သန့်စင်ဧကရာဇ်၏ ရွှေ့ကွက်
Vol. 34 Ch. 487
...
သန့်စင်ပရောဟိတ်မသည် မြေအောက်ဂူမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး အနောက်တိုက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမသည် မြေအောက်ဂူအတွင်း၌ ရှိနေခဲ့စဥ်တစ်လျှေက်လုံး လုံးဝကွဲပြားခြားနားသော နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ပင် ခံစားခဲ့ရသည်။
မြေအောက်ဂူမှ ထွက်ခွာလာပြီးနောက်မှသာ သူမသည် အမှန်တကယ် နေအိမ်သို့ ပြန်ရောက်လာခဲ့သည်ဟု ခံစားမိလိုက်ခြင်းဖြစ်၏။
“ဟမ်...”
တစ်စုံတစ်ခု လွဲမှားနေသည်ကို သူမ ခံစားမိရန် စက္ကန့်အနည်းငယ်ခန့် အချိန်ယူလိုက်ရသည်။
သန့်စင်ပရောဟိတ်မသည် သူမ၏လက်များကို ပြန်ကြည့်လိုက်ပြီး ကောင်းချီးစွမ်းအင်အချို့ကို စုစည်းရန် ကြိုးစားလိုက်သည်။
“တစ်ခုခုတော့ မူမှန်မနေဘူး။”
အနည်းငယ်မျှသာဖြစ်သော်လည်း သူမသည် ယခင်ကထက် ပိုမိုအားနည်းလာကြောင်း ခံစားမိနိုင်ခဲ့သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သော ကောင်းချီးစွမ်းအင်အဆီအနှစ်များမှာ တဖြည်းဖြည်း ပိုမို၍အားနည်းလာခဲ့သည်။
သာမန်အားဖြင့် လူတစ်ဦးသည် ထိုကဲ့သို့ သေးငယ်သောဖြစ်ရပ်လေးတစ်ခုကို သတိပြုမိလိမ့်မည်မဟုတ်သော်လည်း သူမ၏အာရုံခံနိုင်စွမ်းသည် ၎င်းအပေါ်တွင် အလွန်ပင် ထိလွယ်ရှလွယ်ရှိနေခဲ့လေ၏။
သူမ၏ ကောင်းချီးအဆီအနှစ်များသည် ကြီးမားသောရေကန်ကြီးတစ်ခုနှင့်တူကာ တစ်စက္ကန့်ချင်းစီတိုင်းတွင် ရေတစ်ပုံးစာခန့်ကို တစ်စုံတစ်ဦးမှ လာရောက်ခပ်ယူနေသကဲ့သို့ ခံစားနေရခြင်းဖြစ်လေသည်။
သူမ၏မျက်နှာပေါ်တွင် အလိုမကျမှုတစ်ခု ပေါ်လာခဲ့သည်။
အဘယ်ကြောင့် ဤသို့ဖြစ်လာရသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
သူမ မရှိခိုက် အနောက်တိုက်ရှိ မြို့ကြီးတစ်မြို့များ အဖျက်ဆီးခံရကာ သူမ၏ယုံကြည်သူအရေအတွက် လျော့ကျသွားခဲ့ခြင်းကြောင့်များလား။
သူမသည် အဓိကဘုရားကျောင်း ဌာနခွဲတွင် ကျန်ရှိနေခဲ့ကြသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးများကို ချက်ချင်းဆက်သွယ်ရန် ကြိုးပမ်းလိုက်သည်။
ကံမကောင်းစွာဖြင့် သူမသည် မည်သည့်တုံ့ပြန်မှုမျှ ပြန်လည် မရှိခဲ့ပေ။
သူမသည် မကောင်းသော ခံစားချက်တစ်ခုကို စတင်ခံစားလာခဲ့ရသည်။
ထို့နောက် ပရောဟိတ်မသည် သူမ၏လက်ကို မြှောက်လိုက်ပြီး ဟင်းလင်းပြင်ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်လိုက်၏။
“ငါတို့ ပြန်သင့်ပြီ။”
သူမသည် ဟင်းလင်းပြင်ဂိတ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားရင်း နောက်ရှိ ကာဒီနယ်ရဟန်းအမတ်များအား လှမ်း၍ ပြောလိုက်သည်။
သန့်စင်ဘုရားကျောင်းအလယ်တွင် နောက်ထပ် ဟင်းလင်းပြင်ဂိတ်တံခါးပေါက်တစ်ခု ပေါ်လာခဲ့သည်။
သန့်စင်ပရောဟိတ်မသည် ထိုဂိတ်တံခါးပေါက်မှ တစ်ဆင့်ထွက်လာခဲ့ပြီး သူမ၏ အမူအရာများမှာ မှောင်မိုက်လျက်ရှိနေခဲ့၏။
သူမ ဤနေရာသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ပြင်းထန်သော သွေးညှီနံ့များဖြင့် ကြိုဆိုခြင်းကို ခံခဲ့ရလေသည်။
၎င်းသည် နံရံများကိုပင် အနီရောင်ကဲ့သို့ ခြယ်သထားသော သူမ လူများဖြစ်သော ဘုန်းတော်ကြီးများ၏ သွေးများပင် ဖြစ်လေတော့၏။
သူမနောက်တွင် ကာဒီနယ်ရဟန်းအမတ်များသည်လည်း တူညီသော ဂိတ်တံခါးပေါက်များမှတစ်ဆင့် ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့ ရောက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့သည်လည်း နေရာမှာပင် အေးစက်တောင့်တင်းသွားခဲ့ကြလေ၏။
“ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။”
ကာဒီနယ်ရဟန်းအမတ်တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွဲရင်း အမှတ်တမဲ့ မေးလိုက်မိသည်။
သန့်စင်ပရောဟိတ်မသည် ခန်းမထဲသို့ ဝင်ရောက်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် သူမသည် နေရာအနှံ့အပြား၌ ပြန့်ကျဲနေသော အလောင်းများစွာကို မြင်တွေ့ခဲ့ရသည်။
၎င်းတို့သည် တစ်ချက်တည်းသော တိုက်ခိုက်မှုများခံခဲ့ရခြင်းကြောင့် သေဆုံးသွားခဲ့သည်မှာ ရှင်းလင်းနေသော်လည်း သူမသည် အခြားမည်သူ၏ တည်ရှိမှုကိုမျှ မခံစားနိုင်ခဲ့ပေ။
ဆိုလိုသည်မှာ ထိုလူသတ်သမားသည် သူ၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးခဲ့စဉ်တွင်ပင် အနည်းငယ်မျှ ဒဏ်ရာမရခဲ့သကဲ့သို့ပင် ဖြစ်နေလေသည်။
သန့်စင်ဘုရားကျောင်းအတွင်းရှိ လူတစ်ဦးတစ်ယောက်မျှ အသက်ရှင်မကျန်ရစ်တော့ချေ။
သူမသည် အဆောက်အဦတစ်ခုလုံးကို အာရုံဖြန့်ကျက်ကြည့်လိုက်ရာ မြေအောက် အကျဉ်းထောင်ရှိ အကျဥ်းသားများပင် ရှိမနေတော့သည်အား သတိပြုမိလိုက်သည်။
အကျဉ်းသားများ လွတ်မြောက်သွားခဲ့သည်လား သို့မဟုတ် ထိုလူက သတ်ပစ်ခဲ့သည်လားဆိုသည်ကို သူမ သေချာမသိနိုင်ခဲ့ပေ။
၎င်းတို့ကိုပါ သတ်ခဲ့ခြင်းဆိုပါက ပြဿနာမရှိချေ။
သို့သော်လည်း ၎င်းတို့သာ လွတ်မြောက်သွားခဲ့ပါက ထိုအရာသည် သူမအတွက် တကယ့်ကိုပင် ဆိုးရွားသော သတင်းတစ်ခုဖြစ်ပေလိမ့်မည်။
ကံကောင်းစွာပင် အခန်းတစ်ခန်းမှာမူ မထိမခိုက် ကျန်နေဆဲပင်ဖြစ်၏။
မည်သူမျှ သူမ၏ အရေးအကြီးဆုံးနေရာဖြစ်သည့် သူမ၏ ဘုရားကျောင်းသီးသန့်အခန်း အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။
သန့်စင်ဘုရားကျောင်း၏ အခြေအနေကို သူမ မြင်လိုက်ရသည်နှင့် တပြိုင်နက် ထိုမကောင်းသောခံစားချက်သည် အဘယ်အရာဖြစ်သည်ကို နောက်ဆုံးတွင် သူမ နားလည်သွားခဲ့သည်။
သူမသည် သူမ၏ခွန်အား အနည်းငယ်မျှ ဆုံးရှုံးသွားရခြင်း၏ အကြောင်းရင်းမှာလည်း ရှင်းလင်းလာခဲ့သည်။
ဤနေရာ၌ လုံးဝ ရက်စက်ကြမ်းကြုတ်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်လေ၏။
ရန်သူတစ်ဦး ရောက်လာခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးကာ ဘေးကင်းစွာ ထွက်ခွာသွားနိုင်ခဲ့ခြင်းဖြစ်နေသည်။
တစ်စုံတစ်ဦးက သူမ၏မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်ချလိုက်သကဲ့သို့ပင် ခံစားလိုက်ရသည်။
သူမ မြေအောက်ဂူထဲတွင် ရှိနေချိန်တွင် ၎င်းအရာများဖြစ်ပျက်ခဲ့ခြင်းမှာ သာမန်တိုက်ဆိုင်မှုတစ်ခုသက်သက်ပင် ဖြစ်ခဲ့ခြင်းဟုတ်နိုင်ပါ့မလား။
ထိုသို့မဟုတ်ကြောင်း သူမ သေချာသိနေခဲ့သည်။
၎င်းသည် တမင်တကာ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပေသည်။
နဂါးများသည် ဤနေရာကို တိုက်ခိုက်နိုင်ရန် သူမအား ထိုမြေအောက်ဂူအတွင်း ဝင်ရောက်မိအောင် ဆွဲဆောင်ရန် ကြိုးပမ်းခဲ့ရာတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပေမည်။ သူမသည် ထိုအချက်ကို နားလည်ခဲ့သည်။
သူမ နားမလည်သည့်အရာမှာ တစ်ခုတည်းသာ ရှိလေသည်။
ထိုတိုက်ခိုက်သူသည် သန့်စင်မြို့တော်အတွင်းသို့ မည်သို့ဝင်ရောက်လာနိုင်ခဲ့သနည်း။
သူမ၏အတွေးများသည် အာရန်ဆီသို့ ဆက်လက် ရွှေ့လျားသွားခဲ့သည်။
မြို့တော်အတွင်း၌ ဤအရာကို အောင်မြင်ရန် လုံလောက်သော အင်အားရှိသည့် ပြင်ပလူများမှာ အရှေ့ဘက်တိုက်မှ ဧည့်သည်တော်များသာ ဖြစ်လေသည်။
“သူတို့သာဆိုရင် အကျဉ်းသားတွေ ပျောက်ဆုံးနေတာကို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ အဲ့ဒီလိုသာဆိုရင် ငါလည်း အရှေ့တိုက်နဲ့ ထိပ်တိုက်တွေ့မယ့်ကိစ္စကို ရှောင်လွှဲလို့ ရနိုင်တော့မှာမဟုတ်ဘူး။”
ခဏတာအတွင်းမှာပင် ပြင်းထန်သော သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတစ်ခုက သူမ၏ မျက်ဝန်းများအတွင်း၌ လင်းလက်သွားခဲ့သည်။
သူမသည် အပြင်ဘက်ရှိ ဖျက်ဆီးခံထားရမှုသည်လည်း အလားတူပင်ဖြစ်နေမလားဟု တွေးမိရင်း သန့်စင်ဘုရားကျောင်းမှ ထွက်ခွာလာခဲ့သည်။
သန့်စင်ဘုရားကျောင်း၏ အဝင်ဝတွင်ပင် ထိုလူသတ်သမား မဝင်ရောက်လာနိုင်မီ တားဆီးရန် ထွက်သွားခဲ့ကြသည့် ဘုန်းတော်ကြီးများ၏ အလောင်းများကို သူမ မြင်တွေ့ခဲ့ရသည်။
သူမ၏အကြည့်သည် ပတ်ဝန်းကျင်ကို လွှမ်းခြုံကြည့်လိုက်မိသောအခါ များပြားသော လူအုပ်ကြီးကို သတိပြုမိလိုက်သည်။
အံ့အားသင့်စွာပင် သူမ သတိပြုမိနိုင်သည့် တခြားဒဏ်ရာရသူများကိုမူ ရှာမတွေ့ခဲ့ပေ။
သာမန်လူများသည် မည်သည့်ထိခိုက်မှုမျှမရှိပဲ လုံးဝ ကောင်းမွန်နေပုံရလေသည်။
ဒဏ်ရာရရှိထားသူအချို့ကိုပင် တော်ဝင်အစောင့်များက ကုသပေးနေခဲ့ကြသည်။
တော်ဝင်စစ်တပ်သည် သန့်စင်ဧကရာဇ်၏ ညွှန်ကြားချက်များအတိုင်း လျင်မြန်စွာ လုပ်ဆောင်နေခဲ့ကြခြင်းဖြစ်လေသည်။
“ကြည့်ပါဦး ပရောဟိတ်မရောက်လာပြီ။”
သန့်စင်ပရောဟိတ်မသည် အခြေအနေကို နားလည်ရန် ကြိုးစားရင်း မြင်ကွင်းကို စူးစမ်းနေချိန်တွင် လူတစ်ဦးက သူမအား စတင်၍ သတိပြုမိခဲ့သည်။
သူ၏ကျယ်လောင်သောအသံက တခြားသူများ၏အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့၏။
ရုတ်တရက် လူတိုင်းနီးပါးသည် သန့်စင်ပရောဟိတ်မအား ပြိုင်တူ လှည့်ကြည့်မိလိုက်ကြသည်။
သန့်စင်ပရောဟိတ်မ၏ အမာခံကိုးကွယ်သူ နောက်လိုက် ဖြစ်ဖူးခဲ့သူများသည်ပင်လျှင် သူမအား ရှုပ်ထွေးသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
“ဒါဆို သူမက ဒီတစ်လျှောက်လုံး သန့်စင်ဘုရားကျောင်းထဲမှာပဲ ရှိနေခဲ့တာလား။”
“အဲ့ဒီလိုဆိုရင် သူမက ဘာလို့ ဟိုနစ်ခရိုမန်ဆာကောင်ကို မတားခဲ့တာလဲ။”
“သူမက ဘာလို့ လူတွေ သေတာကို ဒီအတိုင်းကြည့်နေခဲ့ရတာလဲ။”
“သူမက နစ်ခရိုမန်ဆာတွေကို ကြောက်ပြီး တစ်နေရာရာမှာ ပုန်းနေခဲ့တာများလား။”
သာမန်အားဖြင့် လူများသည် ထိုကဲ့သို့သောအရာများကို သန့်စင်ပရောဟိတ်မ၏ ရှေ့တွင် ပြောရဲမည်မဟုတ်ချေ။
သို့သော်လည်း ယခုအခါတွင် စိတ်ခံစားမှုများ ပြင်းထန်နေသဖြင့် လူအများအပြားသည် ၎င်းတို့၏ အပြုအမူများကို ထိန်းချုပ်နိုင်ရန် သို့မဟုတ် အကျိုးဆက်များကို စဉ်းစားရန် ပျက်ကွက်ခဲ့ကြသည်။
“ကျွန်မ အမြဲတမ်း သန့်စင်ပရောဟိတ်မကို ခွန်အားအကြီးဆုံး၊ လူတွေအပေါ် ဂရုနာအရှိဆုံးလို့ ထင်ထားမိခဲ့တာ။ ဒါပေမဲ့ ကျွန်မ မှားခဲ့ပုံရတယ်။ သူမက နစ်ခရိုမန်ဆာတစ်ကောင်ကိုတောင် ကြောက်ရွံ့ပြီး ဘုရားကျောင်းအတွင်းမှာ ပုန်းနေခဲ့ချိန်မှာ ကျွန်မတို့ရဲ့ ဧကရာဇ်ကတော့ ကျွန်မတို့ကို ကာကွယ်ဖို့ ရှေ့ထွက်တိုက်ခိုက်ပေးခဲ့တယ်။ ကျွန်မ အရင်က သူမကို အကြွင်းမဲ့ယုံကြည်သူ တစ်ယောက်ဖြစ်ခဲ့တာအတွက်ကိုတောင် ခုချိန်ပြန်တွေးရင် ရှက်ရွံ့မိသွားတယ်။”
“အရှင်မင်းကြီးသာ မရှိခဲ့ရင် ကျုပ်တို့ထဲက ဘယ်နှစ်ယောက်များ ဆက်ပြီး သေဆုံးသွားခဲ့မလဲ။ မြို့တစ်ခုလုံးတောင် ပျက်စီးသွားလိမ့်မယ်ထင်တယ်။ ကျုပ်တို့ရဲ့အသက်တွေအတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။”
သန့်စင်ပရောဟိတ်မသည် သာမန်လူများထံမှ တီးတိုးပြောသော စကားသံများစွာကို ကြားနေခဲ့ရသည်။
သူမ၏အမူအရာများသည် စက္ကန့်တိုင်းချင်းစီ ပိုမို၍ ဆိုးရွားလာခဲ့သည်။
သူမ၏ ယုံကြည်သူများ အသတ်ခံရသောကြောင့် သူမသည် ပိုမို၍ အားနည်းလာခဲ့ခြင်းမဟုတ်ပေ။
ယင်းအစား သူတို့သည် သူမအပေါ် ယုံကြည်မှုများ ဆုံးရှုံးသွားခဲ့သောကြောင့် ဖြစ်လေသည်။
၎င်းတို့၏စကားများမှတစ်ဆင့် သူမသည် အခြေအနေအရပ်ရပ်ကို အကြမ်းဖျင်း နားလည်လိုက်ပြီဖြစ်၏။
ထိုကျူးကျော်လာသူလူသတ်သမားကို သန့်စင်ဧကရာဇ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်လေသည်။
သို့သော်လည်း ၎င်းသည် အဓိပ္ပါယ်မရှိပေ။
“ဒါဆို ဒါက ဒီလိုဖြစ်သွားခဲ့တာပေ့ါ။ င့ါကို ကောင်းကောင်းကစားသွားတဲ့ သန့်စင်ဧကရာဇ် …”
အရာအားလုံးကို သဘောပေါက်လိုက်ဟန်ဖြင့် သန့်စင်ပရောဟိတ်မသည် တီးတိုး ရေရွတ်လိုက်မိလေသည်။
#Catfoot