဆရာစူး..ကျွန်ဝောာ်လေ..ဆရာ ဆေးပြား သန့်စင်တိုင်း ဘေးမှာ သေချာကြည့်ပြီး သင်ယူနေတာ။ ဒါပေမယ့် ဆရာစူးရဲ့ အရည်အချင်း တစ်ဝက်လောက်တောင် ယှဉ်လို့ မရပါဘူးဗျာ။ တစ်ချို့အရာတွေက အားထုတ်ရုံနဲ့ ပြင်လို့မရတာ တကယ်ခက်တယ်။" လျိုကန်း က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

လျိုကန်းတော်တော်လေး ပျော်နေသည့်အကြောင်းမှာ မနေ့ညက မုန့်စန်းသည် သူ၏ အဂ္ဂိရတ်ပညာများ မည်ကဲ့သို့ တိုးတက်မှု ရှိကြောင်းနှင့် ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ဆရာတစ်ယောက်၏ အရေးပါသော တာဝန်ကို လုံလုံလောက်လောက် ထမ်းဆောင်နိုင်စွမ်း ရှိ၊ မရှိ မေးမြန်းရန် သူ့ထံသို့ လာခဲ့ခြင်းကြောင့် ဖြစ်သည်။

လျိုကန်းသည် ဒါက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်လေ၏။

စူးချန်ခုန်းသည် မုန့်စန်းကို ပြင်းပြင်းထန်ထန် စော်ကားခဲ့ပြီး မုန့်စန်းက နာခံမှုမရှိသူထက် စွမ်းရည်နည်းသော အဂ္ဂိရတ်ဆရာတစ်ဦးကိုသာ ပြုစုပျိုးထောင်ပေလိမ့်မည်။

ငယ်စဉ်ကတည်းက ဧရာမဝေလငါးဂိုဏ်းသို့ရောက်လာပြီးနောက် လျိုကန်းသည် မရေမတွက်နိုင်သော ကြိုးပမ်းအားထုတ်မှုများနှင့် အခက်အခဲများစွာကို ကြံ့ကြံ့ခံခဲ့ပြီး နောက်ဆုံးတွင် သူသည် ထင်ပေါ်ကျော်ကြားလာတော့မည်ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာပါက အထက်တန်းစားတပည့်များနှင့် ခန်းမခေါင်းဆောင်များပင်လျှင် သူ့အား လေးလေးစားစားဆက်ဆံရပေမည်။

လျိုကန်းက ဘာမှပြန်မပြောပေမယ့် စူးချန်ခုန်းဟာ ဖြစ်ပျက်ခဲ့တာတွေကို မှန်းဆနိုင်လေ၏။ မုန့်စန်းသည် အဂ္ဂိရတ်ဆရာကို ပို၍လိုက်လျောတတ်သော သူတစ်ယောက်နှင့် အစားထိုးရန် စိတ်ထဲတွင် ဆုံးဖြတ်လိုက်ပြီဖြစ်မည်။

All Chapters