ချီသွေးဝံပုလွေမြူ။ လင်းနို့တစ္ဆေ။ (၁)
Vol. 10 Ch. 147
"ဒုခေါင်းဆောင်မုန့်က ကျွန်တော့်ကို လာတွေ့ဖို့အချိန်ရှိသေးတာပဲ"
တိတ်ဆိတ်ပြီး သီးသန့်အခန်းလေးထဲမှာ မီးခိုးရောင်ဝတ်ထားတဲ့ အသွင်အပြင်က သရဲတစ္ဆေလို ရုပ်လုံးပေါ်လာပြီး အခန်းထဲဝင်လာတဲ့ မုန့်စန်းကို ကြည့်ရင်း ရယ်စားလိုက်သည်။
မုန့်စန်းက လက်နောက်ပစ်ရင်း ဆိုလေ၏။ "ချီချန်းဟုန် မင်းငါ့အတွက် တစ်ယောက်ယောက်ကို သတ်ပေးဖို့ လိုတယ်။ ပြီးတာနဲ့ သွေးသန့်စင်ဆေးပြားက မင်းရဲ့ဆုလာဘ်ပဲ"
မီးခိုးရောင်ဝတ်ထားသည့် ဤလူ ချီချန်းဟုန်သည် အလွန်ထူးခြားပုံရသည်။ မုန့်စန်းလို အဆင့်အတန်းရှိတဲ့သူတောင်မှ သူ့ကို လှုပ်ရှားစေဖို့ မျှတတဲ့ အလဲအလှယ်လုပ်ရန် လိုအပ်သည်။
"သွေးသန့်စင်ဆေးလား။ ပြဿနာမရှိဘူး၊ ဘယ်သူက ပစ်မှတ်လဲ။"
မီးခိုးရောင်အဝတ်အစားဝတ်ထားတဲ့ ချီချန်းဟုန်ရဲ့မျက်လုံးတွေက တောက်ပလာပြီး အလုပ်တာဝန်ကို ကျေကျေနပ်နပ်ကြီး သဘောတူလိုက်သည်။
ချီသွေးနယ်ပယ်၏ ဆေးပြားများထဲတွင် သွေးသန့်စင်ဆေးက အလွန်အဆင့်မြင့်၏။ သွေးသန့်စင်ဆေးတစ်ပြားသည် အလွန်တရာမှ အဖိုးတန်ရာ ချီသွေးဆေး ဆယ်လုံး သို့မဟုတ် နှစ်ဆယ်နှင့် ညီမျှသည်။
မုန့်စန်း၏ နှုတ်ခမ်းတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။ မီးခိုးရောင် ၀တ်ဆင်ထားသော ဤအမျိုးသား ချီချန်းဟုန်၏ လက္ခဏာသည် သာမန်မဟုတ်ပေ။ သူသည် တစ်ချိန်က ဧရာမဝေလငါးဂိုဏ်း၏ ခန်းမခေါင်းဆောင်လေးယောက်ထဲတွင် တစ်ဦးဖြစ်ခဲ့ပြီး အမှားအယွင်းအချို့ကြောင့် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသော်လည်း အရည်အချင်းရှိသောကြောင့် သူသည် ထိပ်တန်းကျွမ်းကျင်သူ ဆယ်ဦးတွင် အဆင့်သတ်မှတ်ထားသော ဧရာမဝေလငါးဂိုဏ်း၏ ထိပ်တန်းစာရင်းဝင်တစ်ဦးဖြစ်သည်။
မုန့်စန်းသည် ဧရာမဝေလငါးဂိုဏ်းကို လွယ်လွယ်နှင့် မထားခဲ့နိုင်သောကြောင့် ချီချန်းဟုန် လှုပ်ရှားခိုင်းခြင်းဖြစ်သည်။ ဒါက အောင်မြင်မည်ဟု အာမခံနိုင်လောက်သည်။
…
စူးချန်ခုန်းကတော့ မုန့်စန်းက သူ့ကို လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူးလို့ ထုံးစံအတိုင်း မှန်းဆခဲ့ပေမယ့် သိပ်ပြီး စိတ်ထဲ မထားခဲ့ပါ။
"အဝတ်အစားပြောင်း မျက်နှာအသွင်အပြင်ပြောင်းပြီး တောနက်စီရင်စုမြို့ထဲကို ငါဝင်လိုက်တာနဲ့ မုန့်စန်းမှာ ကောင်းကင်ဘုံအထိ တက်နိုင်တဲ့ အရည်အချင်းရှိရင်တောင်မှ ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး!"
ယခုအချိန်တွင် စူးချန်ခုန်းသည် လီလေ့ကိုသတ်ပြီးနောက် တောနက်စီရင်စုမြို့သို့ ခရီးထွက်နေပြီဖြစ်သည်။ မုန့်စန်းသည် ထိုသတင်းကို လက်ခံရရှိပြီး တုံ့ပြန်လိုက်သည်နှင့် စူးချန်ခုန်းသည် အကြာကြီး မနေနိုင်တော့ပေ။
စူးချန်ခုန်းသည် မီးခိုးရောင်ဖျော့ဖျော့ အ၀တ်အစားများကို ပြောင်းလဲခဲ့ပြီး လိပ်အသက်ရှူနည်းမှ အရိုးကျုံ့ခြင်းနည်းပညာကိုအသုံးပြုကာ သူ့ကိုယ်သူ ပေတဝက်ခန့် ပုသွားအောင် ပြောင်းလဲခဲ့သည်။ သူ့ကို ကောင်းကောင်းသိတဲ့သူတွေတောင် သူတို့ရှေ့မှာ ရပ်နေတဲ့ သူ့ကို သေချာပေါက်မှတ်မိမှာ မဟုတ်ပါ။
စူးချန်ခုန်းသည် တောနက်စီရင်စုမြို့တွင် ခဏအနားယူရန် ဆုံးဖြတ်ခဲ့သည်။ အမြဲတမ်းနေထိုင်သူ တစ်သန်းကျော်နှင့်အတူ အထောက်အထားအသစ်တစ်ခုနှင့် ရောနှောနေထိုင်တာက လွယ်ကူမည်ဖြစ်သည်။ မုန့်စန်း ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်သည်။
"သနားစရာပဲ… ဧရာမဝေလငါးဂိုဏ်းရဲ့ အခြေအနေတွေက အရမ်းကောင်းနေခဲ့တာ။ ငါ အကြိမ်ကြိမ် အလျော့ပေးခဲ့ပေမယ့် အဆုံးမှာ မထိန်းနိုင်သေးဘူး!"
စူးချန်ခုန်း သက်ပြင်းမချနိုင်ဘဲ မနေနိုင်ခဲ့။
ဧရာမဝေလငါးဂိုဏ်းအတွင်းတွင် အဂ္ဂိရတ်ပညာကို ကြိုးစားနိုင်ပြီး ဆေးပြားများကို အလကားရနိုင်သည်။ ထိုသို့ အနေချောင်သော အလုပ်သည် မကြာခဏ ဖြစ်မလာပါ။ သို့သော် မုန့်စန်းထံမှ ဖိအားပေးခံရပြီး သူ မနာခံသည်နှင့် ကုန်းကျန့်လို အဆုံးသတ်သွားမည်ဟု ပြောခံရသောအခါ ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ရှိသော စူးချန်ခုန်းသည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ နောက်ပြန်လှည့်ပြီး ထွက်ခွာဖို့ ရွေးချယ်ခဲ့သည်။
တကယ်တော့ စူးချန်ခုန်း သိုင်းပညာကို လေ့ကျင့်တာက ကိုယ့်ကိုယ်ကို သန်မာစေရန်၊ အမတလမ်းစဉ်ကို လိုက်ရန်နှင့် အခြားသူများ၏ အရှက်ခွဲခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရစေရန်ဖြစ်သည်။
"အင်း ဧရာမဝေလငါးဂိုဏ်းက အုပ်စုနှစ်စုကွဲပြီး အနှေးနဲ့ အမြန် ပျက်ဆီးမှာပါပဲလေ။ ငါ့အတွက် စောစောထွက်သွားတာက ပိုလုံခြုံပါတယ်" စူးချန်ခုန်းက ဤနည်းဖြင့် သူ့ကိုယ်သူ ဖြေသိမ့်နိုင်ခဲ့သည်။
စူးချန်ခုန်းက သူ့အနာဂတ်အစီအစဉ်အတွက် လောလောဆယ်မှာ တစ်ခုပဲရှိတော့သည်။ အဲဒါက အရသာရှိရှိ စားသောက်ဖို့ပါပဲ။
"ငါ ဆာလောင်နေပြီ။ ဧရာမဝေလငါးနည်းပညာကို လေ့ကျင့်ပြီးကတည်းက ငါ ဗိုက်ပြည့်အောင် မစားနိုင်ခဲ့လို့ အမြဲတမ်း ဆာလောင်နေခဲ့တာ။ နောက်ဆုံးတော့ ငါစားနိုင်ပြီ!"
စူးချန်ခုန်းသည် သူ့ဗိုက်ကို ဖိကာ အနည်းငယ် စိတ်လှုပ်ရှားနေလေ၏။
ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ရုပ်ပုံမှ စူးချန်ခုန်းသည် ဧရာမဝေလငါးနည်းပညာကို နားလည်ခဲ့ပြီး ၎င်း၏ အစာခြေစွမ်းအားကို ကောင်းစွာမြှင့်တင်ပေးသည့် အောင်မြင်မှုအချို့ကြောင့် ဆေးပြားများကို ပုံမှန်ပမာဏထက် နှစ်ဆပို၍ အချိန်တိုအတွင်း ချေဖျက်နိုင်ရာ လိပ်အသက်ရှူနည်းပညာတွင် အဆင့်တက်နိုင်ခဲ့သည်။
တစ်ခုတည်းသော အားနည်းချက်မှာ စူးချန်ခုန်း၏ အစာစားချင်စိတ် တိုးလာခြင်းဖြစ်ပြီး အလွန်အကျွံစားသောက်ခြင်းကြောင့် ဧရာမဝေလငါးနည်းပညာကို သင်ယူပြီးသည့်အချက်ကို စွန့်လွတ်လိုက်ရမည်ကို သူစိုးရိမ်နေခဲ့
သည်။ ယခု စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းမှ ထွက်လာသွားပြီးနောက် သူပထမဆုံးလုပ်သည့် အရာမှာ တောနက်စီရင်စုမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ သွားကာ ပွဲတော်ကြီးတည်ခြင်းဖြစ်သည်။
စူးချန်ခုန်းသည် တစ်နှစ်ခွဲကျော်အတွင်း ပြန်မလာခဲ့ရသော တောနက်စီရင်စုမြို့တွင် မထင်မရှား မီးခိုးရောင်အဝတ်အစားများ ဝတ်ဆင်ကာ တစ်နာရီအကြာတွင် လမ်းများပေါ်၌ ပေါ်လာသည်။
ညမိုးချုပ်ပြီး ကောင်းကင်ကြီး မှောင်လာသည်နှင့်အမျှ တောနက်စီရင်စုမြို့၏ ညအချိန်တွင် လမ်းများတစ်လျှောက် ဈေးဆိုင်များနှင့် မီးပုံးဆွဲထားသော အိမ်များဖြင့် ထွန်းလင်း တောက်ပနေလေ၏။
စီရင်စုတစ်ခု၏ အစည်ကားဆုံးမြို့အဖြစ် တောနက်စီရင်စုမြို့၏ အသက်ဝင်မှုကား သာမန်နေရာများနှင့် နှိုင်းယှဉ်၍မရပေ။
ဧရာမဝေလငါးဂိုဏ်းမှာ သူရှိခဲ့စဉ်တုန်းက လေထုဟာ တိတ်ဆိတ် လေးနက်ပြီး စူးချန်ခုန်းရဲ့ ခံစားချက်ကလည်း အတော်လေးကို အေးချမ်းခဲ့ပါသည်။
'ဟွမ်ချင်' ဟုခေါ်သော အဆင့်မြင့်စားသောက်ဆိုင်၏ ဇိမ်ခံသီးသန့်ခန်းတစ်ခုတွင် စူးချန်ခုန်းသည် အရသာရှိသော ဟင်းပွဲများပြည့်နေသော စားပွဲကိုကြည့်ကာ တံတွေးကိုမျိုချလိုက်ပြီး ပွဲတော် စတင်တည်လေတော့သည်။
"ဗိုက်ဆာတဲ့အချိန် ဗိုက်ပြည့်အောင် စားရတာထက် ဘယ်အရာက ပိုပြီး ပျော်ရွှင်နိုင်မှာလဲ။"
စူးချန်ခုန်း သက်ပြင်းတစ်ချက်ချလိုက်သည်။
"စားပွဲထိုး၊ နောက်ထပ် တစ်ဝိုင်းနဲ့ အသားတွေ ပိုယူလာခဲ့!"
မကြာသေးခင်ကမှ တစ်ဝိုင်းစားပြီးတဲ့ စူးချန်ခုန်းဟာ ဟင်းပွဲတွေ ထပ်ချပေးဖို့ စားပွဲထိုးကို ထပ် ညွှန်ကြားလိုက်သည်။
"ဒီစားသုံးသူက... တကယ်ကို စားနိုင်တာပဲ။ ဒါက တတိယဝိုင်းဖြစ်နေပြီ!"
စားပွဲထိုးက တိတ်တဆိတ် အံ့ဩနေမိသည်။ ဤစားသုံးသူသည် အစာစားချင်စိတ်ရှိပြီး လူအယောက်တစ်ဒါဇင်စာလောက်ပင် စားနိုင်သည် ။
"ဟုတ်ကဲ့ပါ ခင်ဗျ၊ ခဏစောင့်ပါဦး!"
သို့သော် စားပွဲထိုးက ယဉ်ကျေးစွာ နာခံလေ၏။ စားသောက်ဆိုင်ဖွင့်သူများသည် အစားကြီးသူများအား လိုလားပြီး စူးချန်ခုန်းက ပို၍ထူးခြားသောသူများထဲမှ တစ်ဦးသာဖြစ်သည်။ ပိုက်ဆံပေးနိုင်သရွေ့ စူးချန်ခုန်းဘယ်လောက်စားလဲဆိုတာ သူတို့ ဂရုမစိုက်ပါ။
မကြာမီတွင် ဝက်ခြေထောက်၊ ဝက်လက်၊ အမဲသား၊ ဘဲနှင့် အခြားအရောင်အသွေးစုံလင်သော အသားမျိုးစုံတို့ကို ချပေးခဲ့ပြီး စူးချန်ခုန်းက ဆက်လက်၍ စားသောက်ခဲ့သည်။
စူးချန်ခုန်းသည် အစားအသောက်ကို အလျင်စလို မစားပါ။ သူက ဒုတိယထပ်ပြတင်းပေါက်မှ လမ်း၏ညမြင်ကွင်းကို ခံစားရင်း ဒီလိုဘဝမျိုးကို အားရပါးရ ခံစားနေလေ၏။
"ငါ့ရဲ့ ဧရာမဝေလငါးစွမ်းရည်က အများကြီးစားဖို့လိုတယ်။ နေ့တိုင်း ဗိုက်ပြည့်အောင်စားပြီး အဲ့ဒီအစားအစာကို စွမ်းအင်အဖြစ်သို့ပြောင်းလဲနိုင်ရင် ငါ့ခန္ဓာကိုယ်ကြီးထွားမှုကို အရှိန်မြှင့်နိုင်ပြီး ဧရာမဝေလငါးစွမ်းရည်က မြန်ဆန်တဲ့ အရှိန်နဲ့ တိုးတက်လာမှာ။" စူးချန်ခုန်းသည် သူ့ဗိုက်ထဲမှ အစာများက လျင်မြန်စွာ ချေဖျက်ကာ စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့တစ်ကိုယ်လုံးက စုပ်ယူလိုက်သည်ကို ခံစားလိုက်ရသည်။ သူ့လက်သီးတွေကို တင်းတင်းဆုပ်ရင်း သူ့ဘာသာသူ တွေးနေမိလေ၏..