ပြုပြင်ပြောင်းလဲမှု
Vol. 34 Ch. 483
…
“အခု သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ။”
ထိုအချိန်၌ အာရန်သည် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူသည် ၎င်းတို့အား ထိုနေရာ၌ ဆက်လက်ဆင်းရဲဒုက္ခခံစားစေရန် ချန်ထားခဲ့၍ မဖြစ်သကဲ့သို့ လွှတ်ပေးလိုက်ပါကလည်း ပိုမိုကြီးမားသော ပြဿနာများ ဖြစ်လာနိုင်ကာ စစ်ပွဲအသစ်တစ်ခုပင် စတင်ဖြစ်ပွားနိုင်ချေရှိနေသည်။
အာရန်သည် မြောက်ပိုင်းတိုက်နှင့် အနောက်ပိုင်းတိုက်တို့ကိုသာ စစ်ပွဲတစ်ခုဖြစ်ပွားစေလိုနေခဲ့ကာ ထိုသို့ဖြစ်ပွားခဲ့လျှင်ပင် ၎င်းတို့ နှစ်ဖက်စလုံးကို ရှုံးနိမ့်သွားစေလိုခဲ့သည်။
၎င်းက သူ ယခုကဲ့သို့ အသဲအသန်ကြိုးစားလုပ်ဆောင်နေရသည့် အဓိကအကြောင်းပြချက်လည်း ဖြစ်လေ၏။
အကယ်၍ အရှေ့တိုက်မှသာ ဤစစ်ပွဲကို စတင်ခဲ့ခြင်းဖြစ်ပါက နစ်ခရိုမန်ဆာမျှော်စင်သည် မည်သည့်ထိခိုက်မှုကိုမျှ ခံစားရမည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ငရဲတံခါးသာဖွင့်လှစ်နိုင်ခဲ့ပါက ၎င်းတို့သည် ယခုထက်အဆပေါင်းများစွာ ပိုမို၍ပင် အားကောင်းလာကြလိမ့်မည်ဖြစ်သည်။
အာရန်သည် မည်သည့်ဘက်ကကြည့်သည်ဖြစ်စေ သူ့အတွက်ရလာဒ် မကောင်းကြောင်း သိနေခဲ့သည်။
ထို့ကြောင့်အာရန်သည် ထိုရွေးချယ်စရာနှစ်ခုလုံးကို ပယ်ချပြီး တတိယရွေးချယ်မှုအသစ်တစ်ခုကို ဖန်တီးလိုက်သည်။
“ဖီလိုနာရေ ခဏဒီကို လာခဲ့ပေးလို့ရမလား။”
အာရန်သည် သူ၏ ဦးခေါင်းနောက်ကျောဘက်ရှိ စာချုပ်အမှတ်အသားမှတစ်ဆင့် ဖီလိုနာအား ဆင့်ခေါ်လိုက်သည်။
ဖီလိုနာသည် ငြိမ်းချမ်းသောဆင့်ကဲဖြစ်စဉ်ကို ဖြတ်သန်းနေသည့် ပင်လယ်နဂါးဧကရီအား စောင့်ကြည့်နေခဲ့သည်။
သူမသည် စိတ်ထဲမှ အာရန်၏ ခေါ်သံကို ကြားလိုက်သည်နှင့် တပြိုင်နက် ပင်လယ်နဂါးဧကရီအား သူမအစား စောင့်ကြည့်ထားရန် ဝိညာဥ်လောကမှ နောက်ထပ်ဝိဉာဉ်တစ်ယောက်ကို ဆင့်ခေါ်၍တာဝန်ပေးအပ်လိုက်သည်။
သူမသည် အာရန်ဆီသို့ တိုက်ရိုက်ရောက်ရှိနိုင်သည့် နောက်ထပ်ဂိတ်တံခါးပေါက်တစ်ခုကို ဖန်တီးခဲ့သည်။
ဘုရားကျောင်းတည်ရှိရာနေရာရှိ အကာအကွယ်လွှာအများစုမှာ ပျက်စီးသွားခဲ့ပြီဖြစ်သဖြင့် သူမသည် အာရန် ဘုရားကျောင်းအတွင်း၌ ရှိနေချိန်၌ပင် သူ၏ နံဘေး၌ လွတ်လပ်စွာ ပေါ်လာနိုင်ခဲ့သည်။
သူမသည် အာရန်မှ အဘယ်ကြောင့် ဆင့်ခေါ်ခဲ့ကြောင်း မေးရန် ဂိတ်တံခါးပေါက်ထဲမှ ထွက်လာခဲ့သည်။
“မင်း သူတို့အားလုံးကို ဝိညာဥ်လောကကို ခေါ်သွားပြီး အဲ့ဒီမှာ ထိမ်းသိမ်းထားပေးစေချင်တယ်”
အာရန်သည် သူ၏ရှေ့မှ အကျဉ်းသားများကို ညွှန်ပြရင်း ဖီလိုနာအား ပြောလိုက်၏။
“အရင်တစ်ခါ ကလေးမလေးလေးကို လုပ်ခဲ့သလိုပဲ သူတို့ကို အိပ်ငွေ့ချ ထားရမှာမလား။”
ဖီလိုနာသည် အနောက်တိုက်ရှိ မစ်ထ်၏ သမီးကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်အား အမှတ်ရလိုက်သဖြင့် အာရန်အား မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်။ ဒီကိစ္စမှာ မင်းတို့ဝိဉာဉ်တွေ ပါဝင်ပတ်သက်နေတဲ့အကြောင်း သူတို့ကို နဲနဲလေးမှ မသိစေနဲ့။ သူတို့ ဤနေရာမှာ ရှိနေစဉ်တစ်လျှောက်လုံး ဒုက္ခတွေအများကြီး ကြုံတွေ့ခဲ့ရပြီးပြီ။ ငါ ဒီကိစ္စအားလုံးကို ကိုင်တွယ်ပြီးတဲ့အထိ သူတို့ကို ငြိမ်းချမ်းစွာ နဲ့ အိပ်စက်နေစေချင်တယ်။”
အာရန်သည် မျက်နှာတွင် အမာရွတ်များဖြင့် ဆိုးဆိုးရွားရွား ဖြစ်နေခဲ့သော ကျန်းဝေ၏ရှေ့တွင် ထိုင်ချလိုက်သည်။
သူမ၏ခန္ဓာကိုယ်လေးသည် လုံးဝဖျော့တော့နေဟန်ရသော်လည်း ဤမျှ ညှဉ်းပန်းနှိပ်စက်မှုအားလုံး ခံစားရပြီးနောက်ပိုင်းတွင်ပင် မိစ္ဆာဂိုဏ်းနှင့်ပတ်သက်သော သတင်းအချက်အလက်တစ်စုံတစ်ရာပင် ပေးခဲ့ခြင်းမရှိကြောင်း သေချာနေခဲ့သည်။
အသူရာသွေးနတ်ဘုရားမသည် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်ခိုင်မာသော စိတ်ဓာတ်ပိုင်ဆိုင်ထားသူဖြစ်ရာ အဘယ်ကြောင့် သူမ ယခုအချိန်ထိ အသက်ရှင်နေရသည်က သက်သေထူလျက်ရှိသည်။
အာရန်သည် သူ၏လက်ကို ကျန်းဝေ၏ ပါးပြင်ပေါ်သို့ ညင်သာစွာ တင်ထားလိုက်သည်။
သူ၏လက်ချောင်းများမှတစ်ဆင့် ကောင်းချီးစွမ်းအင်အချို့သည် ကျန်းဝေ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး အစောပိုင်းရရှိထားသည့် ဒဏ်ရာများကို ပြန်လည်ကုသပေးလိုက်သည်။
ဖြည်းဖြည်းချင်းဖြင့် သူမ၏ ခန္ဓာကိုယ်ရှိ အမာရွတ်များ ပြန်လည် ပျောက်ကွယ်လာခဲ့သည်။
လှီးဖြတ်ခံထားရသော ခန္ဓာကိုယ် အစိတ်အပိုင်းအချို့သည်ပင်လျှင် အံ့ဩသင့်ဖွယ် လျှင်မြန်စွာဖြင့် ပြန်လည်ကောင်းမွန်လာခဲ့၏။
သူမ၏ အသားအရေသည်လည်း သူမ ဆုံးရှုံးထားသော သွေးများကို ပြန်လည်ရရှိလိုက်သကဲ့သို့ ပြန်လည်ပြည့်ဝလာခဲ့လေသည်။
နှေးကွေးလွန်းနေခဲ့သော သူမ၏ နှလုံးခုန်သံများသည်လည်း ယခုအခါတွင် ပုံမှန်အတိုင်း ပြန်လည်ခုန်နေပြီဖြစ်၏။
အာရန်သည် ကျန်းဝေအား ဦးစွာ ကုသပေးပြီးနောက် ကျန်ရှိနေသေးသည့် အကြီးအကဲများနှင့် သူတို့၏ လူငယ်တပည့်များဆီသို့ ဆက်လက် ကုသပေးရန် ပြင်ဆင်လိုက်သည်။
....
၎င်းတို့အားလုံးအား ပြန်လည်ကုသပြီးနောက်တွင် ၎င်းတို့အား နှစ်ချိုက်စွာအိပ်စက်အနားယူနိုင်စေရန် အိပ်ငွေ့ချပေးထားပေးလိုက်သည်။
နောက်ဆုံးတွင် အာရန်သည် အကျဥ်းသားအချို့၏ နံရံများတွင် ချည်နှောင်ထားခဲ့သော သံကြိုးများကို လှီးဖြတ်ပေးလိုက်ပြီး ၎င်းတို့၏ကိုယ်ခန္ဓာများကို မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။
“သူတို့ကို ခေါ်သွားလိုက်တော့။”
အာရန်သည် ထိုနေရာရှိ အကျဉ်းသားများကို ကျောခိုင်းလိုက်ရင်း ဖီလိုနာအား ပြောလိုက်သည်။
သူသည် အကျဉ်းခန်းထဲမှ ထွက်လာခဲ့ပြီး ဖီလိုနာအား မိစ္ဆာဂိုဏ်းမှလူများကို ဝိညာဥ်လောကသို့ ပြန်လည်ခေါ်ဆောင်သွားရန် တာဝန်ပေးထားခဲ့သည်။
ထိုနေရာသည် နစ်ခရိုမန်ဆာမျှော်စင် အလုပ်များနေသော ယခုကဲ့သို့အချိန်မျိုးတွင် အလုံခြုံဆုံးနေရာတစ်ခု ဖြစ်ပေလိမ့်မည်။
ဖီလိုနာသည် ဝိညာဥ်လောကနှင့် ဆက်သွယ်ထားသော ဂိတ်တံခါးပေါက်တစ်ခုကို အသက်သွင်းလိုက်သည်။
သူမသည် ထိုဂိတ်တံခါးပေါက်မှတစ်ဆင့် ဝိဉာဉ်အချို့ကို ဆင့်ခေါ်ခဲ့ပြီး အကျဉ်းသားများအား ဝိညာဥ်လောကဆီသို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြသည်။
လက်ရှိပြဿနာအချို့ကို ဖြေရှင်းပြီးနောက် ဖီလိုနာသည် အာရန်၏ ညွှန်ကြားချက်များအတိုင်း ပင်လယ်နဂါးဧကရီထံသို့ ပြန်သွားလိုက်သည်။
သူမသည် အာရန်နှင့်အတူ ရှိနေလိုခဲ့သော်လည်း အာရန်မျက်လုံးထဲမှ အကြည့်အချို့ကို သတိပြုမိချိန်တွင်မူ သူသည် သူမ၏ မည်သည့် အကူအညီကိုမျှ ထပ်မံ မလိုအပ်ကြောင်း မြင်တွေ့နိုင်ခဲ့သည်။
...
အာရန်တစ်ယောက်ထင်ထားခဲ့သည်မှာ ဘုရားကျောင်းရှိ အကျဉ်းခန်းများရှိ အကျဥ့်သားများသည် သန့်စင်ပရောဟိတ်မအတွက် ပိုမိုကြီးမားသော ရှုပ်ထွေးမှုများ ဖန်တီးပေးရန် အသုံးချနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ကံမကောင်းစွာဖြင့် အကျဉ်းသားများအားမြင်တွေ့လိုက်စဥ်တွင်မူ သူ၏အစီအစဉ်များအတွက် အဆင်မပြေဖြစ်သွားခဲ့ရသည်။
သူသည် အခြားအကျဉ်းသားများကို ဆက်လက်ရှာဖွေကြည့်ရန် ကြိုးစားခဲ့သော်လည်း၊ ထိုနေရာတစ်ခုလုံးတွင်ပင် အခြားအကျဉ်းသားများထပ်မံ မရှိခဲ့ပေ။
ထို့ကြောင့်အာရန်သည်လည်း လက်လျှော့အရှုံးပေးလိုက်ရပြီး နောက်ဆုံးတွင် ကျန်ရှိနေသေးသည့် အစီအစဉ်အချို့ကို အဆုံးသတ်ပေးရန် ဘုရားကျောင်းမှ ထွက်လာခဲ့လိုက်သည်။
“ဟမ်။”
အာရန်တစ်ယောက် ဘုရားကျောင်းမှ ထွက်လာသည်နှင့် တပြိုင်နက် သူ့အား ဦးတည်လာသော အားကောင်းသည့် သတ်ဖြတ်လိုစိတ်တစ်ခုအား အာရုံခံမိလိုက်၏။
အာရန်သည် ထိုခံစားချက်ကြောင့် သူ၏ အလိုအလျှောက်တုံ့ပြန်မှုအဖြစ် သူ၏ဓားကို ဆွဲထုတ်မိလိုက်သည်။
‘ချလန်....’
လေးလံသော သတ္တုချင်းထိတွေ့မိသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏လည်ပင်းထံသို့ တန်းတန်းမတ်မတ်လာသော ထိုဓားချက်အား အာရန်တစ်ယောက် သူ၏ဓာဖြင့် ပိတ်ဆို့ထားလိုက်သည်။
အာရန်သည် သူ့အားတိုက်ခိုက်လိုက်သူသည် မည်သူမည်ဝါဖြစ်ကြောင့် သိရှိလိုက်ရသောအခါ ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။
၎င်းသည် သူ့အား တော်တော်လေး စိတ်ပျက်သွားစေခဲ့သည်။
‘ငါ သူ့ကို ဘယ်လိုများ မေ့ထားခဲ့မိတာလဲ။’
အာရန်သည် သူ၏ ဓားဦးတည်ရာကို ပြောင်းလဲလိုက်ပြီး နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ရန်ကျိုးစားလာသော ထိုသူအား ကြည့်ရင်း တွေးမိလိုက်သည်။
အာရန်သည် နစ်ခရိုမန်ဆာတစ်ဦးအဖြစ် သူ၏ အခန်းကဏ္ဍကို ပီပြင်စွာ သရုပ်ဆောင်နေသော်လည်း သူ၏ ဓားကို အသုံးပြုနိုင်ခြင်းမရှိဟု မဆိုလိုချေ။
အာရန်သည် ထိုတိုက်ခိုက်လာသူ၏ ဓားရွေ့လျားမှုနှင့် အညီ အလိုက်သင့်ပြန်လည် တုံ့ပြန်လိုက်ပြီး ထိုသူကိုပင် နောက်သို့ တွန်းပို့လိုက်သေးသည်။
အာရန်သည် သူ၏ အစီအစဉ် ဤမျှအထိအဆင်ပြေလာပြီးမှ ယခုနေရာလေးတစ်ချက် ကပ်၍ လွဲချော်သွားမိသည်ကို တွေးမိလိုက်သဖြင့် အတော်လေးမချိတင်ကဲ ဖြစ်မိသွားခဲ့သည်။
အစပိုင်း၌ အာရန်သည် သန့်စင်ဧကရာဇ်မှ သူ့အား ပြန်လည်တိုက်ခိုက်သည့် ပြဇာတ်တစ်ပုဒ်ကို တင်ဆက်လိုနေခဲ့ခြင်းဖြစ်၏။
ဘုရားကျောင်းတစ်ခုလုံးကိုပင် မွှေနောက်ဖျက်ဆီးနိုင်ခဲ့သည့် နစ်ခရိုမန်ဆာတစ်ဦးသည် သန့်စင်ဧကရာဇ်၏ လက်ထဲ၌ ကျရှုံးသွားခဲ့ရသည် ဟူသော ကြီးကျယ်ခမ်းနားသည့် ပုံရိပ်တစ်ခုကို ဖန်တီးရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် သန့်စင်ဧကရာဇ်သည် သန့်စင်မြို့တော်၏ ကယ်တင်ရှင်အဖြစ် ထွက်ပေါ်လာမည်ဖြစ်ပြီး သူ၏ဂုဏ်သတင်းမှာ တိုက်ကြီးတစ်ခုလုံးတွင် များစွာ မြင့်တက်သွားလိမ့်မည်ဖြစ်၏။
ကံမကောင်းစွာဖြင့် အာရန်သည် သန့်စင်မြို့တော်၌ အလွန်ခေါင်းမာ၍ ရင်ဆိုင်ရခက်သော နောက်ထပ်တစ်ဦးရှိနေသည်ကို မေ့လျော့နေခဲ့မိသည်။
ထိုသို့ သူ၏အသက်ကိုပင် ဂရုမစိုက်ဘဲ အာရန်အား တိုက်ခိုက်ရန်ကျိုးစားခဲ့သူသည် သန့်စင်ဧကရာဇ်၏ ညီတော်အရင်းယူရီယယ် ပင် ဖြစ်လေ၏။
သန့်စင်ဧကရာဇ်၏ ညီတော်ဖြစ်သူ သည်လည်း တော်ဝင်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုနိုင်သူတစ်ဦး ဖြစ်လေသည်။
အကယ်၍ သူသည်သာ ယူရီယယ်၏ အနိုင်ယူခြင်းကို ခံလိုက်မည်ဆိုပါက တော်ဝင်မျိုးနွယ်၏ ဂုဏ်သိက္ခာကို အမှန်တကယ်ပင် တိုးမြှင့်ပေးနိုင်မည်တဲ့လား။
‘ငါ့ရဲ့အစီအစဉ်တွေကို နောက်ထပ် ပြုပြင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ရတော့မယ့်ပုံပဲ။’
#Catfoot