← Chapters

မီးတောက်မီးလျှံများ

Vol. 34 Ch. 486

မီးတောက်မီးလျှံများ

Vol. 34 Ch. 486

...

အာရန်သည် ယူရီယယ်အား နောက်ချန်ထားခဲ့၍ တော်ဝင်အစောင့်များအား နောက်ဆက်တွဲအခြေအနေများ မေးမြန်းရန်နှင့် ဒဏ်ရာရသူများအား သင့်လျော်သော ကုသမှုများရရှိစေရန် မေးမြန်းညွှန်ကြားလျက်ရှိလေသည်။

အာရန်၏ မိန့်မှာမှုများကို ကြားလိုက်ရသူများမှာ ဧကရာဇ်အား ကျေးဇူးတင်စိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့ကြသည်။

ဤမျှများပြားသော အရာများ ဖြစ်ပွားပြီးနောက်တွင်ပင် သန့်စင်ဧကရာဇ်သည် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ပေးရန် လုံလောက်စွာ ကြင်နာနေဆဲပင် ဖြစ်၏။

အာရန်သည် သူ၏ညွှန်ကြားချက်များကို အပြီးသတ်ပြီးသည်နှင့် တပြိုင်နက် အဝေးတွင် ရပ်နေသော ပြည်သူများဘက်သို့ လှည့်ကြည့်လိုက်သည်။

အံ့အားသင့်စွာပင် ၎င်းတို့ထဲမှ အများစုသည် ဧကရာဇ်၏ ၎င်းတို့အား ကာကွယ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့်အနေဖြင့် ခေါင်းငုံ့အရိုအသေပြုနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

“ငါကိုယ်တော် တောင်းပန်ပါတယ်။”

၎င်းတို့၏ကျေးဇူးတင်မှုကို လက်ခံပြီး ဂုဏ်ယူရမည့်အစား အာရန်သည် ပြည်သူများအား ပြန်လည်၍ တောင်းပန်ခဲ့သည်။

ထိုနေရာရှိလူတိုင်းသည် ဧကရာဇ်၏ထူးဆန်းသော တုံ့ပြန်မှုကြောင့် မှင်တက်သွားခဲ့မိကြသည်။

သူက ဘာကြောင့် တောင်းပန်နေရတာလဲ။

ဘာအတွက် စိတ်မကောင်းဖြစ်နေရတာလဲ။

“အရှင်မင်းကြီး တောင်းပန်စရာမလိုပါဘူး”

လူအများအပြားသည် အသံတစ်သံတည်း ထွက်ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ကျွန်တော်မျိုးတို့ရဲ့ ကယ်တင်ရှင်ကြီး သက်တော်ရာကျော်ရှည်ပါစေ”

ထိုသို့ အော်ဟစ်ဆုတောင်းသံများသည် နေရာအနှံ့အပြားတွင် တဖြည်းဖြည်းချင်း ပိုမို၍ ကျယ်လောင်လာခဲ့၏။

အာရန်သည် သူ၏လက်ကို မြှောက်လိုက်ကာ ၎င်းတို့၏ကြွေးကြော်သံများကို ရပ်တန့်စေခဲ့သည်။

အာရန်သည် သူ၏မျက်လုံးများထဲရှိ ဝမ်းနည်းပူဆွေးမှုများကိုပင် မဖုံးကွယ်တော့ဘဲ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ယခုအချိန်တွင် သူသည် သရုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံကောင်းများ ရရှိပြီးခဲ့ပြီးဖြစ်လေသည်။

အာရန်သည် သူ့အနီးရှိလူများကပင် သူသည် သရုပ်ဆောင်နေခြင်းမဟုတ်ဟု ထင်ရလောက်သည်အထိ အလွန်ကောင်းမွန်သော သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့လေ၏။

“ငါကိုယ်တော် နောက်ကျခဲ့တဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။တကယ်လို့ ငါကိုယ်တော်သာ အချိန်မီ ရောက်လာနိုင်ခဲ့ရင် ဒီကလူတွေရဲ့ အသက်တွေကို ပိုပြီး ကယ်တင်နိုင်ခဲ့မှာပါ။ ဒီလောက်များတဲ့ အသက်တွေ ဆုံးရှုံးခဲ့ရတာ ငါကိုယ်တော်ရဲ့ အမှားလဲမကင်းပါဘူး။ ဒါဟာ ငါကိုယ်တော်ရဲ့ တာဝန်ပျက်ကွက်မှုကြောင့်ပဲဖြစ်တယ်၊ အဲ့ဒီအတွက် တကယ်ကို စိတ်မကောင်းပါဘူး။”

ပထမဆုံးအကြိမ်အဖြစ် ထိုနေရာရှိ ပြည်သူများသည် မျက်ရည်စက်စက် ကျနေရင်း ခေါင်းငုံ့ထားသည့် သန့်စင်ဧကရာဇ်အား မြင်တွေ့ခဲ့ကြရသည်။

သူ၏မျက်ရည်များသည် မြေပြင်ပေါ်သို့ စီးကျနေခဲ့ပြီး ၎င်းကို မြင်တွေ့ခဲ့ကြသည့် လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။

“အစ်ကိုတော်…”

ယူရီယယ်သည်ပင် သူ၏နှလုံးသား ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းသည် သူ့ အစ်ကို၏ အမှားမဟုတ်ကြောင်း သူ သိရှိထားပြီးဖြစ်သည်။

သူ၏ အစ်ကိုတော်သည် ၎င်းအကြောင်းကို ကြားသည်နှင့် တပြိုင်နက် ရောက်လာခဲ့ကြောင်း သူ သေချာသိနေခဲ့၏။

သူကြောင့်ပင် ဤမျှများပြားသော အသက်များကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သော်လည်း သူသည်အလွန်တရာ စိတ်ထိခိုက်ဝမ်းနည်းနေဟန်ရလေသည်။

သူသည် သူ၏လက်ကို အလိုအလျောက် ဆန့်ထုတ်လိုက်မိသည်။

သို့သော်လည်း သူ၏လက်မှာ သန့်စင်ဧကရာဇ်၏ ပခုံးကို ထိခါနီးအချိန်တွင် ရပ်တန့်သွားခဲ့ပြီး ဒွိဟအနည်းငယ်ဖြစ်သွားခဲ့သည်။

“ငါကိုယ်တော် အသက်ရှင်နေသရွေ့ ဒီနေ့ ပေးဆပ်သွားတဲ့သူရဲကောင်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ငါကိုယ်တော်ရဲ့ ဝိဉာဉ်ထဲမှာ တံဆိပ်ကပ်နှိပ်ပြီး သယ်ဆောင်သွားပါ့မယ်လို့ ဒီနေ့ ဒီမှာရှိနေတဲ့ လူအယောက်စီတိုင်းကို ကတိပေးပါတယ်။”

အာရန်သည် သူ၏ ဦးခေါင်းကို မော့လိုက်ပြီး မျက်ဝန်းများအတွင်း၌ မျက်ရည်များရည်ဝဲ၍ လက်စားချေလိုစိတ်များဖြင့် တောက်ပလျက်ရှိနေခဲ့၏။

“ငါကိုယ်တော် သူတို့ရဲ့အသက်တွေကို အလကားဆုံးရှုံးတာမျိုး မဖြစ်စေရဘူးလို့ ဒီကနေ လူတိုင်းကို ထပ်ပြီးကတိပေးတယ်။ သူတို့ရဲ့အသက်တွေဟာ အားနည်းနေတဲ့ မီးစလေးတွေဖြစ်ခဲ့မယ်ဆိုရင်တောင် မကြာခင်မှာ မီးတောက်မီးလျှံကြီး တစ်ခုကို ထွန်းညှိပေးနိုင်လိမ့်မယ်။ ကျုပ်တို့ ဒီတိုင်း ငြိမ်ခံနေမှာ မဟုတ်ဘူး ကျုပ်တို့ဟာ မြောက်ပိုင်းတိုက်ကို ကြောက်နေမှာလည်း မဟုတ်ဘူး”

“ကျုပ်တို့ဟာ ကျုပ်တို့သွေးနဲ့ ဒီမီးတောက်မီးလျှံအပြည့်ခင်းထားတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရမယ်ဆိုရင်တောင် ဒီလိုကြေကွဲဖွယ်ဖြစ်ရပ်မျိုး ထပ်မကြုံတွေ့ရအောင် သေချာ လုပ်ဆောင်ကြရလိမ့်မယ်။ နစ်ခရိုမန်ဆာမျှော်စင်ရဲ့ ဒီတစ်ခေါက် လုပ်ရပ်က အတော်ကိုတရားလွန်သွားပြီ။ ကျုပ်တို့ဟာ အသက်တွေ ရင်းရမယ်ဆိုရင်တောင် သူတို့ကို ငရဲအထိ ဆွဲမချနိုင်မချင်း ရပ်တန့်မှာ မဟုတ်ဘူး”

အာရန်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ကာ သူ၏ စကားလုံးများသည် လွန်စွာကျယ်လောင်ခြင်းမရှိသော်လည်း ဤနေရာရှိ လူတိုင်း၏ နားများထဲမှ တစ်ဆင့် နှလုံးသားထဲထိတိုင်ပါ ရောက်ရှိနိုင်ခဲ့လေသည်။

မည်သူမျှ သတိမထားမိခဲ့ကြသော်လည်း ဤစကားများသည် တော်ဝင်မျိုးနွယ်၏ ခေတ်သစ်တစ်ခုကို စတင်ကာ အနောက်ဘက်တိုက်တစ်ခုလုံး၏ အနာဂတ်ကို ပြောင်းလဲပေးမည့် စကားများပင် ဖြစ်လေတော့၏။

အာရန်သည် ပတ်ဝန်းကျင်ရှိလူတိုင်းအား ဝေ့ဝိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ ဆူပွက်နေသည့် ဒေါသများကို ဤနေရာတွင် ရှိနေသူတိုင်း ခံစားမိခဲ့ကြသည်။

အာရန်သည် ဝမ်းနည်းပူဆွေးစွာဖြင့် လှည့်ထွက်လာခဲ့ပြီး တော်ဝင်နန်းတော်ရှိရာဆီသို့ ပြန်လည်ထွက်ခွာသွားတော့သည်။

ယူရီယယ်သည် သူ၏အစ်ကိုတော်ဧကရာဇ်ကို လှမ်းခေါ်လိုနေခဲ့သော်လည်း ဧကရာဇ်သည် ယခုအချိန်အတွက် တစ်ယောက်တည်းနေရန် အချိန်အနည်းငယ် လိုအပ်နေလိမ့်မည်ဟု တွေးမိလိုက်သဖြင့် သူ၏ ဆန္ဒကို ချုပ်တည်းထားလိုက်ရ၏။

ဤသို့ဖြင့် ယူရီယယ်သည် တဖြည်းဖြည်းချင်း ပိုမိုဝေးကွာသွားသော သူ၏ အစ်ကို ပုံရိပ်ကို စိုက်ကြည့်နေခဲ့မိသည်။

အခြားသူများ မသိနိုင်သော်လည်း ယူရီယယ်သည် သူ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ သူ့ကိုယ်သူ ကတိတစ်ခုပြန်ပေးလိုက်မိသည်။

သန့်စင်ဧကရာဇ် ဦးဆောင်မည့် စစ်ပွဲတွင် သူသည် အားအကောင်းဆုံးလက်နက် တစ်ခုဖြစ်လာစေရမည်ဖြစ်သည်။

အကယ်၍ သေဆုံးခြင်းသည် သူ၏ အစ်ကိုတော်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိမည်ဆိုပါက သူ၏ အလောင်းကို အရင်ဆုံး ဖြတ်ကျော်သွားရပေလိမ့်မည်။

“ငါသာ င့ါရဲ့အစ်ကိုတော်ကို ကူညီချင်ရင် ပိုပြီးသန်မာလာဖို့ လိုအပ်တယ်။” သူ၏ အမူအရာများသည် စိတ်အားထက်သန်မှုများနှင့်ပြည့်နှက်နေခဲ့ပြီး သူ၏အစ်ကိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော လမ်းကြောင်းသို့ လှည့်ကာ ထွက်သွားခဲ့သည်။

“ငါ ဒါကို အသုံးပြုမှရတော့မယ်…”

ဤသို့ဖြင့် ယူရီယယ်သည် ပြင်းထန်သည့် အရာတစ်ခု လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်မိသည်။

မကြာမီ သူလည်း လူတိုင်း၏ အမြင်အတွင်းမှ ပျောက်ကွယ်သွားခဲ့၏။ အချိန်အတန်ကြာတိုင်အောင် ထိုနေရာသည် ဆက်လက်တိတ်ဆိတ်နေခဲ့ပြီး အစောင့်များမှ ဒဏ်ရာရရှိထားသူများကို ရှေ့သို့ ထွက်လာရန် တောင်းဆိုမှသာ တိတ်ဆိတ်မှုသည် ပြန်လည်ပျက်ပျယ်သွားခဲ့ရသည်။

...

“ဒါ နောက်ဆုံးအထပ်ပဲ။ ငါတို့ ဒီနေရာတစ်ခုလုံးကို စစ်ဆေးပြီးပြီ။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ပြောတဲ့ နဂါးတစ်ကောင်ကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။”

မြေအောက်ဂူ၏ ပဉ္စမထပ်တွင် ဘုရားကျောင်း၏ အဓိကတပ်ဖွဲ့တစ်ခုလုံးသည် ၎င်းတို့၏ရှာဖွေမှုကို အပြီးသတ်လိုက်သည်။

အထပ်တစ်ထပ်စီတိုင်းတွင် နဂါးမျိုးနွယ်စုများ၏ ခြေရာများစွာကို တမင်တကာ ထားခဲ့သည်ဟုထင်ရလောက်အောင်ပင် ပေါ်လွင်နေခဲ့သော်လည်း နဂါးတစ်ကောင်တစ်လေကိုမျှ ရှာဖွေနိုင်ခဲ့ခြင်းမရှိပေ။

“သူက ဟင်းလင်းပြင်ဂိတ်တံခါးပေါက်ဖန်တီးနိုင်တဲ့ ရတနာပစ္စည်းတစ်မျိုးမျိုးကို အသုံးပြီး ထွက်ပြေးသွားတာများလား။”

အာရန်လက်ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် ကာဒီနယ်ရဟန်းအမတ်တစ်ဦးက မေးလိုက်လေသည်။

“မဖြစ်နိုင်ဘူး။ ဒီနေရာမှာရှိတဲ့ ဟင်းလင်းပြင်ဥပဒေသတွေက အရမ်းကို ရှုပ်ထွေးနေတယ်။ ကျွန်မတောင် ဒီမှာ ဂိတ်တံခါးတစ်ချပ် မဖွင့်နိုင်ဘူး။ သူ့အနေနဲ့ ဒီမြေအောက်ဂူထဲမှာ ဂိတ်တံခါးပေါက်တွေ ဖန်တီးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။” သန့်စင်ပရောဟိတ်မသည် အေးစက်စက်နိုင်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

သူမ၏ မျက်လုံးများသည် ထိုကာဒီနယ်ရဟန်းအမတ်အား ကြည့်လိုက်စဥ်တွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

“သူက အဓိကဝင်ပေါက်ကနေ ထွက်ခွာသွားခဲ့ပုံရတယ်။”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကျွန်ုပ် အချိန်တိုင်း ဝင်ပေါက်ကို စောင့်ကြည့်နေခဲ့တာပါ။ ဒါက မဖြစ်နိုင်ဘူး။”

အစောပိုင်း ကာဒီနယ်ရဟန်းအမတ်သည် သူ၏နှလုံးသားတစ်ခုလုံး ခဲဆွဲလိုက်သကဲ့သို့ လေးလံသွားရင်း ပြန်လည်ငြင်းချက်ထုတ်လိုက်မိ၏။

ထိုသို့ အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့ခြင်းလား။

သူတို့နှစ်ဦးသည် သူတို့၏တာဝန်ကို ပျက်ကွက်ခဲ့ပြီး သန့်စင်ပရောဟိတ်မ၏ အချိန်ကိုပင် ဖြုန်းတီးခဲ့မိသည်တဲ့လား။

အကယ်၍ ထိုသို့သာဖြစ်သွားခဲ့ခြင်းဆိုပါက သူတို့၏ ကံကြမ္မာသည် အဘယ်အရာဖြစ်လာမည်နည်း။

ကာဒီနယ်ရဟန်းအမတ်နှစ်ဦးစလုံး၏နှလုံးသားများထဲတွင် ကြောက်ရွံ့မှုများမှာ ဆထက်ထမ်းပိုး ပိုမိုတိုးပွားလာခဲ့မိလေ၏။

“ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ မင်းတို့က အရည်အချင်းမရှိတဲ့သူတွေ ဖြစ်နေလို့ပဲ။ ကျွန်မအတွက် အရည်အချင်းမရှိတဲ့သူတွေကို မလိုအပ်ဘူး။” သန့်စင်ပရောဟိတ်မသည် နောက်သို့ပြန်လှည့်ရင်း ပြောလိုက်သည်။

သူမသည် တခြားမည်သည့်စကားမျှ ထပ်မံ မဆိုခဲ့ပေ။

သို့သော်လည်း ကာဒီနယ်ရဟန်းအမတ်နှစ်ဦး၏ အော်သံများသည် ခန်းမတစ်လျှောက် ပဲ့တင်၍ ဟိန်းထွက်သွားခဲ့သည်။

သန့်စင်ပရောဟိတ်မသည် မည်သည့်အမိန့်မျှ မပေးခဲ့သော်လည်း ကျန်ရှိနေသည့် ကာဒီနယ်ရဟန်းအမတ်များသည် သူမ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ နားလည်ခဲ့ကြသည်။

၎င်းတို့သည် နဂါးများ လွတ်မြောက်သွားသည်ကိုပင် သတိမပြုမိဘဲ ခွင့်ပြုပေးခဲ့သည့် ထို အသုံးမကျသည့် ကာဒီနယ်ရဟန်းအမတ်နှစ်ဦးအား ရက်စက်စွာ သတ်ပစ်ခဲ့ကြသည်။

ကာဒီနယ်ရဟန်းအမတ်နှစ်ဦးသည် ၎င်းတို့၏ခန္ဓာကိုယ်များ တစ်စစီပျက်စီးသွားသည်အထိ မည်သို့မျှ ပြန်လည် မခုခံနိုင်ဘဲ ၎င်းတို့၏ သေဆုံးခြင်းကို ရိုးရှင်းစွာ လက်ခံခဲ့ရ၏။

သန့်စင်ပရောဟိတ်မသည် ပိုမိုမြင့်မားစွာ ပျံသန်းလိုက်သည်။

ကျန်ရှိနေသည့် ကာဒီနယ်ရဟန်းအမတ်များလည်း သူမ၏နောက်သို့ လိုက်ပါလာခဲ့ကြသည်။

၎င်းတို့အတွက် ဘုရားကျောင်းသို့ ပြန်လည်ဆုတ်ခွာရန် အချိန်တန်ပြီမဟုတ်ပါလော...။

#Catfoot

All Chapters