တစ်ယောက်တည်းပဲ
Vol. 34 Ch. 481
...
ဘုရားကျောင်း၏ စစ်ကြောင်းကို ဦးဆောင်နေသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် အာရန်၏ အပြုအမူကြောင့် လုံးဝကို မှင်တက်သွားခဲ့ရသည်။
သူ၏မျက်နှာ၌ အရင်ကတစ်ခါမျှမပေါ်ခဲ့ဖူးသော ထိတ်လန့်တုန်လှုပ်မှုများက ထင်ဟန်နေလေ၏။
အာရန်သည် သူ့အတွက် ရှေ့တွင် သွားစရာ လမ်းကြောင်းများစွာ ရှိနေသော်လည်း ဂိတ်တံခါးပေါက် ပုံစံကွက်များကို တပ်ဆင်ထားသည့် နေရာသို့ ဦးတည်နေသည့် လမ်းကြောင်းကိုသာ သွားရန်ရွေးချယ်ခဲ့သည်။
ဂိတ်တံခါးပေါက် တည်ရှိရာနေရာထိုနေရာကို ပြင်ပလူတစ်ဦးတစ်ဦးအနေဖြင့် မည်သို့မျှ သိနိုင်လိမ့်မည်မဟုတ်ပေ။
သန့်စင်ဧကရာဇ်ပင်လျှင် ဘုရားကျောင်းအတွင်းသို့ ခြေချဖူးခြင်းမရှိခဲ့ရာ ဂိတ်တံခါးပေါက် ပုံစံကွက်များထားရှိရာနေရာကို မြင်ဖူးထားခြင်းမရှိချေ။
ထိုဂိတ်တံခါးပေါက်ကို မြင်ဖူးသည့် ပြင်ပဧည့်သည်များဆို၍ သန့်စင်ပရောဟိတ်မကိုယ်တိုင် ခေါ်ဆောင်လာခဲ့သော အရှေ့ဘက်တိုက်ကြီးမှ ဧည့်သည်တော်များသာ ရှိဘူးလေသည်။
ထိုနစ်ခရိုမန်ဆာမှ ထိုလမ်းကြောင်းကို သီးသန့်ရွေးချယ်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသက်သက်သာ ဖြစ်ပါစေဟု ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ယောက် ကြိတ်၍ မျှော်လင့်မိခဲ့၏။
အကယ်၍ ထိုသို့မဟုတ်ခဲ့ပါလျှင် အရှေ့တိုက်အပါအဝင်၊ သန့်ရှင်းသောဧကရာဇ်နှင့် နစ်ခရိုမန်ဆာမျှော်စင်တို့သည် ဘုရားကျောင်းအား ဆန့်ကျင်ရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်မည်ဟုပင် ကောက်ချက်ချ၍ ရနိုင်သောကြောင့် ပင်တည်း။
“သူ့ကို ဂိတ်တံခါးပေါက်ရှိရာဘက် သွားခွင့်ပြုလို့မဖြစ်ဘူး သူ့ကို တားဆီးမှရမယ်”
သူတို့အနေဖြင့် ဤအခြေအနေရောက်မှ နောက်ပြန်ဆုတ်၍ မဖြစ်နိုင်တော့ချေ။
အစပိုင်း၌ အခြားမြို့ကြီးများမှ ကာဒီနယ်ရဟန်းအမတ်များ ရောက်ရှိလာသည်အထိ အာရန်အား အချိန်ဆွဲထားရန် ကြိုးပမ်းခဲ့ကြသည်။
သို့သော် ကံမကောင်းစွာဖြင့် ယခုအချိန်တွင်မူ အချိန်ဆွဲရန် ပိုမိုခက်ခဲလာပြီ ဖြစ်၏။
အချိန်အနည်းငယ်မျှပင် ရရှိနိုင်ရန်အတွက် ၎င်းတို့၏ အသက်များစွာကို ရင်းနှီးရတော့မည် ဖြစ်လေသည်။
ထို့နောက်တွင် ကျန်ကိစ္စအဝဝအတွက်မူ ရောက်ရှိလာမည့် ကာဒီနယ်ရဟန်းအမတ်များအပေါ်သာ လုံးဝမူတည်တော့မည်ဖြစ်သည်။
၎င်းတို့သာ အချိန်မီ ရောက်လာပါက ဤစတေးမှုသည် ထိုက်တန်ပေလိမ့်မည်။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် အာရန်အား အချိန်ဆွဲနိုင်ရန်အတွက် လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးများ အားလုံးကို ဖွင့်လိုက်လေသည်။
ထိုအချိန်မှာပင် သူကိုယ်တိုင်သည်ပင် အခြားသော ဘုန်းတော်ကြီးများနှင့်အတူ အပြင်ဘက်သို့ အပြေးထွက်လာခဲ့၏။
အတားအဆီးများသည် အာရန်တစ်ယောက် သူတို့ရောက်ရှိရာနေရာသို့ မရောက်နိုင်မီအထိ အချိန်ဆွဲထားနိုင်လိမ့်မည်ဟု သူ ယူဆမိခဲ့သည်။
သို့သော်လည်း စိတ်မကောင်းစွာပင် ထိုယူဆချက်နှင့် လက်တွေ့မှာမူ လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်နေခဲ့တော့သည်။
အာရန်၏ ခန္ဓာကိုယ်သည် ယခင်ကထက်များစွာ ပိုမိုသန်မာလာခဲ့သဖြင့် ထိုအတားအဆီးများ၊ ထောင်ချောက်များသည် သူ့အား မည်သို့မျှ ထိရောက်ခြင်းမရှိတော့ချေ။
ဘိုးဘေးနဂါးလျှာအစွမ်းဖြင့် ထောင်ချောက်များအားလုံးကို အနည်းငယ်မျှပင် ဒဏ်ရာအနာတရမရှိဘဲ ဖြတ်သန်းသွားနိုင်ခဲ့လေသည်။
ဂိုဏ်းအုပ်ဘုန်းတော်ကြီးဦးဆောင်သည့် ဘုန်းတော်ကြီးတပ်ဖွဲ့ ဤနေရာသို့ ရောက်ရှိလာချိန်တွင်မူ နေရာအနှံ့အပြား၌ ပြန့်ကျဲနေသော အပျက်အစီးများဖြင့်သာ ကြိုဆိုခြင်းခံခဲ့ရသည်။
ဂိတ်တံခါးပေါက်များ တည်ဆောက်ထားမှုသည် ၎င်းတို့အတွင်းရှိ ပုံစံကွက်များနှင့်အတူ ကျိုးပဲ့ပျက်စီးသွားခဲ့ပြီဖြစ်၏။
ပုံစံကွက်တစ်ခုတစ်လေမျှပင် အကောင်းပကတိအတိုင်း မကျန်ရစ်တော့ချေ။ ၎င်းတို့၏မျှော်လင့်ချက်များအားလုံး ပြိုလဲခဲ့ရသည်။
ဂိတ်တံခါးပေါက်သာ မရှိတော့ပါက ကာဒီနယ်ရဟန်းအမတ်များလည်း ဤနေရာသို့ လာရောက်နိုင်တော့မည်မဟုတ်ချေ။
၎င်းတို့အနေဖြင့် အခြားမြို့များကို ဖြတ်၍ ပျံသန်းလာရမည်ဖြစ်ရာ အမြန်ဆုံးပင်ဖြစ်စေကာမူ ယခုအချိန်မှစ၍ရေတွက်မည်ဆိုလျှင် အနည်းဆုံး တစ်ရက်ခန့် အချိန်ယူရတော့မည်ဖြစ်လေ၏။
“မင်း ဘာလုပ်လိုက်တာလဲ…”
ဦးဆောင်သူ ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် လုံးဝမယုံနိုင်သည့်ဟန်ဖြင့် သူ၏ရှေ့မှ မြင်ကွင်းကို လုံးဝ ပါးစပ်အဟောင်းသား ငေးကြည့်နေမိခဲ့သည်။
သူ၏ မျက်လုံးရှေ့တွင် သူ၏ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသကဲ့သို့ပင် ဖြစ်သွားခဲ့ခြင်းမဟုတ်ပါလား...။
သူ၏ မျက်ဝန်းများသည် တုန်ရီနေခဲ့ပြီး ရူးသွပ်မှုတစ်ခုသည် သူ၏ဦးနှောက်အား လွှမ်းမိုးသွားခဲ့သည်။
အကူအညီများ ရောက်လာတော့မည် မဟုတ်ချေ။
သူတို့အားလုံး ဤနေရာ၌ စွန့်ပစ်ခံရသကဲ့သို့ ကျန်ရစ်ခဲ့ကြပြီဖြစ်၏။
၎င်းတို့သည် ထိုနစ်ခရိုမန်ဆာမကောင်းဆိုးဝါးအား သူသေကိုယ်သေခံတိုက်ကာ ရန်သာရှိတော့လေသည်။
တခြားရွေးချယ်စရာ လုံးဝကို မရှိတော့ပေ။
“အိုး နောက်ထပ်ရှိနေသေးတာလား။ ငါက မင်းတို့အားလုံး ထွက်ပြေးသွားပြီလို့ ထင်နေခဲ့တာ။”
အာရန်သည် အပျက်အစီးများကြားမှ လျှောက်လှမ်းလာရင်း သူ၏ အနက်ရောက်ဝတ်စုံပေါ်တွင် ပေကျံစေခဲ့သည့် ဖုန်မှုန့်များကို ပခုံးပေါ်မှ ပုတ်ထုတ်နေခဲ့၏။
“မင်းတို့ တော်တော်လေး စိတ်ရှုပ်နေကြပုံပဲ။ ဟိုက တောင်ခြစ်မြောက်ခြစ်လုပ်ထားတဲ့ သင်္ကေတတွေက မင်းတို့အတွက် အရေးကြီးတယ်လို့တော့ မပြောနဲ့နော်။” အာရန်သည် ၎င်းတို့၏ ရူးသွပ်သွားသည့်ဟန်ပန်များကို သတိပြုမိသဖြင့် အပြစ်ကင်းစင်ဟန်ဖြင့် မေးလိုက်သည်။
“ငါ ပြန်လည်တည်ဆောက်ရေးအတွက် ကူညီပေးရမလား။”
အာရန်သည် ရိုးသားစွာ မေးနေဟန် ရသော်လည်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးအတွက်မူ ၎င်းက သူတို့အား လှောင်ပြောင်နေသကဲ့သို့ပင် ခံစားမိလိုက်သည်။
“ဒီနေ့ မင်းသေမလား၊ ဒါမှမဟုတ် ငါတို့ပဲ သေမလား စောင့်ကြည့်ရသေးတာပေ့ါ” ခေါင်းဆောင်ဖြစ်သူ ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သူ၏အသက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကောင်းချီးစွမ်းအင်များကို အသက်သွင်းလိုက်ကာ သူ၏ သန့်စင်အော်ရာကို ယာယီတိုးမြှင့်လိုက်၏။
“အဲ့ဒါသာ မင်းတို့အတွက် ရွေးချယ်စရာဆိုရင်တော့ အဖြေက ရှင်းနေပြီ မဟုတ်ဘူးလား။”
အာရန်သည် သူ၏လက်ဆစ်များကို ထပ်မံကျိုးလိုက်ရင်း ပြန်လည်တုံ့ပြန်ပြောလိုက်သည်။
...
ဘုရားကျောင်း၏အပြင်ဘက်၌ ယုံကြည်သူအများအပြားသည် အိမ်သို့ မပြန်ကြသေးဘဲ ထိုနေရာတွင်သာ ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြသည်။
၎င်းတို့သည် အချိန်အတန်ကြာအောင် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သော ဘုရားကျောင်း၏ အဝင်ဝကို စိုက်ကြည့်နေကြဆဲဖြစ်၏။
အစပိုင်း၌ ၎င်းတို့သည် အတွင်းဘက်မှ ပေါက်ကွဲသံများကိုပင် ကြားနေရသော်လည်း၊ ယခုအခါတွင်မူ ထိုအသံများပင် လုံးဝ တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။
“ဟို နစ်ခရိုမန်ဆာကောင် သေသွားပြီလား။”
ယုံကြည်သူတစ်ဦးမှ မေးလိုက်သည်။
“သေသွားလောက်ရောပေ့ါ သူ့အနေနဲ့တစ်ယောက်တည်း ဘုရားကျောင်းကို ဆန့်ကျင်နိုင်မယ်လို့ မင်း တကယ်ထင်ခဲ့တာလား။ အဲ့ဒီနတ်ဆိုးကောင်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေခဲ့တာသက်သက်ပဲ။”
“ဟုတ်ပါတယ်။ သူ့အလောင်းကိုတောင် မြင်ရတော့မယ်လို့ ငါ မထင်ဘူး။ ငါတို့ သန့်စင်ပရောဟိတ်မက သူ့ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်မှာ။ အဲ့ဒါကြောင့် ဒီလောက်တိတ်ဆိတ်သွားခဲ့တာ။”
ယုံကြည်သူများမှာ ၎င်းတို့၏ မျှော်လင့်ချက်များ မကုန်ဆုံးသေးပေ။
သန့်စင်ပရောဟိတ်မနှင့် ကာဒီနယ်ရဟန်းအမတ်များ ဤနေရာ၌ ရှိမနေကြကြောင်းကိုမူ ၎င်းတို့ထဲမှ မည်သူမျှ မသိထားခဲ့ကြချေ။
အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည့် တော်ဝင်အစောင့်အချို့လည်း ရှိနေခဲ့သည်။
အစောင့်များ၏ နောက်ထပ်အဖွဲ့တစ်ဖွဲ့မှာမူ ဤအကြောင်းအရာကို သန့်စင်ဧကရာဇ်ထံ သတင်းပို့ရန်အတွက် ဤနေရာမှ အစောပိုင်းကတည်းက ထွက်ခွာသွားနှင့်ခဲ့ပြီဖြစ်၏။
အာရန်၏ ကိုယ်ပွားသည် ဘုရားကျောင်း၌ ဖြစ်ပွားနေသည့် ဖရိုဖရဲအခြေအနေများနှင့် ပတ်သက်၍ အစောင့်များမှ သူ့အားလာရောက်သတင်းပို့လာမည်ဆိုခြင်းအား ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။
ဤအချိန်အတွင်း သူသည် အချစ်အတွက် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြသည့် အမျိုးသမီးနှစ်ဦးအား မနည်းပင် ဖျောင်းဖျထားခဲ့ရသည်။
သို့သော် ကံကောင်းစွာပင် မည်သူမျှ အမှန်တကယ် ပြင်းပြင်းထန်ထန်မထိခိုက်မှီ ၎င်းတို့၏ တိုက်ပွဲသည် ရပ်တန့်သွားခဲ့သည်။
၎င်းတို့အား အာရန်တစ်ယောက် အကူအညီလိုအပ်နေကြောင်း ပြောပြလိုက်ရုံမျှဖြင့် ထို တိုက်ပွဲအား ရပ်တန့်ရန် လုံလောက်ခဲ့၏။
၎င်းတို့နှစ်ဦး ဖျောင်းဖျပြီးနောက်၊ သူသည် အပြင်ဘက်၌ ဖြစ်ပျက်နေသည်များကို ဘာမျှမသိသကဲ့သို့ လေ့ကျင့်ရေးခန်းမ၌ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
တံခါးကို ထပ်ခါတလဲလဲ ခေါက်သံများကြားမှသာ အံ့အားသင့်သွားဟန်ဖြင့် တံခါးများ သွားရောက်ဖွင့်ပေးလိုက်လေသည်။
“နောက်ဆုံးတော့ င့ါတာဝန်စပြီ...”
အာရန်၏ ကိုယ်ပွားသည် တံခါးကိုဖွင့်လိုက်ကာ အရှေ့ဘက်တိုင်းမှ ဧည့်သည်တော်သုံးဦးကိုပါ သူနှင့်အတူခေါ်ဆောင်လာရင်း အပြင်သို့ ထွက်လာခဲ့သည်။
“ဘာဖြစ်တာလဲ။ မင်း ဘာလို့ ဒီလောက် တုန်လှုပ်နေကြရတာလဲ။”
အာရန်၏ ကိုယ်ပွားသည် လမ်းတစ်လျှောက်လုံး သေပြေးရှင်ပြေးပြေးလွှား လာခဲ့ရသည့်အလား အသက်ရှုမဝဖြစ်နေဟန်ရသည့် အစောင့်များကို မေးလိုက်သည်။
“အရှင်မင်းကြီး ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားခဲ့ပါတယ်။”
ထိုအစောင့်များထဲမှ တပ်မှူးတစ်ဦးသည် သန့်စင်ဧကရာဇ်အနောက်ရှိ အရှေ့တိုက်မှ ဧည့်သည်တော်များအား စိုက်ကြည့်ရင်း ပြောလိုက်၏။
ဘုရားကျောင်းသည် တိုက်ခိုက်ခံနေရပြီဖြစ်လေသည်။
သူသည် ထိုအကြောင်းကို ပြင်ပလူများရှေ့တွင် ပြောခွင့်ရှိ၊ မရှိ သို့မဟုတ် ဧကရာဇ်သည် ထိုသတင်းအား ဖုံးကွယ်ထားလိုခြင်း ရှိမရှိကို သေချာမနေခဲ့ပေ။
“သူတို့အတွက် မင်း စိုးရိမ်စရာမလိုဘူး။ ဘာဖြစ်လဲဆိုတာသာ ငါ့ကို တစ်ခုမကျန်ပြောပြ။”
အာရန်၏ကိုယ်ပွားသည် သူ၏ဟန်ဆောင်မှု၌ အနည်းငယ်မျှပင် ချို့ယွင်းချက်မရှိစေရန် ကျိုးစား၍ မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူသည် အလွန်ပင် သဘာဝကျကျ ဟန်ဆောင်ခဲ့သဖြင့် တော်ဝင်အစောင့်များသည် ဘုရားကျောင်းအပေါ် တိုက်ခိုက်မှုအကြောင်း ဧကရာဇ်မင်းအား ပြောပြချိန်တွင်ပင် ဧကရာဇ်၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို ခံစားမိနိုင်ခဲ့သည်။
“အဲ့ဒီခွေးကောင်က တစ်ယောက်တည်းလား။”
ကိုယ်ပွားသည် အစောင့်တပ်မှူးအား ထပ်မံ၍ သေခြာရန် မေးလိုက်သည်။
အစောင့်တပ်မှူးသည် ခေါင်းညိတ်၍ ဟုတ်မှန်ကြောင်း ထောက်ခံလိုက်သည်။
“ကျွန်တော်တို့ သိထားသလောက်တော့ တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ သူဟာ အရမ်းကို အစွမ်းထက်တယ်လို့ ထင်မိတယ်... ဘုန်းတော်ကြီး အတော်များများကို တောင် တစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်တာကို ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့ရပါတယ်။”
#Catfoot